ဘီဗီရန်နှင့် ပွဲအပြီးတွင် ထွက်ပေါ်လာသော ပြသနာများအား ပြင်ဆင်ရန်အတွက် လုဖ်သည်အသင်းအား တပတ်တာလုံး အပြင်းအထန် မောင်းလေတော့သည်။ ထို ငရဲသဖွယ် တပတ်တာ ကုန်ဆုံးပြီးနောက် နော့တ်စ်ကောင်တီ၏ ဒုတိယမြောက် ခြေစမ်းပွဲအဖြစ် ပရီးမီးယားလိဂ် ဖူလ်ဟမ်အသင်းနှင့် ကစားရန် လန်ဒန်သို့ ချီတက်ကြရလေ၏။
ဖူလ်ဟမ်မှာ အင်တာတိုတိုဖလားတွင် ပါဝင်ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။ ထိုဖလားအား ရရှိခဲ့ပါက ယူအီးအက်ဖ်အေ ဖလားတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သောကြောင့် ယခုခြေစမ်းပွဲအား ဖူလ်ဟမ်ဘက်မှ အလေးအနက် ပြင်ဆင်ထားရှိလေသည်။
လိဂ်ဝမ်းသို့ တန်းတက်လာသော နော့တ်စ်ကောင်တီမှာ လိဂ်ဝမ်းတွင် ခြေကုပ်ယူနိုင်မည်မှာ အသေအချာဖြစ်သော်လည်း ပရီးမီးယားလိဂ်တွင် ကျင်လည်နေကျ အသင်းတသင်းအား ယှဉ်နိုင်ဦးမည်မဟုတ်ဟု လူအတော်များများက ယူဆကြလေသည်။ ပြီးခဲ့သည့်ရာသီက လိဂ်ဖလားတွင် ပရီးမီးယားလိဂ် အသင်းများကို ဖြတ်ကျော်နိုင်ခဲ့ခြင်းမှာ အမျိုးမျိုးသော အားသာချက်များ တိုက်ဆိုင်သွား၍သာ ဖြစ်ကြောင်း သတ်မှတ်ထားကြခြင်းဖြစ်သည်။
သို့သော် ဖူလ်ဟမ်၏ ဝါရင့်နည်းပြကြီး ဂျင်းတီဂါနာ (Jean Tigana - ယွန်း တီဂါနာ) ကမူ ထိုသို့ယူဆခြင်းမရှိပေ။ ပြီးခဲ့သောရာသီက လိဂ်ဖလားတွင် နော့တ်စ်ကောင်တီ၏ အံအားသင့်ဖွယ် စွမ်းဆောင်ရည်များကို မြင်တွေ့ခဲ့အပြီး သူ့အနေဖြင့် ထို လိဂ်တူးမှ အံဖွယ်အသင်းလေးအပေါ်၌ များစွာ အာရုံစိုက် လေ့လာခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က နော့တ်စ်ကောင်တီနှင့် ပတ်သက်၍ သူ၏ ပထမဦးဆုံး အတွေးမှာ ပြောင်းရွှေ့ကြေး မြောက်များစွာ သုံးစွဲခြင်းဖြစ်လေ၏။ သူ၏အသင်းကဲ့သို့ ပရီးမီးယားလိဂ် ကလပ်တခုပင်လျှင် နော့တ်စ်ကောင်တီ၏ ထက်ဝက်ခန့်မျှ အပြောင်းအရွှေ့စားရိတ် အသုံးမပြုနိုင်ခဲ့ချေ။
သို့သော် နော့တ်စ်ကောင်တီ၏ နောက်ပိုင်း ပွဲများအား အသေအချာ လေ့လာဆန်းစစ်အပြီးတွင် နော့တ်စ်ကောင်တီ၏ မြောက်များလှစွာသော အပြောင်းအရွှေ့စားရိတ် အသုံးပြုမှုမှာ တခုမျှ အလဟဿမဖြစ်မှန်း တွေ့ရှိလာရလေသည်။ အဆိုပါ အံ့ဖွယ် လိဂ်တူးအသင်းလေးတွင် နည်းစနစ်ပိုင်းဆိုင်ရာ အယူအဆ ခိုင်မာစွာတည်ဆောက်ထားပြီး ထိုနည်းစနစ်အတိုင်း ပွဲကို ဖော်ဆောင်နိုင်သော ကစားသမားအင်အား လုံလောက်စွာ ပိုင်ဆိုင်ထား၏။
နော့တ်စ်ကောင်တီ၏ လိုင်းအပ်စာရင်းမှာ ပရီးမီးယားလိဂ်၌ပင် ခြေကုပ်ရယူနိုင်သော အင်အားရှိကြောင်း တီဂါနာ သိမြင်လာခဲ့သည်။ ထိုသို့သော အသင်းက လိဂ်ဖလားကို ရယုနိုင်ခဲ့ခြင်ူမှာ အသေအချာ တွေးကြည့်ပါက များစွာ အံ့ဩဖွယ်မရှိတော့ချေ။
ယခုလာမည့် ဘောလုံးရာသီအတွက်လည်း နော့တ်စ်ကောင်တီသည် ၎င်းတို့၏ အဓိက ကစားသမားများအား ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။ အရံကစားသမား ဖြည့်ဆည်းရာ၌လည်း တိကျသော ရည်ရွယ်ချက်ဖြင့် လိုအပ်သည့်နေရာ၌ တိုက်ရိုက် အကျိုးပြုနိုင်သူများကိုသာ ခေါ်ယူထားကြောင်း တွေ့ရှိရလေသည်။ ထိုသို့ဆိုလျှင် ၎င်းတို့၏ လိုင်းအပ်နှင့် အရံကစားသမားများ အကြား ခြေစွမ်းကွာဟမှုကို ပို၍ပင် လျှော့ချနိုင်လိမ့်မည်ဟု ခန့်မှန်း၍ရသည်။
သို့ဆ်ုသော် ဤကဲ့သို့ ထက်မြက်သော လိုင်းအပ်နှင့် အင်အားကောင်းသော အရံစာရင်းအား စုစည်းထားသည့် နော့တ်စ်ကောင်တီ၏ ရည်ရွယ်ချက်မှာ လိဂ်ဝမ်းမှ ပရီးမီးယားလိဂ်သို့ တန်းတက်ရန်အတွက်သာ ဖြစ်နိုင်ပါမည်လော။
နော့တ်စ်ကောင်တီအနေဖြင့် သေချာပေါက် စစ်မျက်နှာ နှစ်ခု ဖွင့်လှစ်တိုက်ပွဲဝင်လိမ့်မည်ဟု တီဂါနာ ခံစားရလေသည်။ သူတို့၏ တိကျခိုင်မာလာပြီဖြစ်သော နည်းဗျူဟာပိုင်းနှင့် ပါရမီရှင် လူငယ်ကစားသမားများ၏ ပေါက်ကွဲအားမှာ လာမည့်ရာသီတွင် မည်မျှအထိ တိုးတက်လာမည်ကို မည်သူမျှ မခန့်မှန်းနိုင်ချေ။ လာမည့်ဘောလုံးရာသီ ပြီးဆုံးပါက ပရီးမီးယားလိဂ်အသင်း အတော်များများမှာ နော့တ်စ်ကောင်တီအား မျှော်ကြည့်နေရသော အဆင့်သို့ ရောက်လာတော့မည်ဟု တီဂါနာ ခံစားနေရလေသည်။ ထိုအထဲတွင် သူ၏ ဖူလ်ဟမ်လည်း အပါအဝင်ဖြစ်ပေလိမ့်မည်။
စင်စစ်တွင် နော့တ်စ်ကောင်တီကစားသမားများ၏ အရည်အချင်းနှင့် ပါရမီအား သိရှိပြီးဖြစ်သော ဝါရင့်နည်းပြကြီး တီဂါနာမှာ အပြောင်းအရွှေ့ဈေးကွက် မဖွင့်မီကပင်လျှင် ကစားသမားအချို့အား ခေါ်ယူရန် နော့တ်စ်ကောင်တီသို့ ဆက်သွယ် ကမ်းလှမ်းခဲ့သေးသည်။ သို့သော် ရလဒ်မှာ စိတ်ပျက်ဖွယ်ရာပင် ဖြစ်လေသည်။ နော့တ်စ်ကောင်တီကဲ့သို့ ဖူလ်ဟမ်ထက် ငွေကြေးပိုင်းရော ကစားသမား ဖွဲ့စည်းမှုအပိုင်းပါ သာလွန်နေသည့် အသင်းသည် အကျိုးအမြတ် အနည်းငယ်အတွက် သူတို့၏ ကစားသမားများအား လက်လွတ်ခံမည်မဟုတ်ပေ။
ထို့ကြောင့်ယခုခြေစမ်းပွဲအား တီဂါနာအနေဖြင့် များစွာ အလေးအနက်ထားခြင်း ဖြစ်သည်။ ဤပွဲကို အသုံးချ၍ အင်တာတိုတိုဖလားတွင် ဖူလ်ဟမ်အတွက် အောင်မြင်မှုရရှိရန် မည်သည့်နေရာများ လိုအပ်နေသေးကြောင်း လေ့လာ ဆန်းစစ်နိုင်သည်။ အင်တာတိုတိုတွင် ဖူလ်ဟမ် ရင်ဆိုင်ရမည့် အသင်းများမှာ နော့တ်စ်ကောင်တီထက် သာလွန်မည်ဟု တီဂါနာ ယူဆထားသည်။ သို့ဖြစ်၍ နော့တ်စ်ကောင်တီအား ခြေစမ်းပွဲတွင် အနိုင်ယူနိုင်ပါက သူ၏အသင်း ယူအီးအက်ဖ်အေ ဖလား ဝင်ခွင့်အတွက် ပိုမိုယုံကြည်မှု ရှိလာလိမ့်မည်ဟု ခံယူထားခြင်း ဖြစ်လေသည်။
တီဂါနာသည် နော့တ်စ်ကောင်တီ၏ ခြေစွမ်းအား သူ၏လေ့လာဆန်းစစ်မှုထက်ပင် ပိုမိုတွက်ချက်ကာ ဖူလ်ဟမ်အား ပြင်ဆင်ထားခြင်းဖြစ်သည်။ သို့သော် တကယ်တမ်း ပွဲစသောအခါ၌ သူသည် နော့တ်စ်ကောင်တီအား လျှော့တွက်မိနေသေးကြောင်း သိရှိလာရတော့သည်။
ပွဲစတင်သည်နှင့် နော့တ်စ်ကောင်တီသည် ဖူလ်ဟမ်အား အဖက်ဖက်မှ အသာစီးရယူကာ ကစားနေခြင်းဖြစ်၏။ နော့တ်စ်ကောင်တီ ကစားသမားများအတွက် ပရီးမီးယားလိဂ် ထိပ်တန်းအသင်းများနှင့် ဆုံတွေ့ရပါက စိတ်ပိုင်းဆိုင်ရာ ဖိအား ရှိကောင်းရှိနိုင်မည် ဖြစ်သော်လည်း ဖူလ်ဟမ်ကဲ့သို့သော အသင်းကိုမူ မည်သည့်ဖိအားမျှ မရှိဘဲ ကောင်းမွန်စွာ ကစားနိုင်လေသည်။ ဤသည်မှာ ပြီးခဲ့သော ရာသီက လိဂ်ဖလားအောင်မြင်မှုမှ ပေးသော ပြည့်ဝသည့် ယုံကြည်မှုပင် ဖြစ်၏။
ဖူလ်ဟမ်မှာ အိမ်ကွင်း၌ ကစားရသည်ဖြစ်သော်လည်း နော့တ်စ်ကောင်တီ၏ လှိုင်းလုံးများသဖွယ် တိုက်စစ်ဆင်မှုများအား တရစပ်ခုခံနေရသည်။
ဖူလ်ဟမ်ပရိသတ်များမှာ ယခု ခြေစမ်းပွဲအား များစွာ အရေးထားခြင်းမရှိခဲ့ချေ။ သူတို့၏ အသင်းသည် အင်တာတိုတိုဖလားအတွက် ပြင်ဆင်မှု အနေဖြင့် လိဂ်ဝမ်းမှ အသင်းတသင်းနှင့် ခြေစမ်းသည်ဟူသည့် သဘောထားမျှသာ ရှိသည်။ ယခုသော် ပရိသတ်များများမှာ ပွဲ၏ အနေအထားအား များစွာ အံ့အားသင့်နေကြရလေသည်။
သူတို့၏ အသင်းနှင့် ယှဉ်ပြိုင်နေသည်မှာ အင်္ဂလန် ဒုတိယတန်း လိဂ်ဝမ်းမှအသင်း ဟုတ်ပါ၏လော။ လိဂ်ဝမ်းအသင်းသည် ဖူလ်ဟမ်အား အလွယ်တကူ ဖိအားပေး ကစားနိုင်ပါသလော။ ပရိသတ်အများစုမှာ ဖူလ်ဟမ်မှ ပွဲအား အလွယ်တကူ ထိန်းချုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြခြင်း ဖြစ်သည်။ ယခုမူ အထင်နှင့် အမြင် ပါစင်အောင် လွဲလျက်ရှိနေလေပြီ။ နော့တ်စ်ကောင်တီဟူသော လက်ရှိဝါသင်တန်ဖလား ပိုင်ရှင်မှာ အမှန်တကယ် ခြေစွမ်းရှိကြောင်း ပရိသတ်များ သဘောပေါက်လာကြပြီဖြစ်၏။
ခြေစမ်းပွဲ ပထမပိုင်းသည် ဖူလ်ဟမ်ပရိသတ်များ အတွက် လက်သင့်ခံနိုင်ရန် ခက်ခဲသော အနေအထားပင် ဖြစ်လေသည်။ အင်တာတိုတိုဖလားတွင် ခြေစွမ်းပြ၍ ယူအီးအက်ဖ်အေ ဝင်ခွင့်အတွက် ရည်မှန်းချက်ထား ထားသော ဖူလ်ဟမ်မှာ ပထမပိုင်းအပြီးတွင် နော့တ်စ်ကောင်တီအား ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်လျက်ရှိနေ၏။ ယင်းမှာ ဂိုးရလဒ်သာမက ခြေစွမ်းပိုင်း၌ပါ ရှုံးနိမ့်ခြင်းဖြစ်သည်။ ဘောလုံးနှင့် ရင်းနှီးကျွမ်းဝင်မှု နည်းပါးသူများပင်လျှင် နော့တ်စ်ကောင်တီ ကစားသမားများက ပိုမိုကောင်းမွန်ကြောင်း လွယ်လင့်တကူ သိရှိနိုင်ပေသည်။
ဖူလ်ဟမ်ဥက္ကဌ မိုဟာမက် အယ်လ်ဖေးယက် (Mohamed Al-Fayed) မှာ လော့ဖ်တပ်စ်ရုဒ် (Loftus Road) ကွင်း၏ ပရက်ဆီဒန်ရှယ်ဘောက်စ်တွင် အလွန်အမင်း ဒေါသပေါက်ကွဲလျက်ရှိ၏။
{ဖူလ်ဟမ်အသင်း၏ အိမ်ကွင်းမှာ ကရာဗင်ကော့တေ့ဂ်ျ (Craven Cottage) ဖြစ်ပါသည်။ သို့သော် ၂၀၀၂-၀၃ ဘောလုံးရာသီတွင် ရိုးရာအိမ်ကွင်း ကရာဗင်ကော့တေ့ဂ်ျအား ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အဆိုပါတရာသီလုံးအတွက် လော့ဖ်တပ်စ်ရုဒ် သို့ ခေတ္တပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပါသည်။ ဘာသာပြန်သူ}
ဥက္ကဌ အယ်လ်ဖေးယက်မှာ ပြိုင်ပွဲမစမီက လိဂ်ဝမ်းမှအသင်းနှင့် ခြေစမ်းရာတွင် နည်းပြတီဂါနာမှ အဓိက ကစားသမား အစုံအလင် အသုံးပြု၍ လေးနက်စွာ ပြင်ဆင်ခြင်းအပေါ် မကျေမလည်ဖြစ်ခဲ့သေးသည်။ ဤသည်မှာ နော့တ်စ်ကောင်တီအား ဖူလ်ဟမ်မှ ဂရုတစိုက် သင်ကြားပြသပေးခြင်း ဖြစ်နေသည်ဟု ထင်မှတ်မိခြင်းကြောင့် ဖြစ်သည်။ ယခုသော် အခြေအနေက ဆန့်ကျင်ဘက်ဖြစ်၍ နေလေသည်။ နော့တ်စ်ကောင်တီက ဖူလ်ဟမ်၏ ခြေစမ်းရန် ဖိတ်ခေါ်မှုကို မျက်နှာသာပေးလက်ခံကာ လာရောက် သင်ကြားပြသပေးသည့် ပုံစံမျိုး ဖြစ်သွားပေပြီ။
အတန်ကြာမှ အယ်လ်ဖေးယက်တယောက် သူ၏ဒေါသများကို ချုပ်တည်းလိုက်နိုင်၏။ နော့တ်စ်ကောင်တီ၏ ခြေစွမ်းမျိုးမှာ ပရီးမီးယားလိဂ်၌ ရှိသင့်သော ခြေစွမ်းမျိုး မဟုတ်ပါလောဟု တွေးမိလာသည်။ လာမည့်ရာသီတွင် လိဂ်ဝမ်းမှ အခြားအသင်းများ၏ ဘဝမှာ အလွန်ဝမ်းနည်းဖွယ်ရာ ဖြစ်ပေတော့မည်။
ဒုတိယပိုင်းပြန်လည်စတင်ချိန်၌ ခြေစမ်းပွဲ ဖြစ်သည်နှင့်အညီ နှစ်ဘက်စလုံး လူစားလဲလှယ်မှုများစွာ ပြုလုပ်ကြလေသည်။ ပွဲပြီးရလဒ်ကား နော့တ်စ်ကောင်တီ ၄-၁ ဖူလ်ဟမ် ဖြစ်လေ၏။ နော့တ်စ်ကောင်တီသည် ဖူလ်ဟမ်အား သူ၏အိမ်ကွင်းတွင် အနိုင်ယူ၍ ရာသီကြို ခြေစမ်းပွဲ နှစ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီ ဖြစ်သည်။
ခြေစမ်းပွဲဖြစ်သောကြောင့် နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ပြသနာမရှိချေ။ သို့သော် ယခုပွဲ ရလဒ်ကြောင့်ပင် ဖူလ်ဟမ် ဥက္ကဌ အယ်လ်ဖေးယက်မှာ နည်းပြ တီဂါနာအား ထုတ်ပယ်ပစ်ရန် အလေးအနက် စဉ်းစားသွားပြီဖြစ်လေသည်။ လိဂ်ဝမ်းမှ အသင်းအား ခြေစွမ်းအရရော ဂိုးအရပါ ရှုံးနိမ့်ရခြင်းမှာ တီဂါနာ၏ ပြသနာပင်ဖြစ်သည်ဟု အယ်လ်ဖေးယက်က တထစ်ချ မှတ်ယူလိုက်ခြင်းဖြစ်သည်။ အကယ်၍ တီဂါနာသာ ထို အတွေးကို သိရှိခဲ့ပါက ယခု ခြေစမ်းပွဲအတွက် အဓိကစားသမား အစုံအလင်ဖြင့် အလေးအနက် ပွဲထွက်ခဲ့ခြင်းအပေါ် များစွာ နောင်တရမိတော့မည် ဖြစ်လေ၏။
ဖူလ်ဟမ်နှင့်ပွဲအပြီးတွင် နော့တ်စ်ကောင်တီတသင်းလုံး လန်ဒန်မှ စပိန်နိုင်ငံ ဘာ့ခ်စ်တိုင်းပြည်သို့ ချက်ချင်း ခရီးဆက်ရလေသည်။ စပိန်တွင် တပတ်ကြာ လေ့ကျင့်ခန်းဆင်းပြီးနောက် ရီးရဲလ် ဆိုစီဒက်နှင့် ခြေစမ်းပွဲ ကစားရန်ဖြစ်သည်။
နော့တ်စ်ကောင်တီမှ ဆိုစီဒက်အား ခြေစမ်းပွဲကစားရန် ကမ်းလှမ်းသောအခါက ဆိုစီဒက်မှ အစပိုင်းတွင် ငြင်းပယ်ခဲ့သေးသည်။ လိဂ်တူးမှ လိဂ်ဝမ်းသို့ တန်းတက်လာသည့် အသင်းမျိုးနှင့် ခြေစမ်း၍ သူတို့အတွက် မည်သည့်အကျိုးကျေးဇူးမျှ ရနိုင်ဖွယ်ရာမရှိဟု ယူဆခြင်းဖြစ်သည်။ ထို့အပြင် အသင်းနှစ်သင်းအကြား အလွန်ဆိုကို ရောင်းချမှုကြောင့် ပတ်သက်ခဲ့ခြင်းမှာလည်း သာမန် အရောင်းအဝယ်သာဖြစ်၍ နှစ်သင်းကြား ရင်းနှီးသော ဆက်ဆံရေးမျိုးဟု မသတ်မှတ်ထားပေ။
သို့သော် ထိုသတင်းအား ဆိုစီဒက်နည်းပြကြီး ဂျွန်တိုရှက်ခ် ကြားသိသွားသောအခါ ခြေစမ်းပွဲ ကမ်းလှမ်းမှုကို မဖြစ်မနေ လက်ခံပေးရန် တောင်းဆိုလာတော့သည်။ ထို့ကြောင့် ဆိုစီဒက်နှင့် ခြေစမ်းပွဲ ကစားရခြင်းမှာ ဂျွန်တိုရှက်ခ်ကြောင့်ဟု ဆိုလျှင် မမှားပေ။
***