နော့တ်စ်ကောင်တီ၏ မီဒီယာမှ တုံ့ပြန်မှုအား အသင်းပရိသတ်များစွာက ဩဘာပေးကြလေသည်။ ဤသည်ကပင် ဒိုတီ၏ ဒေါသမီးများကိုပို၍ မငြိမ်းနိုင် မသတ်နိုင် ဖြစ်လာစေ၏။ သို့သော ဒိုတီအတွက် အခက်တွေ့ရသည်က သူ၏အသင်း ပရိသတ်များသည်လည်း သူ့အား ထောက်ခံမှု မပြုကြခြင်းဖြစ်သည်။ ထို့ကြောင့် မီဒီယာများ၏ ရှေ့မှောက်တွင် ထပ်မံ ပါးစပ်သရမ်းမှု မပြုရဲတော့ချေ။ ပြိုင်ပွဲတွင်း တွေ့ကြမည် ဟူ၍သာ အရှက်ပြေ ကြိမ်းဝါးနိုင်ပေတော့သည်။
နှစ်ဘက်အသင်းလုံးအား မီးထိုးရန် အားခဲထားကြသော မီဒီယာများမှာ ဒိုတီ၏ စိတ်အားထက်သန်မှု ပျောက်ဆုံးသွားခြင်းကြောင့် စိတ်ပျက်သွားကြရလေသည်။
ကမ္ဘာ့ဖလားအပြီး အသင်းများ၏ ရလဒ်များ ခြေစွမ်းများအား ဘောလုံးလောက တခုလုံး စားမြုံ့ပြန်နေစဉ်မှာပင် နော့တ်စ်ကောင်တီ၏ ကြံ့ခိုင်ရေး ထရိန်နင်များ ပြီးဆုံးခြင်းသို့ ရောက်ရှိသွားတော့သည်။
နော့တ်စ်ကောင်တီ၏ ရာသီကြို ခြေစမ်းပွဲများ စတင်ပြီဖြစ်သည်။ ပထမဦးဆုံး ပြိုင်ဘက်မှာ ဖူလ်ဟမ်၏ စီမံခန့်ခွဲမှု အကြပ်အတည်းအချို့ကြောင့် ဘီဗီရန်အဖြစ် ပြောင်းလဲလိုက်ရလေသည်။ နော်တင်ဟမ်သို့ ရောက်ရှိနှင့်ပြီး ဖြစ်သော ဘီဗီရန်အတွက် မည်သည့် ပြသနာမျှမရှိချေ။
ဘီဗီရန်အသင်းသည် ယခုနှစ်နွေရာသီ၌ ဘယ်လ်ဂျီယံ ဘောလုံးစင်မြင့်ထက်သို့ တက်ရောက်လာပြီဖြစ်သည်။ ဒေးဗစ်၏ ရင်းနှီးမြှုပ်နှံငွေများ၊ ဘီဗီရန် ဥက္ကဌ ပီတာ၏စိတ်ပိုင်းဖြတ်မှုများဖြင့် အသင်းထံ ခြေစွမ်းကောင်းမွန်သော ကစားသမားများစွာ ခေါ်ယူနိုင်ခဲ့လေသည်။ ထို့အပြင် နော့တ်စ်ကောင်တီမှ အရည်အသွေးမြင့် လူငယ်ခြေတက် ကစားသမားများကိုလည်း အငှားခေါ်ယူခွင့် ရရှိထားခြင်းကြောင့် အသင်း၏ အစွမ်းအစမှာ များစွာတိုးတက်လာသည်ဟု သတ်မှတ်ရမည်ဖြစ်သည်။ ဒေးဗစ်ကဲ့သို့ပင် ရည်မှန်းချက်ကြီးသူတဦးဖြစ်သော ပီတာသည် ဥရောပ ပြိုင်ပွဲဝင်ခွင့်အား တိုက်ရိုက်ချိန်ရွယ်နေလေပြီ။ အကယ်၍ လာမည့်ဘောလုံးရာသီတွင် ခြေစွမ်းကာင်းများ ပြသနိုင်ပါက နောက်နှစ်အတွက် ပီတာ၏ ဆောင်ပုဒ်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်လာတော့မည် ဖြစ်၏။
ဘီဗီရန်နှင့် ခြေစမ်းပွဲအား လုဖ်အနေဖြင့် အသေအချာ ပြင်ဆင်ထားခြင်းဖြစ်သည်။ ကလပ်နှစ်ခုလုံး၏ ရင်းနှီးသော ဆက်ဆံရေးကြောင့် ပေါ့လျော့ခြင်း အလျဉ်းမရှိပေ။ ထို့အပြင် ဘီဗီရန်ဘက်မှလည်း အလားတူ ပြင်ဆင်လာသည်ကို တွေ့ရလေသည်။
မစ်ဆီမိုဗစ်နှင့် ဘို့လ်ဟရို့စ် တို့အား ဘီဗီရန်သို့ အငှားချခဲ့ခြင်းမှာ ၎င်းတို့အတွက် သင့်လျော်သည့် အသင်းသစ် ရှာဖွေပေးခြင်းသာမက ဘီဗီရန်၏ စွမ်းဆောင်ရည် တိုးတက်လာစေရန်အတွက်ပါ ဒေးဗစ် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ နော့တ်စ်ကောင်တီတွင် ထိုနှစ်ဦးစလုံးမှာ အဓိက ကစားသမား နေရာအတွက် အခွင့်အလမ်းမရှိချေ။ ယင်းသည် ထိုနှစ်ဦး၏ ခြေစွမ်းနိမ့်ပါးခြင်းကြောင့်မဟုတ်။ သူတို့ထက်ပိုမို အရည်အချင်းကောင်းမွန်သော ကစားသမားများကို နော့စ်ကောင်တီမှ ပိုင်ဆိုင်ထား၍ ဖြစ်လေသည်။
အခြားသော စောင့်ကြည့်ရမည့် ကစားသမားမှာ ဘရာဇီးမှ ခေါ်ဆောင်လာခဲ့သော သီယာဂို ဆေးလ်ဗား (Thiago Silva) ဖြစ်၏။ ဆေးလ်ဗားသည် ဒေးဗစ်၏ စီမံကိန်းတွင် အရေးကြီးသော နေရာမှပါဝင်ပြီး နော့တ်စ်ကောင်တီ၏ နောင်လာမည့် နှစ်များအတွက် အဓိက နောက်ခံလူအဖြစ် လျာထားခြင်း ဖြစ်သည်။ ဆေးလ်ဗားကိုမူ အီးယူပတ်စ်ပို့တ် ရရှိရန်နှင့် ကွင်းလယ်လူအဖြစ်မှ နောက်ခံလူအဖြစ်သို့ ပြောင်းလဲရန်အတွက် ဘီဗီရန်ထံသို့ ဦးစွာ အငှားချထားရခြင်း ဖြစ်လေ၏။
ဒေးဗစ်သည် သီယာဂို ဆေးလ်ဗား အနာဂတ်တွင် မည်မျှအထိ စွမ်းဆောင်လာနိုင်မည်ကို ကောင်းစွာ သဘောပေါက်သည်။ ဒေးဗစ်၏ယခင်ဘဝ၌ ဆေးလ်ဗား၏ အကောင်းဆုံးအချိန်များကို မျက်ဝါးထင်ထင်တွေ့ခဲ့ရပြီး ပရိသတ်များ၊ ကစားဖော်များ၊ ပြိုင်ဘက်များ၊ မီဒီယာများ၏ ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူအဖြစ် ချီးကျူးဂုဏ်ပြုကြခြင်းကိုလည်း သိရှိခဲ့ရသည်။
ယခုအချိန်၌ ဆေးလ်ဗားသည် ဗဟို နောက်ခံလူအဖြစ် ပြောင်းလဲကာစ ဖြစ်သောကြောင့် မည်မျှအထိ ကစားနိုင်လိမ့်မည်ဆိုသည်မှာ စိတ်ဝင်စားဖွယ်ပင် ဖြစ်၏။
“ဒေးဗစ်ရေ ကျုပ်မှာ သတင်းကောင်းပါလာတယ်”
မီးဒိုးလိန်းကွင်း၏ ပရက်ဆီဒန်ရှယ်ဘောက်စ်တွင် ဘီဗီရန် ဥက္ကဌ ပီတာနှင့် ဒေးဗစ်တို့ အတူရှိနေစဉ် ဆိုရီယာနို ရောက်ချလာပြီး ဒေးဗစ်အား ပြုံးရွှင်စွာ ပြောလိုက်လေသည်။
“ကျုပ်တို့အသင်းရဲ့ တရာသီလုံးစာ လက်မှတ် ၁၈၀၀၀ ကျော် ရောင်းရတယ်ဗျား၊ ဒါဟာ လိဂ်ဝမ်းမှာ ထိပ်တန်းအဆင့်ပဲ”
ဆိုရီယာနိုမှာ စိတ်လှုပ်ရှားတက်ကြွနေသော်လည်း ဒေးဗစ်ကမူ ထိုသတင်းအား ပြုံးသည်ဆိုရုံမျှသာ ပြုံးလိုက်မိသည်။ ဤသတင်းသည် ဒေးဗစ်၏ စိတ်ကို လှုပ်ရှားစေနိုင်မည့် သတင်းမျိုး မဟုတ်ချေ။ သူ၏အမြင်မှာ လိဂ်ဝမ်းအား ကျော်လွန်နေပြီဖြစ်သည်။
ပရီးမီးယားလိဂ် အသင်းများအား ကြည့်မည်ဆိုပါက မန်ချက်စတာ ယူနိုက်တက်သည် နှစ်စဉ် တရာသီလုံးစာ လက်မှတ် ၅၀၀၀၀ ကျော် ရောင်းချနေရကြောင်း တွေ့ရှိရပေမည်။ ဝက်စ်ဟမ်းသည်ပင် ၎င်းတို့၏ အိမ်ကွင်းအသစ်သို့ ပြောင်းရွှေ့ပြီးနောက် တရာသီလုံးစာ လက်မှတ် ၅၀၀၀၀ ကျော် ရောင်းချနိုင်ခဲ့သည်။ နော့တ်စ်ကောင်တီအတွက် လျှောက်လှမ်းရမည့် ခရီးများစွာ ကျန်ရှိနေသေးခြင်း ဖြစ်လေသည်။
စင်စစ်တွင် အသင်း၏ ယခုရာသီအတွက် တရာသီလုံးစာ လက်မှတ်ရောင်းချနိုင်သည့် အရေအတွက်မှာ အမှန်ပင် အထင်ကြီးစရာဖြစ်သည်။ မီးဒိုးလိန်းကွင်းသည် ပရိသတ် ၂၀၀၀၀ ကျော်သာ ဝင်ဆန့်ပြီး အဝေးကွင်းပရိသတ်များအတွက် လက်မှတ် အရေအတွက် အတိုင်းအတာတခုအထိ ချန်ရဦးမည်လည်းဖြစ်၏။ ဤသည်မှာ နော့တ်စ်ကောင်တီသည် လာမည့်ဘောလုံးရာသီ၌ ယူအီးအက်ဖ်အေဖလား ဝင်ခွင့်ရခြင်းက အဓိကနေရာမှ အကျိုးပေးသွားခြင်း ဖြစ်လေသည်။ နှစ်စဉ် လိဂ်တူး၌သာ ကျင်လည်နေရပြီး ဥရောပ ပြိုင်ပွဲဟူသည်ကို အိပ်မက်ပင် မမက်ရဲခဲ့သော ပရိသတ်များအတွက် ယူအီးအက်ဖ်အေဖလား ယှဉ်ပြိုင်ခွင့်က ကြီးမားသော ဆွဲဆောင်မှု ဖြစ်သွားစေခဲ့ခြင်းဖြစ်သည်။
ဘီဗီရန် ဥက္ကဌ ပီတာမှာ ဆိုရီယာနို၏ သတင်းကြောင့် များစွာ အံ့အားသင့်သွားရသည်။ အင်္ဂလိပ် ဘောလုံးလောကသည် အခြားသော ဥရောပလိဂ်များထက် ပရိသတ်အားပေးမှု ပိုမိုများပြားကြောင်း သိရှိထားပြီးဖြစ်သော်လည်း လိဂ်ဝမ်းကဲ့သို့ အင်္ဂလိပ် ဒုတိယတန်းလိဂ်တွင် ဤမျှအထိ အားပေးကြလိမ့်မည် သူမမျှော်လင့်ခဲ့ပေ။ သို့ဆိုလျှင် ဘယ်လ်ဂျီယံ ပထမတန်း လိဂ် မှာ အင်္ဂလိပ် ဒုတိယတန်းလိဂ်ထက်ပင် များစွာ အောက်ကျလျက် ရှိနေပေပြီ။
သို့သော် နော့တ်စ်ကောင်တီ၏ လက်မှတ်ရောင်းချရသည့် အရေအတွက်မှာ လိဂ်ဝမ်းမှ အခြားသော အသင်းများထက် များစွာ သာလွန်နေပြီး ပရီးမီးယားလိဂ် အောက်ခြေ အသင်းများ၏ အဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသောအခါမှ ပီတာတယောက် သက်ပြင်းချနိုင်တော့သည်။
“ခင်ဗျားတို့ အင်္ဂလိပ် ဘောလုံးလောက က အားကျစရာကြီးဗျာ၊ ကျုပ်အသင်းက တပွဲကို ပျမ်းမျှပရိသတ် ၁၀၀၀၀ အောက်ပဲ ရှိတယ်ဗျ”
ပီတာ၏ စကားသံမှာ ခါးသက်မှုများ ပါဝင်နေ၏။
ဒေးဗစ်က ပြုံးလိုက်ပြီး ပီတာအား ရှင်းပြလိုက်သည်။
“အဲဒါကို စိတ်မပူနဲ့ ပီတာ၊ ခင်ဗျားရဲ့အသင်း လာမယ့်ရာသီမှာ ရလဒ်ကောင်းတွေရလာရင် ပရိသတ်က တဖြည်းဖြည်း တိုးလာမှာပဲ၊ ခင်ဗျား အခုကတည်းက စပြီး လုပ်ထားသင့်တာက လက်ရှိအိမ်ကွင်းကို မွမ်းမံဖို့နဲ့ ထိုင်ခုံအရေအတွက် တိုးချဲ့ထားဖို့ပဲဗျ၊ ပရိသတ်အရေအတွက် တိုးလာကာမှ ကွင်းကို ပြုပြင်မယ်ဆိုရင် ခင်ဗျားအတွက် အများကြီး နစ်နာသွားလိမ့်မယ်”
ပီတာ၏စိတ်ထဲတွင် ဒေးဗစ် ဘီဗီရန်သို့ခေါ်ဆောင်လာခဲ့သော ဘယ်လ်ဂျီယံ လူငယ်ကစားသမားများအကြောင်း စဉ်းစားမိပြီး ရွှင်ရွှင်လန်းလန်းဖြစ်လာသည်။ ထိုကစားသမားလေူများမှာ ပီတာအတွက် မယုံနိုင်ဖွယ်ရာ ပါရမီရှင်လေးများလည်း ဖြစ်ကြသည်။ ၎င်းတို့ ကြီးပြင်းလာပါက ဘယ်လ်ဂျီယံ ဘောလုံးလောကတွင် ဘီဗီရန်သည် မုန်တိုင်းတခုပမာ မွှေနှောက်နိုင်တော့မည် ဖြစ်လေသည်။ ဒေးဗစ်၏ စကားများမှာ သာမန်နှစ်သိမ့်ခြင်းမဟုတ်ဘဲ အနာဂတ်ကို ကြိုတင်တွက်ချက် ပြောဆိုခြင်းဟု ပီတာ ယူဆလိုက်မိသည်။
ထို့နောက် သူတို့သုံးဦး၏ စကားဝိုင်းမှာ စိုပြေချောမွေ့ လာလေ၏။ ဒေးဗစ်နှင့် ဆိုရီယာနိုတို့မှာ ပီတာအား ၎င်းတို့၏ စီမံခန့်ခွဲမှု အတွေ့အကြုံများကို မျှဝေပေးကြသည်။ ဘီဗီရန်နှင့် နော့တ်စ်ကောင်တီမှာ တလှေတည်းစီး တခရီးတည်း သွားကြသူများဖြစ်၍ သိုဝှက်စရာ အကြောင်းမရှိပေ။
ဒေးဗစ်၏ စိတ်ထဲ၌ နော့တ်စ်ကောင်တီနှင့် ဘီဗီရန်တို့ ချန်ပီယံလိဂ်တွင် တွေ့ဆုံကြမည့်နေ့အား မျှော်မှန်းမိလေသည်။
ထိုအချိန်တွင် လုဖ်မှာ ကွင်းထဲ၌ သွေးပူလေ့ကျင့်ခန်း ပြုလုပ်နေကြသော ကစားသမားများအား အကဲခတ်နေမိသည်။ မစ်ဆီမိုဗစ်နှင့် ဘို့လ်ဟရို့စ်တို့နှစ်ဦး ဘီဗီရန်အသင်းသားများနှင့် လိုက်လျောညီထွေ ရှိနေခြင်းအား ကြည့်ရင်း သူ၏စိတ်ထဲ၌ တမျိုးတမည် ခံစားရလေသည်။
အဆိုပါ လူငယ်နှစ်ဦးအား လက်လွှတ်လိုက်ခြင်းမှာ သူတို့၏ အနာဂတ်အတွက်ဖြစ်ကြောင်း သူ့ကိုယ်သူနှစ်သိမ့်နေမိသည်။ အမှန်ပင် ထိုပါရမီရှင် လူငယ်လေးနှစ်ဦးသည် အဓိကနေရာ မရနိုင်သည့် နော့တ်စ်ကောင်တီထက်စာလျှင် ၎င်းတို့အား ပုံမှန်ပွဲထွက်စေမည့် ဘီဗီရန်တွင် ပို၍ တိုးတက်လာမည် ဖြစ်သည်။
ထို့နောက် လုဖ်၏ အာရုံများက သီယာဂို ဆေးလ်ဗားထံ ရောက်ရှိသွားသည်။ ထို ဘရာဇီးကွင်းလယ် ကစားသမားလေးကို ဒေးဗစ်မှ ဝယ်ယူပြီးပြီးချင်း ဘီဗီရန်သို့ အငှားချထားလိုက်သည်။ ဤသည်မှာ အီးယူပတ်စ်ပို့ ရရှိရန်အတွက်ဖြစ်၍ မထူးဆန်းသော်လည်း ဒေးဗစ်က ထိုလူငယ်လေးအား ကွင်းလယ်မှ ဗဟို နောက်ခံလူအဖြစ် ပြောင်းလဲပေးရန် ဘီဗီရန်အား တောင်းဆိုထားခြင်းမှာ ထူးဆန်းနေလေသည်။
ဒေးဗစ်၏ ကစားသမားများအပေါ် အမြင်နှင့် အကဲဖြတ်မှုမှာ လုဖ်အတွက် အထင်ကြီးလေးစားဖွယ်ရာ ဖြစ်သကဲ့သို့ စဉ်းစားရခက်စရာလည်း ဖြစ်နေသည်။ ဒေးဗစ်သည် ပရော်ဖက်ရှင်နယ် ဘောလုံးသမားတဦး မဟုတ်ပေ။ နည်းပြတဦးလည်း မဟုတ်သလို ဘောလုံးကင်ူထောက်အဖြစ် လုပ်ကိုင်ခဲ့သူတဦးလည်း မဟုတ်။ သို့သော် ကမ္ဘာအနှံ့မှ သူခေါ်ယူလာခဲ့သော ကစားသမားများနှင့် အကယ်ဒမီ သင်တန်းသားလေးများ၏ ပါရမီနှင့် စွမ်းရည်က အားလုံးကို ရင်သပ်ရှုမော ဖြစ်သွားစေခဲ့သည်။
ဒေးဗစ်၏ အလေးထားပုံနှင့် အပြုအမူများကို ထောက်ရှုပါက ဤ သီယာဂို ဆေးလ်ဗားဟူသော လူငယ်လေးသည် အနာဂတ်တွင် နော့တ်စ်ကောင်တီ ပထမအသင်းကြီးသို့ ကျိန်းသေ ရောက်ရှိလာမည့် ကစားသမားဖြစ်ကြောင်း မှန်းဆ၍ရသည်။ ထိုသို့ဆိုသော် ဒေးဗစ်တယောက် ထိုမျှတန်ဖိုးထားရလောက်အောင် အနှီလူငယ်လေးသည် မည်သည့်နေရာ၌ ထူးခြားနေပါသနည်း။
သို့သော် ခြေစမ်းပွဲ စတင်၍ မိနစ်အနည်းငယ်မျှ အကြာတွင် လုဖ်တယောက် မျက်မှောင်ကြုံ့မိလာသည်။ သီယာဂို ဆေးလ်ဗားသည် ဗဟိုနောက်ခံလူ နေရာ၌ ဆိုးဆိုးရွားရွား ကစားနေသည်ဟု သတ်မှတ်နိုင်သည့် အနေအထားမျိုး သူမြင်တွေ့နေရသည်။
ကြံ့ခိုင်မှုအပိုင်းတွင် ကောင်းမွန်သော်လည်း ဗဟိုနောက်ခံလူတဦး၏ နေရာယူမှု၊ အကွက်မြင်မှု ကင်းမဲ့ခြင်းနှင့် အကျင့်ပါနေသည့်အတိုင်း ရှေ့သို့ တက်သွားတတ်ခြင်းတို့ကြောင့် မကြာခဏပင် ဘီဗီရန် ခံစစ်ကြောင်းမှာ ဖရိုဖရဲ ဖြစ်လျက်ရှိလေသည်။ သီယာဂို ဆေးလ်ဗားတွင် ဗဟိုနောက်ခံလူတဦးအဖြစ် ထွန်းတောက်လာမည့် မည်သည့် အားသာချက်ကိုမျှ လုဖ် မတွေ့ရချေ။
***