ဒေးဗစ်သည် နော်တင်ဟမ်ဖောရက်စ်အား ပြိုင်ဘက်အဖြစ် မည်သည့်အခါတွင်မျှ ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိပေ။ သူ၏ပစ်မှတ်မှာ ပရီးမီးယားလိဂ်နှင့် ဥရောပ ဇာတ်ခုံပင် ဖြစ်သည်။ ယခုလည်း ဖောရက်စ် ဥက္ကဌ ဒိုတီ၏ မလိုတမာ မှတ်ချက်များအား တုံ့ပြန်ရန် ပျင်းရိနေလေပြီ။ သို့သော် နော့တ်စ်ကောင်တီ ပရိသတ်များ၏ ဒေါသအား ဖြေလျှော့ပေးရန် လိုအပ်သည်။ သို့မဟုတ်ပါက ပရိသတ်များအနေဖြင့် ကလပ်၏တာဝန်ရှိသူများမှာ မပြောရဲ မဆိုရဲများ ဖြစ်သည်ဟု အထင်ရှိပေတော့မည်။
“ဥက္ကဌ ဒိုတီက ဒီစကားတွေပြောဖို့ သတ္တိကို ဘယ်နေရာကနေ ရလာတယ်ဆိုတာ ကျနော်တကယ် သိချင်မိတယ်”
နော်တင်ဟမ် ဒေသခံ သတင်းစာတိုက်တခုဖြစ်သော နော်တင်ဟမ် အီးဗနင်း နယူးစ်သည် နော့တ်စ်ကောင်တီ၏ ပင်တိုင်သတင်းထုတ်ပြန်ရာ နေရာတခု ဖြစ်လာနေပြီဖြစ်၏။ ယခုလည်း အီးဗနင်းနယူးစ်နှင့် အင်တာဗျူးအစတွင် ဒေးဗစ်က ဒိုတီအပေါ် တုံ့ပြန်မှုအား အထက်စီးမှစ၍ ပစ်သွင်းလိုက်သည်။
“နော့တ်စ်ကောင်တီဟာ အခုမှ လိဂ်ဝမ်းကို တန်းတက်လာတယ်ဆိုတာ အမှန်ပါပဲ၊ ဒါပေမယ့် တန်းတက်အသင်းဖြစ်တဲ့အတွက်ကြောင့် ရုန်းကန်ရမှာ အသေအချာပဲလို့ ဘာလို့ပြောနိုင်ရတာလဲ၊ အသင်းတသင်းရဲ့ ခြေစွမ်းကို ဘာနဲ့တိုင်းတာနေတာလဲ၊ ကိုင်ဇာစလော့တန် အသင်းရဲ့ ဒဏ္ဍာရီကို မကြားဖူးဝာာများလား၊ ဒါမှမဟုတ် အက်ဖ်အေမှာ တန်းတက်အသင်းတွေ ထပ်ပြီး တန်းတက်ခွင့်မရှိဘူးဆိုပြီး စည်းမျဉ်းထုတ်ပြန်ထားတယ်လို့များ သူထင်နေလို့လား”
{ကိုင်ဇာစလော့တန် ဒဏ္ဍာရီ (Kaiserslautern Myth – Das Wunder Vom Betzenberg) ဟူသည်မှာ ၁၉၉၇-၉၈ ဘောလုံးရာသီတွင် ဖြစ်ပေါ်ခဲ့သော ဂျာမန်ကလပ် ကိုင်ဇာစလော့တန်အသင်း၏ မယုံနိုင်ဖွယ်ရာ စွမ်းဆောင်မှုကို ရည်ညွှန်းခြင်းဖြစ်သည်။ ကိုင်ဇာစလော့တန်အသင်းသည် ၁၉၉၇ ခုနှစ်တွင် ဂျာမန် ဘွန်ဒက်စ်လီဂါ ၂ မှ ဘွန်ဒက်စ်လီဂါသို့ တန်းတက်လာပြီး ၁၉၉၇-၉၈ ဘောလုံးရာသီတွင် ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ တန်းတက်အသင်းတသင်း ချက်ချင်း ချန်ပီယံဖြစ်သွားခြင်းမှာ ကိုင်ဇာစလော့တန် မတိုင်မီ ဘောလုံးလောက၌ လုံးဝမရှိခဲ့ပေ။ ထို့ကြောင့် ကိုင်ဇာစလော့တန် ဒဏ္ဍာရီဟု သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပါသည်။ ထိုစဉ်က ကိုင်ဇာစလော့တန်အသင်းတွင် နောင်တချိန်၌ ဘိုင်ယန်မြူးနစ်၏ အဓိက ကွင်းလယ်ကစားသမားဖြစ်လာမည့် မိုက်ကယ်ဘောလက် (Michael Ballack) မှာ လူငယ်ခြေတက်တဦးအဖြစ် ကစားခဲ့ပါသည်။ ဘာသာပြန်သူ}
“နော့တ်စ်ကောင်တီရဲ့ ခြေစွမ်းဟာ အားလုံးမျက်မြင် သိပြီးသားဖြစ်လို့ အပိုပြောစရာမရှိပါဘူး၊ ကျနော်တို့အသင်းဟာ တိကျတဲ့ လမ်းစဉ်နဲ့ ရည်မှန်းချက်ရှိတဲ့အသင်းပါ၊ ပြီးခဲ့တဲ့ရာသီက လိဂ်တူး ချန်ပီယံနဲ့ ဝါသင်တန်ဖလား ချန်ပီယံဖြစ်ခဲ့တာက သက်သေပါပဲ”
“ဒါပေမယ့် ကျနော်တို့ကို အခုဝေဖန်နေတဲ့ ဥက္ကဌ ဒိုတီရဲ့ နော်တင်ဟမ်ဖောရက်စ်က ဘယ်နားမှာလဲ၊ ပြီးခဲ့တဲ့ရာသီက အဆင့် ၁၆ နေရာအထိရောက်နေပြီးတော့ တန်းဆင်းသွားတဲ့အသင်းနဲ့ ၆ မှတ်ပဲ ကွာတယ်၊ အဲဒါ သူတို့ လမ်းစဉ်လား”
“အသင်းဟာ ဒီလောက်အထိ အခြေအနေဆိုးရွားနေတာတောင် ပြုပြင်ဖို့ အာရုံမစိုက်ဘဲ တခြားအသင်းတွေကို လိုက်ပြီး အကဲဖြတ်နေတဲ့ မစ္စဝာဒိုတီကို ကျနော်တကယ် အံ့ဩမိပါတယ်၊ ဖောရက်စ် ပရိသတ်တွေအတွက်တော့ ဒီလို ဥက္ကဌမျိုးရထားတာ ဝမ်းနည်းစရာပါပဲ”
“ပြီးခဲ့တဲ့ရာသီမှာ နော်တင်ဟမ်ဖောရက်စ်ရဲ့ ရလဒ်တွေက တော်တော်လေးဆိုးရွားနေတာ အားလုံးအသိပါပဲ၊ ဒါပေမယ့် သူတို့ကလပ်ဘက်က ထူးထူးခြားခြား ပြင်ဆင် အားဖြည့်တာမျိုးတော့ အခုထိ မတွေ့ရဘူးဗျ၊ ကျနော့်စိတ်ထင် ကလပ်ဘက်က ဒီရလဒ်ကို ကျေနပ်နေတာများလား မသိဘူး၊ မဟုတ်ရင် အပြောင်းအရွှေ့ဈေးကွက်မှာ ဘာဖြစ်လို့ တပြားမှ ထုတ်မသုံးသေးတာလဲ”
“ကျနော် ဖောရက်စ်ကို တခုတော့ သတိပေးခြင်ပါတယ်၊ သူတို့ရဲ့ ရလဒ်က တန်းဆင်းဇုန်နဲ့ ၆ မှတ်ပဲကွာတယ်၊ အဲ့ဒီအတွက် လာမယ့်ရာသီမှာ ဘယ်လိုပြင်ဆင်မယ်ဆိုတာမျိုးကို အာရုံစိုက်ဖို့ပါပဲ၊ ဒီရလဒ်ကို ကျေနပ်နေတယ်ဆိုရင်တော့ ဖောရက်စ်အတွက် တော်တော်မလွယ်ဘူးဗျ၊ ရာသီအကုန်မှာ တန်းဆင်းသွားဖို့ ဖြစ်နိုင်ချေ အတော်များနေတယ်၊ တန်းဆင်းသွားပြီး ပရိသတ်တွေ ဒေါသတကြီးနဲ့ ကလပ်ကို ဝိုင်းလာကြတဲ့အချိန်ကျမှ နောင်တရမယ်ဆို မှီမယ်မထင်ဘူး”
စင်စစ်တွင် ဒိုတီ အဘယ်ကြောင့် ထိုစကားများ ပြောထွက်သည်ကို ဒေးဗစ်စဉ်းစား၍ မရချေ။ ဘောလုံးပရော်ဖက်ရှင်နယ် မဆိုထားနှင့်၊ လိဂ်ဝမ်းနှင့် လိဂ်တူးအား အနည်းငယ်အာရုံစိုက်မိသော သာမန်ပရိသတ်တဦးပင်လျှင် နော့တ်စ်ကောင်တီနှင့် နော်တင်ဟမ်ဖောရက်စ်တို့၏ မိုးနှင့်မြေအလား ကွာခြားပုံကို သတိပြုမိမည်ဖြစ်သည်။ ယခုတွင်မူ ဘောလုံးအကြောင်းအား ပရိသတ်များထက် ပိုမိုနားလည်သင့်သော ကလပ် ဥက္ကဌတဦးက လက်တွေ့နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်စွာ ပြောဆိုနေခြင်းမှာ ဒိုတီ၏ ခေါင်းကို မြည်းတကောင်က ကန်လိုက်၍ ဦးနှောက်ပျက်သွားလေသလောဟု တွေးစရာ ဖြစ်လာလေသည်။ သို့မဟုတ် သူဘာပြောပြော နော့တ်စ်ကောင်တီဘက်မှ သူ့အား မည်သို့မျှ တန်ပြန်ခြင်းမပြုနိုင်ဟု ထင်မှတ်နေပါသလော။
အင်တာဗျူး ပြီးနောက် ဒေးဗစ်သည် လာမည့်ရာသီ လိဂ်ဝမ်း ပွဲစဉ်ဇယားများကို အသေအချာလေ့လာတော့သည်။ နော့တ်စ်ကောင်တီ၏ ပရီးမီးယားလိဂ်သို့ တန်းတက်ရန် ဖြစ်တန်စွမ်းနှင့် နော်တင်ဟမ်ဖောရက်စ် လိဂ်တူးသို့ တန်းဆင်းရန် ဖြစ်နိုင်ခြေများကို တွက်ချက်ကြည့်ခြင်း ဖြစ်၏။
နာရီအနည်းငယ်ကြာပြီးနောက် ဒေးဗစ် အားပါးတရ ပြုံးလိုက်မိသည်။
နော့တ်စ်ကောင်တီ၏ ခြေစွမ်းပိုင်းမှာ တည်ငြိမ်၍ တိုးတက်မှုများ စဉ်ဆက်မပြတ်ရှိနေခြင်းဖြစ်သည်။ ယခု ယှဉ်ပြိုင်ရမည့် လိဂ်ဝမ်းပွဲစဉ်များတွင် အားကောင်းသော အသင်းအချို့နှင့် ပွဲဆက်များ အနည်းငယ်ရှိသော်လည်း အဓိက ကစားသမားအများစု ကာလရှည် ဒဏ်ရာရခြင်းကို ရှောင်လွှဲနိုင်ပါက တိုက်ရိုက်တန်းတက်ခွင့်အတွက် အခက်အခဲ ကြီးကြီးမားမား မရှိချေ။
သို့သော် နော်တင်ဟမ်ဖောရက်စ်၏ အနေအထားမှာမူ ဆန့်ကျင်ဘက်ဖြစ်နေသည်ကို တွေ့ရလေသည်။
နော်တင်ဟမ်ဖောရက်စ်၏ ခြေစွမ်းမှာ လိဂ်ဝမ်းတွင် အလယ်အလတ်အောက် ဖြစ်သည်။ လက်ရှိကစားသမားများကို ထိန်းသိမ်းထားနိုင်ပါက တန်းဆင်းအန္တရာယ်ကို ရှောင်ရှားနိုင်လိမ့်မည်ဟု ယေဘူယျ သတ်မှတ်နိုင်သည်။ သို့သော် အောက်တန်းကလပ်အများစုအား ရိုက်ခတ်သွားသော အိုင်ဘီစီ အကြပ်အတည်းအား ဖောရက်စ်သည်လည်း ရှောင်ရှားနိုင်ခဲ့သည်မဟုတ်။ ယခုရာသီ၌ ကစားသမားအသစ် စာချုပ်ချုပ်ဆို ခေါ်ယူနိုင်ခြင်းမရှိသည်က ဒိုတီ၏ထံတွင် ကလပ်၌ ရင်းနှီးမြှုပ်နှံစရာ အပိုငွေကြေးမရှိကြောင်း ထင်ရှားနေသည်။ ထို့အပြင် ကလပ်၏ ဘဏ္ဍာရေးအခြေအနေကို ချိန်ညှိနိုင်ရန်အတွက် အဓိက ကစားသမား အချို့ကိုပါ ယခုနွေရာသီ၌ ထုတ်ရောင်းခဲ့ရသည်။ သို့ဖြစ်ရာ ဖောရက်စ်၏ ခြေစွမ်းမှာ ယခုနှစ်တွင် ယိမ်းယိုင်လာလိမ့်မည်ဟု မှန်းဆနိုင်ပေသည်။
လက်ရှိ လိဂ်ဝမ်းရှိ ကလပ်များကို လေ့လာကြည့်ပါက နော်တင်ဟမ်ဖောရက်စ်၏ တန်းဆင်းအန္တရာယ်ကို တွက်ချက်ကြည့်နိုင်မည်ဖြစ်သည်။
ပြီးခဲ့သော ဘောလုံးရာသီက ပရီးမီးယားလိဂ်မှ တန်းဆင်းလာခဲ့ရသော လက်စတာစီးတီး၊ အစ်ပ်ဆွစ်ခ်ျနှင့် ပို့စ်မောက် အသင်းတို့မှာ ဘဏ္ဍာရေးပိုင်းဆိုင်ရာ၌ ချို့တဲ့ကြသူများမဟုတ်။ တန်းဆင်းခဲ့ရခြင်းကြောင့် ၎င်းအသင်းများ၏ စတားပလေယာအချို့အား လက်လွှတ်ဆုံးရှုံးခဲ့ရသော်လည်း အသင်း၏ပုံစံပျက်သည်အထိ ဆိုးရွားမှုမရှိချေ။ ထို့အပြင် ထိုအသင်းများ၏ ကစားသမားဖြည့်ဆည်းမှု ပုံစံများအရ ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်အတွက် အပြင်းအထန်ပြန်လည် ယှဉ်ပြိုင်ကြမည်မှာ ထင်ရှားနေသည်။
ထိုအသင်း ၃ သင်း၏ အင်အားသည် သာမန် လိဂ်ဝမ်းအသင်းများထက် များစွာသာလွန်သည်ဖြစ်၍ နော်တင်ဟမ်ဖောရက်စ်နှင့် ဆုံတွေ့ရပါက ဖောရက်စ်ထံမှ အနိုင် သုံးမှတ်ကို သေချာပေါက် ရယူသွားမည့်သူများဖြစ်ကြသည်။
ဝုဗ် (Wolverhampton)၊ မေးလ်ဝေါလ် (Millwall) နှင့် နောဝစ်ခ်ျ (Norwich) သုံးသင်းမှာ ပြီးခဲ့သည့် ရာသီက ပလေးအော့ဖ်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး ပလေးအော့ဖ်တွင် တန်းတက်ခွင့် ဆုံးရှုံးခဲ့ရသော အသင်းများဖြစ်သည်။ ထို့အတွက် လာမည့်ဘောလုံးရာသီတွင် တန်းတက်ခွင့်အား အကြိတ်အနယ် ယှဉ်ပြိုင်ကြဦးမည့် အသင်းများအဖြစ်ရှိနေပြန်သည်။ ဖောရက်စ်အနေဖြင့် ထိုအသင်းများအား ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။
ထိုအသင်း ၆ သင်းအား ကြည့်ခြင်းဖြင့်ပင် နော်တင်ဟမ်ဖောရက်စ်၏ တန်းတက်ခွင့်အား ထည့်သွင်းစဉ်းစားဖွယ်ရာ မရှိတော့။
ပြီးခဲ့သော ဘောလုံးရာသီ၏ လိဂ်ဝမ်း အမှတ်ပေးဇယားကို ကြည့်ပါက ဘန်လေ (Burnley)၊ ပရက်စ်တန် (Preston North End)၊ မီလ်တန် (Milton Keynes Dons) နှင့် ခရစ်စတယ်ပဲလေ့စ် (Crystal Palace) တို့မှာ ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့်နှင့် ရမှတ်အနည်းငယ်သာ ကပ်၍ လွဲချော်ခဲ့သည်ကို တွေ့ရှိရပေမည်။ ထိုအသင်းများ၏ ကစားသမား အင်အားနှင့် ခြေစွမ်းသည်လည်း ဖောရက်စ်ထက် မျာစွာသာလွန်နေသည်ဟု သတ်မှတ်၍ရသည်။ ထိုအသင်းများသည် အမှတ်ပေးဇယား၏ ထိပ်ပိုင်းနှင့် အလယ်အလတ်နေရာများအား ရရှိနိုင်စွမ်းရှိသည်ဟု ပြောလျှင် အလွန်မရှိပေ။
အခြား လိဂ်ဝမ်း၏ အလယ်အလတ်အသင်းများဖြစ်ကြသော ကိုဗင်ထရီ (Coventry)၊ ဂေလင်ဟမ် (Gillingham)၊ ရှက်ဖီးယူနိုက်တက် (Sheffield United) စသည့်အသင်းများမှာ တန်းတက်ရန်အတွက် မျှော်လင့်စရာမရှိသလို တန်းဆင်းအန္တရာယ်လည်း မရှိဟု ဆိုနိုင်သည်။ ထိုအသင်းများအတွက် လိဂ်ဝမ်း၌ ဆက်လက်ကစားခွင့် ရရှိလျှင်ပင် အောင်မြင်မှုဖြစ်လေသည်။ ထိုသို့ဆိုသော်လည်း ၎င်းအသင်းများသည် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းမရှိဟု ပြော၍မရပြန်ပေ။ ထိုကလပ်များမှာ သူတို့၏ အဓိက ကစားသမားများအား လာမည့်ရာသီအတွက် ဆက်လက် ထိန်းသိမ်းထားနိုင်ကြသည်ကို တွေ့ရမည်ဖြစ်သည်။ အနည်းဆုံး နိုင်သင့်သော ပွဲများအား နိုင်အောင်ကြိုးစား၍ အသင်းပရိသတ်များ စိတ်ကျေနပ်မှု ရရှိအောင် စွမ်းဆောင်ပေးနိုင်ကြသော ကလပ်များဟု ယူဆနိုင်သည်။
စင်စစ်တွင် ပြီးခဲ့သော ဘောလုံးရာသီက နော်တင်ဟမ်ဖောရက်စ်မှာ ထိုအုပ်စုထဲတွင် အပါအဝင် ဖြစ်သည်။ သို့သော် ယခုရာသီ၌ ထိုအုပ်စုထဲတွင် ပါဝင်နိုင်သော အသင်းများ၏ ကစားသမား အဝင် အထွက်စာရင်းများအား လေ့လာကြည့်ပါက အဓိက ကစားသမားများ ရောင်းထုတ်ထားရသော နော်တင်ဟမ်ဖောရက်စ်ကို ထည့်သွင်းတွက်ချက်ရန် မဖြစ်နိုင်တော့ကြောင်း တွေ့ရှိရမည် ဖြစ်၏။
ထို့အပြင် လိဂ်တူးမှ နော့တ်စ်ကောင်တီနှင့်အတူ တန်းတက်လာသော အခြား နှစ်သင်းမှာ ဘရိုက်တန်နှင့် ရီးဒင်း (ပလေးအော့ဖ်မှ တန်းတက်ခွင့်ရ) တို့ဖြစ်ကြသည်။ ဘရိုက်တန်၏ အင်အားမှာ အပြောင်းအလဲမရှိသည့်အပြင် ရာသီသစ်အတွက် ကစားသမားဖြည့်တင်းမှုများပါ လုပ်ဆောင်နေခြင်းကြောင့် တန်းပြန်ဆင်းရမည့် အန္တရာယ်မျိုး ရှိမနေချေ။ ရီးဒင်းမှာမူ ရာသီသစ်အတွက် ကစားသမား ခေါ်ယူမှုများ အကြီးအကျယ် မလုပ်ဆောင်နိုင်သော်လည်း ၎င်းတို့၏ ရှိရင်းစွဲအဓိက ကစားသမားများ အပြောင်းအလဲမရှိပေ။ ထို့အပြင် ဘီစကစ်လူသားများ၏ ကြံ့ခိုင်မှုအသားပေး ခပ်ညစ်ညစ် ကစားဟန်က ဆက်လက်အလုပ်ဖြစ်ဦးမည် ဖြစ်သောကြောင့် ၎င်းတို့သည်လည်း တန်းဆင်းရန်အတွက် စိုးရိမ်ဖွယ်ရာမရှိဟု သတ်မှတ်နိုင်ပြန်သည်။
ကျန်အသင်းများမှာ တန်းမဆင်းရရေးအတွက် တိုက်ပွဲဝင်ကြရမည့် အသင်းများသာ ဖြစ်ကြသည်။ ဒေးဗစ်သည် နော်တင်ဟမ်ဖောရက်စ်အား ဤအသင်းအုပ်စုသို့ တိုက်ရိုက်ထည့်သွင်း စဉ်းစားလိုက်သည်။ သို့သော် တန်းဆင်းအန္တရာယ်အား နှစ်စဉ်ရင်ဆိုင်နေကြရသော ထိုအုပ်စုဝင် အသင်းများ၏ ညှစ်အားမှာ အထင်သေး၍ မရပေ။
နော်တင်ဟမ်ဖောရက်စ် ….
သင်တို့ ကောင်းစွာကစားကြလော့ !
အကယ်၍ ရာသီအကုန်၌ နော့တ်စ်ကောင်တီသည် ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရှိပြီး နော်တင်ဟမ်ဖောရက်စ်က လိဂ်တူးသို့ တန်းဆင်းသွားရပါက နော်တင်ဟမ်မြို့ကြီး၏ အခြေအနေသည် စိတ်ဝင်စားဖွယ် ကောင်းလာမည် ဖြစ်လေသည်။
***