ပွဲပွဲမစတင်မီက ပျင်းရိပျင်းတွဲ အနေအထားမျိုးရှိနေသော နော့တ်စ်ကောင်တီမှာ တိုက်ပွဲဝင် စိတ်ဓာတ်များကို ကိုင်လှုပ်ခံလိုက်ရခြင်းကြောင့် တသင်းလုံး၏ ပုံစံများ ပြောင်းလဲသွားပြီဖြစ်သည်။ ယခုသော် ၎င်းတို့၏ စစ်မှန်သော စွမ်းရည်များ ထွက်ပေါ်လာပြီဟု ဆိုရပေတော့မည်။
နော့တ်စ်ကောင်တီ၏ စပိန်သားများသည် ဆိုစီဒက်၏ လာလီဂါစတိုင်အား ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်ကြသည်။ထို့ကြောင့် အလွန်ဆို၏ ထက်မြက်သော ဘောလုံးဖြန့်ဝေမှုသည် ဆိုစီဒက်၏ နောက်တန်းအား တခဏအတွင်း ဖရိုဖရဲ ဖြစ်သွားစေလေသည်။
ဆိုစီဒက် အသင်းသားများမှာ ဦးဆောင်ဂိုးသွင်းယူပြီးနောက် နော့တ်စ်ကောင်တီသည် သူတို့အား ယှဉ်ပြိုင်နိုင်သော အသင်းမဟုတ်ဟု ယူဆမိလိုက်ကြသည်။ နော့တ်စ်ကောင်တီသည် အင်္ဂလန် အောက်တန်းလိဂ်မှ အသင်းဖြစ်သောကြောင့် အောက်တန်းလိဂ် အသင်းများ၏ ခြေစွမ်းသာ ရှိလိမ့်မည်ဟု မှတ်ယူကာ ပေါ့ပေါ့ပါးပါး ဖြစ်သွားကြခြင်းဖြစ်၏။
တကယ်တမ်းတွင် နော့တ်စ်ကောင်တီမှ ပြန်လည် တိုက်စစ်ဆင်သောအခါ၌ ဆိုစီဒက် အသင်းသားတိုင်း ကြီးမားသော ဖိအားကို ခံစားရလေတော့သည်။ နော့တ်စ်ကောင်တီသည် ရုတ်ချည်းပင် အခြားအသင်းတသင်းအဖြစ်သို့ ပြောင်းလဲသွားသည့် ပုံစံဖြစ်၍ ဆိုစီဒက် အသင်းသားများကို များစွာ အံ့ဩထိတ်လန့် သွားစေလေသည်။ ၎င်းတို့အနေဖြင့် ပြိုင်ဘက်၏ ချေမှုန်းမှုကို အချိန်မရွေး ခံရနိုင်သည်ဟူသော အတွေးများပါ ဝင်လာကြတော့သည်။
ပွဲပြန်စသည့်အချိန်မှ ငါးမိနစ်အတွင်း နော့တ်စ်ကောင်တီ၏ ဂိုးသွင်းရန် ကြိုးစားမှု နှစ်ခုမှာ ဂိုးဘားတန်းနှင့် ထိ၍ အပြင်ထွက်သွားရသည်။ နောက်ထပ် ကန်ချက် နှစ်ချက်မှာလည်း ဂိုးဘားတန်းနှင့် ဂိုးတိုင်ကိုသာ ထိမှန်ခဲ့လေသည်။ ထို ငါးမိနစ်အတွင်း ဆိုစီဒက်မှ ဘောလုံးထိခွင့်ရသည့်အချိန်များမှာ စက္ကန့်ပိုင်းသာ ဖြစ်၏။
ကွင်းထဲတွင် အသင်းငယ်လေးမှာ နော့တ်စ်ကောင်တီ မဟုတ်ဘဲ ဆိုစီဒက် ဖြစ်လာလေသည်။
ဆိုစီဒက် ကစားသမားများ အနေဖြင့် မည်သို့ ဖြစ်သွားသည်ကို နားမလည်နိုင်ကြပေ။ အင်္ဂလန်မှ အသင်းငယ်လေးမှာ သူတို့အား အဘယ်ကြောင့် ဤမျှ အသာစီး ကစားနိုင်ရပါသနည်း။ အဆက်မပြတ်တိုက်စစ်ဆင်မှုကြောင့် အလုပ်များနေရမည့်သူမှာ နော့တ်စ်ကောင်တီ ဂိုးသမား ဖြစ်သင့်သော်လည်း ယခု သူတို့၏ ဂိုးသမား ဖြစ်နေလေပြီ။ သူတို့ကိုယ်၌မှာမူ ဘောလုံးပင် အသေအချာကိုင်ခွင့် မရကြချေ။
နော့တ်စ်ကောင်တီ၏ တိုက်စစ်စွမ်းရည်မှာ ဆိုစီဒက် ကစားသမားများကိုသာမက ကွင်းဘေးမှ နည်းပြကြီး တိုရှက်ခ်ကိုပါ အံ့ဩထိတ်လန့်သွားစေလေသည်။ တိုရှက်ခ်မှာ သူ၏မျက်မှန်များ ကျွတ်ကျမတတ်ပင် ပွဲအား မယုံကြည်နိုင်စွာ ငေးမောနေရသည်။
ဤသည်မှာ နော့တ်စ်ကောင်တီ၏ စွမ်းရည်အစစ်ဖြစ်နေပါသလော။ ဆိုစီဒက်အနေဖြင့် အားကုန်သုံး၍ ခြေကုန်ထုတ်လျှင်ပင် ထိုသို့သော အစွမ်းမျိုး ပြသနိုင်မည်မဟုတ်။
လာလီဂါအသင်းများအား ထိပ်ဆုံးမှ စတင်ရေတွက်ပါက ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဗလင်စီယာ နှင့် ဒီပို့တီဗိုတို့မှလွဲ၍ အခြားမည်သည့်အသင်းမျှ ဆိုစီဒက်အား ဤမျှလောက် ဖိအားပေးနိုင်ခြင်း မရှိပေ။
လောကကြီးတခုလုံး ရူးသွပ်သွားလေပြီလော။ သို့တည်းမဟုတ် လာလီဂါ အသင်းများ၏ စွမ်းရည်မှာ တဖြည်းဖြည်း နိမ့်ကျလာသောကြောင့် အင်္ဂလန် လိဂ်ဝမ်းမှ အသင်းများကိုပင် မယှဉ်ပြိုင်နိုင်တော့ခြင်း ဖြစ်နေပါသလော။ အင်္ဂလန် ဒုတိယတန်းမှ အသင်းတသင်းသည် လာလီဂါ၏ ထိပ်တန်းအသင်းတသင်းကဲ့သို့ ဆိုစီဒက်အား ဖိအားပေးထားနိုင်ခြင်းမှာ မည်သို့မျှ အဓိပ္ပါယ်မရှိပေ။
တိုရှက်ခ်မှာ ကွင်းဘေး၌ ကြက်သေသေနေ၏။ ပွဲမတိုင်မီ မီဒီယာများ၏ ရှေ့မှောက်၌ သူပြောခဲ့သော စကားများအား ပြန်လည်ကြားယောင်လာမိသည်။ ယခု ထိုစကားများသည် မီးတောက်များအသွင်သို့ ပြောင်းလဲ၍ သူ့အား တမြည့်မြည့် ပြန်လည်ဝါးမြိုနေပြီဖြစ်လေသည်။
သူ၏ရင်ထဲ၌ မျှော်လင့်ချက် အနည်းငယ် ကျန်ရှိနေသေးသည်။ နော့တ်စ်ကောင်တီသည် ဂိုးသွင်းယူခံလိုက်ရသောကြောင့် ကစားသမားများ၏ စိတ်ခွန်အားများ လောင်မြိုက်ကာ ခေတ္တမျှ မီးဟုန်းဟုန်းတောက်သွားခြင်း ဖြစ်နိုင်သည်။ ထိုအသင်း၏ ပင်ကိုယ်စွမ်းရည်မှာ ထိုမျှအထိ မရှိနိုင်ပေ။
သို့သော် ပွဲချိန် ၁၂ မိနစ်တွင် နော့တ်စ်ကောင်တီမှ ချေပဂိုး ပြန်လည်သွင်းယူသွားချိန်၌ တိုရှက်ခ်တယောက် ကွင်းဘေးစည်းတွင် ပြာကျသွားသကဲ့သို့ ခံစားလိုက်ရလေသည်။ ဤသည်မှာ ပွဲအား လွှမ်းမိုးရုံ သီးသန့်မဟုတ်တော့ဘဲ အရည်အချင်းကွာဟမှုကို ဘွင်းဘွင်းကြီး ဖွင့်ချပြသကဲ့သို့ ဖြစ်ကြောင်း သူသဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
ပြိုင်ပွဲ၏ လက်ကျန်အချိန်များတွင် နော့တ်စ်ကောင်တီ၏ တရစပ်တိုက်စစ်ဆင်ခြင်းအား ဆိုစီဒက်တို့ အသည်းအသန် ခုခံနေရသည်သာဖြစ်လေ၏။ ပထမပိုင်းပြီး၍ ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင် နော့တ်စ်ကောင်တီမှ လူစားလဲလှယ်မှုများ မပြတ်ပြုလုပ်ခဲ့လေသည်။ သို့သော် ဘောလုံးပိုင်ဆိုင်မှုနှင့် တိုက်စစ်ဆင်မှုမှာ အနည်းငယ်မျှ လျော့ပါးမသွားခဲ့ချေ။ ထို့အတူ ဆိုစီဒက်အတွက် တန်ပြန်တိုက်စစ်ပင်လျှင် တကြိမ်မျှဆင်နိုင်ခြင်း မရှိသော အခြေအနေသို့ ရောက်ရှိသွားရတော့သည်။
နော့တ်စ်ကောင်တီမှ ငါးဂိုးမြောက် ဂိုးကို သွင်းယူ၍ ၁-၅ ဖြစ်သွားသည့်အချိန်တွင် ဆိုစီဒက် ပရိသတ် အတော်များများ ကွင်းတွင်ူမှ စတင်ထွက်ခွာနေကြပြီဖြစ်လေ၏။ မည်သူမျှ မိမိတို့ အားပေးသော အသင်း အမဲဖျက်ခံနေရသည်ကို မကြည့်ရှုလိုကြပေ။ ပွဲမတိုင်မီက နည်းပြတိုရှက်ခ် ပြောကြားခဲ့သော မောက်မာသည့် အပြောအဆိုများနှင့် ယခု အသင်း၏ ရလဒ်မှာ ဆန့်ကျင်ဘက် ဖြစ်နေရခြင်းအတွက် ပရိသတ်များမှာ ပို၍ပင် ဒေါသထွက်ကြရလေသည်။ သူ၏ တဘက်အသင်းအား သေချာစွာ မလေ့လာဘဲ ဂုဏ်မောက်ခြင်းကြောင့် ဆိုစီဒက်မှာ အရေးမပါသည့် ခြေစမ်းပွဲကိုပင် အရှက်တကွဲ ရှုံးနိမ့်နေရပြီဖြစ်သည်။
အချို့သော ပရိသတ်များမှာ ဒေါသပေါက်ကွဲကာ ကွင်းတွင်းမှ မထွက်ခွာကြဘဲ အလွန်ဆို၏ အမည်ကိုသာ ဟစ်အော်အားပေး နေကြတော့သည်။ ဤသည်က ဆိုစီဒက် ကစားသမားများ၏ စိတ်ဓာတ်အား အပြီးတိုင် ရိုက်ချိုးလိုက်ခြင်းပင် ဖြစ်လေ၏။
ပွဲသိမ်းခရာမှုတ်ချိန်တွင် တိုရှက်ခ်မှာ ကွင်းဘေးစည်း၌ အမြစ်တွယ်နေသည့်အလား မလှုပ်မရှက်သာ ရပ်နေလေသည်။ သူ့အား နော့တ်စ်ကောင်တီက ငရဲသို့ ဆွဲချလိုက်ပြီဖြစ်သည်။
ငိုင်တွေနေသော တိုရှက်ခ်မှာ လုဖ်က လက်ဆွဲနှုတ်ဆက်ရန် လာရောက်သည်ကိုပင် သတိမပြုမိချေ။ သို့သော် လုဖ် အနေဖြင့် အနာကို ဆားသိပ်ရန် စိတ်ကူးမရှိ။ တချက်မျှရယ်လိုက်ကာ အသာအယာပင် ပြန်လှည့်ထွက်သွားလေသည်။ လုဖ်၏ ရယ်သံမှာ တိုရှက်ခ်၏ နားထဲတွင် ဗုံးတလုံး ပေါက်ကွဲသွားသကဲ့သို့ပင် ကျယ်လောင်စွာ ခံစားလိုက်ရသည်။
သူသည် ကမ္ဘာ့အရယ်ရဆုံး ဟာသပိုင်ရှင်တဦး ဖြစ်သွားခဲ့လေပြီ။ ထိုကဲ့သို့သော ရယ်သံများ မည်မျှအထိ ကြားရလိမ့်မည်ကို သူမသိချေ။
ယနေ့ပွဲတွင် နော့တ်စ်ကောင်တီ အသင်းသားများ၏ တိုက်ပွဲဝင်လိုစိတ်ကို လုဖ်များစွာ ကျေနပ်သွားမိသည်။ ထို့အပြင် သူ့အနေဖြင့် အသင်း၌ မြင်နေကျမဟုတ်သော အရာတခုကို ယနေ့ မြင်တွေ့ခဲ့ရလေသည်။
အင်္ဂလိပ်ကလပ်များသည် ကြံ့ခိုင်မှုကို အသားပေး ကစားကြပြီး တိုက်စစ်နှင့် ခံစစ်ကို လျှင်မြန်စွာ ပြောင်းလဲရန် ပိုမိုအားထုတ်ကြိုးစားကြသည်။ ဤသည်မှာ လက်ရှိနော့တ်စ်ကောင်တီ ပိုင်ဆိုင်ထားသော ဝိသေသ တရပ်လည်းဖြစ်သည်။
ကွင်းလယ်ဗိုလ်ချုပ် အလွန်ဆိုသည် အသင်းသို့ ရောက်ရှိစဉ်ကတည်းက လာလီဂါစတိုင် ဘောလုံးဖြန့်ဝေမှုနှင့် နည်းစနစ်တို့ကိုပါ ယူဆောင်လာခဲ့ခြင်းဖြစ်သည်။ သူနှင့်တကွ အခြား ဘောလုံးစွမ်းရည် ဦးစားပေး စပိန်ကစားသမားများ ပေါင်းစပ်လိုက်သောအခါ ပွဲ၏ ရစ်သမ်အား လိုအပ်သလို ထိန်းချုပ်၍ အင်္ဂလိပ်စတိုင်အတိုင်း လျင်လျင်မြန်မြန် ကစားနိုင်မည့် ကစားဟန်တခုကို လုဖ် စဉ်းစားမိလေသည်။ ထို့ကြောင့်ပင် ထိုအတွေးကို အကောင်အထည်ဖော်နိုင်မည့် နည်းစနစ်များဖြင့် ပြီးခဲ့သော ဘောလုံးရာသီတခုလုံး ကစားခဲ့ခြင်းဖြစ်သည်။
ယနေ့ပွဲတွင် ထို စတိုင်နှစ်ခု ညက်ညောစွာ ပေါင်းစပ်ကစားခြင်းအား စတင်တွေ့မြင်ရပြီဖြစ်၏။ ထို့အပြင် လုဖ်၏ ဂျာမန်ဒသနဖြစ်သော ရေကုန်ရေခမ်း တိုက်ပွဲဝင်စိတ်ကိုလည်း နော့တ်စ်ကောင်တီအား စတင်ကိုင်တွယ်ချိန်ကတည်းက မျိုးစေ့ချခဲ့ပြီး ဖြစ်သည်။ အင်္ဂလိပ်စတိုင် ကြံ့ခိုင်မှုနှင့် အလျင်အမြန်တိုက်စစ်ဆင်မှု၊ စပိန်စတိုင် ဘောလုံးကိုင်ဆိုင်မှုနှင့် ဘောလုံးစွမ်းရည်အသားပေး ပွဲထိန်းချုပ်မှု၊ ဂျာမန် စစ်ရထားတစီး၏ တုံးတိုက်တိုက် ကျားကိုက်ကိုက် ရေကုန်ရေခမ်း တိုက်ပွဲဝင်မှုတို့အား ပေါင်းစပ်လိုက်သည့်အခါတွင် နော့တ်စ်ကောင်တီ၏ ပေါက်ကွဲအားမှာ မည်မျှအထိ ရောက်ရှိသွားခဲ့ပါသနည်း။
ယနေ့ပွဲက အဖြေပင် ဖြစ်၏။ ရီးရဲလ်ဆိုစီဒက်သည် လာလီဂါ၌ အသင်းငယ်တသင်းသာ ဖြစ်သော်လည်း ၎င်းတို့၏ ရုန်းအားကို အသင်းကြီးတိုင်း ကိုင်တွယ်နိုင်သည်မဟုတ်ချေ။ ယနေ့တွင် နော့တ်စ်ကောင်တီသည် ရွက်ကုန်ဖွင့်လာသော ဆိုစီဒက်အား ခွန်အားပိုင်း နည်းစနစ်ပိုင်း စိတ်ဓာတ်ပိုင်း အားလုံး၌ အသာစီးရယူ၍ အနိုင်ကစားခဲ့ခြင်းဖြစ်လေသည်။
ယခုအချိန်တွင် နော့တ်စ်ကောင်တီ လိုအပ်နေသည့် တခုတည်းသော အရာမှာ ကစားသမားများ၏ ပွဲအတွေ့အကြုံပင်ဖြစ်သည်။ အသင်းအနေဖြင့် ပရီးမီးယားလိဂ်သို့ ရောက်ရှိပြီး ချန်ပီယံလိဂ်တွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိသော အခါမှသာ ကစားသမားများ အမှန်တကယ် ရင့်ကျက်လာကြပေလိမ့်မည်။
ထိုသို့သောအချိန်သို့ ရောက်ရှိခဲ့ပါက နော့တ်စ်ကောင်တီသည် ဥရောပတခွင်၌ မည်မျှအထိ မုန်တိုင်းထန်နိုင်မည်ကို လုဖ် စိတ်ကူးယဉ်မိလေသည်။
သူ့အား နော့တ်စ်ကောင်တီကို နည်းပြရန် ဒေးဗစ်မှ လာရောက်ဖိတ်ခေါ်သည့် အခိုက်အတန့်ကို လုဖ် ပြန်လည်စဉ်းစားလိုက်မိသည်။ ထိုစဉ်က မိုက်ရူးရဲဆန်စွာ ဆုံးဖြတ်ချက်ချခဲ့ခြင်းမှာ သူ့အတွက် လွန်စွာ မှန်ကန်ခဲ့လေသည်။ ယခုမူ သူနှင့် နော့တ်စ်ကောင်တီသည် အောင်မြင်မှုများဆီသို့ အတူတကွ လှမ်းချီလျက်ရှိနေပြီဖြစ်လေ၏။
ပွဲအပြီးတွင် တိုရှက်ခ်တယောက် သတင်းသမားများအား ရှောင်လွှဲရန် ကြိုးစားသော်လည်း ထိုသူများက သူ့ထက်ပို၍ အကွက်မြင်သည်ကို တွေ့ရလေသည်။ သူ့အနေဖြင့် ဝိုင်းရံထားသော သတင်းသမားများ အကြားတွင် မည်းမှောင်နေသော မျက်နှာဖြင့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ရလေတော့သည်။
မည်သည့်ဘောလုံးလိဂ်၌ ဖြစ်စေ မီဒီယာဟူသည် မီးပွားရှိပါက မလောင် လောင်အောင် ရှို့မည့်သူများသာ ဖြစ်၏။
“မစ္စတာ တိုရှက်ခ်၊ ပြိုင်ပွဲမတိုင်ခင်က နော့တ်စ်ကောင်တီကို အပြတ်ချေမှုန်းမယ်ဆိုတဲ့စကားက ခု ဘယ်လိုပြန်ပြီး အဓိပ္ပါယ်ဖွင့်ရမလဲခင်ဗျား၊ ဒါမှမဟုတ် အဲဒီ အထင်အမြင်သေးမှုကို ခင်ဗျားအနေနဲ့ ပြန်လည် ရုပ်သိမ်းချင်ပါသလား”
“လာလီဂါ အသင်းတသင်းအနေနဲ့ အင်္ဂလိပ် ဒုတိယတန်းက အသင်းတသင်းကို ဂိုးပြတ် ရှုံးနိမ့်ရတဲ့အပေါ်မှာ မစ္စတာ တိုရှက်ခ် ဘာများပြောချင်ပါသလဲ”
“ဒီနေ့ပွဲရဲ့ ကစားပုံရော ရလဒ်ရော ကြည့်ရင် ရီးရဲလ်ဆိုစီဒက် အနေနဲ့ လာလီဂါမှာ ရှင်သန်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ခင်ဗျားထင်ပါသလား”
“ဒီနေ့ပွဲရဲ့ အရှက်တကွဲ အရှုံးအတွက် ကလပ်က ခင်ဗျားအပေါ် ဘယ်လို ဆုံးဖြတ်လိမ့်မယ်လို့ ယူဆပါသလဲ၊ ခင်ဗျားရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံရနိုင်ပါသလား”
“ဒီနေ့ပွဲမှာ ဆိုစီဒက် ကစားသမားဟောင်း ဇာဘီး အလွန်ဆိုက တော်တော်လေး ခြေစွမ်းပြကစားနိုင်တာကို တွေ့ရပါတယ်၊ အဲဒီအပေါ်မှာရော မစ္စတာ တိုရှက်ခ် ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ”
***