နော့တ်စ်ကောင်တီနှင့် ပေါ်တို၏ ခြေစမ်းပွဲမှာ လူအတော်များများ၏ ရှိရင်းစွဲ အမြင်များကို ပြောင်းပြန်လှန်ပစ်ခဲ့သော ပွဲဖြစ်လေသည်။
လုဖ်သည် ပေါ်တို၏ အရည်အချင်းအား အသိအမှတ်ပြုသော်လည်း ဒေးဗစ်ပြောသကဲ့သို့ ယူအီးအက်ဖ်အေ ဖလားတွင် နော့တ်စ်ကောင်တီအတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှု ဖြစ်လာမည်ဟု မယုံကြည်ပေ။
ဒေကိုသည် နော့တ်စ်ကောင်တီ၌ အခြားသော အင်္ဂလိပ်အသင်းများနှင့် မတူညီသည့် စွမ်းဆောင်ရည်ရှိကြောင်း လက်ခံသော်လည်း ဒေးဗစ်၏ မျက်ကန်းယုံကြည်မှုကို မထောက်ခံချေ။
အလွန်ဆိုသည်လည်း ပေါ်တိုတွင် နော့တ်စ်ကောင်တီမှ ဝယ်ယူကာ အလုပ်လုပ်ခွင့် ပါမစ်အခက်အခဲကြောင့် ပေါ်တိုသို့ ပြန်လည်အငှားချထားရသော ကွင်းလယ်လူကောင်း တယောက်ရှိမှန်း သိရှိပြီးဖြစ်သည်။ သို့သော် ထိုသူသည် နောက်ရာသီတွင် နော့တ်စ်ကောင်တီသို့ ပြန်လည်ရောက်ရှိလာပါက သူ၏ နေရာအား ခြိမ်းခြောက်နိုင်စွမ်း ရှိလိမ့်မည်ဟု လုံးဝထင်မှတ်ထားခြင်း မရှိပေ။
မော်ရင်ညိုသည် နော့တ်စ်ကောင်တီအား မျက်စိထဲ၌ပင် ထည့်ထားခြင်းမရှိ။ နော့တ်စ်ကောင်တီသည် ပေါ်တိုနည်းတူ ယူအီးအက်ဖ်အေဖလား ယှဉ်ပြိုင်ခွင့် ရရှိထားသော်လည်း အဘယ်ကြောင့် ထိုအခွင့်အရေး ရရှိမှန်း သူတို့သာ အသိဆုံးဖြစ်လိမ့်မည်ဟု ခပ်ထေ့ထေ့ တွေးထားသူဖြစ်သည်။ နောက်ဆုံး သူတို့၏ ကိုယ်ပိုင် အရည်အချင်းဖြင့် ယူအီးအက်ဖ်အေဖလား ဝင်ခွင့်ရခဲ့သည်ဆိုပါလျှင်လည်း အောက်တန်းလိဂ်မှအသင်းသည် အောက်တန်းလိဂ်အဆင့်သာ ဖြစ်မည်ဖြစ်သောကြောင့် သူ့အတွက် ထည့်၍ပင် စဉ်းစားရန် ထိုက်တန်ခြင်းမရှိဟု ယူဆထားလေသည်။
သို့သော် ထိုခြေစမ်းပွဲသည် ၎င်းတို့၏ အတွေးများ၊ ထင်မြင်ယူဆချက်များကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်ခြင်း ဖြစ်လေ၏။ ပွဲအပြီး၌ပင် ထိုပွဲ၏ ရိုက်ခတ်မှုမှာ သူတို့၏ စိတ်ထဲတွင် အချိန်အတော်ကြာအောင် စဉ်းစားတွေးတောစရာများ ဖြစ်လာခဲ့ရလေသည်။
ပွဲစတင်သည်နှင့် တဘက်နှင့်တဘက် ခေတ္တမျှ အကဲစမ်းကြပြီးနောက် နှစ်သင်းလုံးမှာ မိမိတို့၏ နည်းစနစ်များအတိုင်း စတင်ကစားကြတော့သည်။ နော့တ်စ်ကောင်တီသည် ဘောလုံးပိုင်ဆိုင်မှု အသားပေးကာ ပွဲကို ထိန်းချုပ်၍ တိုက်စစ်ဆင်ရန်ကြိုးစားပြီး ပေါ်တိုကမူ ထက်မြက်သော ခံစစ်၊ တိကျသော တန်ပြန်တိုက်စစ်တို့ဖြင့် နော့တ်စ်ကောင်တီ၏ ဂိုးပေါက်ကို ခြိမ်းခြောက်ရန် ကြိုးစားလေသည်။ ပထမပိုင်းအပြီးတွင် အသေးစိတ်သုံးသပ်ချက်များအရ နှစ်သင်းလုံး၏ စွမ်းရည်မှာ ဘက်ညီနေသည်ဟု ဆုံးဖြတ်နိုင်သည့် အနေအထားဖြစ်၏။
လုဖ်သည် ပွဲစသည်နှင့် ကွင်းဘေးမှ တောက်လျှောက် အကဲခတ်နေခြင်းဖြစ်ပြီး သု၏ ရင်ထဲသို့ အကြောက်တရားများ ဖြည်းဖြည်းချင်း ဝင်ရောက်လာကြောင်း ခံစားမိလာသည်။ ပေါ်တို၏ကစားဟန်မှာ အသင်းအများစုအတွက် အမှန်ပင် ခေါင်းကိုက်ဖွယ်ရာ ဖြစ်သည်။ ခံစစ်ကို အီတလီစတိုင် အဆင့်ဆင့် ပိတ်ဆို့ဖြတ်တောက်ကာ တန်ပြန်တိုက်စစ်အား အင်္ဂလိပ်စတိုင် မြန်ဆန်တိကျစွာ ကစားခြင်းဖြစ်လေသည်။ ထိုဟန်နှစ်ခုအား လိုက်ဖက်ညီမျှအောင် ရောမွှေထားသော ပေါ်တို၏ စတိုင်မှာ နော့တ်စ်ကောင်တီမဆိုထားနှင့်၊ ဥရောပ ထိပ်သီးအသင်းများပင် အခွင့်အရေးရရန် ခက်မည့် အနေအထားပင်ဖြစ်၏။
ဒေးဗစ်၏ သတိပေးမှုများမှာ အလွန်မဟုတ်ကြောင်း လုဖ်သိလာခဲ့ပြီဖြစ်သည်။ အကယ်၍ ပေါ်တိုသည် ယခုပထမပိုင်းတွင် ကောင်းစွာကစားနိုင်ခြင်း မရှိဟုဆိုပါက ၎င်းတို့တွင် ချန်ပီယံလိဂ်ဖလား ရယူနိုင်သော စွမ်းရည်မျိုး ရှိနေပြီဟု သတ်မှတ်ရပေတော့မည်။
ကွင်းဘေးစည်းတွင် ရပ်နေသော သူ့ကဲ့သို့ပင် ငယ်ရွယ်သေးသည့် ပေါ်တိုနည်းပြကို ကြည့်ရင်း လုဖ်၏ ရင်ထဲ၌ လေးစားမှုများ ဖြစ်ပေါ်လာသည်။ သူ၏ရင်ထဲ၌ ထိုလူငယ်နည်းပြနှင့် တရားဝင် ပြိုင်ပွဲများတွင် ဆုံတွေ့တိုက်ခိုက်လိုသော စိတ်များ တဖွားဖွား ပေါ်ပေါက်လာတော့သည်။
ဒေကိုသည်လည်း ပထမပိုင်းအပြီးတွင် အလွန်အံ့အားသင့်နေရလေသည်။ သူ၏စိတ်ထဲတွင် နော့တ်စ်ကောင်တီ၏ အစွမ်းအစကို အတော်လေး သဘောပေါက်လာပြီဖြစ်သည်။
ယခု ပထမပိုင်းတွင် နော့တ်စ်ကောင်တီသည် ပေါ်တိုနှင့် ဘက်ညီနေသည်ဟု ဆိုနိုင်၏။ နော့တ်စ်ကောင်တီမှ အနည်းငယ်ပင် သာလွန်နေသည်ဟု သူခံစားမိသည်။ ကြည့်ရသည်မှာ နော့တ်စ်ကောင်တီ၏ အရည်အချင်းအား လိဂ်အဆင့်အတန်းနှင့် တိုင်းတာ၍ မဖြစ်နိုင်တော့ချေ။ ပေါ်တိုကဲ့သို့ ပေါ်တူဂီထိပ်သီးအသင်းအား သာမန်ပရီးမီးယားလိဂ် အသင်းများပင် ထိုမျှအကြပ်ရိုက်အောင် ကစားနိုင်မည်မဟုတ်။
မော်ရင်ညိုတယောက် မျက်မှောင်ကြုံ့လျက်ရှိသည်။ သူ့အနေဖြင့် သာမန်ခြေစမ်းပွဲ တပွဲတွင် ဤမျှ ခြေစွမ်းကောင်းမွန်သော အသင်းတသင်းနှင့် ကြုံတွေ့ရလိမ့်မည်ဟု မျှော်လင့်မထားပေ။ ထို့အပြင် ထိုအသင်းမှာ အင်္ဂလန် ဒုတိယတန်း ကလပ်တခုဖြစ်နေသည်။ အကယ်၍ အင်္ဂလိပ်အသင်းများသည် ထိုမျှခြေစွမ်းကောင်းမွန်ကြသည် ဆိုပါက ပေါ်တိုအတွက် ယူအီးအက်ဖ်အေဖလား ဝင်ရောက်ယှဉ်ပြိုင်ရန် မလိုအပ်တော့။
အလွန်ဆိုသည် ယခုပထမပိုင်းတွင် အံ့ဩမှုအပြင် စိတ်ရှုပ်ထွေးမှုကိုပါ ရောပြွမ်းခံစားနေရ၏။ သူသည် မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိသူတဦး ဖြစ်သော်လည်း နေရင်းထိုင်ရင်း အလိုလို ဘဝင်မြင့်နေသူတဦး မဟုတ်ပေ။ သူ့အနေဖြင့် မျိုးဆက်သစ် ကွင်းလယ်လူများထဲတွင် အကောင်းဆုံး ကွင်းလယ်လူများစာရင်း၌ ပါဝင်မည်ဖြစ်သော်လည်း အမှန်တကယ် ကမ္ဘာ့အဆင့် ကွင်းလယ်ကစားသမားတဦးနှင့် မယှဉ်သာသေးကြောင်း ကောင်းစွာနားလည်သည်။
ပေါ်တို၏ အရပ်ပုပုနှင့် ကွင်းလယ်လူမှာ သူ၏ အသင်းဖော်ဖြစ်လာမည့်သူမှန်း အလွန်ဆို သိရှိထားသည်။ သို့သော် ပြိုင်ပွဲအတွင်း ထိုသူ၏ အရည်အချင်းများအား လေ့လာခဲ့အပြီး ဒေကိုဆိုသောကစားသမား၌ ကမ္ဘာ့ထိပ်တန်း ကွင်းလယ်လူများနှင့် ယှဉ်ပြိုင်နိုင်သည့် အရည်အချင်းများ ရှိနေမှန်း ထိတ်လန့်ဖွယ် တွေ့ရှိလာရလေသည်။ ဤသည်က သူ့အား များစွာ စိတ်ရှုပ်ထွေးလာစေတော့သည်။
သူ၏လိုင်းအပ်နေရာအတွက် ခြိမ်းခြောက်မှု ရှိလာလေပြီ။ အကယ်၍ လာမည့် ဘောလုံးရာသီ၌ သူ့အနေဖြင့် ကြီးကြီးမားမား တိုးတက်မှု ရရှိလာပါက ဒေကို ပြန်လာမည့် အချိန်တွင် သူရော ဒေကိုပါ နော့တ်စ်ကောင်တီကွင်းလယ်၏ အဓိက ကစားသမားနှစ်ဦး ဖြစ်လာမည်ဖြစ်သည်။ သို့သော် သူ၏ခြေစွမ်းသည် ယခုထက် ပိုမိုတိုးတက်မှု မရှိခဲ့ပါက ကွင်းလယ်တွင် ဒေကိုအား အထောက်အပံ့ပေးရသည့် ဘဝသို့ လျှောကျသွားမည်ဖြစ်ကြောင်း သူတွေးမိလာသည်။ အရံခုံ၌ ထိုင်ရသည်ပင် ဖြစ်နိုင်ချေရှိနေ၏။ ဇာဘီးသည် ထိုသို့ အဖြစ်ခံမည့် လူစားမျိုးမဟုတ်။ ထို့ကြောင့် ယခုထက်ပိုမို၍ ပြင်းပြင်းထန်ထန် အားထုတ်ကြိုးစားရတော့မည် ဟူသော အတွေးများ သူ၏ခေါင်းထဲ၌ ပြည့်နှက်လာလေသည်။
ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင် နှစ်သင်းလုံး၏ ပြိုင်ဆိုင်မှုမှာ ပိုမို ပြင်းထန်လာသည်။ ပထမပိုင်းတွင် တဘက်၏ ခြေစွမ်းကို တဘက်က အတန်အသင့် နားလည်ပြီး ဖြစ်သည့်အတွက် အခြေအနေ စောင့်ဆိုင်း အကဲခတ်ခြင်းများ မရှိတော့ဟု ဆိုနိုင်၏။ ထို့အပြင် နှစ်သင်းလုံး ခြေညီနေခြင်းက ကစားသမားများ၏ တိုက်ပွဲဝင် စိတ်ဓာတ်ကို မီးထိုးပေးသကဲ့သို့ ဖြစ်လေသည်။
နော့တ်စ်ကောင်တီဘက်မှ ကစားသမားများ၏ တဦးချင်းစွမ်းရည်နှင့် အသင်းလိုက်လုပ်အားကို ပေါင်းစပ်၍ ပေါ်တို၏ ဂိုးပေါက်အား တရစပ်ခြိမ်းခြောက်ရန် ကြိုးစားနေခြင်းဖြစ်သည်။ ထို့အတူ ပေါ်တိုမှလည်း ကွင်းလည်မှ နောက်တန်းအထိ အဆင့်ဆင့် ချုပ်ထိန်းသော နည်းဗျူဟာဖြင့် နော့တ်စ်ကောင်တီ၏ ကစားကွက်ကို ဖျက်ပစ်ရန် ကြိုးစားလေသည်။ ထို့အပြင် ဒေကို၏ တိကျသော ဘောလုံးပေးပို့မှုများကလည်း တန်ပြန်တိုက်စစ်ဖြင့် အချိန်မရွေး ဖောက်ခွဲသွားနိုင်သော အနေအထားမျိုးဖြစ်သည်။
နှစ်သင်းလုံး၏ ပြိုင်ဆိုင်မှုမှာ စိတ်လှုပ်ရှားဖွယ်အပြည့် ဖြစ်လာပြီး နှစ်ဘက် ကစားသမားများ၏ ကြိုးစား အားထုတ်မှုမှာလည်း မီးကုန်ယမ်းကုန် သဘောမျိုး သက်ရောက်လာခဲ့သည်။ သို့သော် ပွဲမှာ မည်သူမျှ ထင်မှတ်မထားသော အနေအထားဖြင့် နော့တ်စ်ကောင်တီ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်လေ၏။
ပွဲချိန် မိနစ် ၈၀ တွင် ပေါ်တိုသည် တန်ပြန်တိုက်စစ်မှတဆင့် နော့တ်စ်ကောင်တီအား ရိုးရိုးလေးပင် ဂိုးသွင်းယူသွားခဲ့ခြင်း ဖြစ်သည်။ မည်မျှရိုးစင်းပါသနည်းဆိုလျှင် နော့တ်စ်ကောင်တီ ဂိုးသမား ဒီယေဂို လိုပက်ဇ်ပင် မည်သို့မျှ တုံ့ပြန်ချိန် မရလိုက်ပေ။
တန်ပြန်တိုက်စစ်ဆင်ရန် ဒေကို၏ အမြင့်ဘော ပေးပို့မှုမှာ အလိုက်သင့် ပြေးထွက်သွားသော ကွင်းလယ်လူ အလီနီချက်ဗ် (Dmitri Alenichev) ၏ လမ်းကြောင်းထဲသို့ ရောက်ရှိသွားသည်။ သို့သော် နော့တ်စ်ကောင်တီ နောက်ခံလူ ကာဗယ်လ်ဟိုက ဖြစ်နိုင်မည့် တိုက်စစ်လမ်းကြောင်းများ၏ တွက်ချက်ပြီး ဖြစ်သောကြောင့် ဘောလုံးကျလာမည့် နေရာနှင့် အနီးတဝိုက်တွင် ကြိုတင် စောင့်ဆိုင်းနေခြင်းဖြစ်သည်။ သို့ဖြစ်ရာ အလီနီချက်ဗ်အနေဖြင့် ကာဗယ်လ်ဟိုထက်အရင် ဘောလုံးကို ဦးနိုင်ရန် မလွယ်ကူတော့ပေ။ သူ့အနေဖြင့် အရှိန်ကို အကျမခံဘဲ ဘောလုံးဆီသို့ ပြေးမြဲ ပြေးသွားဆဲ ဖြစ်သော်လည်း ကာဗယ်လ်ဟိုမှ လွယ်လင့်တကူ ဘောလုံးဦးသွားမည်ကို သိရှိပြီးပင်ဖြစ်၏။
ထိုအချိန်၌ မည်သူမျှ ထင်မှတ်မထားသော အဖြစ်အပျက်တခု ဖြစ်ပေါ်လာခဲ့လေသည်။ ကာဗယ်လ်ဟိုသည် တပွဲလုံးကို အာရုံစူးစိုက် ကစားနေခဲ့သူဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူ၏ အတွေးများမှာ ခေတ္တ “လွတ်” သွားသည်ဟု ဆိုရမည်ပင်။ ဘောလုံးသည် သူ့ထံသို့ရောက်ရှိမည် ဖြစ်၍ အန္တရာယ်ရှိသော အခြေအနေမဟုတ်။ ဘောလုံးနောက်မှ ပြေးလိုက်လာသူမှာ အလီနီချက်ဗ် ဖြစ်သည်။ ဒီမီထရီ (အလီနီချက်ဗ်) သည် သူ၏ အသင်းဖော်လည်း ဖြစ်သည်။ ထို့ကြောင့် ဒီမီထရီမှ ဘောလုံးကို ဆယ်၍ သူနှင့်ပြန်တွဲပေလိမ့်မည်။
ကာဗယ်လ်ဟို မသိစိတ် လွတ်ထွက်သွားခြင်းမှာ အံ့အားသင့်ဖွယ်ဖြစ်သော်လည်း မမြင်မတွေ့ဘူးသော ကိစ္စမျိုး မဟုတ်ပေ။ ပြင်းထန်သော ပြိုင်ဆိုင်မှုများကြောင့် ကစားသမားများ၏ မသိစိတ်ထဲမှ ထိုသို့ လွတ်သွားသော အခြေအနေများ ဖြစ်ပေါ်လာတတ်သည်။ ထို့အပြင် ခြေစမ်းပွဲ ဖြစ်သောကြောင့် မည်မျှပင် ပြင်းထန်စွာ ပြိုင်ဆိုင်နေပါစေ၊ ရလဒ်ပိုင်းအား အရေးထားရန် မလိုဟူသောစိတ်က ကစားသမားများ၏ ရင်ထဲ၌ မသိမသာ ကိန်းအောင်းထားပြီး ဖြစ်လေသည်။
အလီနီချက်ဗ်မှာ ဘောလုံးဆီသို့ ပြေးရန်ဟန်ပြင်ပြီးမှ ရပ်တန့်လိုက်သော ကာဗယ်လ်ဟို၏ အပြုအမူကြောင့် ကြောင်အမ်းအမ်းဖြစ်သွားရသည်။ ကာဗယ်လ်ဟို၏ အရည်အချင်းအား အသင်းဖော်ဟောင်းဖြစ်သော သူ့အနေဖြင့် ကောင်းစွာသိရှိထားပြီးဖြစ်သည်။ ထို့ကြောင့် ကာဗယ်လ်ဟို၏ အပြုအမူအား သူမည်သို့မျှ နားမလည်ချေ။ သို့သော် အခွင့်အရေးမှာ အခွင့်အရေးပင်ဖြစ်၏။ အလီနီချက်ဗ် ဘောလုံးအား ရရှိသွားသောအခါမှ ကာဗယ်လ်ဟို၏ မျက်နှာတွင် အလွန် အံ့ဩတုန်လှုပ်သွားသော အမူအရာဖြစ်ပေါ်လာပြီး ဒရောသောပါး ပြေးလိုက်လာလေသည်။ သို့သော် သူ နောက်ကျသွားလေပြီ။ အလီနီချက်ဗ်က တဘက်ခြမ်းမှ ပြေးထွက်လာသူ ပေါ့စတီဂါ (Helder Postiga) ၏ လမ်းကြောင်းထဲသို့ ဘောလုံးအား ပြန်လည် ချပေးလိုက်သည်။ ပေါ့စတီဂါမှ ကာဗယ်လ်ဟိုနှင့် တွဲရန် ရှေ့သို့ရောက်နေသော ဂိုးသမား ဒီယေဂို လိုပက်ဇ်အား ကျော်၍ နော့တ်စ်ကောင်တီ ဂိုးပေါက်ထဲသို့ အသာအယာ သွင်းယူသွားလေတော့သည်။
ဂိုးပေးလိုက်ရသော အချိန်တွင် ကာဗယ်လ်ဟိုမှာ ကွင်းထဲ၌ ထုံပေပေမျက်နှာပေးဖြင့် ခြေပစ်လက်ပစ် ထိုင်ချလိုက်လေသည်။ ခဏအကြာမှ ပြုံးမဲ့မဲ့ဖြင့် ထလာနိုင်တော့သည်။ သူ၏အပြုံးမှာ ရှက်ခြင်း၊ မချိတင်ကဲဖြစ်ခြင်းများ လွှမ်းမိုးနေလေ၏။ အခြား နော့တ်စ်ကောင်တီ အသင်းဖော်များမှာ ကာဗယ်လ်ဟိုအား ကြည့်ရင်း ရယ်ရခက် ငိုရခက် ဖြစ်နေကြသည်။ ပေးလိုက်ရသော ဂိုးမှာ ရှက်စဖွယ်ကောင်းသော်လည်း သူတို့အနေဖြင့် ရစ်ကီအား အပြစ်မတင်နိုင်ကြပေ။ လူတိုင်းမှားတတ်ကြသည်သာ ဖြစ်သည်။
ထိုဂိုးမှာ ယခုပွဲ၏ တလုံးတည်းသော ဂိုးသာ ဖြစ်လေသည်။ လူအတော်များများ၏ အတွေးအခေါ်များအား ပြောင်းပြန်လှန်ပစ်ခဲ့သော ပွဲမှာ ထိုသို့ ပြီးဆုံးသွားခဲ့ရသည်။ သို့သော် ထိုပွဲသည် နှစ်သင်းလုံးအတွက် အကျိုးရှိသော ပွဲဖြစ်ခြင်းအား မည်သူမျှ မငြင်းနိုင်ပေ။ ထိုပွဲကြောင့် သက်ဆိုင်သူများထံ သတိထားသင့်သည်များ၊ ပြင်ဆင်သင့်သည်များ၊ ပိုမိုကြိုးစားအားထုတ်ရမည့် အတွေးများ ဝင်ရောက်လာကြလေ၏။
မော်ရင်ညိုသည် မလှမ်းမကမ်းတွင် ရပ်နေသော ယိုအာချင်လုဖ်အား ကြည့်ရင်း သူ၏ရင်ထဲ၌ ရောထွေးသော ခံစားချက်များ ခံစားနေရသည်။
သူသည် အမြဲတစေ ရှေ့သို့သာ မျှော်ကြည့်သူဖြစ်သည်။ လက်ရှိသူ၏ အသင်းမှာ ပေါ်တူဂီစူပါလိဂ်တွင် အဆင့် ၃ ချိတ်ခဲ့ပြီး ယူအီးအက်ဖ်အေဖလား ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသော်လည်း သူ၏ ပစ်မှတ်မှာ နောက်တရာသီတွင် ချန်ပီယံလိဂ် ဝင်ခွင့်ရရန် ဖြစ်၏။ ရည်မှန်းချက်မကြီးလျှင် ဟိုဆေးမဟုတ်ပေ။
သူ၏ ပေါ်တိုသည် ပြီးခဲ့သော ရာသီက တက်ရိပ်ပြနေသော အဓိက ခံစစ်မှုး ကာဗယ်လ်ဟိုကို ဆုံးရှုံးထားခဲ့ရသည်။ ထို့အတွက် ဖြည့်ဆည်းမှုများ လုပ်ဆောင်ခဲ့သော်လည်း ယနေ့ ကာဗယ်လ်ဟို၏ ကစားပုံအား ကြည့်မည်ဆိုပါက ဂိုးပေးလိုက်ရသော ရယ်ရွှင်ဖွယ် အမှားတခုမှလွဲ၍ ဒေါင်ဒေါင်မြည် ထိပ်တန်း ဗဟို နောက်ခံလူအဖြစ် ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိနိုင်ပေသည်။ ဤသည်က မော်ရင်ညိုအား များစွာ နှမြောတသ ဖြစ်စေရသည်။ အကယ်၍ ကာဗယ်လ်ဟိုသာ ပေါ်တို၌ ဆက်လက်ရှိနေဦးမည်ဆိုပါက ပေါ်တို၏ ခံစစ်ကြောင်းမှာ ယခုထက်ပိုမို၍ များစွာ ကျစ်လျစ်ခိုင်မာနေမည်ဖြစ်ကြောင်း သူကောင်းစွာ သိရှိလိုက်ရလေသည်။
သူ့အတွက် ပို၍ စိတ်ဓာတ်ကျရသည်မှာ အသင်း၏ အဓိက ကွင်းလယ်ဗိုလ်ချုပ် ဒေကိုအား အမြောအမြင် နည်းပါးသော ကလပ်တာဝန်ရှိသူများက ရောင်းချပြီးဖြစ်သည့် အကြောင်းပင်။ လက်ရှိတွင် ဒေကိုသည် ပေါ်တိုအတွက် အစားထိုးရန်ခက်ခဲသော ကွင်းလယ်လူတဦးအဖြစ် တည်ရှိနေသည်။ ယခုရာသီတွင် ပေါ်တိုနှင့်အတူ ယူအီးအက်ဖ်အေဖလား ဝင်ရောက်ယှဉ်ပြိုင်နိုင်မည် ဖြစ်သော်လည်း နောက်တရာသီတွင် သူ၏နေရာအား မည်သူနှင့် အစားထိုးရပါမည်နည်း။
ချန်ပီယံ လိဂ် ကဲ့သို့ အဆင့်မျိုးတွင် ကမ္ဘာ့အဆင့် ကွင်းလယ် ကစားသမား မရှိပါက မည်သည်ကိုမျှ မျှော်မှန်း၍ ရမည် မဟုတ်ပေ။
နော့တ်စ်ကောင်တီ၏ အနေအထားမှာ ပေါ်တိုနှင့် ဆန့်ကျင်ဘက် ဖြစ်လေသည်။ နော့တ်စ်ကောင်တီ ကွင်းလယ်လူ ဇာဘီး အလွန်ဆို၏ အစွမ်းအစမှာ ဒေကိုနှင့် မတိမ်းမယိမ်းဖြစ်သည်။ ထို့အပြင် ဒေကို၏ ပိုင်ဆိုင်မှုမှာလည်း နော့တ်စ်ကောင်တီထံတွင် ရှိထားသည်။ ထို့အတွက် မော်ရင်ညိုမှာ လုဖ်အား များစွာ အားကျမိလေသည်။
သူ့အတွက် ပိုမို ဆုံးဖြတ်နိုင်သည့် အခွင့်အာဏာ ပေးစွမ်းနိုင်သော အသင်းကြီးတသင်းအား ကိုင်တွင်ခွင့် ရရှိခဲ့ပါမူ မည်မျှကောင်းလိမ့်မည်နည်း။
ကွင်းဘေးစည်းတွင် မော်ရင်ညိုတယောက် လေးလေးနက်နက် တွေးတောနေမိလေသည်။
***