မီဒီယာများ၏ ရှေ့တွင် ဂျွန်တိုရှက်ခ် မည်မျှ ဒုက္ခရောက်ခဲ့ရကြောင်း ဒေးဗစ်စိတ်မဝင်စားတော့ပေ။ ကမ္ဘာကြီးတခုလုံး သူ့အားဗဟိုပြု၍ လည်ပတ်နေသည်ဟု အထင်ရောက်နေသော လစ်ဗာပူးကြယ်ပွင့်ဟောင်းအား ခေါင်းထဲမှ ထုတ်ထားလိုက်ပြီဖြစ်၏။
ဆိုစီဒက်နှင့် ခြေစမ်းပွဲ အပြီးတွင် နော့တ်စ်ကောင်တီတသင်းလုံးအား စပိန်၌ အားလပ်ရက် ၂ ရက် ပေးခဲ့လေသည်။ အင်္ဂလိပ်ဘောလုံးလိဂ်များမှာ ဆောင်းရာသီတွင်း ရပ်နားမှု မရှိသောကြောင့် အသင်းရှိကစားသမားများမှာ အိမ်ပြန်ခွင့်မရရှိခဲ့ကြပေ။ ထို့ကြောင့် ယခုကဲ့သို့ ကြုံကြိုက်သည့် အချိန်မျိုးတွင် အားလပ်ရက်မှ ပြန်လာကာစပင် ဖြစ်သော်လည်း အသင်းရှိ စပိန်သားများ မိသားစုနှင့်ဆုံတွေ့နိုင်ရန် အားလပ်ရက်ပေးခြင်း ဖြစ်သည်။ ထို့အပြင် အခြားသော အသင်းသားများအတွက် စပိန်နိုင်ငံ၏ အလှအပများ ရိုးရာများကို ခံစားနိုင်စေရန်လည်း ရည်ရွယ်ပေသည်။
သို့သော် မည်သူက အကြံပြုလိုက်သည် မသိချေ။ နော့တ်စ်ကောင်တီ၏ စပိန်သားမဟုတ်သော ကစားသမားများ အားလုံး ဘာစီလိုနာ၏ ကမ်းခြေများဆီသို့ တညီတညွတ်တည်း ချီတက်သွားကြလေသည်။ ပင်လယ်လေရရှိရန်၊ နေပူစာလှုံရန်နှင့် … လိပ်ဥတူးရန် ဖြစ်ကြသည်။
{ဘာစီလိုနာ၏ ကမ်းခြေများမှာ ဥရောပတွင် အလွန်နာမည်ကြီးသော ကမ်းခြေများဖြစ်ကြပါသည်။ အဓိက ကမ်းခြေများတွင် ဒေသခံများရော တိုးရစ်များပါ ပြည့်ကြပ်နေပြီး အချို့သော ကမ်းခြေများမှာ အလွန်တရာ လွတ်လပ်သော ဝတ်စားဆင်ယင်မှုများ (အလွန်ဆင်းရဲသော) ကို တရားဝင် ခွင့်ပြုထားပါသည်။ ဘာသာပြန်သူ}
ထိုသို့သော ကစားသမားများ၏ မိမိကိုယ်ကို ထိန်းချုပ်မှု မရှိသော အပြုအမူများအတွက် ဒေးဗစ် တခွန်းတည်းသာ မှတ်ချက်ပေးလိုက်သည်။
(ငါ့ကိုရော ဘာလို့မခေါ်ကြတာလဲ)
ဒေးဗစ်သည် သူ၏ပလေယာများ နောက်သို့လိုက်ရန် စိတ်သာရှိပြီး သတ္တိမရှိပေ။ ရှေးရိုးဆန်သော အုပ်ထိန်းမှုအောက်တွင် ကြီးပြင်းလာသော ဒေးဗစ်အတွက် မလွယ်ကူသည်မှာ အမှန်ပင်ဖြစ်လေ၏။
စပိန်ခရီးစဉ်အပြီးတွင် နော့တ်စ်ကောင်တီအသင်းမှာ ပေါ်တူဂီသို့ ဆက်လက်ထွက်ခွာလာခဲ့ကြသည်။ စီစဉ်ထားသည့်အတိုင်း ပေါ်တူဂီ ထိပ်သီး ပေါ်တိုအသင်းနှင့် ခြေစမ်းပွဲ ကစားရန်ဖြစ်လေသည်။
ပြီးခဲ့သော ဘောလုံးရာသီက ပေါ်တိုသည် ရာသီတဝက်တွင် နည်းပြ မာချာဒို (Octavio Machado) အား ထုတ်ပယ်၍ အူနီယွန် ဒီလေးရီယာ (União de Leiria) အသင်း၏ နည်းပြဖြစ်သူ ဟိုဆေး မော်ရင်ညို (Jose Mourinho) အား ပြောင်းလဲ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ အနာဂတ်၏ စပယ်ရှယ်ဝမ်းကြီး မော်ရင်ညိုမှာ ပေါ်တိုသို့ မရောက်ခင် အချိန်အထိ လူသိများခဲ့ခြင်း မရှိသေးပေ။ သို့သော် သူ၏ လက်ထက်တွင် ရလဒ်ဆိုးများဖြင့် ရုန်းကန်နေရသော ပေါ်တိုအား ရာသီကုန်တွင် အဆင့် ၃ အထိ ပြန်လည် ဆွဲတင်နိုင်ခဲ့ပြီး ယူအီးအက်ဖ်အေ ဖလားဝင်ခွင့် ရရှိခဲ့လေသည်။
သို့သော် ဤသည်မှာ ဒဏ္ဍာရီတခု၏ အစသာ ဖြစ်ကြောင်း ဒေးဗစ်ကောင်းစွာ သဘောပေါက်သည်။
ဒေးဗစ်၏ ယခင်ဘဝက ဆရာလေး မော်ရင်ညို ဦးဆောင်သော ပေါ်တိုသည် ယခုရာသီတွင် ပေါ်တူဂီလိဂ် ချန်ပီယံဖြစ်ခဲ့သည့်အပြင် ယူအီးအက်ဖ်အေဖလားကိုပါ ရယူနိုင်ခဲ့သည်။ ထို့နောက် နောက်ရာသီတွင် ဥရောပတခုလုံး အံ့အားသင့်သွားရသည့် ပေါ်တို၏ ချန်ပီယံလိဂ်ဖလား ချန်ပီယံ ခရီးစဉ်ပင် ဖြစ်တော့သည်။
ထိုရာသီ၌ အစဉ်အလာ အသင်းကြီးအများစု ခြေချော်ခဲ့ကြ၍ ပေါ်တိုမှ ခပ်ချောင်ချောင်ဖြင့် ရခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုကြသော်လည်း ချန်ပီယံလိဂ်ဖလားသည် ချန်ပီယံလိဂ်ဖလားသာ ဖြစ်လေသည်။ မည်သူက မည်မျှ ဝေဖန်သည်ဖြစ်စေ ချန်ပီယံလိဂ်ဖလားဟူသည် ပွဲချောင်တိုင်း ရယူနိုင်သော ဖလားမျိုး မဟုတ်ချေ။
ထိုချန်ပီယံလိဂ် ဖလား ရယူနိုင်ခဲ့ပြီးနောက် မော်ရင်ညိုသည် ဥရောပတွင် စိတ်ဝင်စားမှု အခံရဆုံးသော လူငယ်နည်းပြတဦး ဖြစ်လာခဲ့သည်။ မော်ရင်ညို၏ ဒဏ္ဍာရီမှာလည်း ပေါ်တိုနှင့် ချန်ပီယံလိဂ်ဖလား ရရှိသည့်အချိန်မှ စတင်သည်ဟု သတ်မှတ်၍ရလေသည်။
လုဖ်သည် ပေါ်တူဂီ ထိပ်သီး ပေါ်တိုနှင့် ခြေစမ်းပွဲကစားရန် ဒေးဗစ်၏ တောင်းဆိုမှုကို နားလည်ခြင်းမရှိပေ။ ပေါ်တိုသည်လည်း ယူအီးအက်ဖ်အေ ယှဉ်ပြိုင်ခွင့် ရရှိထားခြင်းကြောင့် နော့တ်စ်ကောင်တီ၏ စွမ်းရည်ကို ပေါ်တိုနှင့် တိုင်းတာလိုခြင်းဟူ၍သာ အကြမ်းဖျဉ်း ယူဆထားလိုက်သည်။
“ပေါ်တိုက တကယ်အရည်အချင်းရှိတဲ့ အသင်းဗျ၊ ကျနော်တို့ ယူအီးအက်ဖ်အေဖလား ရချင်တယ်ဆိုရင် သူတို့ကို ဖြတ်ချနိုင်မှဖြစ်မယ်”
ဒေးဗစ်က ပေါ်တိုနှင့် ခြေစမ်းရန်ရည်ရွယ်ချက်အား လုဖ်သို့ရှင်းပြခဲ့သည်။ သို့သော် လုဖ်ကမူ ဒေးဗစ်၏ အယူအဆအား သဘောမတူပေ။
ယူအီးအက်ဖ်အေဖလားတွင် ခြေစစ်ပွဲများအား ထည့်မတွက်လျှင်ပင် အသင်းပေါင်း ၉၆ သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ထို့အပြင် ချန်ပီယံလိဂ် အုပ်စုအဆင့်များ အပြီး၌ အုပ်စု တတိယနေရာ ရရှိသော အသင်း ၈ သင်းကလည်း ယူအီးအက်ဖ်အေဖလားသို့ ရောက်ရှိလာပေဦးမည်။ ထိုမျှ များပြားသော ကလပ်များအကြားမှ ထိုးဖောက်၍ ယူအီးအက်ဖ်အေ ဖလားအား ရယူရန်မှာ အဘယ်တွင် လွယ်ကူနိုင်ပါအံ့နည်း။
လုဖ်၏ သဘောမတွေ့မှုကို ခံစားမိသော ဒေးဗစ်သည်လည်း များစွာဆက်လက် မပြောဆိုတော့ချေ။ တကယ့်ပြိုင်ပွဲများ ယှဉ်ပြိုင်ရသော အခါတွင် လုဖ်၏အမြင် ပြောင်းလဲလာလိမ့်မည်ဟုသာ မှတ်ယူထားလိုက်တော့သည်။
“အိုး … ကြည့်စမ်းပါဦး ကျုပ်မေ့နေတာ၊ ဒေးဗစ် မောင်ရင် ပေါ်တိုက ကွင်းလယ်လူတယောက်ကို ဝယ်ပြီး ပြန်အငှားချထားတယ်မလား၊ အဲ့တယောက် အခြေအနေ ဘယ်လိုရှိလဲ”
“ဒေကိုက အခု ပေါ်တိုကွင်းလယ်ရဲ့ အဓိက ကစားသမားဖြစ်နေပြီဗျ၊ သူက အခု နာမည်သိပ်မထွက်သေးပေမယ့် သူ့အရည်အချင်းက အလွန်ဆိုထက်မနိမ့်ဘူး၊ ခြုံပြောရရင် နဲနဲတောင် သာနိုင်သေးတယ်၊ ကွင်းလယ် စုဖွဲ့မှု သီးသန့်အနေနဲ့ဆိုရင် ကမ္ဘာ့အကောင်းဆုံး ငါးယောက်ထဲမှာ ကျိန်းသေပါတဲ့ပလေယာပဲဗျ”
ဒေးဗစ်က ဒေကို၏ အရည်အချင်းအား ယတိပြတ်ပြောချလိုက်သည်။
ထုံးစံအတိုင်း လုဖ်က ယုံကြည်ခြင်း မရှိပေ။ ကစားသမားများ၏ အရည်အချင်းနှင့် ပတ်သက်၍ ဒေးဗစ်တွင် ကြောက်မက်ဖွယ်ရာ တိကျသော အမြင်ရှိကြောင်း လုဖ်သိသော်လည်း ကွင်းလယ် စုဖွဲ့မှုတွင် ကမ္ဘာ့အကောင်းဆုံး ငါးဦးထဲ၌ ပါဝင်သည်ဟူသော စကားမှာ အနည်းငယ် လွန်နေသည်ဟု ခံစားရခြင်းဖြစ်သည်။ ဒေကိုသည် ထိုမျှကောင်းမွန်နေပါက အဘယ်ကြောင့် ပေါ်တိုတွင်ရှိနေရပါသနည်း။ အသင်းကြီး တသင်းသင်း၏ အဓိက ကွင်းလယ်လူ ဖြစ်နေရမည် မဟုတ်ပါလော။
“ဒေးဗစ်ရာ မင်းက အမြင်စူးရှတဲ့နေရာမှာ ကမ္ဘာ့အကောင်းဆုံး ကလပ်ဥက္ကဌတွေထဲမှာပါတယ်ဆိုတာ ငါလက်ခံပြီးသားပါ၊ ဒါပေမယ့် မင်းအမြင်ကို မင်းဖာသာ ယုံကြည်တဲ့နေရာမှာလဲ ကမ္ဘာ့အကောင်းဆုံး ဖြစ်နေပါရောလား”
လုဖ် ဒေါသဖြင့် ပြေယလာလေတော့သည်။
“ကွင်းလယ်စုဖွဲ့မှုမှာ ကမ္ဘာ့အကောင်းဆုံး ငါးယောက်ထဲပါတယ်ဆိုတာ မလွန်လွန်းဘူးလား၊ ဇာဘီးတောင် အဲ့အဆင့်မျိုး မရောက်သေးဘူး၊ ပေါ်တိုလို အသင်းမှာ အဲ့လို ကစားသမားမျိုး ဘယ်လိုလုပ် ရှိနိုင်ပါ့မလဲ မောင်ရင်ရဲ့ “
“ခင်ဗျား မယံဘူးဆိုလည်း ပွဲစရင် ကြည့်ဗျာ”
ဒေးဗစ် ပခုံးသာတွန့်လိုက်လေသည်။ ဒေကိုသည် ပြိုင်ပွဲတွင် သူ၏အစွမ်းအစဖြင့် ထိုအဆင့်နှင့် ထိုက်တန်ကြောင်း ပြသလိမ့်မည်ဟု သူယုံကြည်ထားသည်။
ထိပ်ဆုံး ငါးဦး မဆိုထားနှင့်၊ သူ၏ အကောင်းဆုံးအချိန်တွင် ဒေကိုသည် ကမ္ဘာ့နံပတ်တစ် ကွင်းလယ်လူအဖြစ်ပါ ချီးကျူးခံရသူတဦးဖြစ်သည်။ ဘာစီလိုနာတွင် ဇာဗီး (Xavi Hernandez) ကမ္ဘာ့အဆင့်ကစားသမား ဘဝသို့ မရောက်သေးမီ စပ်ကြား၌ ကွင်းလယ်တွင် သူ့အားအကူအညီသဘောသာ ကစားခဲ့ရသည်ဟု ဆိုနိုင်ပေသည်။ ထိုအချိန်က ဘာစီလိုနာ၏ ဘောလုံးဖြတ်တောက်ဟန့်တားမှု အချက်အလက်များတွင် ဒေကိုသာ လွှမ်းမိုးထားခြင်း ဖြစ်သည်။ ဤကဲ့သို့ တိုက်စစ် ခံစစ် စွယ်စုံရ ကွင်းလယ်လူတဦးအား ပိုင်ဆိုင်ထားသော အသင်းဥက္ကဌတိုင်းမှာ ညလယ်ခေါင် တရေးနိုးလျှင်ပင် အပြုံးဖြင့် နိုးလာနိုင်လိမ့်မည်ဖြစ်၏။ ဒေးဗစ်အတွက် ထိုသို့ အပြုံးဖြင့် တရေးနိုးလာမှုမျိုးမှာ တခါမကတော့ပြီဖြစ်လေသည်။
{ဒေကိုသည် ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားဟု ပြိုင်ဘက်မရှိ သတ်မှတ်ခံရခြင်းမျိုး မရှိခဲ့ပါ။ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူများထဲမှ တဦးဟု သတ်မှတ်ခြင်းမျိုးသာရှိပါသည်။ ၂၀၀၄ ခုနှစ် ဒေကို၏ အကောင်ူဆုံး အချိန်များတွင် ကမ္ဘာ့အဆင့် ကွင်းလယ်ကစားသမား များစွာ ရှိနေခြင်းဖြစ်သည်။ ဇီဒန်း၊ ပါလို၊ ဂျာရတ်၊ လမ်းပတ်၊ ဇာဗီး၊ ဗီအဲရာ၊ ပေါလ်စခိုးလ် စသော ထိုခေတ်၏ ဂန္တဝင်များအကြားတွင် မည်သူအကောင်းဆုံးဟု သတ်မှတ်၍ မဖြစ်နိုင်ပါ။ ဘာသာပြန်သူ}
ခြေစမ်းပွဲ မကန်မီတရက်တွင် ဒေးဗစ်သည် ဒေကိုအား အထူးတလည် ညစာစားပွဲ ပြုလုပ်ပေးခဲ့သည်။ ဒေကိုကဲ့သို့ ပါရမီရှင် ကွင်းလယ်လူတဦးအား ဒေးဗစ်၏ တန်ဖိုးထားမှုမှာ စာဖွဲ့၍ပင် မရချေ။
“ဘယ်လိုလဲ ဒေကိုရေ၊ ဒီရာသီမှာ ပိုပြီး ခြေစွမ်းပြနိုင်လာပြီလား”
ဒေးဗစ်က အသားတုံးအား ပါးစပ်ထဲသို့ ထည့်လိုက်ရင်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
ဒေကိုသည် ဒေးဗစ်နှင့် တွေ့စ၌ အလွန် ထိမ်းထိန်းသိမ်းသိမ်း ပြောဆိုဆက်ဆံခဲ့သော်လည်း တဖြည်းဖြည်း စိတ်အေးလက်အေး ဖြစ်လာပြီဖြစ်သည်။
“မနှစ်ကတော့ ကျနော်လဲ ရုန်းခဲ့ရတယ် ဆာ၊ ဒါပေမယ့် မစ္စတာ မော်ရင်ညို ရောက်လာပြီးနောက်ပိုင်းမှာ အသင်းက အများကြီးပြောင်းလဲသွားခဲ့တယ်ဗျ၊ ကျနော်တို့ အဆင့် ၃ ရခဲ့ပေမယ့် ခုလာမယ့် ရာသီမှာ ပေါ်တူဂီစူပါလိဂ် ချန်ပီယံဖြစ်ဖို့ ယုံကြည်မှုအပြည့်ရှိနေပါပြီ၊ ပြီးတော့ ယူအီးအက်ဖ်အေ ဖလားမှာလည်း ကျနော်တို့ တခုခု လုပ်ပြနိုင်မယ်ဆိုတာ ယုံကြည်မှု ရှိပါတယ်ဗျ”
ဒေးဗစ်ပြုံးလိုက်သည်။ ဒေကိုသည် မော်ရင်ညို၏ ဦးဆောင်မှု အောက်တွင် အလွန်တရာ ယုံကြည်ချက် ပြည့်ဝသူတဦးအဖြစ် ရောက်ရှိနေပေပြီ။ ဤသည်မှာ ဒေကို အလွန်အကျွံ ချဲ့ကားခြင်း မဟုတ်မှန်း ဒေးဗစ်ကောင်းစွာသိသည်။ စပယ်ရှယ်ဝမ်း၏ ပညာ ခန်းများမှာ အစပင် ရှိသေးကြောင်း ဒေကိုထက် ဒေးဗစ်က ပို၍သိရှိထားလေသည်။
“အကောင်းဆုံး လုပ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်ကွာ”
ဒေးဗစ်က အပြုံးဖြင့် ဝိုင်ခွက်ကို မြှောက်၍ ဆုတောင်းပေးလိုက်သည်။ ထို့နောက် စကားဝိုင်းမှာ ယူအီးအက်ဖ်အေ ဖလားသို့ ရောက်ရှိသွားလေသည်။
“နော့တ်စ်ကောင်တီလည်း ဒီနှစ် ယူအီးအက်ဖ်အေ ကန်ရမယ် ဒေကိုရေ၊ ပေါ်တိုနဲ့ ဆုံလို့ကတော့ တကယ်ကို စိတ်ဝင်စားစရာ ကောင်းမှာပဲကွ”
နော့တ်စ်ကောင်တီ ယူအီးအက်ဖ်အေ ဖလားကန်ခွင့်ရကြောင်း ဒေကို သိရှိပြီးဖြစ်သည်။ နော့တ်စ်ကောင်တီသည် လက်ရှိတွင် သူ၏ မိခင်ကလပ် ဖြစ်နေခြင်းကြောင့် သူ့အနေဖြင့် သတင်းများအား မျက်ချည်အပြတ်မခံခဲ့ပေ။ သူ၏အမြင်တွင် နော့တ်စ်ကောင်တီ၏ အရည်အချင်းမှာ မဆိုးလှသော်လည်း ယူအီးအက်ဖ်အေ ဖလားတွင် တစုံတရာ စွမ်းဆောင်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခြင်း အလျဉ်းမရှိပေ။
“တကယ်လို့ ပေါ်တိုနဲ့ နော့တ်စ်ကောင်တီ တွေ့လာခဲ့ရင် ကျနော် ညှာမှာမဟုတ်ဘူးနော် ဘော့စ်၊ ကျနော့်ကို နော့တ်စ်ကောင်တီက ပိုင်တာဖြစ်ပေမယ့် ပရော်ဖက်ရှင်နယ် တယောက်အနေနဲ့ ကျနော်လက်ရှိကိုယ်စားပြုနေရတဲ့ ကလပ်ကိုပဲ အပြည့်အဝပေးဆပ်သွားရမှာပဲ”
ဒေကို၏ စကားနှင့် မျက်နှာအမူအယာမှာ ဝူရှားသိုင်းဇာတ်လမ်းများထဲမှ အဖြူရောင်သိုင်းသမား ပုံစံပေါက်နေ၍ ဒေးဗစ် ရုတ်တရက် အော်ရယ်လိုက်မိလေသည်။ ဒေးဗစ် ရယ်မောနေခြင်းကြောင့် ဒေကို မျက်နှာအထားရခက်သွားသည်။
“ဘော့စ် ကျနော့်ကို နှစ်သင်းတွေ့ရင်ဆိုတဲ့စကားပြောတာ တကယ်တမ်းတွေ့လာခဲ့ရင် ကျနော့်ကို လျှော့ကစားခိုင်းဖို့ မဟုတ်ဘူးလား “
“နိုး နိုး နိုး နိုး … ဘယ်ကလာ ဒေကိုရာ၊ မင်းက နော့တ်စ်ကောင်တီ ပိုင်တဲ့ ကစားသမားဖြစ်နေပေမယ့် နော့တ်စ်ကောင်တီရဲ့ အကြောင်းကို သိမှမသိသေးတာ၊ ကျုပ်က မင်းရဲ့ ကစားပုံအပေါ်မှာ ဟန့်တား နှောက်ယှက်ဖို့ အစီအစဉ် တခုမှမရှိပါဘူး၊ နော့တ်စ်ကောင်တီက အဲ့လို အပေါစား လှည့်စားမှုလေးတွေ လိုတဲ့အသင်းမျိုး မဟုတ်ဘူးဆိုတာ မနက်ဖြန် ခြေစမ်းပွဲ ပြီးရင် မင်းနားလည်သွားမှာပါကွ”
ရယ်မောအပြီးတွင် ဒေးဗစ်၏မျက်နှာမှာ တည်တံ့သွားပြီး ဒေကိုအား အလေးအနက် ပြောလိုက်လေသည်။
(အပေါစား လှည့်စားမှုတွေ မလိုဘူး … ?
နော့တ်စ်ကောင်တီဟာ ကိုယ့်ခွန်ကိုယ့်အားနဲ့ ယူအီးအကဖ်အေဖလားမှာ ခရီးရောက်နိုင်တယ်လို့ ခင်ဗျားတကယ် ယုံနေတာလား ?)
ထိုအချိန်တွင် ဒေကိုသည် သူ၏ရှေ့၌ရှိသော နော့တ်စ်ကောင်တီ ဥက္ကဌမှာ အရူးတယောက်သဖွယ် ဘဝင်မြင့်နေသူတဦးဟု ထင်မြင်လာလေတော့သည်။
***