ရာသီသစ်၏ ပထမဆုံး ခြေစမ်းပွဲအား နော့တ်စ်ကောင်တီ ပရိသတ်များ ကွင်းလုံးပြည့် လာရောက်အားပေးကြလေသည်။ ဒေးဗစ် ကလပ်အား စတင်တာဝန်ယူစဉ်ကတည်းက ခြေစမ်းပွဲများတွင် လက်မှတ်ရောင်းခြင်းမပြုရဟူသည့် သံမဏိစည်းမျဉ်းကို ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ ခြေစမ်းပွဲမှာ ကွင်းဝင်ကြေး အခမဲ့ဖြစ်ပြီး ဤသည်ကပင် ကလပ်မှ ပရိသတ်များအပေါ် ကျေးဇူးတုံ့ပြန်ခြင်း အမျိုးအစားတခု ဖြစ်သည်။ ကွင်းဝင်ကြေး အခမဲ့ဖြစ်၍ အသင်းစွဲမရှိသော ပရိသတ်များကိုလည်း ကွင်းအတွင်း လာရောက်ကြည့်ရှုအောင် ဆွဲဆောင်နိုင်လေသည်။ အကယ်၍ ထိုသို့သော ပရိသတ်များသည် အသင်း၏ ပရိသတ်များအဖြစ် ကူးပြောင်းသွားပါက နော့တ်စ်ကောင်တီအတွက် များစွာ အကျိုးရှိမည်ပင်ဖြစ်၏။
ယခုပွဲတွင် နှစ်သင်းလုံး၏ အားကြိုးမာန်တက် ယှဉ်ပြိုင်မှုမှာ ပရိသတ်များကို များစွာ နှစ်ခြိုက်သဘောကျစေလေသည်။
ခြေစမ်းပွဲဖြစ်၍ ရလဒ်ကို အရေးထားစရာ မလိုသောကြောင့် ကစားပုံနှင့် အသင်းလိုက်စုဖွဲ့မှု အသားကျရန်အတွက် ဦးစားပေး ကစားကြခြင်းဖြစ်သည်။ ထို့ကြောင့် နှစ်သင်းလုံးမှာ တိုက်စစ်ကိုသာ အသားပေးကစားကြပြီး ၎င်းတို့၏ ကြိုးစားအားထုတ်မှုများက ပရိသတ်များအား ရသအပြည့်ပေးစွမ်းနိုင်ခြင်း ဖြစ်လေ၏။
မစ်ဆီမိုဗစ်သည် ဘီဗီရန်၏ ကွင်းလယ်ဗိုလ်ချုပ်တဦးအဖြစ် လျင်မြန်စွာနေရာရရှိနေပြီဖြစ်ပြီး ကွင်းလယ်တိုက်စစ်ကို ဦးဆောင်၍ နော့တ်စ်ကောင်တီ၏ ခံစစ်ကြောင်းကို ထိုးဖောက်လျက်ရှိလေသည်။ ဘို့လ်ဟရို့စ်မှာလည်း ဘီဗီရန် ခံစစ်တွင် ဗဟိုနောက်ခံလူအဖြစ် သီယာဂို ဆေးလ်ဗားနှင့် တွဲဖက်ကစားလျက်ရှိပြီး ဆေးလ်ဗား၏ နေရာ အပြောင်းအလဲကြောင့် လွတ်ဟာမှုများစွာကို တဦးတည်း ရုန်းကန်ဖြတ်တောက်နေခြင်းမှာ ပရိသတ်များ မျက်စိကျစရာပင် ဖြစ်လာ၏။
ပြိုင်ပွဲစတင်၍ မိနစ်အနည်းငယ်အကြာတွင် ဒေးဗစ်၏ မျက်လုံးများမှာ ကွင်းထဲရှိ ကစားသမားတဦးထံသို့ ရောက်ရှိသွားသည်။ ထိုကစားသမားထံမှ သူ၏အကြည့်များကို လွှဲဖယ်၍ မရတော့ချေ။
ယာယာတိုရေး !!! (Yaya Toure)
ဒေးဗစ်သည် အမြင်မှားမည်စိုးသောကြောင့် သူ၏မျက်လုံးများအား ပွတ်သပ်ပြီး အသေအချာ အာရုံစိုက်၍ ကြည့်နေမိသည်။
ကွင်းထဲမှ အာဖရိကန် ကစားသမားလေး၏ ငယ်ရွယ်သော မျက်နှာမှာ ဒေးဗစ်မှတ်မိနေသော မန်ချက်စတာစီးတီး၏ စွယ်စုံရ ကွင်းလယ်စတား ယာယာတိုရေး၏ ရုပ်ရည်နှင့်နှင့် တထပ်တည်း ဖြစ်လာလေသည်။ သူ့အနေဖြင့် လွဲစရာအကြောင်း မရှိတော့ပေ။ ယာယာတိုရေးမှ ယာယာတိုရေး အစစ်ပင်ဖြစ်သည်။
ယာယာတိုရေးသည် ဘီဗီရန်တွင် ကစားခဲ့မှန်း ဒေးဗစ် လုံးဝမသိခဲ့ချေ။ ယခုမူ မျက်မြင်တွေ့နေရပြီဖြစ်သောကြောင့် ဘီဗီရန်၏ ကစားသမားများအပေါ် အာရုံမထားမိခဲ့ခြင်းအား သူ့ကိုယ်သူ များစွာ အပြစ်တင်မိလေ၏။
ဒေးဗစ်တယောက် မထွေးနိုင် မမြိုနိုင်မျက်နှာဖြင့် ပီတာအား ကပ်၍ပြောလိုက်သည်။
“ခင်ဗျားအသင်း ကွင်းလယ်က အာဖရိကသားလေးဟာ တော်တော်ကောင်းတဲ့ ကစားသမားဗျ၊ ကမ္ဘာ့အဆင့် ကွင်းလယ်ကစားသမားတယောက် ကျိန်းသေ ဖြစ်လာလိမ့်မယ်လို့ ကျုပ်ပြောရဲတယ်၊ ခင်ဗျား သူ့ကို ခပ်ပေါ့ပေါ့ သဘောမထားစေချင်ဘူး၊ ဘီဗီရန်ရဲ့ အောင်မြင်မှုအတွက် ဒီကောင်လေးက အရေးကြီးတဲ့နေရာကနေ အထောက်အကူ ပေးလိမ့်မယ်ဗျ၊ တကယ်လို့ ခင်ဗျားသူ့ကို ရောင်းမယ်ဆိုရင် ကျုပ်ကို အရင်ဦးဆုံး အသိပေးစေချင်တယ်”
ဒေးဗစ်၏ ကြယ်ပွင့်စုဆောင်းခြင်း ရောဂါဟောင်းမှာ ရုတ်တရက် ထဖောက်လာပြန်လေသည်။ သူ၏စိတ်ထဲတွင် ယာယာတိုရေးသာ နော့တ်စ်ကောင်တီကွင်းလယ်သို့ ရောက်ရှိလာပါက ပြီးပြည့်စုံသွားမည်ဖြစ်သည်ဟု တွေးတောနေမိသည်။
အလွန်ဆို၊ ဒေကိုနှင့် မာရှေယာနိုတို့မှာ ငြင်းပွားဖွယ်မရှိ ကမ္ဘာ့အဆင့်ကစားသမားများ ကျိန်းသေ ဖြစ်လာကြမည်ဖြစ်သည်။ မီရာလက်စ် တဦးသာ ပထမတန်းစား ကစားသမားအဖြစ် သတ်မှတ်နိုင်သည်။ အကယ်၍ ရှိရင်းစွဲ ကမ္ဘာ့အဆင့် သုံးဦးနှင့်အတူ ယာယာတိုရေးကဲ့သို့ ဘီတူးဘီ (B2B) ကွင်းလယ်လူတဦးအား ပေါင်းစပ်လိုက်ပါက နော့တ်စ်ကောင်တီအား ကွင်းလယ်ယှဉ်ပြိုင်နိုင်သည့်အသင်း ရှိတော့မည် မဟုတ်ချေ။
{ဘီတူးဘီ - B2B (box to box) - မိမိအသင်း၏ ပင်နယ်တီ ဧရိယာ (box) မှ ပြိုင်ဘက်အသင်း၏ ပင်နယ်တီ ဧရိယာ (box) ထဲအထိ တကွင်းလုံးနီးပါး လိုက်ပါကစားနိုင်သော ကွင်းလယ် ကစားသမားကို ခေါ်ဆိုခြင်းဖြစ်သည်။ အဆိုပါ ကစားသမားမျိုးသည် ခံစစ်ကစားသမားများ၏ အကွက်မြင်မှုနှင့် ဖြတ်တောက်ဟန့်တားနိုင်စွမ်းကို ပိုင်ဆိုင်ထားသည့်အပြင် တိုက်စစ်ကစားသမားများ၏ ဖန်တီးပေးပို့မှု၊ စုဖွဲ့မှုနှင့် ဂိုးသွင်းစွမ်းရည်ကိုပါ ပိုင်ဆိုင်ထားသောသူများ ဖြစ်ကြသည်။ ထို့အပြင် ပွဲချိန်တလျှောက်လုံး ထိုကဲ့သို့ ကစားနိုင်သည့် သက်လုံမျိုးကိုလည်း ပိုင်ဆိုင်ထားကြသူများဖြစ်သည်။ လစ်ဗာပူး၏ စတီဗင် ဂျာရတ် (Steven Gerrard)၊ ဂျူဗင်တပ်၏ အာတူရို ဗီဒယ် (Arturo Vidal) နှင့် မန်စီးတီး၏ ယာယာတိုရေးတို့မှာ နာမည်ကျော် ဘီတူးဘီ ကစားသမားများဖြစ်ကြပါသည်။ ချယ်လ်ဆီး၏ ဖရန့်လမ်းပတ် (Frank Lampard) ကိုလည်း တိုက်စစ်အသားပေး ဘီတူးဘီ ကွင်းလယ်လူအဖြစ် သတ်မှတ်ကြသည်ကို တွေ့ရှိရပါသည်။ ဘာသာပြန်သူ}
သို့သော် အလွန်ဆို၊ ဒေကို၊ မာရှေယာနိုနှင့် ယာယာတိုရေးတို့၏ အသက်အပိုင်းအခြားများမှာ တူညီမှု မရှိပေ။
ယခုနှစ်ဘောလုံးရာသီအပြီး နောက်ရာသီတွင် အငှားကာလပြီးဆုံး၍ နော့တ်စ်ကောင်တီသို့ ပူးပေါင်းလာမည်ြ ဒေကိုမှာ အသက်အကြီးဆုံးဖြစ်သည်။ သို့ဖြစ်ရာ ဒေကို၏ အကောင်းဆုံးကာလများအား ဦးစွာကြုံတွေ့ရပေလိမ့်မည်။ ယာယာတိုရေး ရင့်ကျက်လာမည့်အချိန်တွင် ဒေကို၏ အကောင်းဆုံးအချိန်များမှာ ကျော်လွန်သွားပြီဖြစ်လေသည်။ ဤသည်မှာ ဒေးဗစ်မည်သို့မျှ မတတ်နိုင်သော ဝမ်းနည်းဖွယ်ရာ ကိစ္စပင်ဖြစ်၏။
ဒေးဗစ်သည် သူ၏ခေါင်းထဲမှ ယောက်ယက်ခတ်နေသော အတွေးများကို ရှင်းထုတ်လိုက်သည်။ ရှိရှိသမျှ စူပါစတား အားလုံး နော့တ်စ်ကောင်တီသို့ ရောက်ရှိရမည် ဟူသည်မှာ ကလေးအတွေးနှင့်ပင် တူနေသေးသည်မဟုတ်ပါလား။
ပထမပိုင်းအပြီးတွင် တိုက်စစ်ပိုင်း အသာစီးရရှိထားသော နော့တ်စ်ကောင်တီမှ နှစ်ဂိုးသွင်းယူထားနိုင်လေသည်။ သို့သော် ဘီဗီရန်မှလည်း ထက်မြက်သော တန်ပြန်တိုက်စစ်ဖြင့် နှစ်ဂိုးပြန်လည် သွင်းယူသွားနိုင်သောကြောင့် ၂-၂ သရေ ရလဒ်ဖြင့် ပထမပိုင်း ပြီးဆုံးသွားခြင်းဖြစ်လေ၏။
ဒုတိယပိုင်းအစတွင် နော့တ်စ်ကောင်တီ၏ လိုင်းအပ်မှာ ပြောင်းလဲသွားပြီဖြစ်သည်။ ဒုတိယပိုင်းတလျှောက်လုံး နော့တ်စ်ကောင်တီဘက်မှ မကြာခဏ လူစားလဲလှယ်မှုများ ပြုလုပ်ခဲ့သော်လည်း အသင်းလိုက်ကစားပုံ ပျက်ပြားမသွားအောင် ထိန်းသိမ်းထားနိုင်ခဲ့သည်။ ပွဲအပြီးတွင် နော့တ်စ်ကောင်တီမှ ဧည့်သည် ဘီဗီရန်အား ၅-၃ ဂိုးဖြင့် အနိုင်ယူနိုင်ခဲ့လေသည်။
ပွဲအပြီးတွင် နှစ်ဘက်ကစားသမားများမှာ ကွင်းအတွင်း ရင်းနှီးစွာ စကားပြောဆို နှုတ်ဆက်နေကြသည်။ ဘို့လ်ဟရို့စ်နှင့် မစ်ဆီမိုဗစ်တို့နှစ်ဦးအား နော့တ်စ်ကောင်တီ အသင်းဖော်ဟောင်းများမှ စနောက်ခြင်း၊ ဝိုင်းဝန်း ကောင်းချီးပေးခြင်းများဖြင့် ကွင်ူတွင်း ပွဲပြီးအနေအထားမှာ စိတ်ချမ်းမြေ့ဖွယ်ပင် ဖြစ်လေ၏။
သို့သော် ယာယာတိုရေးတယောက် ကွင်းဘေးသို့ ရောက်ရှိချိန်၌မူ နော့တ်စ်ကောင်တီ နည်းပြချုပ် လုဖ်က သူ့ထံသို့ တည့်တည့်မတ်မတ် လာနေသည်ကို တွေ့လိုက်ရသည်။
“ယာယာ .. မင်းဒီနေ့ကစားသွားတာ သိပ်ကို ပြောင်မြောက်ပါပေတယ်ကွာ၊ ငါမေးချင်တာက မင်း အနေနဲ့ နော့တ်စ်ကောင်တီကို လာကစားဖို့ ဆန္ဒရှိသလား ဆိုတာပါပဲ၊ ငါပြောတာကို ယုံစမ်းပါ ကောင်လေး၊ မင်းမှာ ကမ္ဘာ့အဆင့် ကွင်းလယ်လူတယောက် ဖြစ်လာနိုင်တဲ့ အရည်အချင်းတွေ အများကြီးရှိတယ်၊ ငါအဲ့ဒီ အရည်အချင်းတွေကို ရအောင် ဖော်ထုတ်ပေးသွားမယ်လို့ ကတိပေးနိုင်တယ်”
လုဖ်၏ မျက်လုံးများက အရောင်တလက်လက် တောက်ပနေသည်။ ဖြစ်နိုင်လျှင် ယာယာတိုရေးအား ချက်ချင်းပင် စာချုပ်ချုပ်ဆိုလိုသည့် ဆန္ဒများ မဖုံးမဖိနိုင်လောက်အောင် ပေါ်လွင်လျက်ရှိသည်။
ယာယာတိုရေးမှာ အနည်းငယ်အံ့အားသင့်သွားသည်။ သူ၏အသင်းဖော်များ နည်းပြများ၏ ရှေ့မှောက်တွင်ပင် ပြိုင်ဘက်အသင်းနည်းပြက ပြောင်ပြောင်တင်းတင်း လာရောက် သွေးဆောင်နေခြင်းအား မည်သို့တုံ့ပြန်ရမှန်း မသိတော့ချေ။
သို့သော် လုဖ်သည်လည်း ယာယာတိုရေးအား တွယ်ကပ်နေခြင်းမရှိပေ။ သူပြောလိုသည်များကို ပြောအပြီး ချက်ချင်းပင် ဒေးဗစ်အား ရှာဖွေရန် လှည့်ထွက်လာခဲ့လိုက်သည်။ အသင်း၏ ကစားသမား အပြောင်းအရွှေ့မှာ ဒေးဗစ်၏ လက်ထဲ၌ပင် အပြည့်အဝဆုပ်ကိုင်ထားသော်လည်း သူ့အနေဖြင့် ဖွင့်ဟ တောင်းဆိုလာပါက ဒေးဗစ် ငြင်းမည်မဟုတ်မှန်း သူကောင်းစွာသိသည်။ ယာယာတိုရေးသည် ကျောက်ရိုင်းတတုံးဖြစ်ပြီး ကောင်းမွန်စွာ မြေတောင်မြှောက်ပေးနိုင်ပါက နော့တ်စ်ကောင်တီရှိ မည်သည့်ကစားသမားထက်မျှ နိမ့်ကျမည့်သူ မဟုတ်ကြောင်း လုဖ် ခံစားမိသည်။
“ဒေးဗစ် ကျုပ်ဘီဗီရန်က ကောင်လေးတယောက်ကို လိုချင်တယ်၊ သိပ်ကောင်းတဲ့ ကွင်းလယ်လူပဲ၊ ဒီကောင်လေး နော့တ်စ်ကောင်တီကို ရောက်ရင် သေချာပေါက် ကမ္ဘာ့အဆင့် ကစားသမား ဖြစ်လာအောင် ကျုပ် လေ့ကျင့်ပေးနိုင်တယ်”
လုဖ်သည် ပရက်ဆီဒန်ရှယ်ဘောက်စ်သို့ ရောက်ရောက်ခြင်း ဒေးဗစ်အား အလောတကြီး ပြောချလိုက်သည်။ ထိုသို့ပြောပြီးကာမှ ဒေးဗစ်နှင့်အတူ ထိုင်နေသော ဘီဗီရန် ဥက္ကဌ ပီတာအား သတိထားမိသွားကာ အားတုံ့အားနာ ဖြစ်သွားရလေသည်။ တဘက်အသင်း၏ ဥက္ကဌ ရှေ့မှောက်တွင် ထိုအသင်းမှ ကစားသမားအား မဖြစ်မနေခေါ်ယူပေးရန် တောင်းဆိုမိခြင်းအား အတော်လေး မျက်နှာပူသွားရသည်။
ပီတာ၏ အမူအယာမှာ အပြောင်းအလဲမရှိချေ။ သူ၏အသင်းသည် ကမ္ဘာ့အဆင့် မျှော်လင့်ချက်ရှိနေသော ကစားသမားတဦးအား ထိန်းထားနိုင်မည်မဟုတ်မှန်း သူကောင်းစွာ သဘောပေါက်သည်။ ဘယ်လ်ဂျီယံလိဂ်ကဲ့သို့ လိဂ်များသည် ကစားသမားများအတွက် ဥရောပထိပ်တန်းလိဂ်များသို့ ခြေချရန် အရှိန်ယူရာ နေရာတခုသာ ဖြစ်သည်မဟုတ်ပါလော။ သူ၏အသင်းမှ ကြယ်ပွင့်ကစားသမား ထွက်ပေါ်လာခဲ့ပါက အခြားအသင်းများသို့ ရောင်းချသည်ထက်စာလျှင် နော့တ်စ်ကောင်တီသို့ စေလွှတ်ခြင်းကသာ သူ့အတွက် ပိုမို အကျိုးအမြတ် ရရှိနိုင်မည်ဖြစ်သည်။ နော့တ်စ်ကောင်တီ ဥက္ကဌဖြစ်သူ ဒေးဗစ်သည် ဘီဗီရန်၏ ရှယ်ယာ ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားခြင်းကြောင့် နော့တ်စ်ကောင်တီသည် သူ့အား နစ်နာစေရန် ပြုမူမည်မဟုတ်ချေ။
ထိပ်တန်းကစားသမား !!
ကွင်းလယ်လူ !!
ကမ္ဘာ့အဆင့် မျှော်လင့်ချက် !!
လုဖ်ပြောသည့် ကစားသမားသည် ယာယာတိုရေးကို ဆိုလိုမှန်း ဒေးဗစ် ချက်ချင်းသဘောပေါက်လိုက်သည်။ ဒေးဗစ်က အသာအယာပြုံး၍ ခေါင်းခါယမ်းလိုက်မိလေသည်။
“ခင်ဗျားပြောတာ ယာယာတိုရေး မဟုတ်လား၊ ဒီ အိုင်ဗရီကို့စ် လူငယ်လေး သိပ်ကောင်းမှန်း ကျနော်သိပါတယ် ယိုအာချင်ရဲ့၊ ဒါပေမယ့် ခင်ဗျား ဆန္ဒက ပြည့်နိုင်ဦးမှာ မဟုတ်ဘူးဗျ၊ ဒီကောင်လေးမှာ အီးယူပတ်စ်ပို့တ် မရှိသေးဘူးလေ၊ အင်္ဂလန်မှာ အလုပ်လုပ်ခွင့် ရမှာ မဟုတ်ဘူး၊ ဒီတော့ ခင်ဗျား စောင့်ရလိမ့်မယ် ယိုအာချင်ရေ”
သူဆိုလိုသည့် ကစားသမားမှာ ယာယာတိုရေးဖြစ်မှန်း ဒေးဗစ်သိနေခဲ့သည်ကို လုဖ် တအံ့တဩဖြစ်သွားရသည်။ တဆက်တည်းပင် ဒေးဗစ်၏ အံ့ဖွယ် အမြင်ကို အားကျစွာ သက်ပြင်းချလိုက်မိလေသည်။
“သေရောဒေးဗစ်ရာ … ဒီ သောက် အလုပ်လုပ်ခွင့်ပါမစ်ကို ကျုပ်မေ့သွားတယ်၊ အက်ဖ်အေက အတော်လေး ဒုက္ခရှာတာပါပဲလား”
“အေးဆေးပေါ့ ယိုအာချင်ရယ်၊ ယာယာအတွက် စိတ်မပူပါနဲ့၊ ဟောဒီက ဥက္ကဌကြီး မစ္စတာ ပီတာဆီမှာ ကျနော် ဘွတ်ကင် လုပ်ထားပြီးပါပြီ၊ အချိန်ကျလာခဲ့ရင် ခင်ဗျားက မလိုချင်ဘူးဆိုရင်တောင် ကျနော် ခင်ဗျားကို အတင်းတိုက်တွန်းပြီး ဖြစ်အောင် ဝယ်မှာပါဗျ”
လုဖ်မှာ ဘီဗီရန် ဥက္ကဌ ပီတာကို အားနာမိသော်လည်း အနာဂတ် နော့တ်စ်ကောင်တီ၏ ကြောက်မက်ဖွယ် ကွင်းလယ်အခင်းအကျင်းအား စိတ်ကူးယဉ်မိကာ သူ၏ရင်ထဲ၌ အပျော်များ ဖုံးလွှမ်းသွားသည်။ သို့သော် ယခု လောလောဆယ် ပျော်နေ၍ မရသေးပေ။ သူ့တွင် လုပ်စရာ များစွာရှိနေသေးသည်။ ယခု ခြေစမ်းပွဲ၌ အသင်းတွင် ပြုပြင်ရမည့် ပြသနာများစွာရှိကြောင်း သူတွေ့ရှိထားလေသည်။
အားလပ်ရက်အပန်းဖြေပြီး ပြန်ရောက်လာကြသော အသင်းသားများမှာ ကြံ့ခိုင်ရေး အစီအစဉ်များအပြီးတွင် အခြေအနေကောင်းတခုသို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သော်လည်း တသင်းလုံးအတိုင်းအတာအရ အားရဖွယ်ရာ မရှိသေးပေ။ အထူးသဖြင့် ဘီဗီရန်အား သုံးဂိုးပေးလိုက်ရသော ခံစစ်ကို ဂရုတစိုက် လေ့ကျင့်ပေးရဦးမည်ဖြစ်သည်။ သူ့အနေဖြင့် အသင်း၏ စုပေါင်းခံစစ် ကစားပုံအား ခွန်အားစိုက်ထုတ်၍ ကြပ်ကြပ်မတ်မတ် ပြုပြင်ရပေဦးမည်။
နောက်ထပ် ပြသနာတခုက အရံလိုင်းအပ်ဖြစ်သည်။ ကစားသမားအသစ်များ ရောက်ရှိလာခြင်းကြောင့် ပြီးခဲ့သော ဘောလုံးရာသီက ရရှိထားသော အသင်းလိုက် ဖွဲ့စည်းပုံမှာ အနည်းနှင့်အများ ထိခိုက်မှုရှိသည်ကို တွေ့ရလေသည်။ ကစားသမားအသစ်များနှင့် ရှိရင်းစွဲကစားသမားများ၏ နားလည်မှုကို ပြန်လည်တည်ဆောက်ရန် အချိန်တခု လိုအပ်မည် ဖြစ်သော်လည်း လာမည့်ရာသီတွင် အနည်းဆုံး စစ်မျက်နှာ နှစ်ခု ဖွင့်မည့် နော့တ်စ်ကောင်တီအတွက် အချိန်များများစားစား ရမည်မဟုတ်ပေ။ ထို့အတွက်လည်း လုဖ်၏ အားစိုက် လေ့ကျင့်မှုများ လိုအပ်နေဦးမည်ဖြစ်သည်။
***