ထိုညနေခင်းသည် ဂျွန်၏ ဘဝအတွက် အပျော်ဆုံး ညနေခင်းတခု ဖြစ်လာခဲ့လေသည်။
ဒေးဗစ်နှင့် အလွန်ဆိုမှာ နော့တ်စ်ကောင်တီ အသင်းသားများ လက်မှတ်ရေးထိုးထားကြသော ဘောလုံးတဒါဇင်ခန့်ကိုပါ ကလေးများ ကစားရန် ယူဆောင်လာခဲ့ကြသည်။ ထို့အပြင် ကလေးငယ်များအတွက် သူ့တို့၏ အရွယ်အစားစားနှင့် သင့်တော်မည့် ဘောလုံးဂျာစီ ဆိုဒ်မျိုးစုံကိုပါ ပေးအပ်ခဲ့ကြလေသည်။
ထို့နောက် အလွန်ဆိုမှာ ဂျွန်တို့ ကလေးတသိုက်ဖြင့် ပျော်ရွှင်စွာ ဘောလုံးကစားလေတော့သည်။ အလွန်ဆို ဘောလုံးကစားနေစဉ်တွင် ဒေးဗစ်က ဂေဟာမှုးအား နော့တ်စ်ကောင်တီအသင်း၏ တရာသီစာ အိမ်ကွင်း လက်မှတ် ၁၀ စောင်အား ပေးအပ်ခဲ့လေ၏။ မိဘမဲ့ ကလေးများထဲမှ ဘောလုံးဝါသနာပါသူ အများစုမှာ ကလေးငယ်လေးများသာ ဖြစ်ကြခြင်းကြောင့် ထို့ထက် လက်မှတ်စောင်ရေ ပိုပေးလျှင်လည်း သူတို့အတွက် ထူးခြားမည် မဟုတ်ချေ။
ထို့အပြင် ဒေးဗစ်သည် လာမည့် နော်သမ်ပ်တမ်နှင့် ခြေစမ်းပွဲတွင် ကလေးငယ်များအား မီးဒိုးလိန်းကွင်းသို့ ဖိတ်ခေါ်၍ ခြေစမ်းပွဲမကစားမီ ကလေးငယ်များနှင့် သရုပ်ပြ ရံပုံငွေပွဲ ကစားရန် ဂေဟာမှုးနှင့် အသေးစိတ် တိုင်ပင်လေ၏။
နော့တ်စ်ကောင်တီသည် လာမည့် နော်သမ်ပ်တမ်နှင့် ခြေစမ်းပွဲအား သူတို့၏ အစဉ်အလာကို ချိုးဖောက်ကာ ကွင်းဝင်ကြေးကောက်ခံရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေသည်။ ထိုခြေစမ်းပွဲမှ ရရှိသော ကွင်းဝင်ကြေးအား မိဘမဲ့ ကလေးများ ဂေဟာသို့ ပေးအပ်လှုဒါန်းသွားရန် ရည်ရွယ်ခြင်းပင်ဖြစ်သည်။
ထိုဆုံးဖြတ်ချက်အား ကလပ်မှ ထုတ်ပြန်လိုက်သည့်အခါ ပရိသတ်များ အနည်းငယ် မကျေမလည် ဖြစ်ကြလိမ့်မည်ဟု ယူဆခဲ့သော်လည်း နော့တ်စ်ကောင်တီ ပရိသတ်များက မည်သို့မျှ အတိုက်အခံလုပ်ခြင်းများ မပြုကြချေ။
ယနေ့ခေတ်ကာလတွင် မည်သည့် ကလပ်က ခြေစမ်းပွဲအား ကွင်းဝင်ကြေး မကောက်ခံဘဲ အခမဲ့ ကြည့်ခွင့်ပေးနေပါသနည်း။ နော့တ်စ်ကောင်တီတသင်းသာလျှင် ခြေစမ်းပွဲများအား ကွင်ူဝင်ကြေး အခမဲ့ဖြင့် ကြည့်ရှုခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ ယခုတွင် ဥက္ကဌ ဒေးဗစ်သည် သူချမှတ်ခဲ့သော အစဉ်အလာအား ချိုးဖောက်လိုက်သည် ဆိုသော်လည်း ထိုပွဲမှ ကွင်းဝင်ကြေးများအား မိဘမဲ့ ကလေးများ ဂေဟာသို့ လှုဒါန်းမည် ဖြစ်သောကြောင့် ပရိသတ်များ အနေဖြင့် ကန့်ကွက်ရန် မရှိပေ။
နော်သမ်ပ်တန်နှင့် ခြေစမ်းပွဲနေ့တွင် ပွဲမသမီ တနာရီအလို၌ နော့တ်စ်ကောင်တီအသင်းသားများသည် ဘိခ်ျဝုဒ် ဂေဟာမှ ကလေးငယ်များ၏ လက်ကိုဆွဲကာ ကွင်းထဲသို့ ဝင်ရောက်လာကြလေသည်။ ကလေးငယ်များနှင့် သရုပ်ပြပွဲအား ကြိုတင် အသိပေးထားပြီး ဖြစ်သောကြောင့် ပရိသတ်များ ကွင်းလုံးပြည့် ရောက်ရှိနေကြပြီဖြစ်လေ၏။
နော့တ်စ်ကောင်တီ ကစားသမားများသည် ပရိသတ်များအား နှုတ်ဆက်အပြီးတွင် ကလေးငယ်များအား အုပ်စုနှစ်စုခွဲကာ သရုပ်ပြ အပျော်တမ်းပွဲငယ်အား စတင်ကြလေသည်။ တဘက်တွင် နော့တ်စ်ကောင်တီ ကစားသမား ၅ ဦး ကလေးငယ် ၆ ဦးပါဝင်သော အသင်းနှစ်သင်းခွဲ၍ တပိုင်းလျှင် ၁၀ မိနစ် ကစားကြခြင်းဖြစ်သည်။
ကစားသမားများမှာ ကလေးငယ်များ၏ ခွန်အားနှင့် ကိုက်ညီအောင် လိုက်လျောညီထွေ ကစားကြသော်လည်း ကလေးငယ်များ၏ စိတ်ခွန်အားတက်ကြွလာစေရန် တကယ့်ပွဲကြီး ကစားနေသည့်အတိုင်း ပီပြင်စွာ သရုပ်ဆောင်နေကြခြင်း ဖြစ်လေသည်။ ပရိသတ်များမှာ တဝါးဝါး တဟားဟားနှင့် ပွဲကျနေကြသည့်အပြင် ပွဲကြီးများတွင် အသင်းအား အားပေးသော သီချင်းများ ကြွေးကြော်သံများ သံပြိုင်ဟစ်အော် သီဆိုပေးကြလေ၏။
ထို မိနစ် သုံးဆယ်ခန့် အခိုက်အတန့်မှာ ကစားသမားများအတွက် ရွှင်မြူးဖွယ်ဖြစ်သကဲ့သို့ ပရိသတ်များအတွက်လည်း ပျော်ရွှင်ကျေနပ်ဖွယ်ပင် ဖြစ်ခဲ့ရသည်။ ပရိသတ်များမှာ သူတို့၏ အချစ်တော် ပလေယာများ ထိုမျှ သရုပ်ဆောင်ကောင်းသည်ကို များစွာ သဘောကျနေကြတော့သည်။ ကလေးငယ်များအတွက်မူ သူတို့၏ ဘဝတွင် မေ့ဖျောက်၍ မရနိုင်သော အမှတ်တရတခုအဖြစ် ရှိနေတော့မည်ပင် ဖြစ်၏။
ထို့နောက် နော်သမ်ပ်တမ်နှင့် ခြေစမ်းပွဲအား သတ်မှတ်ထားသည့် အချိန်တွင် စတင်ကစားကြလေသည်။ လုဖ်အနေဖြင့် အသင်း၏ လိုအပ်ချက်အချို့အား ပြင်ဆင်ခြင်း နည်းစနစ်အသစ် အနည်းငယ် စမ်းသပ်ခြင်းတို့ကိုသာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ နော့တ်စ်ကောင်တီ အသင်းသားများ ရရှိထားသော စတိုင်သုံးခု ပေါင်းစပ်ခြင်းအား ပိုမို အသားကျစေရန်က အဓိက ရည်ရွယ်ချက်ပင်ဖြစ်သည်။
ကစားသမားများ အနေဖြင့် ခြေစမ်းပွဲတပွဲ ဖြစ်သည့်အတွက် သာမန်သာ ကစားခဲ့ကြသော်လည်း နော်သမ်ပ်တမ်သည် နော့တ်စ်ကောင်တီထက် အဆင့်များစွာ နိမ့်ပါးသော အသင်းတသင်း ဖြစ်သွားခဲ့လေပြီ။ ပွဲအပြီးတွင် နော့တ်စ်ကောင်တီမှ ၄-၀ ဖြင့် အနိုင်ယူ၍ ရာသီကြို ခြေစမ်းပွဲများအားလုံးကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့သည်။
နော်သမ်ပ်တမ်နည်းပြမှာ နော့တ်စ်ကောင်တီ အသင်းသားများကို ကြည့်ရင်း အမျိုးအမည် မဖော်ပြနိုင်သော ဝေဒနာတရပ် ခံစားနေရလေသည်။ ပြီးခဲ့သော ဘောလုံးရာသီအစက နော့တ်စ်ကောင်တီသည် သူတို့နှင့် ခြေစွမ်းမတိမ်းမယိမ်းသာ ရှိသော အသင်းတသင်းဖြစ်ပြီး နော်သမ်ပ်တမ်ကပင် အနည်ငယ် အသာစီးရခဲ့သေးသည်။ ရာသီဝက်ခန့်မှစ၍ နော်သမ်ပ်တမ်မှာ နော့တ်သ်ကောင်တီ၏ ပြိုင်ဘက် မဟုတ်တော့ချေ။ ယခုသော် နော့တ်စ်ကောင်တီ၏ ခြေစွမ်းမှာ နော်သမ်ပ်တမ်ထက် အဆပေါင်းများစွာ သာလွန်သော အနေအထားသို့ ရောက်ရှိနေပြီဖြစ်၏။
ယခုပွဲတွင် နော့တ်စ်ကောင်တီက သာမန်သာ ကစားခဲ့သော်လည်း အလေးအနက် ပြင်ဆင်လာခဲ့သော နော်သမ်ပ်တမ်မှာ မည်သည့်တုံ့ပြန်မှုကိုမျှ မပြုလုပ်နိုင်ခဲ့ချေ။ ယခု နော့တ်စ်ကောင်တီ၏ ပစ်မှတ်မှာ ပရီးမီးယားလိဂ်နှင့် ယူအီးအက်ဖ်အေ ဖြစ်နေပြီဖြစ်သည်။ နောက်တနှစ်အကြာတွင် အင်္ဂလိပ်ဘောလုံးလောက၌ အားကောင်းသော အသင်းတသင်း အဖြစ် ကမ္ဘာ့ဘောလုံး စာမျက်နှာများပေါ်သို့ ရောက်ရှိလာမည်ဆိုပါက သူ့အနေဖြင့် အံ့ဩမိမည်မဟုတ်။
ခြေစမ်းပွဲ၏ ကွင်းဝင်ကြေးစုစုပေါင်းမှာ ပေါင် ၆၀၀၀၀ ကျော်ဖြစ်လေသည်။ ထိုငွေများအား ဒေးဗစ်၏ ကိုယ်ပိုင် ငွေကြေးနှင့်ပေါင်း၍ ဘိခ်ျဝုဒ် ကလေးများ ဂေဟာအား ပေါင် ၁ သိန်းလှုဒါန်းလိုက်နိုင်၏။ ကလေးငယ်များ ယခုထက်ပိုမို၍ သက်တောင့်သက်သာ ကြီးပြင်းလာနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်လေသည်။
သို့သော် ရက် အနည်းငယ်အကြာ၌ ဒေးဗစ်မည်သို့မျှ မျှော်လင့်မထားသော မီဒီယာတိုက်ခိုက်မှု တခုမှာ နော့တ်စ်ကောင်တီကို ဦးတည်၍ ပေါ်ပေါက်လာခဲ့သည်။
လက်စတာဒေသခံ မီဒီယာက နော့တ်စ်ကောင်တီ၏ ရံပုံငွေပွဲအား စော်ကားတိုက်ခိုက်လာခြင်းဖြစ်၏။
ထိုသတင်းစာ၏ ရှေ့ဆုံးစာမျက်နှာတွင် နော့တ်စ်ကောင်တီ၏ မိဘမဲ့ကလေးများအတွက် ရံပုံငွေပွဲကို မေးခွန်းပေါင်းများစွာဖြင့် တိုက်ခိုက်ထားခြင်းအား တွေ့ရှိရသည်။
“နော့တ်စ်ကောင်တီသည် မိဘမဲ့ကလေးများအတွက် လှုဒါန်းရန် ပွဲပြုလုပ်သည်ဟု ဆိုလာသည်။ ဤသည်ကို မည်သည့်အချက်ဖြင့် သဘောတူရပါမည်နည်း။ များစွာသော ပရဟိတသမားများ၏ အပြုအမူများနှင့် နှိုင်းယှဉ်ကြည့်ပါက နော့တ်စ်ကောင်တီ၏ ကလေးငယ်များ ရံပုံငွေပွဲဟူသည်မှာ ၎င်းတို့၏ အမည်နာမ ကျော်ကြားမှုအတွက် သက်သက်သာ ပြုလုပ်သည်ဖြစ်ကြောင်း တွေ့ရှိရပေလိမ့်မည်။”
“မိဘမဲ့ ကလေးငယ်များမှာ ပင်ကိုယ်ကပင် သနားဖွယ်ရာအတိ ဖြစ်၏။ ဤသည်ကိုပင် နော့တ်စ်ကောင်တီမှာ သူတို့၏ နာမည်ကျော်ကြားရေးအတွက်ထိုကလေးများအား လူပုံအလယ်သို့ ဆွဲထုတ်ကာ ပရိသတ်များ၏ သနားညှာတာစိတ်များ ယိုဖိတ်လာစေရန် ပြုမူခဲ့ကြသည်။ ထိုကလေးငယ်များမှာ မျက်နှာမှ အားတင်း၍ ပြုံးနေကြရသော်လည်း သူတို့၏ အတွင်းစိတ်တွင် မည်မျှ ထိခိုက်နာကျင်ရပါမည်နည်း။ သနားဖွယ်ကောင်းလေစွ။ ဤသည်မှာ အင်္ဂလန်ပြည်သူများ တန်ဖိုးထားသော လူ့အခွင့်အရေးအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းပင် ဖြစ်လေသည်။”
“ထို့အပြင် ပို၍ သင်္ကာမကင်းဖွယ်ရာ အချက်မှာ ထိုရံပုံငွေပွဲဟူသော လုက်ဇာတ်မှ ရရှိငွေများဖြစ်သည်။ သတင်းတိုက်၏ သတင်းထောက်များ စုံစမ်းမှုအရ ကွင်းဝင်ကြေး လက်မှတ်ရောင်းရငွေမှာ ပေါင် ၅၀၀၀၀ ခန့် ရရှိမည်ဟု သိရှိရပါသည်။ ထိုငွေများကို နော့တ်စ်ကောင်တီမှ မိဘမဲ့ ကလေးများအား လှုဒါန်းပါမည်ဟု အသံကောင်းဟစ်ခဲ့သော်လည်း ယခု မည်သို့ဖြစ်သွားသည်ကို မသိရှိရတော့ချေ။ ဖြစ်နိုင်ဖွယ်အရာ အရှိဆုံးအချက်မှာ ထိုငွေများအား နော့တ်စ်ကောင်တီက “ဖျောင်”လိုက်ခြင်းပင် ဖြစ်ပေလိမ့်မည်။”
“ထိုငွေပမာဏမှာ နာမည်ကြီး ဘောလုံးသမားများ၏ တပတ်စာ လုပ်ခလစာပင် မရှိသော်လည်း အောက်တန်းလိဂ်များမှ အသင်းများအတွက်မူ မနည်းသော ပမာဏပင်ဖြစ်သည်။ အထူးသဖြင့် ရုပ်သံထုတ်လွှင့်ခ မရရှိကြတော့သော အောက်တန်းအသင်းများအတွက် ထိုငွေပမာဏမှာ မက်လောက်ဖွယ်ပင် ဖြစ်၏။”
“နော့တ်စ်ကောင်တီကလပ်သည် ပြီးခဲ့သော ဘောလုံးရာသီက ၎င်းတို့အား လူစိတ်ဝင်စားမှု ရရှိလာစေရန် ငွေကုန်ကြေးကျ များပြားလှသည့် ပရောဂျက်များစွာ ပြုလုပ်ခဲ့သည်။ ယခုတွင် ထိုပရောဂျက်များ၏ ကုန်ကျစားရိတ်များကြောင့် အသင်းအား လည်ပတ်ရန် လက်ကျန်ငွေရှိပါတော့မည်လော။ ဤအချက်အား ကျွန်ုပ်တို့ ကြီးစွာ သံသယဖြစ်ရပါသည်။”
“နော့တ်စ်ကောင်တီသည် ထိုသို့သော ဘဏ္ဍာရေး အကြပ်အတည်းနှင့် ကြုံတွေ့နေရသည်ဟု ကျွန်ုပ်တို့ ရဲဝံ့စွာ ကောက်ချက်ချနိုင်ပါသည်။ နော့တ်စ်ကောင်တီသည် သူတို့၏ အကြပ်အတည်းအတွက် အသင်း၏ ပရိသတ်များအား အသုံးချလိုက်ခြင်းသာ ဖြစ်သည်။ အနာဂတ်ကာလတွင် ထိုသို့သော ငွေကြေးနှင့် ဂုဏ်သိက္ခာ တပါတည်း ရရှိစေမည့် အခင်းအကျင်းများအား နော့တ်စ်ကောင်တီမှ ဆက်လက်ပြုလုပ်လိမ့်ဦးမည်ဟု ကောက်ချက်ချနိုင်ပေသည်။ ၎င်းတို့၏ နည်းဗျူဟာမှာ ပြောင်မြောက်လေစွ။ ထိုအသင်း၏ တာဝန်ရှိသူများ စိတ်ဖြောင့်ဖြောင့်ဖြင့် မည်သို့ နေထိုင်ကြမည်ကိုသာ ကျွန်ုပ်တို့ အံ့အားသင့်မိပါသည်”
***