အင်္ဂလန်မီဒီယာများသည် ပရီးမီးယားလိဂ် အသင်းများ၏ အပြောင်းအရွှေ့အား အသေးစိတ်ရေးသား ဖော်ပြလျက် ရှိကြသည်။ ဘောလုံးရာသီအသစ်တခု မစခင်တွင် ကလပ်အသင်းများမှာ လိုအပ်သော ကစားသမားများ ဝယ်ယူခြင်း၊ မလိုအပ်သူများအား ထုတ်ရောင်းခြင်း၊ ထွက်ခွာသွားသော ကစားသမားများ၏ နေရာများအား ရှာဖွေဖြည့်ဆည်းခြင်း အစရှိသည့် ပြုရိုးပြုစဉ် ကိစ္စများအား လုပ်ဆောင်ကြရသည်ပင်ဖြစ်သည်။ သို့သော် မီဒီယာများ၏ ဖော်ပြချက်များမှာမူ ဆန်းစစ်ချက် သုံးသပ်ချက် ဝေဖန်ချက်များ ဝေဝေဆာဆာဖြင့် လူစိတ်ဝင်စားမှု မရ ရအောင် ရေးသားကြသည့် ဇာတ်လမ်းများ ဖြစ်လာလေသည်။ ဤသည်ကပင် အင်္ဂလိပ် မီဒီယာတို့၏ ဝိသေသတခုဖြစ်သော ချဲ့ကားမှု ဖြစ်လာသည်ဟု ယူဆရမည်ထင်၏။
နော့တ်စ်ကောင်တီ ကစားရမည့် လိဂ်ဝမ်းမှာ ပရီးမီးယားလိဂ်ကဲ့သို့ အရေးထားခြင်း မခံရသော်လည်း လိဂ်တူးနှင့်စာလျှင် များစွာကွာဟသွားပြီ ဖြစ်သည်။
မီဒီယာ စာမျက်နှာများတွင် ပြီးခဲ့သော ဘောလုံးရာသီက တန်းဆင်းသွားခဲ့ရသည့် လက်စတာစီးတီး (Leicester City)၊ ပို့စ်မောက် (Postmouth) နှင့် အစ်ပ်ဆွစ်ခ်ျတောင်း (Ipswich Town) အသင်းတို့အား ပြန်လည်တန်းတက်လာနိုင်ဖွယ်ရာ ရှိသော အသင်းများအဖြစ် ရေးသားဖော်ပြကြလေသည်။ သို့သော် လိဂ်တူးမှ ချန်ပီယံအဖြစ် လိဂ်ဝမ်းသို့ တန်းတက်လာသော လက်ရှိ ဝါသင်တန်ဖလား ချန်ပီယံ နော့တ်စ်ကောင်တီကိုလည်း မေ့လျော့မထားပေ။ နော့တ်စ်ကောင်တီ၏ ထက်မြက်သော ခြေစွမ်းမှာ မြို့ခံပြိုင်ဘက် နော်တင်ဟမ်ဖောရက်စ်ကိုပင် များစွာမှေးမှိန်သွားစေပြီး လာမည့်ဘောလုံးရာသီတွင် လိဂ်ဝမ်း၌ သတိထားရမည့် အသင်းတသင်းဖြစ်လာလိမ့်မည်ဟု ရေးသား ဖော်ပြလာကြသည်။
ဤသို့သော ဆောင်းပါးများက နော်တင်ဟမ်ဖောရက်စ် ဥက္ကဌ ဒိုတီအား များစွာ အမျက်ထွက်စေလေတော့သည်။
နော်တင်ဟမ်ဖောရက်စ်သည် နော်တင်ဟမ်ရှိုင်းယား ဒေသ၏ ကိုယ်စားပြုကလပ်အသင်းအဖြစ် အမြဲတစေ ဝင့်ကြွားခဲ့သူဖြစ်သည်။ ယခုအချိန်၌ ပရီးမီးယားလိဂ်သို့ ပြန်လည် မရောက်ရှိနိုင်သည်မှာ ကြာမြင့်နေခဲ့ပြီဖြစ်သော်လည်း ရှေးယခင်အခါများက ချန်ပီယံလိဂ် ဖလားကို နှစ်ကြိမ်တိတိ ဆွတ်ခူးနိုင်ခဲ့ပြီး အင်္ဂလိပ် ဘောလုံးလောက၏ ထိပ်တန်းအသင်းတသင်းအဖြစ် ရပ်တည်နိုင်ခဲ့သူလည်း ဖြစ်သည်။ ထိုသို့သော ဂုဏ်ပုဒ်များမှာ အခြားမြို့ခံ ကလပ်အသင်းနှစ်သင်း မည်သည့်အခါမျှ ယှဉ်ပြိုင်နိုင်မည် မဟုတ်သော ဂုဏ်ပုဒ်များဖြစ်ကြသည်။
သို့သော ဖောရက်စ်၏ ဂုဏ်ယူဖွယ်ရာများအား ပြီးခဲ့သော ဘောလုံးရာသီက နော့တ်စ်ကောင်တီမှ စတင် ထိပါးလာလေသည်။
ခွန်အားအပြည့်ဖြင့် အမြင့်ပျံလာသော နော့တ်စ်ကောင်တီသည် နော်တင်ဟမ်ဖောရက်စ်အား မီးရောင်အောက်မှ ဖယ်ရှားပစ်ခဲ့သည်။ ယခုအခါတွင် နော်တင်ဟမ်သားတို့၏ နှုတ်ဖျား၌ နော့တ်စ်ကောင်တီ၏ အကြောင်းအရာများကို ဖောရက်စ်ထက်ပင် ပိုမိုပြောဆိုလာကြပြီဖြစ်၏။
မျှတစွာ ပြောဆိုမည်ဆိုပါက ဒိုတီသည်လည်း နော်တင်ဟမ်ဖောရက်စ်အတွက် ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံခဲ့သူဖြစ်သည်။ သူ ဥက္ကဌအဖြစ် စတင်တာဝန်ယူသည့် ကာလမှစ၍ နှစ်စဉ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ပြီး ထိုငွေများ အားလုံးပေါင်းလိုက်လျှင် ပေါင်းသန်း ရာဂဏန်းခန့်ပင် ရှိနေပြီဖြစ်လေသည်။ သို့သော် အဓိက ပြသနာမှာ ထိုငွေကြေးများသည် အသင်းအား လိုအပ်သည့်ရလဒ်များ ထွက်ပေါ်လာအောင် စွမ်းဆောင်မပေးနိုင်ခြင်း ဖြစ်၏။
နော်တင်ဟမ်ဖောရက်စ်၏ လက်ရှိအနေအထားမှာ လိဂ်ဝမ်း၌ပင် တဝဲလည်လည် ဖြစ်နေရသော အနေအထားဖြစ်လေသည်။ ဥက္ကဌဖြစ်သူ၏ ရင်းနှီးမြှုပ်နှံမှုများကြောင့် အသင်း၏ ခြေစွမ်းပိုင်းမှာ တန်းဆင်းအန္တရာယ်အတွက် စိုးရိမ်ဖွယ်ရာမရှိချေ။ သို့သော် တန်းတက်ရန်အတွက်မူ မျှော်လင့်၍ မရနိုင်ပြန်။
ထို့အတွက် ဒိုတီမှာ ဘောလုံးအကြောင်း နားမလည်သော ဥက္ကဌတဦးဟူ၍ ပရိသတ်များ၏ ပြစ်တင်ဝေဖန်ခြင်းကို ခံရလေသည်။ သူသုံးစွဲခဲ့သော ငွေကြေးများမှာ မနည်းလှသော်လည်း အသင်းမှာ ဇော်ကန့်လန့်အဆင့်သာ ဖြစ်နေရခြင်းအား အသင်း၏ပရိသတ်များမှ ကျေနပ်မှုမရှိပေ။။
မြို့ခံအိမ်နီးချင်း နော့တ်စ်ကောင်တီ၏ ငွေကြေးသုံးစွဲမှုကို ကြည့်လျှင် တရာသီတည်းနှင့် အင်အားကြီးအသင်းတသင်း အဖြစ်သို့ ရောက်ရှိသွားသည်ကို တွေ့ရပေမည်။ ယခုမူ ဖောရက်စ်ပရိသတ်များ အပေါ်စီးမှ ဆက်ဆံလာခဲ့သော ကလပ်သည် ဖောရက်စ်အသင်းနှင့် တန်းတူဖြစ်သွားသည့်အပြင် ဝါသင်တန်ဖလားကိုလည်း ရယူနိုင်ခဲ့သည့်အတွက် လာမည့်ရာသီ၌ အင်္ဂလန်ကိုယ်စားပြု ကလပ်အသင်းတသင်းအဖြစ် ယူအီးအက်ဖ်အေဖလားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရပေတော့မည်။ ဖောရက်စ်အနေဖြင့် ဥရောပ ပြိုင်ပွဲများဆီသို့ မရောက်သည်မှာ နှစ်ပေါင်းမည်မျှပင် ကြာမြင့်နေခဲ့ပါသနည်း။
ဤကဲ့သို့သော ပြစ်တင်မှုများအကြားတွင် ဒိုတီတယောက် ထုံလာသည်ဟုပင် ဆိုရပေမည်။ စင်စစ်တွင် သူသည်လည်း ဖောရက်စ်အသင်းကို ချစ်မြတ်နိုးသော ပရိသတ်တဦး ဖြစ်လေသည်။ အသင်းအား အောင်မြင်စေလိုသောကြောင့် ငွေကြေးများစွာ ရင်းနှီးသုံးစွဲခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ငွေကြေးသုံးစွဲမှုနှင့် ကလပ်အသင်း၏ အောင်မြင်မှုမှာ အမြဲတစေ တိုက်ရိုက်အချိုးမကျနိုင်ပေ။
ပြီးခဲ့သော ဘောလုံးရာသီက ဒိုတီသည် မီဒီယာများနှင့် အင်တာဗျူးများတွင် နော့တ်စ်ကောင်တီအား အခါအခွင့်သင့်တိုင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုတိုက်ခိုက်မှုများသည် အကြိမ်တိုင်းလိုလိုပင် သူ့အားပြန်လည်ထိမှန်၍ မျက်နှာပျက်ရသည်ချည်းသာ ဖြစ်ခဲ့လေသည်။
ဒိုတီအနေဖြင့် ထိုကိစ္စများအတွက် ကျေနပ်မှုမရှိချေ။ ယခုရာသီတွင်လည်း နော့တ်စ်ကောင်တီအား ထပ်မံတိုက်ခိုက်ရန် စဉ်းစားထားပြီးဖြစ်သည်။ သို့ရာတွင် ယခုအချိန်၌ မီဒီယာများ၏ အလေးသာမှုက ဘက်ပြောင်းသွားခဲ့ပြီဖြစ်၏။ ဤသည်က ဒိုတီ၏ မကျေနပ်မှုများနှင့် မနာလိုမှုများကို ဖောက်ခွဲလိုက်သကဲ့သို့ပင် ဖြစ်လေတော့သည်။
ထို့ကြောင့် မီဒီယာများနှင့် အင်တာဗျူးတွင် ဒိုတီ၏ ပထမဆုံးသော တုံ့ပြန်မှုက ကျယ်လောင်စွာ ရယ်မောလိုက်ခြင်း ဖြစ်သည်။
“လိဂ်ဝမ်းနဲ့ လိဂ်တူးဆိုတာ ဘယ်လိုမှ မနှိုင်းယှဉ်နိုင်လောက်အောင် ကွာခြားတယ်ဆိုတဲ့အကြောင်း ခင်ဗျားတို့ အရင်ဆုံးသဘောပေါက်ဖို့ လိုတယ်ဗျ၊ နှစ်တိုင်းနှစ်တိုင်း လိဂ်တူးကနေ တန်းတက်လာတဲ့အသင်းတွေ အများကြီးပဲ၊ သူတို့ ဘာဖြစ်နေကြလဲ၊ လိဂ်ဝမ်းမှာ ခြေကုပ်ဝခုရအောင် မနည်းရုန်းကန်နေကြရတယ်လေ၊ ဖြစ်နိုင်ချေအများဆုံးက လိဂ်တူးကို တန်းပြန်ဆင်းသွားတာပဲ”
“နော့တ်စ်ကောင်တီဟာ ပြီးခဲ့တဲ့ရာသီက ကစားသမားအသစ်တွေ အများကြီး ခေါ်ခဲ့တယ်၊ ကစားသမားဟောင်းတွေအပေါ် လုံးဝလေးစားမှုမထားခဲ့ဘူး၊ လူသစ်တွေကို အားကိုးပြီး မမျှော်လင့်ဘဲ တန်းတက်လာနိုင်ခဲ့တာပါပဲ၊ ဒါပေမယ့် ဥက္ကဌပါဗစ်စ် သိထားရမှာတခုက လိဂ်ဝမ်းဆိုတာ မိသားစုပြိုင်ပွဲ မဟုတ်ဘူးဗျ၊ ငွေသုံးရုံနဲ့ အောင်မြင်မှု ရှာဖွေနိုင်မယ့် နေရာမဟုတ်ဘူး”
“ငွေသုံးတယ်ဆိုလို့၊ ခင်ဗျားတို့ သတိထားမိကြလား၊ အခု နော့တ်စ်ကောင်တီ ငွေမသုံးနိုင်တော့ဘူး၊ သူတို့ အပြောင်းအရွှေ့ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံမှု ဘာမှမရှိဘူးလေ၊ ပြသနာက အဲ့ဒီမှာပဲ၊ သူတို့လက်ရှိကစားသမားအင်အားနဲ့ လိဂ်ဝမ်းမှာ ယှဉ်လို့ရမယ် တကယ်ပဲ ယုံကြည်နေတာများလား”
“ရာသီသစ်အတွက် ကစားသမားအားဖြည့်ဖို့တောင် မလုပ်နိုင်တဲ့ အသင်းအပေါ်မှာ ခင်ဗျားတို့ ဘာများ မျှော်လင့်နေကြတာလဲ”
“နောက်ထပ်တခုက … နော့တ်စ်ကောင်တီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ကြက်ကန်းဆန်အိုးတိုးပြီး လိဂ်ဖလားရသွားခဲ့တယ်၊ အဲ့တော့ အခုရာသီ ယူအီးအက်ဖ်အေ ဝင်ပြိုင်ခွင့်ရပြီ၊ သူတို့ ဘာလုပ်မှာလဲ၊ အဖြေကအရှင်းကြီးပဲဗျ၊ လိဂ်တူးအဆင့် ကစားသမားအင်အားနဲ့ ယူအီးအက်ဖ်အေ ဝင်ပြိုင်မယ်ဆိုရင် ခေါင်းမဖော်နိုင်လောက်အောင်ကို အတွယ်ခံရမှာ အသေအချာပဲ၊ အဲ့ဒီအခါကျရင် ကစားသမားတွေရဲ့ စိတ်ဓာတ်က ပြိုလဲသွားလိမ့်မယ်၊ အဲဒီကနေ လိဂ်ဝမ်း အမှတ်ပေးပြိုင်ပွဲတွေမှာပါ ဆက်ပြီး ထိခိုက်လာလိမ့်မယ်”
“ကျုပ်ရဲ့ အမြင်အရ မီဒီယာတွေရဲ့ နော့တ်စ်ကောင်တီအပေါ် သုံးသပ်မှုက သဘာဝနဲ့ ဆန့်ကျင်နေတယ်ဗျ၊ စေတနာနဲ့ အကြံပေးရမယ်ဆိုရင် နော့တ်စ်ကောင်တီအနေနဲ့ ယူအီးအက်ဖ်အေဖလားပြိုင်ပွဲမှာ ရသလောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ စိတ်ကူးယဉ်မှုမျိုးကို အရင်ဖယ်ရှားထားရမယ်၊ ပြီးတော့ လိဂ်ဖလားနဲ့ အက်ဖ်အေဖလားမှာ တခုခုလုပ်ပြမယ်လို့ အ်ပ်မက်မက်နေရင်လဲ အဲဒီအိပ်မက်ကနေ နိုးမှဖြစ်မယ်၊ နောက်ဆုံး လိဂ်ဝမ်းမှာ အဆင့်ကောင်းကောင်းရဖို့ ဆိုတဲ့အတွေးမျိုးတောင် မတွေးလေနဲ့၊ သူတို့ရဲ့ ရာသီသစ်အတွက် ရည်မှန်းချက်က တန်းမဆင်းရဖို့ တခုပဲ ဖြစ်သင့်တယ်၊ အဲဒါတောင်မှ ဖြစ်နိုင်ချေက တော်တော်လေး နည်းနေသေးတယ်၊ ဒါပေမယ့် လိဂ်တူးကို အရှက်တကွဲ တန်းပြန်ဆင်းမသွားရအောင်တော့ ကြိုးစားသင့်တယ်မဟုတ်လားဗျာ”
နော်တင်ဟမ်ပို့စ် သတင်းစာတိုက်သည် အထက်ပါ အင်တာဗျူးအား သူတို့၏ သတင်းစာ၌ တလုံးမကျန် ဖော်ပြလိုက်လေသည်။ ယင်းသတင်းသည် အင်္ဂလန်တခုလုံးနှင့် နှိုင်းယှဉ်ပါက မည်ကာမတ္တသာ ဖြစ်သော်လည်း နော်တင်ဟမ်ရှိုင်းယား ဒေသတခုလုံးရှိ ဘောလုံးပရိသတ်များ အကြားတွင် ပွက်လောရိုက်သွားစေခဲ့သည်။
ဦးစွာ နော့တ်စ်ကောင်တီ ပရိသတ်များ၏ ပြင်းထန်သော မကျေမနပ်သံများ ပေါ်ထွက်လာလေသည်။ မြို့ခံပြိုင်ဘက်အသင်း ပရိသတ်များသည် တဘက်နှင့်တဘက် ငရဲသို့ရောက်စေရန်သာ ဆန္ဒရှိကြသော်လည်း မကျော်ဖြတ်ရသော စည်းများ ကိုယ်စီရှိကြသည်။ ယခု ဒိုတီ၏ အပြောအဆိုများသည် မည်သည့်အကြောင်းပြချက်မျှ မရှိပါဘဲ ရုတ်တရက် ရန်စတိုက်ခိုက်လာခြင်းဖြစ်၍ ပရိသတ်များ၏ ဒေါသကို ပေါက်ကွဲသွားစေခြင်းဖြစ်၏။ အနှီ ဒိုတီဟူသောသူမှာ ယမန်နှစ်က အဆက်မပြတ် အရှက်ကွဲခဲ့ရသည်ကို မှတ်မိပုံမရချေ။ သို့မဟုတ် အရှက်ကင်းမဲ့ရလောက်အောင်ပင် အရေထူနေပြီလောဟု မေးခွန်းထုတ်စရာ ဖြစ်လာလေသည်။
နော့ဝ်စ်ကောင်တီ ပရိသတ်များ၏ ဒေါသကို ဒိုတီ အမှုမထားချေ။ သို့သော် သူ့အတွက် စိတ်ဓာတ်ကျရသည်က သူ၏ မှတ်ချက်များကို နော်တင်ဟမ်ဖောရက်စ် ပရိသတ်များကပါ မကျေမနပ် ဖြစ်နေကြခြင်းဖြစ်လေသည်။
ဖောရက်စ်ပရိသတ်များမှာ ဒိုတီ၏ မလိုတမာစကားများအား ကောင်းစွာ နားလည်ကြသည်။ မြို့ခံ ပြိုင်ဘက် နော့တ်စ်ကောင်တီသည် ယခုအခါ၌ ဖောရက်စ်နှင့်တန်းတူ လိဂ်ဝမ်းသို့ ရောက်ရှိနေပြီဖြစ်သည်။ ထို့အပြင် ယူအီးအက်ဖ်အေ ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် နော့တ်စ်ကောင်တီ ပရိသတ်များမှာ မီးဒိုးလိန်းကွင်း၌ ဥရောပပြိုင်ပွဲများအား ကြည့်ရှုအားပေးခွင့် ရရှိသွားပြီဖြစ်သည်။ ဖောရက်စ်အနေဖြင့် ထိုသို့သော အခွင့်အရေးမျိုး မရရှိသည်မှာ မည်မျှပင် ကြာမြင့်နေခဲ့ပါသနည်း။
ယခုမူ ဥက္ကဌဒိုတီ၏ မနာလိုစိတ်များသည် ဖုံးဖိ၍ မရလောက်အောင် ပွင့်အံထွက်လာကာ မြို့ခံပြိုင်ဘက်အသင်းအား တက်ကြွစွာ တိုက်ခိုက်လျက်ရှိ၏။ ထိုသို့သော ခွန်အားများကို သူတပါးအား တိုက်ခိုက်ရာတွင် အသုံးမချဘဲ မိမိ၏ အသင်းတိုးတက်ရာ တိုးတက်ကြောင်းအတွက်သာ အသုံးချသင့်သည် မဟုတ်ပါလော။
အကယ်၍ နော့တ်စ်ကောင်တီသာ လိဂ်ဝမ်းမှ ပရီးမီးယားလိဂ်သို့ တန်းတက်၍ ဖောရက်စ်က လိဂ်ဝမ်း၌ ကျန်ခဲ့ရပါလျှင် ပရိသတ်များအတွက် အဘယ်တွင် ခေါင်းဖော်နိုင်ပါတော့မည်နည်း။
***