လူသူကင်းမဲ့သော ကျွန်းတစ်ကျွန်းထက်ဝယ်…
ကျန်းနင်က သူယခုလေးတင် ကျောက်ဆောင်ပေါ်သို့ ဆွဲယူလာခဲ့သော သွေးကြာပန်းကို ဆုပ်ကိုင်လျက် ရေပေါ်သို့ ပေါ်လာချိန်တွင် စူးရှသော အကြည့်တစ်ချက် သူ့ထံ ကျရောက်နေကြောင်း ခံစားလိုက်ရ၏။
နောက်တစ်ခဏ၌ သူ အလျင်အမြန် မော့ကြည့်လိုက်တော့သည်။
ပေပေါင်းများစွာ အကွာရှိ ကျောက်ကမ်းပါးထက်တွင်တော့ မုတ်ဆိတ်ဖားဖားနှင့် ကြမ်းတမ်းသော မျက်နှာထား ပိုင်ဆိုင်ထားသည့် လူသန်ကြီး တစ်ယောက်က သူ့မြင်ကွင်းထဲ ဝင်ရောက်လာခဲ့ပေသည်။
ထိုခဏ၌ ထိုလူသန်ကြီး၏ မျက်လုံးများမှာ မီးတောက်မတတ် တောက်ပနေပြီး သူ့အား စူးစူးရဲရဲ စိုက်ကြည့်နေကာ မျက်နှာထက်တွင် အတိုင်းမသိ ဝမ်းမြောက်နေသော အရိပ်အယောင်များ ထင်ဟပ်လို့နေ၏။
…
ထိုသူ၏ မျက်နှာအား မှတ်မိသွားသည်နှင့် ကျန်းနင် အနည်းငယ် မှင်တက်သွားလေသည်။
"ထျန်းပုယီ... ဒီလူက ဖမ်းဝရမ်း အထုတ်ခံထားရတဲ့ ထျန်းပုယီပဲ"
"သူ့ကိုသာ ဖမ်းမိရင် ဆုကြေး ရွှေတစ်ရာတိတိ ရမှာ... တစ်ညတွင်းချင်း သူဌေးဖြစ်သွားဖို့ လုံလောက်တယ်"
ထိုသို့ တွေးမိသည်နှင့် ကျန်းနင်၏ စိတ်ထဲ အနည်းငယ် မက်မောသွားမိသည်။
အခြား တစ်ဖက်တွင်မူ...
ကျန်းနင်အား ငေးကြည့်နေသော ထျန်းပုယီမှာ ရုတ်တရက် အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားတော့၏။
သူ့အမြင်တွင် ကျန်းနင်မှာ အိုးထဲကျနေသော လိပ်တစ်ကောင်ပမာ လွတ်လမ်းမရှိတော့ပေ။
ရေပြင် ဝန်းရံထားသော ဤကဲ့သို့ လူသူကင်းမဲ့သည့် ကျွန်းပေါ်တွင် ကျန်းနင်တစ်ယောက် သူ့လက်တွင်းမှ လွတ်မြောက်နိုင်စရာ အကြောင်းမရှိချေ။
ကောင်းကင်တက်ဖို့ လမ်းမမြင်သလို ငရဲဆင်းဖို့ တံခါးလည်း မရှိသည့် အသေပေါက်ပင် ဖြစ်တော့သည်။
ထိုကောင်လေး တတ်နိုင်သမျှ လုပ်ဆောင်နိုင်သည်မှာ ရေထဲ ခုန်ချရန်သာ။
သို့သော် ရေထဲ ဆင်းရမည်ကို သူ ဘယ်သောအခါမှ မကြောက်ရွံ့ခဲ့ဖူးပေ။
သူ့အား မြစ်နဂါးဟု တင်စားခေါ်ဝေါ်ကြ၏။
ဤနာမည်ပြောင်မှာ သူ၏ ပြိုင်ဘက်ကင်းသော ရေကူးစွမ်းရည်ကြောင့် ရရှိထားခြင်း မဟုတ်ပါလား။
ထိုစဉ်...
ကျန်းနင်တစ်ယောက် အကြံထုတ် တွေးတောနေခိုက်…
ထျန်းပုယီက ကျောက်ကမ်းပါးထက်တွင် မတ်တတ်ရပ်နေရင်း အရာအားလုံးအား လက်တစ်လုံးအတွင်း ထိန်းချုပ်ထားနိုင်သည့်အလား အမူအရာဖြင့် ပြုံးလိုက်လေသည်။
"မင်းက ကျန်းနင်လား" သူက ဖြည်းညှင်းစွာ စကားစလာ၏။
ကျောက်ကမ်းပါးထက်ရှိ ထျန်းပုယီ၏ အသံကို ကြားလိုက်ရသည်နှင့် ကျန်းနင်၏ အကြည့်တို့ ရုတ်တရက် စူးရှသွားတော့သည်။
"သူက ငါ့ကို ဘယ်လိုလုပ် သိနေတာလဲ"
ထို့နောက်...
ကျန်းနင်က ကျောက်ဆောင်ထက်တွင် မတ်တတ်ရပ်ရင်း အနည်းငယ် မော့ကြည့်လိုက်သည်။
"ခင်ဗျားက ကျုပ်ကို ဘယ်လိုလုပ် မှတ်မိနေတာလဲ"
ထိုစကား ကြားလျှင် ထျန်းပုယီက အေးစက်စက် ပြုံးလိုက်ရင်း... "ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်က မင်းကို သတ်ဖို့ ငါ့ကို စေလွှတ်လိုက်လို့ပဲ"
စကားပြောနေရင်းပင်...
ထျန်းပုယီက ဒူးကို အနည်းငယ် ကွေးညွတ်လိုက်ပြီး လေထဲသို့ ခုန်ပျံကာ မီတာပေါင်းများစွာ မြင့်မားသော ကျောက်ကမ်းပါးထက်မှ ချက်ချင်း ခုန်ဆင်းလာတော့သည်။
အပေါ်မှ ဆင်းသက်လာသော ထျန်းပုယီထံမှ ပြင်းထန်လှသည့် သတ်ဖြတ်လိုစိတ်များကို ခံစားမိသည်နှင့် ကျန်းနင်၏ မျက်လုံးများ လှုပ်ခတ်သွားပြီး ဆုံးဖြတ်ချက် တစ်ခုကို ပြတ်သားစွာ ချလိုက်လေပြီ။
နောက်တစ်ခဏ၌...
သူက လှည့်ပတ်၍ ခုန်ချလိုက်၏။
ဗွမ်း...
ရေထဲသို့ ဝင်ရောက်သွားသော အသံက ပဲ့တင်ထပ်သွားပြီး သူ ရေအောက်သို့ ငုပ်လျှိုးသွားတော့သည်။
အခြားတစ်ဖက်တွင်မူ...
ဘုန်း...
ထျန်းပုယီက ကျောက်ဆောင်တစ်ခုထက်သို့ ဆင်းသက်လာခဲ့သည်။ အမြင့်မှနေ၍ ပြင်းထန်သော အရှိန်ဖြင့် ကျဆင်းလာခဲ့သောကြောင့်...
သူ့ခြေဖဝါးအောက်ရှိ ကျောက်ဆောင်များမှာ လက်မအနည်းငယ်ခန့် ကွဲအက်ကြေမွသွားရ၏။
"ရေထဲ ဆင်းပြေးတာလား"
"ဒါက ငါ့ရဲ့ ကစားကွင်းပဲကွ"
ထျန်းပုယီ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့ခန္ဓာကိုယ်အား နောက်တစ်ကြိမ် ခုန်ပျံလိုက်ရာ မျက်စိတစ်မှိတ်အတွင်း နှစ်ကျန်၊ သုံးကျန်ခန့် အကွာအဝေးသို့ ရောက်ရှိသွားပေသည်။
လျင်မြန်သော ခြေလှမ်း အနည်းငယ် အပြီးတွင်တော့ ကျန်းနင် ရေထဲ ခုန်ချသွားခဲ့သည့် နေရာသို့ သူ ဆိုက်ရောက်လာခဲ့သည်။
ထိုအချိန်မှာ ကျန်းနင် ရေထဲ ဝင်ရောက်သွားပြီးနောက် အသက်နှစ်ရှိုက်စာခန့်သာ ရှိသေး၏။
ချက်ချင်းပင်...
ရေထဲသို့ ဝင်ရောက်သွားသော အသံနှင့်အတူ ထျန်းပုယီ ကိုယ်တိုင်လည်း ရေအောက်သို့ ခေါင်းစိုက် ငုပ်လျှိုးသွားတော့သည်။
တစ်ချိန်တည်းမှာပင်...
ကျန်းနင်မှာ ရေအောက်တွင် ရောက်ရှိနေလေပြီ။
"တစ်ယောက်ယောက်က ငါ့ကို သတ်ချင်နေတာလား"
"ငါ့ကို သတ်ဖို့ ထျန်းပုယီကို စေလွှတ်လိုက်တာ ဘယ်သူများ ဖြစ်နိုင်မလဲ"
ကျန်းနင်က စိတ်ထဲမှ ရေရွတ်လိုက်ပြီး သူ့အကြည့်တို့ အနည်းငယ် လှုပ်ခတ်သွားသည်။
သူ အခြေအနေအား အကဲဖြတ်ပြီး ဖြစ်၏။
"ဒါ သေချာပေါက် ချောင်မိသားစုပဲ ဖြစ်ရမယ်"
"ချောင်မိသားစုကလွဲရင် ငါ့ကို သတ်ဖို့ ထျန်းပုယီလို ကြောက်မက်ဖွယ် မြစ်ဓားပြကြီးကို ဘယ်သူက ငှားရမ်းနိုင်မှာလဲ"
"ထျန်းပုယီက အဆင့်ရှစ် သိုင်းပညာရှင် တစ်ယောက်... ချောင်မိသားစုလို အင်အားကြီးမားတဲ့ နောက်ခံမျိုး မဟုတ်ဘဲ ဒီလို ကျွမ်းကျင်သူကို ဘယ်သူက ငှားရမ်းနိုင်မှာတဲ့လဲ"
ထိုအတွေးများနှင့်အတူ ကျန်းနင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
"ဟုတ်တယ်... ငါ့ရဲ့ အစောပိုင်း ခန့်မှန်းချက်တွေ မမှားခဲ့ဘူး... ချောင်ဘင်း ရောက်လာခဲ့တာက ငါ့ကို ပေါ့ဆသွားအောင် သက်သက် ဟန်ဆောင်ခဲ့တာပဲ"
"ပြီးတော့ ချောင်မိသားစုနဲ့ ငါ့ကြားက ပတ်သက်မှု အားလုံးကို ဖြတ်တောက်ဖို့လည်း ပါလိမ့်မယ်"
"ချောင်ဘင်း လာရောက် တွေ့ဆုံခဲ့တဲ့အတွက် နောက်ပိုင်းမှာ ငါ မမျှော်လင့်ဘဲ သေဆုံးသွားခဲ့ရင်တောင် ချောင်မိသားစုက သူတို့နဲ့ မသက်ဆိုင်ဘူးလို့ ငြင်းဆိုနိုင်ပြီး အပြစ်ကင်းစင်အောင် ရှင်းထုတ်သွားနိုင်တယ်"
"သူတို့ ဒီလိုလုပ်တာက ရှန်ချုံးယွမ်ကို အကြောင်းပြချက် ပေးနိုင်ဖို့လည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်"
"ပြီးတော့ ထျန်းပုယီက ငါ့ကို လာလုပ်ကြံတာဆိုတော့ ဒါကို ချောင်မိသားစုရဲ့ ညွှန်ကြားချက်လို့ ဘယ်သူက သံသယ ဝင်တော့မှာလဲ"
"လူတွေကတော့ ငါ့ကို သူတစ်ပါးရဲ့ တိုက်ပွဲကြားထဲ မြေစာပင် ဖြစ်သွားတယ်လို့ပဲ ထင်ကြမှာ သေချာတယ်"
အပေါ်မှ ဆင်းသက်လာသော လှုပ်ရှားမှုကို မြင်လိုက်ရသည်နှင့် ကျန်းနင်၏ စိတ်ထဲ ကြောက်ရွံ့မှုတို့ ကင်းစင်သွားပြီး ပြတ်သားသည့် ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်တော့သည်။
ကောင်းပြီလေ... ရေအောက်ကို ရောက်လာမှတော့ ဘယ်သူက သားကောင်၊ ဘယ်သူက မုဆိုး ဆိုတာ ကြည့်ကြသေးတာပေါ့။
ထျန်းပုယီ ရေထဲ ဝင်ရောက်လာပြီးနောက် တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ရေအောက်တွင် ငုပ်လျှိုးနေသော ကျန်းနင်ကို အလွယ်တကူ သတိထားမိလိုက်သည်။
ကျန်းနင်၏ ပုံရိပ်ကို လှမ်းကြည့်ရင်း သူ့မျက်နှာထက်တွင် ယုံကြည်မှု အပြည့်ရှိသော အမူအရာက ထင်ဟပ်လာ၏။
"ရေထဲ ဝင်တာ နှစ်ရှိုက်စာလောက်ပဲ ရှိသေးတယ် ဒီလောက် အကွာအဝေးထိ ရောက်သွားတာ တော်တော် မဆိုးဘူးပဲ... သူ ဒီလို လူသူကင်းမဲ့တဲ့ ကျွန်းပေါ် ရောက်လာနိုင်တာ အံ့ဩစရာ မဟုတ်တော့ဘူး"
"ဒါပေမဲ့ ငါနဲ့ ယှဉ်ရင် အများကြီး လိုပါသေးတယ်"
ထျန်းပုယီက စတင် လှုပ်ရှားတော့သည်။
သူ့ခန္ဓာကိုယ်မှာ ရေအောက်တွင် ကူးခတ်နေသည့် နဂါးတစ်ကောင်ပမာ လျင်မြန်စွာ ရွေ့လျားသွားပြီး ကျန်းနင်နှင့် အကွာအဝေးကို လျင်မြန်စွာ ကျဉ်းမြောင်းစေလိုက်သည်။
"တကယ့်ကို ကြောက်စရာကောင်းတဲ့ အမြန်နှုန်းပဲ"
ကျန်းနင်က နောက်သို့ လှည့်ကြည့်လိုက်ရာ ထျန်းပုယီမှာ တဖြည်းဖြည်း နီးကပ်လာသည်ကို မြင်တွေ့ရသဖြင့် အနည်းငယ် အံ့အားသင့်သွားမိသည်။
"မြစ်နဂါး ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်တာပဲ... လောကမှာ မှားယွင်းတဲ့ နာမည်ပြောင် ဆိုတာ မရှိဘူး... မှားယွင်းတဲ့ နာမည်တွေပဲ ရှိတာ"
ကျန်းနင်က ပို၍ နက်ရှိုင်းသော ရေအောက်ကြမ်းပြင်ဆီ ငုပ်လျှိုးသွားပြီး သူ၏ အမြန်နှုန်းကိုလည်း နောက်တစ်ဆင့် ထပ်တင်လိုက်၏။
အနောက်မှ လိုက်ပါလာသော ထျန်းပုယီမှာ ကျန်းနင်၏ အမြန်နှုန်း ရုတ်တရက် မြင့်တက်သွားသည်ကို သတိပြုမိလိုက်သဖြင့် မျက်လုံးများ တောက်ပသွားတော့သည်။
"တော်တဲ့ ကောင်လေးပဲ... ဒီလောက် ကောင်းမွန်တဲ့ ရေကူးစွမ်းရည် ရှိနေတာ တကယ့်ကို ရှားပါးတဲ့ အရည်အချင်းပဲ"
"နှမြောစရာကောင်းတာက ဒီနေ့ သူ ငါ့လို မြစ်နဂါးနဲ့ လာဆုံတွေ့နေတာပဲ"
ထျန်းပုယီ ကိုယ်တိုင်လည်း ကျန်းနင်၏ အရှိန်အား အမီလိုက်နိုင်ရန် အလျင်အမြန်ပင် ပိုမို နက်ရှိုင်းသော ရေအောက်ကြမ်းပြင်ဆီ ငုပ်လျှိုးလိုက်လေသည်။
သူတို့နှစ်ယောက်မှာ တစ်ယောက်က ပြေး၊ တစ်ယောက်က လိုက်ဖြင့် လူသူကင်းမဲ့သော ကျွန်းနှင့် ပို၍ ဝေးကွာသွားကာ ရေအောက်ကြမ်းပြင်ဆီ တစ်စထက်တစ်စ ပို၍ နက်ရှိုင်းစွာ ရောက်ရှိလာခဲ့ကြသည်။
အလင်းရောင် ဖြာကျနိုင်သော ရေပြင်အလွှာကို ကျော်လွန်လာပြီးနောက် မြင်ကွင်းမှာ တဖြည်းဖြည်း မှောင်မိုက်လာတော့၏။
ထျန်းပုယီက ရှေ့တစ်မီတာခန့် အကွာတွင် ရှိနေသော ကျန်းနင်ကို လှမ်းကြည့်လိုက်ရာ သူ့မျက်နှာအမူအရာမှာ ခက်ထန်ကြမ်းကြုတ်သွားပြီး စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်တော့သည်။
"သေနာလေး... ဆက်ပြေးစမ်း... မင်းကိုများ ဖမ်းမိလို့ကတော့ အရှင်လတ်လတ်ကို အရေခွံ ဆုတ်ပစ်မယ်"
သူက နောက်ထပ် အတန်ကြာ ဆက်လိုက်ခဲ့သော်လည်း အကွာအဝေးမှာ အနည်းငယ်မျှပင် ကျဉ်းမြောင်းမလာကြောင်း သဘောပေါက်သွားလေသည်။
ထိုစဉ် သူက ရေအောက်တွင်ပင် သူ့ရင်ဘတ်ကို လက်ဖြင့် ဖိထားလိုက်မိ၏။
သူ့ရင်ဘတ်တွင် ယခင်ကတည်းက အတွင်းဒဏ်ရာ ရှိနေခဲ့ပြီး ယခုကဲ့သို့ အချိန်ကြာမြင့်စွာ အသက်အောင့်ထားရသဖြင့် တဆစ်ဆစ် နာကျင်လာခြင်း ဖြစ်သည်။
သူ့မျက်နှာ အရောင်အဆင်းမှာလည်း အတော်လေး ကြည့်ရဆိုးလာခဲ့ပေပြီ။
ထိုအခါ သူ ဖိနှိပ်ထားခဲ့သော အတွေးတစ်ခုက ခေါင်းထဲ ပြန်လည် ထွက်ပေါ်လာတော့သည်။
"တောက်... ဒီကောင်လေးကများ ငါ့ကို တမင်သက်သက် လှည့်စားပြီး ကစားနေတာလား"
"ငါ အရှိန်တင်ရင် သူလည်း အရှိန်တင်တယ်... ငါ အရှိန်လျှော့ရင် သူလည်း အရှိန်လျှော့တယ်... သူက ငါ့ကို အမြဲတမ်း ခြေတစ်လှမ်း အနောက်မှာ ပြတ်ကျန်နေအောင် တမင် လုပ်နေတာပဲ"
"ဒါပေမဲ့ ဘာလို့လဲ"
"ဘာလို့ ဒီကောင်လေးက ငါ့ထက်တောင် အသက်ကို ပိုကြာကြာ အောင့်ထားနိုင်ရတာလဲ"
"ပြီးတော့ ဘာလို့ သူ့ရေကူးစွမ်းရည်က ငါ့ထက်တောင် သာလွန်နေရတာလဲ"
အနောက်မှ လိုက်လာသော ထျန်းပုယီ ရပ်တန့်သွားသည်ကို သတိထားမိလိုက်သဖြင့် ကျန်းနင် ကိုယ်တိုင်လည်း ရပ်တန့်လိုက်လေသည်။
သူ လှည့်ကြည့်လိုက်ချိန်တွင် ထျန်းပုယီက သူ့အား မျက်လုံးများ ပြူးကျယ်၍ စူးရဲစွာ စိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရ၏။
သူတို့နှစ်ယောက်၏ အကြည့်တို့ ရေအောက်တွင် ဆုံတွေ့သွားကြသည်။
"ဒီကောင်လေး... တကယ်ပဲ ငါ့ကို ကစားနေတာပဲ"
ထိုခဏ၌ ကျန်းနင်ပါ ရပ်တန့်၍ သူ့အား လှည့်ကြည့်လာသည်ကို မြင်လိုက်ရသောအခါ ထျန်းပုယီ တစ်ယောက် သူထင်သည်မှာ အမှန်ပင် ဖြစ်ကြောင်း သေချာသွားတော့သည်။
သူ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
"တောက်... ဘယ်လို မိစ္ဆာကောင်နဲ့ လာတွေ့နေတာလဲ... ငါ့ထက် ရေကူးကျွမ်းကျင်တဲ့လူ ရှိနေတာတောင် မယုံနိုင်စရာ ကောင်းနေပြီကို အခုက ခပ်ငယ်ငယ် ကောင်လေးတစ်ယောက် ဖြစ်နေရတယ်လို့"
"မဖြစ်တော့ဘူး... ငါ့ရင်ဘတ် ဒဏ်ရာက နာလာပြီ... အသက်ရှူရတာလည်း မဝတော့ဘူး... ရေပေါ်ကို မြန်မြန် ပြန်တက်မှ ရမယ်"
"ဒီကောင်လေးကိုတော့ လောလောဆယ် လွှတ်ထားလိုက်မှပဲ"
"နောက်ရက်မှ သူနေတဲ့ နေရာကို စုံစမ်းပြီး ညဘက်ကျမှ သွားသတ်ပစ်မယ်"
ထျန်းပုယီက သူ့ခန္ဓာကိုယ်အား လှည့်ပတ်၍ ရေမျက်နှာပြင်ဆီသို့ လျင်မြန်စွာ ကူးခတ် ထွက်ပြေးတော့သည်။
"ထွက်ပြေးချင်နေပြီလား" ကျန်းနင်က လှောင်ပြုံးတစ်ခုနှင့်အတူ အေးစက်စွာ ကြည့်နေလိုက်၏။
သူက ထျန်းပုယီအား ယခုအချိန် ရောက်လာစေရန် တမင်တကာ ဆွဲခေါ်လာခဲ့ခြင်း ဖြစ်သည်။ ထျန်းပုယီ အသက်ရှူကြပ်လာပြီး ရေပေါ်တက်ချင်လာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်းပင်။
ဤသည်မှာ သူ တန်ပြန် တိုက်ခိုက်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်လေပြီ။
ထျန်းပုယီမှာ ဖမ်းဝရမ်း အထုတ်ခံထားရသူ ဖြစ်ပြီး သူ့အား ဖမ်းဆီးနိုင်ပါက ဆုကြေးငွေ ရွှေတစ်ရာတိတိ ရရှိမည် မဟုတ်လော။
ထိုဆုကြေးငွေက ကျန်းနင်ကို အလွန်အမင်း ဆွဲဆောင်နိုင်စွမ်း ရှိနေသည်။
မကြာသေးမီက ဆက်တိုက်ဆိုသလို တိုးတက်လာခဲ့သော သူ့စွမ်းရည်များနှင့် ပေါင်းစပ်လိုက်လျှင် စမ်းသပ်ကြည့်ရန် လုံလောက်သော ယုံကြည်မှုမျိုး ရှိနေခဲ့ပေသည်။
ထို့အပြင် သူတို့ လက်ရှိ ရောက်နေသည်မှာ ရေအောက်ကြမ်းပြင်တွင် မဟုတ်ပါလား။
သူ့လက်ရှိ ရေကူးစွမ်းရည်၊ ရေအောက် အသက်ရှူနိုင်စွမ်းတို့နှင့် ဆိုလျှင်…
ထျန်းပုယီအား အနိုင်မယူနိုင်လျှင်တောင် အထိအခိုက်မရှိ လွတ်မြောက်နိုင်စွမ်း ရှိကြောင်း အပြည့်အဝ ယုံကြည်ထားပြီး ဖြစ်သည်။
သို့သော် ပို၍ သေချာစေရန်အတွက် ကျန်းနင်က ရန်သူကို ရေအောက်ကြမ်းပြင်ဆီ တမင် မျှားခေါ်လာခဲ့သည်။
လူသူကင်းမဲ့သော ကျွန်းကို ဝန်းရံထားသည့် ရေကန်၏ အနက်ရှိုင်းဆုံး အပိုင်းထိ ထျန်းပုယီအား အနောက်မှ လိုက်ပါလာစေရန် ဆွဲဆောင်ခဲ့၏။
ဤနေရာမှနေ၍ ကုန်းပေါ်သို့ ပြန်တက်ဖို့ ဆိုသည်မှာ ဝေးစွ… ရေမျက်နှာပြင်သို့ ရောက်ရန်ပင် အနည်းဆုံး အသက်ဆယ်ခါရှူစာခန့် အချိန်ယူရပေမည်။
ထိုအသက်ဆယ်ခါရှူစာခန့် အချိန်မှာ သူ တန်ပြန်တိုက်ခိုက်ရန် အကောင်းဆုံး အခိုက်အတန့်ပင် ဖြစ်တော့သည်။
ထိုတွေးတောမှုများနှင့်အတူ...
ကျန်းနင်က ရုတ်တရက် အရှိန်တင်၍ လျင်မြန်စွာ လှုပ်ရှားလိုက်လေသည်။
"ဒါ မဖြစ်နိုင်ဘူး"
လေးကြိုးမှ ပစ်လွှတ်လိုက်သော မြှားတစ်စင်းပမာ သူ့ထံ ပြေးဝင်လာသည့် ကျန်းနင်အား မြင်လိုက်ရသည်နှင့် ထျန်းပုယီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဆိုးရွားလှသော ခံစားချက် တစ်ခုက ရင်ထဲ လွှမ်းခြုံလာတော့၏။
"ဒီကောင်လေးက ငါ့ကို ဒီနေရာမှာတင် အဆုံးသတ်ပစ်ဖို့ ကြံစည်နေတာလား" ထျန်းပုယီက စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
ကျန်းနင်၏ အရှိန်မှာ ယခင်ကထက် နှစ်ဆခန့် ပိုမို မြန်ဆန်လာခဲ့သည်။
သူတို့ကြားရှိ အကွာအဝေးမှာ ငါးပေခန့်ပင် မပြည့်တော့ချေ။
အစွမ်းကုန် ပေါက်ကွဲထွက်လာသော ကျန်းနင်၏ အရှိန်ကြောင့် အသက်တစ်ခါရှူစာမျှ အချိန်အတွင်းမှာပင် ထျန်းပုယီ၏ အပေါ်တည့်တည့်သို့ ဆိုက်ရောက်လာခဲ့လေပြီ။
"မောက်မာလိုက်တဲ့ ကောင်လေး"
ရေမျက်နှာပြင်သို့ တက်ရမည့် လမ်းကြောင်းပေါ်တွင် ပိတ်ဆို့နေသော ကျန်းနင်ကို မြင်တွေ့လိုက်ရသောအခါ ထျန်းပုယီက လက်ထဲရှိ ဓားရှည်ကို သွေးကြောများ ဖောင်းကြွလာသည်အထိ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရင်း ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
သူ့မျက်နှာ အမူအရာမှာ ဒေါသကြောင့် နီမြန်းလို့နေသည်။
သူက တုန်းလင်ခရိုင်တွင် ဆယ်စုနှစ် တစ်ခုကျော်ကြာ သောင်းကျန်းလာခဲ့သူဖြစ်ပြီး သူ့ဂုဏ်သတင်းက နေရာအနှံ့ ပျံ့နှံ့နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ မဟုတ်ပါလား။
သူ့လက်များဖြင့် သတ်ဖြတ်ခဲ့သော အသက်ပေါင်းမှာလည်း မရေမတွက်နိုင်အောင်ပင်ရှိသည်။
ယခုလို သာမန် ကောင်လေး တစ်ယောက်၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံရမည်ဟု သူ တစ်ခါမှ တွေးမထားခဲ့ဖူးပေ။
အထူးသဖြင့် ကျန်းနင်မှာ သူ့အမြင်တွင် အလွယ်တကူ ဖမ်းဆီးနိုင်သော သားကောင်လေး တစ်ကောင် ဖြစ်နေရာမှ ယခုလို အခြေအနေ ပြောင်းပြန် ဖြစ်သွားရခြင်းက သူ့အား အလွန်အမင်း စော်ကားလိုက်သလို ခံစားနေရသည်။
အပေါ်စီးမှ နေရာယူထားသော ကျန်းနင်က သူ့အား မော့ကြည့်နေသည့် ထျန်းပုယီကို အေးစက်စွာ ငုံ့ကြည့်လိုက်လေသည်။
"ဒီနေ့ ငါ့စွမ်းရည်တွေ ဘယ်လောက်ထိ တိုးတက်လာလဲ ဆိုတာ စမ်းသပ်ကြည့်ရအောင်..."
"ပြီးတော့ အဆင့်ရှစ် သိုင်းပညာရှင် တစ်ယောက်ရဲ့ တကယ့် အစွမ်းက ဘယ်လောက်ထိရှိလဲ ဆိုတာပါ သိရတာပေါ့"
ထို့နောက် ကျန်းနင်၏ အတွေးများ ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်၏ ကန့်သတ်ချက်များကို ချက်ချင်း ဖယ်ရှားပစ်လိုက်တော့သည်။
ဒုတ်...
သူ့နှလုံးသားက ဗုံကို တူဖြင့် ထုနှက်လိုက်သကဲ့သို့ ပြင်းထန်စွာ ခုန်ပေါက်သွားပြီး ရင်ဘတ်ထဲတွင် တုန်ခါသွား၏။
နှလုံးခုန်သံ တစ်ချက်ချင်းစီတိုင်းမှာ ယခင်အချက်များထက် ပိုမို မြန်ဆန်ပြီး ပြင်းထန်လို့လာသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင်...
သူ့နှလုံးခုန်သံများမှာ အဆက်မပြတ် တီးခတ်နေသော စစ်ဗုံသံပမာ။
ပွက်ပွက်ဆူနေသော သွေးများက ခန္ဓာကိုယ်အနှံ့ လျင်မြန်စွာ လှည့်ပတ်စီးဆင်းသွားပြီး ကျန်းနင်ကို ကြီးမားသော စွမ်းအားတစ်ခု ပိုင်ဆိုင်လိုက်ရသကဲ့သို့ ခံစားလာရစေသည်။
ထိုအချိန်တွင် သူ့အရေပြားများမှာလည်း အနည်းငယ် နီရဲလာပြီး သူငယ်အိမ်များ ပြူးကျယ်လာကာ တစ်ကိုယ်လုံး စိတ်လှုပ်ရှား တက်ကြွသည့် အခြေအနေသို့ ရောက်ရှိသွားလေပြီ။
ဤကဲ့သို့ အခြေအနေအောက်တွင် စိတ်ထဲရှိ စိုးရိမ်ပူပန်မှုများနှင့် အနည်းငယ် ကြောက်ရွံ့နေမှု အစရှိသော အနုတ်လက္ခဏာ ခံစားချက် အားလုံး လျင်မြန်စွာ ကင်းစင်သွားတော့သည်။
ညာဘက်လက်ထဲရှိ ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်နှင့် စွမ်းအင်များက သူ့လက်မောင်း တစ်လျှောက် စီးဆင်းသွား၏။
"လေးဆင့် ခွန်အားကို ပေါင်းစပ်ပြီး ငါ့ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက် အားလုံးကို ဖယ်ရှားလိုက်ပြီ..."
"အဆင့်ရှစ် သိုင်းပညာရှင် တစ်ယောက်က ဒီတိုက်ခိုက်မှုကို ခံနိုင်ရည် ရှိမလား ကြည့်ကြသေးတာပေါ့"
ကျန်းနင်က အောက်တွင်ရှိသော ထျန်းပုယီကို ငုံ့ကြည့်ရင်း စိတ်ထဲမှ တွေးတောနေမိသည်။
ဟုတ်ပေသည်။
ဤတစ်ကြိမ်တွင် သူက အားကိုးရဆုံး ဝှက်ဖဲဖြစ်သည့် ငါးဆင့် ခွန်အား၏ ပေါက်ကွဲအားကို အသုံးပြုရန် မရွေးချယ်ခဲ့ချေ။
သူက လေးဆင့် ခွန်အားကိုသာ ရွေးချယ်ခဲ့၏။
အကြောင်းမှာ ငါးဆင့် ခွန်အား ဆိုသည်မှာ ကျန်းနင် အနေဖြင့် ပေါ့ပေါ့ဆဆ စမ်းသပ်ရန် မဝံ့ရဲသော အရာဖြစ်နေ၍ပင်။
သုံးဆင့် ခွန်အားနှင့် ပတ်သက်၍မူ... ထျန်းပုယီလို သန်မာသော ပြိုင်ဘက်ကို ရင်ဆိုင်ရာတွင် ကျန်းနင် အနေဖြင့် လျှော့မတွက်ရဲပေ။
ထို့ကြောင့်သာ သူက လေးဆင့် ခွန်အားကို ထုတ်လွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ယခင်က သူ၏ ခန္ဓာကိုယ်ပေါ်တွင် သုံးဆင့် ခွန်အားကို အသုံးပြု၍ စမ်းသပ်ခဲ့ဖူးသောကြောင့် လက်ရှိ သူ့ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက လေးဆင့် ခွန်အား၏ ပေါက်ကွဲအားကို အပြည့်အဝ ခံနိုင်ရည်ရှိကြောင်း သူ နားလည်ထားပြီး ဖြစ်တော့သည်။
End
***