ပြီးခဲ့သော ဘောလုံးရာသီက နော့တ်စ်ကောင်တီမှ သူအားထားရသော အလွန်ဆိုကို ဝယ်ယူသွားချိန်၌ တိုရှက်ခ်တယောက် အကြီးအကျယ် ဒေါသူပုန်ထခဲ့ခြင်း ဖြစ်သည်။ သူ၏ မီဒီယာများရှေ့၌ ဒေါသပေါက်ကွဲမှုကြောင့်ပင် အင်္ဂလိပ် ဘောလုံးလောကကို အံ့အားသင့်သွားစေရသော အလွန်ဆို၏ ပြောင်းရွှေ့ကြေး ပေါ်ထွက်လာခဲ့ခြင်းဖြစ်လေသည်။
ပြီးခဲ့သော ရာသီ၏တွင် ဆိုစီဒက်၏ ခြေစွမ်းမှာ အလွန်ဆို၏နေရာအား အစားမထိုးနိုင်သောကြောင့် မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့ပေ။ ကလပ်မှ ခြေစွမ်းကောင်းမွန်သည့် ကစားသမားမျိုး ဝယ်ယူဖြည့်ဆည်းခြင်း မပြုလုပ်ဘဲ အလွန်ဆို၏ နေရာအား ရှိရင်းစွဲ ကစားသမားများနှင့်ပင် အစားထိုး ကစားစေခဲ့ခြင်းဖြစ်၏။ သို့သော် တိုရှက်ခ်၏ စိတ်ထဲ၌မူ အရာအားလုံးမှာ အလွန်ဆိုကြောင့်ဖြစ်သည်ဟုသာ တထစ်ချစွဲမှတ်ထားလေသည်။
ယခုသော် သူဆုံးမလိုသော ကစားသမားနှင့် ၎င်း၏အသင်းသစ်သည် သူ့ရှေ့မှောက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဤ အခွင့်အရေးအား သူလက်လွတ်မခံလိုပေ။
ဤခြေစမ်းပွဲတွင် သူ့အနေဖြင့် နော့တ်စ်ကောင်တီအား အပြတ်အသတ် ချေမှုန်းရန် စိတ်ပိုင်းဖြတ်ထားသည်။ အောက်တန်းအသင်းဟူသည် အမှိုက်သရိုက်သာသာပင် ဖြစ်သည်။ ပြောင်းရွှေ့ကြေး အမြောက်အများသုံးစွဲ၍ အမှိုက်များကို ရွှေဖြစ်အောင် မပြုလုပ်နိုင်။ ထိုကဲ့သို့ အမှိုက်အသင်းသို့ ပြောင်းရွှေ့သွားသူမှာလည်း အမှိုက်ပင် ဖြစ်ရမည်။ ဤအချက်ကို နော့တ်စ်ကောင်တီ မျက်ဝါးထင်ထင် သိရှိစေမည်။ အလွန်ဆို နှင့် နော့တ်စ်ကောင်တီ နှစ်ဦးလုံး နောင်တကြီးစွာ ရစေရမည်။ ဤသည်တို့မှာ တိုရှက်ခ်၏ စိတ်ထဲမှ ကြုံးဝါးမှုများပင် ဖြစ်လေ၏။
တိုရှက်ခ်၏ မာနကြောင့်ပင် ဆိုစီဒက်တာဝန်ရှိသူများအား သူကိုယ်တိုင် စည်းရုံးသိမ်းသွင်း၍ နော့တ်စ်ကောင်တီနှင့် ခြေစမ်းပွဲ ချောမွေ့စွာ ဖြစ်ပေါ်လာခြင်းဖြစ်ပေသည်။
ထိုအချိန်၌ စပိန်ဘောလုံးပရိသတ်များ၏ အာရုံမှာ ရီးရဲလ်မက်ဒရစ်၏ တရုတ်ပြည်သို့ ရာသီကြို ခြေစမ်းပွဲ ခရီးထွက်ခြင်း အပေါ်တွင်သာ ရှိနေကြသည်။ ရီးရဲလ်၏ ကြယ်စင်အစုအဝေးကြီးတွင် ကမ္ဘာ့နံပတ်တစ် တိုက်စစ်မှုး၊ ပူပူနွေးနွေး ကမ္ဘာ့ဖလား ချန်ပီယံနှင့် ရွှေဖိနပ်ပိုင်ရှင် ရော်နယ်လ်ဒို (နာဇာရီယို) ပါဝင်လာပြီဖြစ်သည်။ ရီးရဲလ်မက်ဒရစ်၏ လိုင်းအပ်မှာ အသင်းတိုင်း ကြောက်ရွံ့ရသော လိုင်းအပ် ဖြစ်သွားလေပြီ။ ရီးရဲလ်ပရိသတ်များကမူ လာမည့်ရာသီ၌ ရီးရဲလ်သည် ဆုဖလားပေါင်းများစွာကို သိမ်းပိုက်ကာ ဘောလုံးလောကအား လွှမ်းမိုးတော့မည်ဟု ကြွေးကြော်နေကြလေ၏။
သို့ဖြစ်၍ လာလီဂါ၏ အလယ်အလတ်အသင်းတခုသာ ဖြစ်သော ဆိုစီဒက်နှင့် အင်္ဂလန် လိဂ်ဝမ်းမှ အသင်းတသင်း ခြေစမ်းပွဲ ကစားကြမည့် သတင်းမှာ ပရိသတ်များ၏ စိတ်ဝင်စားမှုကို မရရှိထားပေ။ ဆိုစီဒက် ပရိသတ်များပင် ထိုပွဲအား အလေးထားခြင်းမရှိ။ အလွန်ဆိုအား စိတ်ဝင်စားသော ပရိသတ်အချို့သာ ထိုလူငယ်လေး ပြောင်းရွှေ့သွားသော အသင်းမှာ မည်သည့်အသင်းမျိုးဖြစ်သည်ကို စပ်စုလိုစိတ်ဖြင့် ကွင်းထဲသို့ လာရောက်ကြည့်ရှုကြခြင်း ဖြစ်လေသည်။
ထိုခြေစမ်းပွဲ မတိုင်မီ၌ ဆိုစီဒက် နည်းပြ တိုရှက်ခ်သည် ဒေသခံ မီဒီယာများနှင့် အင်တာဗျူး ပြုလုပ်လေသည်။
“ကျုပ်တို့ ဒီပွဲကို တရားဝင်ပွဲတပွဲ အနေနဲ့ ယှဉ်ပြိုင်သွားမှာပါ၊ ကျုပ်အနေနဲ့ နော့တ်စ်ကောင်တီကို ကောင်းကောင်းကြီး သင်ခန်းစာပေးဖို့ ပြင်ဆင်ထားတယ်၊ အလွန်ဆိုကိုလည်း သူ့ရဲ့ဆုံးဖြတ်ချက် ဘယ်လောက်မှားယွင်းကြောင်း ပြသပေးသွားမှာပဲ ဖြစ်တယ်၊ နော့တ်စ်ကောင်တီက အောက်ခြေလိဂ်တွေမှာ ကစားနေရတဲ့ အသင်းပဲ၊ အဲ့လို အသင်းမျိုးက ငွေအားသုံးပြီး သူတို့ကံကြမ္မာကို ပြောင်းလဲဖို့ ကြိုးစားတာပေါ့၊ ဒါပေမယ့် ဘယ်လိုပဲ ကြိုးစားကြိုးစား ဘာမှဖြစ်လာမှာ ထူးလာမှာ မဟုတ်ဘူးဆိုတာကို ဆိုစီဒက်က သူတို့သိအောင် လုပ်ပေးသွားမှာပါ၊ ဒီပွဲဟာ ဆိုစီဒက်က နော့တ်စ်ကောင်တီကို အမဲဖျက်မယ့်ပွဲပဲ၊ အောက်တန်းအသင်းတသင်းဟာ အောက်တန်းအသင်းပီပီ ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာ သင်ပြပေးသွားမယ့်ပွဲလို့ မှတ်ယူနိုင်ပါတယ်”
ပွဲမတိုင်မီ သာယာနေခဲ့သော ဆိုစီဒက် အုပ်ချုပ်ရေးပိုင်းမှာ တိုရှက်ခ်၏ အင်တာဗျူးကြောင့် မျက်နှာပျက်ရဖွယ် ဖြစ်သွားလေသည်။ ဆိုစီဒက် ဥက္ကဌအနေဖြင့် နော့တ်စ်ကောင်တီ၏ စွမ်းဆောင်ရည်အား အလေးမထားသော်လည်း နော့တ်စ်ကောင်တီမှာ ယူအီးအက်ဖ်အေဖလား ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားကြောင့် သိရှိထားသည်။ ထို့အပြင် ဥက္ကဌဖြစ်သူ ဒေးဗစ်သည်လည်း ငွေကြေးကြွယ်ဝချမ်းသာသူတဦး ဖြစ်သည်။ သို့ဖြစ်၍ ခြေစမ်းပွဲ ကစားရန် သဘောတူညီခဲ့ပြီးနောက် သူ့အနေဖြင့် နော့တ်စ်ကောင်တီနှင့် အခြေခံ အပြန်အလှန်လေးစားမှု တခု တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ယခုမူ မမျှော်လင့်ထားဘဲ သူ၏နည်းပြချုပ်မှ ချစ်ကြည်ရေးပွဲသာသာ ခြေစမ်းပွဲအား အသေအကြေ တိုက်ခိုက်ကြမည့်ပွဲအဖြစ် ပြောင်းလဲလိုက်လေပြီ။
အလွန်ဆိုအား ရောင်းချခြင်းမှာ ဥက္ကဌဖြစ်သော သူ၏ဆုံးဖြတ်ချက်ဖြစ်သည်။ သို့သော် တိုရှက်ခ်က ထိုအချက်အား အမြဲတစေ ဆုပ်ကိုင်ထားလေသည်။ တိုရှက်ခ်ထံမှ မကျေမနပ် စကားများ မကြာခဏ ကြားနေရသော်လည်း သူ့အနေဖြင့် လစ်လျူရှုပေးခဲ့သည်။ သို့ရာတွင် အသင်း၏ ရလဒ်ပိုင်း အဆင်မပြေမှု အားလုံးကို တိုရှက်ခ်က အလွန်ဆို မရှိခြင်း အပေါ်၌သာ မြှားဦးတည်ထားသည်။ အသင်း၏ ရလဒ်ပိုင်းဆိုင်ရာအတွက် ဥက္ကဖြစ်သူ၌သာ တာဝန်ရှိသည့် သဘောမျိုး အစဉ်တစိုက် လမ်းကြောင်းနေခဲ့ခြင်းဖြစ်၏။
ယခုအကြိမ်၌မူ ဆိုစီဒက်ဥက္ကဌ၏ နည်းပြတိုရှက်ခ်အပေါ် မကျေနပ်မှုများသည် ပွင့်အန်လာတော့မည့် အနေအထားသို့ ရောက်ရှိလာခဲ့လေပြီ။
ဆိုစီဒက် ပရိသတ်များမှာ အသင်း၏ အတွင်းရေးများအား သတိပြုမိခြင်း မရှိကြချေ။ သို့သော် ဆိုစီဒက်မှာ လာလီဂါ၌ အသင်းငယ်တသင်းသာ ဖြစ်သည့်အတွက် အသင်းငယ်များ၏ အနေအထားကို နားလည်ကြပြီးဖြစ်သည်။ အသင်း၌ စတားပလေယာ ပေါ်ပေါက်လာခဲ့သည့် အချိန်တိုင်း အသင်းမှ ထိုကစားသမားအား ထိန်းထားနိုင်ခြင်းမရှိသည်ကို လက်သင့်ခံထားကြပြီး ဖြစ်လေသည်။
ပရိသတ်များသည် ဆိုစီဒက်၌ အလွန်ဆို ခြေစွမ်းပြ ကစားခဲ့စဉ်ကပင် များမကြာမီ သူတို့၏ ကက်ပတိန်လေးအား ဆုံးရှုံးရတော့မည် ဖြစ်ကြောင်း သဘောပေါက်ထားကြသူများ ဖြစ်ကြသည်။ အလွန်ဆို၏ ခြေစွမ်းမှာ အသင်းကြီးများ မျက်စိကျဖွယ်ရာပင် ဖြစ်သည်။ ရီးရဲလ် မက်ဒရစ်၊ ဘာစီလိုနာ စသော လာလီဂါ အသင်းကြီးများ သို့မဟုတ် အခြားသော ဥရောပ အသင်းကြီးများမှ အလွန်ဆိုအား ဝယ်ယူကြမည်မှာ အသေအချာပင်ဖြစ်လေသည်။ စောသည်နှင့် နောက်ကျသည်သာ ဖြစ်ကောင်းဖြစ်နိုင်မည်၊ အလွန်ဆိုတယောက် ဆိုစီဒက်၌ ကြာရှည်စွာ ကစားရန်မှာ ဖြစ်နိုင်မည် မဟုတ်မှန်း ပရိသတ်များ နားလည်ထားကြသည်။
တကယ်တမ်းတွင် အလွန်ဆို အသင်းပြောင်းရွှေ့သွားသောအခါ အင်္ဂလန် လိဂ်တူးရှိ အသင်းတသင်းသို့ ဖြစ်သောကြောင့် ပရိသတ်များအတွက် များစွာအံ့အားသင့်ဖွယ် ဖြစ်ခဲ့ရလေသည်။ သို့သော် ပရိသတ်များ ခံစားရသည်မှာ အံ့ဩမှုသာဖြစ်ပြီး နာကျည်းမှု မဟုတ်ပေ။
သို့ဖြစ်၍ ယခုပွဲ၌ ပြိုင်ဘက်ကစားသမားအဖြစ် အေနိုအီတာသို့ (Anoeta Stadium) ပြန်လည်ရောက်ရှိလာခဲ့သူ အလွန်ဆိုအား ပရိသတ်များက နွေးထွေးစွာ နှုတ်ဆက်အားပေးကြလေသည်။ ဤ လူငယ်လေးသည် အေနိုအီတာမှ လူလားမြောက်၍ ထွက်ခွာသွားခဲ့သူဖြစ်သည်။ သူ၏အနာဂတ်တွင် ပိုမိုမြင့်မားသော နေရာများသို့ ရောက်ရှိရန် ပရိသတ်များက ဆန္ဒပြုပေးကြခြင်းပင်။
သို့သော် ပွဲစတင်သောအခါ၌ ပြိုင်ပွဲ၏ အငွေ့အသက်မှာ ခြေစမ်းပွဲတပွဲ၏ အငွေ့အသက်မဟုတ်ကြောင်း ပရိသတ်များ သတိပြုမိသွားကြသည်။
သာမန် ခြေစမ်းပွဲ တပွဲဆိုပါက ပွဲချိန် အစောပိုင်း၌ နှစ်ဘက်အသင်းများသည် အချင်းချင်း အရိပ်အခြည်အကဲခတ်၍ အားသာချက် အားနည်းချက်များကို လေ့လာစမ်းသပ်မှုများ ပြုလုပ်ကြမည်ဖြစ်သည်။ ခြေစမ်းပွဲတပွဲဖြစ်သည့်အတွက် အနိုင်အရှုံးအား အလေးထားရန် မလိုအပ်ပေ။
သို့သော် ယခုပွဲမှာ များစွာခြားနားနေလေသည်။
ပွဲစတင်သည်နှင့် တိုရှက်ခ်သည် ကွင်းဘေးစည်း၌ ဆိုစီဒက် ကစားသမားများအား အော်ဟစ်ညွှန်ကြားကာ အမြန်ဆုံး တိုက်စစ်ဆင်ခိုင်းတော့သည်။ စင်စစ်တွင် ခြေစမ်းပွဲ တပွဲ ဖြစ်သောကြောင့် ဆိုစီဒက် ကစားသမားများမှာ ထိုသို့ ကစားလိုခြင်းမရှိပေ။ ပြိုင်ဘက်မှာ အင်္ဂလန်မှ ဘာ့ခ်စ်အထိ လာရောက်ကစားခြင်း ဖြစ်၍ သူတို့အနေဖြင့် ကောင်းမွန်စွာ ဧည့်ခံကစားလိုသည်။ သို့သော် ကစားသမားများ၏ ကံကြမ္မာမှာ တိုရှက်ခ်၏ လက်ထဲ၌ ရှိလေသည်။ အကယ်၍ နည်းပြ၏ ညွှန်ကြားချက်ကို ဖီဆန်ပါက ၎င်းတို့ရရှိထားသော လိုင်းအပ်နေရာများ ပျောက်ဆုံးပေတော့မည်။
ပွဲစတင်သည်နှင့် ရီးရဲလ် ဆိုစီဒက်၏ ပြင်းထန်သော တိုက်စစ်က နော့တ်စ်ကောင်တီ ကစားသမားများအား အငိုက်မိသွားစေလေသည်။ သူတို့အနေဖြင့် ခြေစမ်းပွဲ တပွဲတွင် ပွဲစသည်နှင့် ထိုမျှပြင်းပြင်းထန်ထန် တိုက်စစ်ဆင်ခံရရန် မျှော်လင့်မထားခဲ့ပေ။ ထို့အပြင် အသင်းရှိ လူငယ်ကစားသမား အများစုမှာ စပိန်၏ ရာသီဥတု၊ ပတ်ဝန်းကျင်နှင့် အသားကျရန် ကြိုးစားနေရဆဲ ဖြစ်သောကြောင့် ပြိုင်ဘက်၏ အမှတ်မထင် တိုက်စစ်ဆင်ခြင်းအား ထိရောက်စွာ မဟန့်တားနိုင်သည့် အနေအထား ဖြစ်သွားရသည်။
ထို့ကြောင့် ပွဲချိန် ၅ မိနစ်၌ပင် ဆိုစီဒက်မှ နော့တ်စ်ကောင်တီအား ဦးဆောင်ဂိုး သွင်းယူသွားလေသည်။ ဂိုးသွင်းအပြီး ဆိုစီဒက် ကစားသမားများ အောင်ပွဲခံနေကြစဉ် တိုရှက်ခ်မှာ ကွင်းထဲမှ အလွန်ဆိုနှင့် ကွင်းဘေးမှ နည်းပြလုဖ်အား လှောင်ပြုံး ပြုံး၍ ကြည့်နေလေ၏။ သူ၏မျက်နှာမှာ အလွန်ပင် မာနထောင်လွှားနေသော ပုံစံပင်ဖြစ်သည်။
အလွန်ဆို .. သေချာကြည့်၊ ဒါမင်းရွေးတဲ့အသင်းပဲ၊ ခု မင်းသိပြီလား၊ ဘာမှမဟုတ်တဲ့ အသင်းတသင်းမှာ ရောက်နေရတာ သဘောပေါက်ပြီလား၊ မင်း အခုမှ နောင်တရမယ်ဆိုရင် သိပ်နောက်ကျသွားပြီ၊ မင်း ထွက်ဖို့ ခြေတလှမ်း စလိုက်ကတည်းက မင်းရဲ့ အနာဂတ်က ဘာမှ မဟုတ်တော့ဘူး …
တိုရှက်ခ်၏ အလွန်ဆိုအား ဟစ်အော်ပြောလိုက်ချင်သော စကားများပင် ဖြစ်သည်။ သို့သော် အလွန်ဆိုမှ သူ၏ရှေ့တွင် ဒူးထောက် ငိုကြွေး၍ အကြိမ်ကြိမ်အခါခါ တောင်းပန်ကာ ပြန်လာရန်အတွက် အသနားခံမည်ဆိုပါက သူ့အနေနှင့် ပြန်လည် လက်ခံရန် စဉ်းစားမည်ဟု တိုရှက်ခ် တွေးနေမိသည်။ အလွန်ဆိုအား နည်းပြခဲ့ရသောကြောင့် သူသည်လည်း အလွန်ဆို၏ အစွမ်းကို ကောင်းစွာသိရှိထားသူ ဖြစ်၏။ ထိုလူငယ်လေးတွင် စူပါစတားတဦး ဖြစ်လာမည့် အစွမ်းအစ များစွာရှိနေသည်။
တိုရှက်ခ်တယောက် သူ၏ စိတ်ကူးယဉ်မှုများဖြင့် ကျေနပ်နေချိန်တွင် ကွင်းလယ်၌ ဘောလုံး ပြန်တည်လိုက်ပြီဖြစ်သည်။ တိုရှက်ခ် မသိသည်က နော့တ်စ်ကောင်တီ အသင်းသားများ၏ တိုက်ပွဲဝင်စိတ်နှင့် အနိုင်ရရှိလိုစိတ်များ ပြင်းပြင်းထန်ထန် မပေါ်ထွက်လာသည်မှာ ကာလအတော်ကြာခဲ့ပြီဖြစ်သော အကြောင်းပင်ဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သော ရာသီ သိမ်းကာနီးက ကစားခဲ့ရသော ပွဲစဉ်များမှာ လိဂ်တူး ချန်ပီယံ ဖြစ်ပြီးဖြစ်၍ ကစားသမားများ၌ မည်သည့် ဖိအားမျှ မရှိချေ။ ယခုရာသီ၏ ရာသီကြို ပွဲစဉ် နှစ်ပွဲမှာလည်း သာမန် ခြေစမ်းပွဲများသာ ဖြစ်ကြပြီး ကစားသမားများ အနေဖြင့် ထိုပွဲများတွင် ပွဲအား လွယ်လင့်တကူ ထိန်းချုပ်ကစားနိုင်ကြသည်သာ ဖြစ်သည်။ သို့ဖြစ်၍ နော့တ်စ်ကောင်တီ အသင်းသားများ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ အလွန်ပင် အေးဆေးကာ သက်တောင့်သက်သာ ဖြစ်လျက်ရှိသည်ဟု ဆိုနိုင်ပေသည်။
သို့သော် ယခုပွဲတွင် ဆိုစီဒက်၏ အပြုအမူများက နော့တ်စ်ကောင်တီ ကစားသမားများ၏ ကာလရှည် ငုပ်လျှိုးနေသော တိုက်ပွဲဝင် စိတ်ဓာတ်ကို အပြင်းအထန် လှုပ်နိုးခံလိုက်ရသလို ဖြစ်သွားစေ၏။
ယှဉ်ချင်တယ်ဆိုလည်း ယှဉ်ကြတာပေါ့ !!
***