ပေါ်တိုနှင့် ခြေစမ်းပွဲ ရလဒ်သည် ဒေးဗစ်လက်ခိုံင်သော ရလဒ်ပင်ဖြစ်သည်။ အနည်းဆုံး ထိပ်တိုက်ရင်ဆိုင်ရသည့် အခြေအနေတွင် ပေါ်တို အနေဖြင့် နော့တ်စ်ကောင်တီ ဂိုးပေါက်အား ခြိမ်းခြောက်နိုင်ခြင်းမရှိ။
ယူအီးအက်ဖ်အေ ဖလားတွင် ပေါ်တိုသည် အကြီးမားဆုံးသော အဟန့်အတားပင် ဖြစ်သည်။ သို့သော် မော်ရင်ညို၏ ပေါ်တိုမှာ သူတို့တတ်နိုင်သမျှ အကောင်းဆုံးအနေအထားသို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီဖြစ်သည်။ မမျှော်မှန်းနိုင်သော တစုံတရာ ဖြစ်ပေါ်ခြင်း မရှိခဲ့ပါက ပေါ်တို၏ ခြေစွမ်းသည် ယခုထက် များစွာ တိုးတက်လာနိုင်တော့မည် မဟုတ်ပေ။
နော့တ်စ်ကောင်တီ၏ အခြေအနေမှာ ထိုသို့မဟုတ်။ အသင်း၏ ကစားသမားများမှာ သူတို့၏ အကောင်းဆုံး အနေအထားများသို့ မရောက်ရှိကြသေးပေ။ နော့တ်စ်ကောင်တီ အသင်းသားများသည် နေ့စဉ်နှင့်အမျှ တိုးတက်နေသည်ဟု ဆိုရပါမူ အလွန်ရှိမည်မဟုတ်။ အကယ်၍ ယူအီးအက်ဖ်အေ ဖလား ဖိုင်နယ်တွင် ပေါ်တိုနှင့် ဆုံတွေ့ရမည်ဆိုပါက ပေါ်တို ရင်ဆိုင်ရမည့် နော့တ်စ်ကောင်တီသည် ယနေ့ထက် များစွာ သာလွန်နေသော နော့တ်စ်ကောင်တီ အဖြစ်သို့ ရောက်ရှိနေမည် ဖြစ်လေသည်။
ယနေ့ ခြေစမ်းပွဲ၏ အဓိက ရည်ရွယ်ချက်မှာ ထမြောက်အောင်မြင်ခဲ့ပြီဖြစ်သည်။ လုဖ်သည် ပေါ်တိုအား သတိကြီးကြီး ထားရမည့် အသင်းဖြစ်ကြောင်း အပြည့်အဝ လက်ခံသွားလေပြီ။ ဒေးဗစ်၏ ရည်ရွယ်ချက်မှာလည်း ဤအချက်သာဖြစ်၏။
အမှန်အတိုင်း ဝန်ခံရပါလျှင် ဒေးဗစ်အနေဖြင့် မော်ရင်ညိုအား မျက်နှာချင်းဆိုင်၍ မေးခွန်းအချို့ မေးချင်မိသည်။ သူသည် ပေါ်တို၏ အလားအလာကောင်းမွန်သော ခံစစ်မှုးအား ပြီးခဲ့သည့်ရာသီက နော့တ်စ်ကောင်တီသို့ ခေါ်ယူခဲ့သည်။ ထိုနေရာအတွက် မော်ရင်ညိုက ထိုက်သင့်သော လူစားထိုးမှု ပြုလုပ်ထားနိုင်လေသည်။ နောက်တရာသီအကြာတွင် မော်ရင်ညို လက်ရှိအားထားနေရသော အဓိက ကွင်းလယ်လူမှာ နော့တ်စ်ကောင်တီသို့ ပြန်လည်ရောက်ရှိလာပေဦးမည်။ ထိုအချိန်ကျလျှင် မော်ရင်ညိုအနေဖြင့် ချန်ပီယံလိဂ်၌ မည်သည့် ကစားသမားများဖြင့် ယှဉ်ပြိုင်ပါမည်နည်း။
ဒေးဗစ်သည် သူ၏ယခင်ဘဝက ဥရောပဘောလုံးလောကကို ကိုင်လှုပ်ခဲ့သော မစ္စတာ စပယ်ရှယ်ဝမ်းအား အခွင့်သာခိုက်တွင် ကျီစယ်လိုခြင်းသာ ဖြစ်လေသည်။ သို့သော် ယခု လက်ရှိ မော်ရင်ညိုသည် ပေါ်တူဂီ၌ပင် ပြီးခဲ့သော ဘောလုံးရာသီကမှ စတင်လူသိများလာခဲ့ခြင်း ဖြစ်သည်။ သူ၏ ဒဏ္ဍာရီမှာ စပင် မစရသေးချေ။
နော့တ်စ်ကောင်တီ၏ ရာသီကြို အစီအစဉ်များမှာ ပြီးစီးလုနီးပါး ဖြစ်ခဲ့လေပြီ။ အသင်းအနေဖြင့် နော်တင်ဟမ်သို့ ပြန်၍ ခေတ္တအနားယူပြီးနောက် နော်သမ်ပ်တမ်အသင်းနှင့် နောက်ဆုံးခြေစမ်းပွဲ ကစားရမည်ဖြစ်သည်။ ထို့နောက် ၂၀၀၂-၀၃ ဘောလုံးရာသီအား စတင် တာထွက်ရပေတော့မည်။
လဝက်မျှ ဝေးကွာနေသော သူ၏ ရုံးခန်းသို့ ဒေးဗစ် ပြန်လည်ရောက်ရှိလာလေသည်။ သူ၏စားပွဲပေါ်တွင် မြင်သာသော နေရာ၌ စာတစောင် တင်ထားသည်ကို တွေ့လိုက်ရ၏။ စာမှာဖွင့်ဖောက်ထားပြီး ဖြစ်သည်။
သာမန်အားဖြင့် သူသည် လစဉ် အသင်း၏ ပရိသတ်များထံမှ စာမျိုးစုံကို လက်ခံရရှိသူ တဦးဖြစ်သည်။ စာအားလုံးနီးပါးအား သူ၏ အတွင်းရေးမှုး မိန်းမလှလေးမှ တာဝန်ယူ ကိုင်တွယ်ရခြင်း ဖြစ်လေသည်။ သူ့အနေဖြင့် သိရှိရန် လိုအပ်သည်ဟု ယူဆရသော စာများကိုသာ အတွင်းရေးမှုးမလေးမှ သူ့ထံသို့ ပို့ဆောင်ပေးခြင်း ဖြစ်သည်။ ယခုစာမှာ သူ၏ အလုပ်စားပွဲတွင် မြင်သာသော နေရာ၌ ထားရှိထားသည် ဖြစ်၍ သူသိရှိရန်လိုအပ်သည်ဟု အတွင်းရေးမှုးမလေးက ဆုံးဖြတ်ထားပုံ ရလေသည်။ ထို့ကြောင့် ဒေးဗစ်သည် ယင်းစာအား စိတ်ဝင်တစား ဖတ်ကြည့်လိုက်မိသည်။
“ချစ်လှစွာသော မစ္စဝာ ဒေးဗစ်ပါဗစ်စ် ခင်ဗျား
ကျနော့်နာမည်က ဂျွန် ကလေတန် ဖြစ်ပါတယ်၊ ကျနော်က ဘိခ်ျဝုဒ် ကလေးများဂေဟာ (မိဘမဲ့ကျောင်း) က ကလေးတယောက်ပါ၊ ကျနော် ဘောလုံးအကြောင်းကို စတင်သိရှိပြီးကတည်းက နော့တ်စ်ကောင်တီရဲ့ သစ္စာအရှိဆုံး ပရိသတ်တဦးဖြစ်ခဲ့ပါတယ်၊ နော့တ်စ်ကောင်တီ ပရိသတ်ဖြစ်ရတာ ကျနော် အရမ်းဂုဏ်ယူရတဲ့အချက်ပါပဲ
ပြီးခဲ့တဲ့ နှစ်တွေတုန်းက နော့တ်စ်ကောင်တီရဲ့ အခြေအနေဟာ သိပ်မကောင်းဘူး ဆိုပေမယ့် မက်ဂ်ပိုင်းတွေ တနေ့မှာ အမြင့်ပျံနိုင်မယ်လို့ ကျနော်အမြဲ ယုံကြည်ခဲ့ပါတယ်၊ ကျနော်တို့ ကျောင်းက ဆရာပြောသလိုပါပဲ၊ ယုံကြည်ချက်နဲ့ တိကျခိုင်မာတဲ့ ရည်မှန်းချက်ရှိရင် အောင်မြင်မှုဆိုတာ ပြေးမလွတ်ပါဘူး
အပတ်စဉ်တိုင်း တီဗီရှေ့မှာထိုင်ပြီး နော့တ်စ်ကောင်တီရဲ့ ပွဲစဉ်တွေကို စောင့်ကြည့်ရတာက ဂေဟာမှာရှိတဲ့ ကျနော်နဲ့ ကျနော့်သူငယ်ချင်းတွေ အကြိုက်ဆုံးအလုပ်တခုပါ၊ နော့တ်စ်ကောင်တီ ဂိုးသွင်းနိုင်ရင် ပျော်တယ်၊ နိုင်ပွဲရရင် ကျနော်တို့လည်း အောင်ပွဲခံကြတယ်၊ ရှုံးနိမ့်ခဲ့ရင်တော့ အရမ်းဝမ်းနည်းရပါတယ်
ကျနော်တို့ ကြီးလာရင် ဘာလုပ်မလဲလို့ ကျောင်းမှာ ဆရာက မေးပါတယ်၊ ကျနော့်အလှည့်ရောက်တော့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားအဖြစ် နော့တ်စ်ကောင်တီမှာ ကစားချင်တယ်၊ နော့တ်စ်ကောင်တီရဲ့ ဂန္တဝင် ကစားသမားဖြစ်ချင်တယ်လို့ ဖြေလိုက်ပါတယ်၊ ဆရာက ကျနော့်ရဲ့ အိပ်မက်ကို အားပေးစကားပြောပေမယ့် ဒါတွေ ဖြစ်မလာနိုင်ဘူးဆိုတာ ကျနော် သဘောပေါက်ပါတယ်၊ ကျနော့်မှာ ဘောလုံးပါရမီ မရှိဘူးခင်ဗျ
ကျနော် အလွန်ဆိုကို အရမ်းကြိုက်ပါတယ်၊ ဒါပေမယ့် ကျနော့်သူငယ်ချင်းအားလုံးက ဒေးဗစ်ဗီလာနဲ့ အင်နီယက်စ်တာကိုပဲ ကြိုက်ကြတာခင်ဗျ၊ ကျနော်တို့ အမြဲ စကားများကြရပါတယ်၊ အသင်းမှာ အလွန်ဆိုက အဓိကပဲဆိုတာ လူကြီးမင်းလည်း သဘောတူမယ်လို့ ကျနော်ထင်ပါတယ်ခင်ဗျာ
ကျနော်တို့ ပရီးမီးယားလိဂ်ကို တန်းတက်နိုင်မှာလားခင်ဗျ၊ ယူအီးအက်ဖ်အေဖလားရော ရနိုင်လားခင်ဗျ
နောက်ရာသီကျရင် ပရီးမီးယားလိဂ်ကို တန်းတက်ဖို့ ကျနော်အရမ်းကို ဆုတောင်းနေတာပါ
ကလပ်က ဘောလုံးကွင်းသစ်ကြီး ဆောက်နေပြီလို့ ပြောကြတာကို ကျနော်လဲ ကြားရပါတယ်၊ မီးဒိုးလိန်းကွင်းကိုတော့ ဖျက်မှာမဟုတ်ပါဘူးနော်၊ မဖျက်ပါနဲ့ခင်ဗျာ၊ မီးဒိုးလိန်းက ကျနော်တို့ရင်ထဲက အမွေအနှစ်တခုပါ၊ ထာဝရတည်ရှိနေစေချင်ပါတယ် ခင်ဗျ
အခုအချိန်မှာ ကျနော့်ရဲ့ အကြီးမားဆုံး ဆန္ဒက မီးဒိုးလိန်းကွင်းမှာ နော့တ်စ်ကောင်တီရဲ့ ပွဲကို ကြည့်ချင်တာပါပဲ၊ မီးဒိုးလိန်းမှာ ပရိသတ် နှစ်သောင်းကျော်နဲ့ အတူတူ အော်ဟစ် အားပေးရတဲ့ ခံစားချက်က သိပ်ကို စိတ်လှုပ်ရှားစရာ ကောင်းလိမ့်မယ်လို့ ကျနော်ယုံကြည်တယ်ခင်ဗျ
ကျောင်းမှာ ဆရာက ကျနော်တို့ စကားပြောချင်တဲ့သူတွေဆီ စာရေးဖို့ ပြောပါတယ်၊ ကျနော် မစ္စတာဆီကို စာရေးဖို့ ချက်ချင်း စဉ်းစားမိလိုက်တဲ့အတွက် ခုလို စာရေးလိုက်တာပါ၊ ကျနော့်စာကို လူကြီးမင်း စာပြန်မှာ မဟုတ်ဘူးဆိုတာ ကျနော်သဘောပေါက်ပါတယ်၊ အသင်းရဲ့ တာဝန်ကို ပခုံးပေါ်မှာ ထမ်းထားရတဲ့ လူကြီးမင်းအနေနဲ့ ကျနော့်ရဲ့စာကို မြင်ချင်မှ မြင်မှာပါ၊ ဒါပေမယ့် ကျနော် နော့တ်စ်ကောင်တီကို ဘယ်လောက်ချစ်တဲ့အကြောင်း လူကြီးမင်းကို ပြောပြချင်တဲ့အတွက် ရေးလိုက်တာပါပဲခင်ဗျာ
နောက်ဆုံးအနေနဲ့ နော့တ်စ်ကောင်တီ ပြိုင်ပွဲတိုင်းကို အနိုင်ယူနိုင်ဖို့ ကျနော်မျှော်လင့်ပါတယ်
ချစ်ခင်လေးစားစွာဖြင့်
ဂျွန် ကလေတန်
စာအား ဖတ်ရှုအပြီးတွင် ဒေးဗစ်၏ မျက်နှာအမူအယာမှာ အပြောင်းအလဲ မရှိသော်လည်း သူ၏ရင်ထဲ၌ အနွေးဓာတ်တခု ဖြတ်သန်းစီးဆင်းသွားသည့်နှယ် ခံစားလိုက်ရလေသည်။ သူသတိမပြုလိုက်မီမှာပင် မျက်လုံးထောင့်၌ အနည်းငယ်စိုစွတ်လာသည်ကို သိလိုက်ရ၏။
စာမှာ များစွာရှည်လျားခြင်းမရှိသော်လည်း စာကြောင်းတိုင်းတွင် ကလေးငယ်တဦး၏ ရိုးသားသော ဆန္ဒနှင့် နော့တ်စ်ကောင်တီအပေါ် သူ၏ ချစ်ခြင်းတရားကို ရှင်းလင်းစွာ မြင်တွေ့နိုင်လေသည်။
ဒေးဗစ်၏ စိတ်ကို ပိုမို ထိခိုက်စေသော အချက်မှာ စာရေးသူ ကလေးငယ်သည် မိဘမဲ့ ဂေဟာမှ ဖြစ်သောကြောင့်ပင် ဖြစ်သည်။
မိဘမဲ့ ဂေဟာ၌ ကြီးပြင်းရသော ကလေးများမှာ ကလေးငယ်တယောက်အတွက် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်သည့် မိဘမေတ္တာကို ငယ်ရွယ်စဉ်ကတည်းက ဆုံးရှုံးထားကြရသူများ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ကြီးပြင်း၍ လူလားမြောက်သည့်တိုင် သူတို့၏ဘဝမှာ ပြည့်စုံမှု ရှိမည်မဟုတ်ပေ။
သာမန်မိသားစုများမှ ကလေးများသည် ဘောလုံးကွင်းအတွင်းသို့ မိဘများနှင့်အတူ ဝင်ရောက် အားပေးနိုင်သော်လည်း မိဘမဲ့ ကလေးများမှာ ဂေဟာရှိ ခုံတန်းများတွင် စု၍သာ တိုက်ရိုက်ထုတ်လွှင့်မှုကို တီဗီမှ ကြည့်ရှုကြရခြင်းဖြစ်သည်။
ထိုသို့ဆိုလျှင် သူ့အနေဖြင့် ဘောလုံးဝါသနာရှင် မိဘမဲ့ ကလေးများအတွက် မည်သည်ကို ပြုလုပ်ပေးနိုင်ပါသနည်း။
ဒေးဗစ်၏ ခေါင်းထဲ၌ အတွေးများစွာ ဖြစ်သွားလေတော့သည်။
ဘိခ်ျဝုဒ် ကလေးများဂေဟာ တည်ရှိရာ လမ်းထိပ်တွင် အဝါရောင် ကျောင်းကားတစီး ဆိုက်ရောက်လာလေသည်။ ထို့နောက် ကျောင်းကားပေါ်မှ ဂျွန်အပါအဝင် ဘိခ်ျဝုဒ်မှ ကလေးငယ်များ ဆင်းလာကြသည်။ သူတို့အနေဖြင့် ၁၀ မိနစ်ခန့် လမ်းလျှောက်ပြီးလျှင် ဂေဟာသို့ ရောက်ရှိမည်ဖြစ်၏။ ဤသည်မှာ သူတို့၏ နေ့စဉ် ကျောင်းသွားကျောင်းပြန် လုပ်ရိုးလုပ်စဉ်လည်းဖြစ်သည်။
ဂေဟာထဲသို့ ဝင်လိုက်သည့်အချိန်တွင် ဂေဟာရှိ ဝန်ထမ်းအန်ကယ်ကြီး၏ မျက်နှာမှာ တမျိုးတမည် ဖြစ်နေကြောင်း ဂျွန်ခံစားမိလိုက်သည်။ သို့သော် ဂေဟာထဲသို့ ရောက်ရှိပြီး ဂေဟာမှုး မဒမ်အား နှုတ်ဆက်လိုက်ချိန်၌မူ သူမည်သို့မျှ မျှော်လင့်မထားသော ပုဂ္ဂိုလ်တဦးအား မဒမ်နှင့်အတူ စကားပြောနေသည်ကို တွေ့လိုက်ရလေသည်။
ဂျွန်သည် သူ၏မျက်လုံးများကိုပင် မယုံကြည်နိုင်ပေ။ သူရောက်နေသည့် နေရာ၌ပင် တောင့်တောင့်ကြီး ရပ်နေမိသည်။ တချိန်တည်း၌ပင် သူ၏မျက်လုံးအစုံမှာ မျက်ရည်များဖြင့် ဝေဝါးလာလေတော့သည်။
“ဟဲလို ဂျွန် “
ဒေးဗစ်က နူးညံ့စွာပြုံး၍ ကလေးငယ်အား လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်လေသည်။
ဂျွန်သည် သူ၏ စိတ်ကို ဆက်လက် မထိန်းသိမ်းနိုင်တော့ပေ။ ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်ပြီး မျက်နှာကို လက်နှစ်ဘက်ဖြင့်အုပ်ကာ ငိုကြွေးလေတော့သည်။
ဒေးဗစ်မှာ သူ့အားတွေ့လိုက်ရသဖြင့် ကလေးငယ် စိတ်လှုပ်ရှားသွားမည်ကို ခန့်မှန်းမိခဲ့သော်လည်း ရုတ်တရက် ပြင်းထန်စွာ စိတ်လှုပ်ရှားမှုကြောင့် ငိုကြွေးသည်အထိ ဖြစ်မည်ဟု မမျှော်လင့်ခဲ့ပေ။
ထို့ကြောင့် ကလေးငယ်ထံ အမြန်သွား၍ ဖေးဖေးမမ ထူပေးလိုက်ရသည်။
“ယောက်ကျားလေးဆိုတာ သန်မာရမယ် ဂျွန်ရဲ့၊ ပြီးတော့ ဒီနေ့ရဲ့ ဇာတ်လိုက်က ဦးလေးမဟုတ်ဘူးကွ၊ မင်းက ဦးလေးလို ဘာမှမဟုတ်တဲ့သူကို တွေ့တာတောင် ဒီလောက်စိတ်လှုပ်ရှားနေတယ်ဆို ဒီနေ့ရဲ့ ဇာတ်လိုက်ကိုသာ တွေ့လိုက်ရရင် ဘယ်လိုတောင် ဖြစ်သွားမလဲ”
ဒေးဗစ်က ကောင်လေးကို ဆွဲထူရင်း ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။
ဂျွန်သည် သူအနှစ်သက်ဆုံး ဘောလုံးကလပ်၏ ဥက္ကဌဖြစ်သူအား ဂေဟာတွင် တွေ့ရလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။ ဥက္ကဌ မစ္စတာ ဒေးဗစ်မှာ သူ့အားသိရှိပြီးလည်း ဖြစ်နေသည်။ ဤသည်မှာ သူရေးလိုက်သော စာကြောင့်ပင်လော။
ထို့အပြင် … ယနေ့၏ ဇာတ်လိုက် ???
ဂျွန်၏ ရင်ထဲ၌ နှလုံးခုန်သံများ ပိုမို မြန်ဆန်လာလေသည်။ တဒုန်းဒုန်းနှင့် ဆူညံစွာ လှုပ်ရှားနေသော နှလုံးအစုံမှာ သူ၏ ပါးစပ်ထဲမှပင် ခုန်ထွက်တော့မတတ် ခံစားလိုက်ရသည်။
“ဟဲလို ဂျွန် … ကျုပ်က ဇာဘီးအလွန်ဆို ပါ “
***