လော့ရွှေမြစ်ဘေး…
အရှေ့ဘက် ခြံဝင်းအတွင်း…
မိမိနေအိမ်သို့ ပြန်ရောက်လာချိန်တွင်တော့ ကျန်းနင် တစ်ကိုယ်လုံး ပေါ့ပါးလွတ်လပ်သွားသလို ခံစားလိုက်ရလေသည်။
ထို့နောက် သူက ရရှိလာသော ပစ္စည်းများကို ခြံဝင်းထဲတွင် ခင်းကျင်းလိုက်၏။
"နောက်ဆုံးတော့ အသီးအပွင့်တွေကို ခံစားရမယ့်အချိန် ရောက်လာပြီပဲ"
ကျန်းနင်က သေတ္တာကို ဖွင့်လိုက်ပြီး ရွှေရောင် တောက်ပနေသော ဆေးလုံးဝိုင်းဝိုင်းလေး တစ်လုံးကို လက်ထဲ ထည့်လိုက်သည်။
…
သူ့ရှေ့ရှိ ခိုဥအရွယ် ဆေးလုံးကို ကြည့်ရင်း မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များက တလက်လက် တောက်ပလို့နေ၏။
ကျားသစ်သန္ဓေ ကိုယ်ထည်ပုံဖော်ဆေး။
သောက်သုံးပြီး ချေဖျက်လိုက်သည်နှင့် လူတစ်ယောက်၏ မွေးရာပါ အခြေခံအရိုးအဆစ်ကို မြှင့်တင်ပေးနိုင်ပြီး သွေးချီစွမ်းအင်များကို အားဖြည့်ပေးကာ ကြွက်သားများနှင့် အရိုးများကို သန်မာစေနိုင်စွမ်း ရှိပေသည်။
နောက်တစ်ခဏ၌...
သူက ဆေးလုံးကို လျှာပေါ် တင်လိုက်ရာ တံတွေးများနှင့် ထိတွေ့သွားသည်နှင့် တစ်ပြိုင်နက် ဆေးလုံး၏ အပြင်ဘက် အလွှာမှာ ချက်ချင်း အရည်ပျော်သွားတော့သည်။
ဆေးအာနိသင်ကို ပိတ်လှောင်ထားသည့် အပြင်လွှာ အရည်ပျော်သွားမှုနှင့်အတူ ကျန်းနင်မှာ ပါးစပ်ထဲတွင် ပြင်းရှပြီး ချိုမြိန်သော ဆေးရနံ့တစ်ခု ပေါက်ကွဲထွက်လာသည်ကို ချက်ချင်း ခံစားလိုက်ရ၏။
သူ တစ်ကိုယ်လုံး ယစ်မူးသာယာမှုထဲ လုံးလုံးလျားလျား နစ်မြုပ်သွားလေပြီ။
"တကယ်ကို မွှေးကြိုင်လွန်းတာပဲ" သူက အာမေဍိတ်သံဖြင့် ရေရွတ်လိုက်သည်။
ထို့နောက် တံတွေးကို အနည်းငယ် မျိုချလိုက်သည်နှင့် ခိုဥအရွယ် ဆေးလုံးမှာ သူ၏ ဝမ်းဗိုက်ထဲသို့ ချောမွေ့စွာ လျှောဆင်းသွားတော့၏။
မျက်စိတစ်မှိတ် အတွင်းမှာပင်…
ဘုန်း...
သူ့ခန္ဓာကိုယ်ကြီး ပေါက်ကွဲထွက်တော့မည့်အလား ခံစားလိုက်ရပြီး ဧရာမ ဆေးအာနိသင်ကြီး တစ်ခုက သူ၏ ခြေလက်များနှင့် အရိုးများတစ်လျှောက် ပျံ့နှံ့သွားလေသည်။
ဆေးအာနိသင်များ ပျံ့နှံ့သွားသည်နှင့်အမျှ သူ၏ ကြွက်သားများနှင့် အရိုးများမှာ ကျင်စက်နှင့် အတို့ခံရသလို နာကျင်လာခဲ့သည်။ ခြေလက်များနှင့် အရိုးများမှာလည်း တဖြည်းဖြည်း လိမ်ကောက်သွားသကဲ့သို့ ခံစားလာရ၏။
"ဒီလောက်တောင် ကြမ်းတမ်းတဲ့ ဆေးအာနိသင်မျိုးလား"
သူက စိတ်ထဲမှ အံ့အားသင့်စွာ ရေရွတ်လိုက်ပြီး အလျင်အမြန်ပင် စိတ်ကို စုစည်းကာ နာကျင်မှုကို ခုခံနိုင်ရန် ရှိသမျှ ခွန်အား အကုန်ထုတ်သုံးလိုက်တော့သည်။
အမွှေးတိုင် တစ်တိုင်စာ လောင်ကျွမ်းချိန် ကြာမြင့်ပြီးနောက်…
တစ်ကိုယ်လုံးရှိ ထုံကျဉ်နာကျင်မှုများ လျော့ကျသွားသည်ကို သူ ခံစားလိုက်ရပြီး ရေပူစမ်း တစ်ခုထဲ စိမ်နေရသည့်အလား ဖြစ်သွားပေသည်။
နွေးထွေးမှုက တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပြီး သက်တောင့်သက်သာ ရှိမှုက အတွင်းမှနေ၍ အပြင်သို့ ပျံ့နှံ့လာခဲ့သည်။
ဤအခိုက်အတန့်တွင် နာကျင်မှုများဖြင့် ပြည့်နှက်နေသော ငရဲဘုံမှနေ၍ သုခဘုံသို့ ရောက်ရှိသွားသကဲ့သို့ပင်။
နာကျင်မှုမှသည် သက်တောင့်သက်သာ ဖြစ်မှုဆီသို့ ကူးပြောင်းသွားခြင်းက သာယာကြည်နူးမှုကို ချက်ချင်း နှစ်ဆ တိုးသွားစေပြီး သူ့အား အတိုင်းမသိ ဝမ်းမြောက်သွားစေတော့၏။
"လူတစ်ယောက်ရဲ့ မွေးရာပါ အခြေခံအရိုးအဆစ်ကို မြှင့်တင်ပေးနိုင်တဲ့ ဆေးလုံးပီပီ ဒီဆေးအာနိသင်က တကယ်ကို ပြိုင်ဘက်ကင်းလောက်အောင် လွှမ်းမိုးနိုင်စွမ်း ရှိတာပဲ"
ကျန်းနင်က ခန္ဓာကိုယ်အတွင်းရှိ အပြောင်းအလဲများကို ခံစားရင်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
ထိုစဉ် သူ၏ ဝမ်းဗိုက်ထဲတွင် ဆေးလုံး တည်ရှိနေဆဲ ဖြစ်ကြောင်း သူ ခံစားနေရဆဲပင်။
ချက်ချင်းဆိုသလို သူက စိတ်အာရုံကို စုစည်း၍ ခန္ဓာကိုယ် အတွင်းပိုင်းကို စစ်ဆေးကြည့်လိုက်သည်။
သူ၏ အတွင်းပိုင်း စစ်ဆေးမှုအောက်တွင် ဝမ်းဗိုက်ထဲရှိ ဆေးလုံးမှာ အရွယ်အစား အနည်းငယ်မျှသာ သေးငယ်သွားပြီး ပါးလွှာသော အပြင်လွှာ တစ်ခုဖြင့် ရစ်ပတ်လျက် ရွှေရောင် တောက်ပကာ ဝိုင်းစက်နေဆဲ ဖြစ်သည်ကို ရုတ်တရက် မြင်တွေ့လိုက်ရ၏။
"ဒါဆို ဒီလိုကိုး"
အတွင်းပိုင်းကို စစ်ဆေးပြီး ဆေးလုံးကို မြင်လိုက်ရချိန်တွင်…
သူ ရုတ်တရက် သဘောပေါက်သွားတော့သည်။
ကျားသစ်သန္ဓေ ကိုယ်ထည်ပုံဖော်ဆေးအား မရေမတွက်နိုင်သော အလွှာပါးလေးများဖြင့် ရစ်ပတ်ဖုံးအုပ်ထားခြင်း ဖြစ်ပေသည်။
အပြင်ဘက်ဆုံး အလွှာမှာ ဆေးအာနိသင်များ လွင့်စင်မသွားစေရန်နှင့် အစွမ်းသတ္တိ ပျက်ပြယ်ယိုယွင်းမှုကို ကာကွယ်ရန် ပြုလုပ်ထားသော ဆေးအပေါ်ယံလွှာဖြစ်၏။
ဆေးလုံး၏ အတွင်းပိုင်းနှင့် ပတ်သက်၍မူ ယခုအခါတွင် အလွှာများစွာကို ခွဲခြားကာ ဆေးလုံးတစ်လုံး အဖြစ် ဖွဲ့စည်းထားကြောင်း ရှင်းလင်းသွားလေပြီ။
ယခု သူက အပြင်ဘက်ရှိ အလွှာကိုသာ ချေဖျက်ရသေးသောကြောင့် ဆေးလုံးမှာ အနည်းငယ်မျှသာ သေးငယ်သွားခြင်းပင်။
ဤဆေးလုံး၏ ချေဖျက်မှု လုပ်ငန်းစဉ်ကို ကြိုတင် သတ်မှတ်ထားကြောင်း ထင်ရှားလှသည်။
အလွှာတစ်ခုကို ချေဖျက်ပြီးနောက် နောက်တစ်လွှာ အရည်ပျော်ရန် အချိန်အနည်းငယ် ယူရမည် ဖြစ်ပြီး ယင်းက ခန္ဓာကိုယ်ကို ဤပြင်းထန်လှသော ဆေးအာနိသင်အား ခံနိုင်ရည်ရှိစေရန် လုံလောက်သော အချိန် ပေးစွမ်းနိုင်မည် မဟုတ်လော။
မွေးရာပါ အခြေခံအရိုးအဆစ်ကို မြှင့်တင်ပေးနိုင်သည့် ဆေးအာနိသင်။
"တကယ့်ကို သေသပ်လှပလွန်းတယ်"
အကြောင်းစုံကို နားလည်သွားသည်နှင့် ကျန်းနင်တစ်ယောက် စိတ်ထဲမှ မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားရလေသည်။
ဤဆေးလုံး၏ ဖော်စပ်မှု နည်းလမ်းနှင့် အသေးစိတ် ဂရုစိုက်မှုတို့ကို ကြည့်ခြင်းအားဖြင့် ဆေးဘုရင် တောင်ကြား အနေဖြင့် ဤဆေးလုံးကို ဖန်တီးရာတွင် မည်မျှ အလေးထား ကြိုးပမ်းခဲ့ကြောင်း ကျန်းနင် မြင်တွေ့နိုင်ပေသည်။
သူတို့၏ အလွန် ရှုပ်ထွေးလှသော ဆေးဖော်စပ်မှု ပညာရပ်မှာ အသုံးပြုသူများအတွက် လိုအပ်ချက်ကို လျှော့ချပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သေချာလှ၏။
အကြောင်းမှာ လူတစ်ယောက်၏ မွေးရာပါ အခြေခံအရိုးအဆစ်ကို ပြောင်းလဲရခြင်းမှာ မလွှဲမရှောင်သာ အလွန် ခက်ခဲသော အလုပ်တစ်ခု ဖြစ်နေ၍ပင်။
၎င်းမှာ တဖြည်းဖြည်းချင်း မသိမသာ ပြောင်းလဲသွားမည့် လုပ်ငန်းစဉ်တစ်ခု လိုအပ်ပေသည်။
လူ့ခန္ဓာကိုယ်တစ်ခု ဖွဲ့စည်းရန် ကိုယ်ဝန်ဆောင်ကာလ ဆယ်လ အချိန်ယူရသကဲ့သို့ ထိုဆယ်လက လူတစ်ယောက်၏ မွေးရာပါ ကိုယ်ခံစွမ်းအားကို ပုံဖော်ပေးခဲ့သည် မဟုတ်ပါလား။
မွေးဖွားပြီးနောက် ဆေးဝါးများဖြင့် ပြုပြင်ပြောင်းလဲရာတွင် အကယ်၍ ထိုလုပ်ငန်းစဉ်ကို အချိန်တိုအတွင်း ပြီးမြောက်စေမည်ဆိုပါက ခန္ဓာကိုယ်က လုံးဝ ခံနိုင်ရည် ရှိမည် မဟုတ်ချေ။ အကယ်၍ ခံနိုင်ရည် ရှိခဲ့လျှင်ပင် အချိန်တိုအတွင်း ပေါက်ကွဲထွက်လာမည့် ဆေးအာနိသင်များကို သိုင်းပညာ အခြေခံ အားနည်းသူများ အနေဖြင့် ထိန်းချုပ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။
"လက်ရှိ အခြေအနေကို ကြည့်ရသလောက် ဒီဆေးတစ်လုံးတည်းနဲ့တင် အချိန်အကြာကြီး ချေဖျက်ဖို့ လုံလောက်နေပြီပဲ" ကျန်းနင်က စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်သည်။
သူ့ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် အာရုံခံကြည့်ပြီးနောက် ထူးခြားမှု ဘာမှ မရှိတော့ကြောင်း သေချာသွားမှသာ သူ မျက်လုံးများကို ဖွင့်လိုက်၏။
ထို့နောက် သူက မတ်တတ်ရပ်၍ လက်သီးကို ဆုပ်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ခု ကွဲပြားနေကြောင်း ချက်ချင်း ခံစားလိုက်ရသည်။
"ငါ့ခွန်အားတွေ ထပ်တိုးလာသလိုပဲ"
သူက လက်သီးကို နောက်တစ်ကြိမ် ဆုပ်၍ ခံစားကြည့်ပြီးနောက် ခိုင်မာစွာ ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်တယ်... ငါ့ခွန်အားတွေ တကယ်ကို တိုးလာတာ"
"ဒီကျားသစ်သန္ဓေ ကိုယ်ထည်ပုံဖော်ဆေးက ဆေးဘုရင် တောင်ကြားရဲ့ နာမည်အကြီးဆုံး ဆေးတွေထဲက တစ်ခုဆိုတဲ့ ဂုဏ်သတင်းနဲ့ တကယ်ကို ထိုက်တန်တာပဲ... အာနိသင်ကတော့ ယုံမှားသံသယ ဝင်စရာ မလိုဘူး"
"ငါက ဆေးလုံး မျက်နှာပြင်ပေါ်က ပထမဆုံး အလွှာရဲ့ အာနိသင်ကိုပဲ ချေဖျက်ရသေးတယ်... ငါ့ခွန်အားတွေက သိသိသာသာကို တိုးတက်လာခဲ့ပြီ... ထျန်းပုယီ ဒီလောက်တောင် သန်မာနေတာ အံ့ဩစရာ မဟုတ်တော့ဘူး... ဖျားနာနေတာတောင် ငါ့ရဲ့ အစွမ်းကုန် ခုတ်ချလိုက်တဲ့ ဓားလေးချက်ကို အထိအခိုက် မရှိဘဲ ခံနိုင်ရည် ရှိခဲ့တာပဲ"
"ကံကောင်းလို့ သူ့ရဲ့ အတွင်းဒဏ်ရာတွေက ငါ့ရဲ့ ဓားချက် လေးချက်ကြောင့် ပေါက်ကွဲထွက်သွားတာ... မဟုတ်ရင် ငါ တကယ်ပဲ သူ့ကို အနိုင်ယူနိုင်ခဲ့မှာ မဟုတ်ဘူး"
သူ့ကိုယ်တွင်းရှိ အပြောင်းအလဲများကို ခံစားကြည့်ပြီးနောက် သူ၏ အကြည့်တို့က အရှေ့ရှိ သွေးကြာပန်းထက်သို့ ကျရောက်သွားလေသည်။
သူ့ရှေ့ရှိ သွေးကြာပန်းကို ကြည့်ရင်း မျက်လုံးများထဲတွင် ဝမ်းမြောက်မှု အရိပ်အယောင်များ ပေါ်လွင်လာ၏။
ရေကန်ထဲမှ တွေ့ရှိခဲ့သော ဤသွေးကြာပန်းမှာ အနှစ်ငါးဆယ် သက်တမ်းရှိပြီး ငွေရှစ်ရာတန်ကြေး ရှိပေသည်။ ဤသည်မှာလည်း မမျှော်လင့်ထားသော နောက်ထပ် ဝမ်းမြောက်စရာ တစ်ခုပင်။
အရေးအကြီးဆုံးမှာ ဤသွေးကြာပန်းမှတစ်ဆင့် ကျန်းနင် အနေဖြင့် ဓနဥစ္စာ ရှာဖွေနိုင်မည့် လမ်းကြောင်းသစ် တစ်ခုကို ရှာဖွေတွေ့ရှိသွားခြင်း ဖြစ်သည်။
ဤကျယ်ပြောလှသော လော့ရွှေရေကန်ကြီးမှာ သူ၏ အနာဂတ် ဥစ္စာဓနများ စီးဆင်းရာ ရင်းမြစ်တစ်ခု ဖြစ်လာပေတော့မည်။
နှစ်ပေါင်းများစွာ ကြာမြင့်လာသည်နှင့်အမျှ လော့ရွှေရေကန်ထက်တွင် လှေသင်္ဘောပေါင်း မရေမတွက်နိုင်အောင် သွားလာခဲ့ကြပြီး အချိန်ကြာလာသည်နှင့်အမျှ မတော်တဆမှုများစွာ ဖြစ်ပွားခဲ့ကာ လှေသင်္ဘောများစွာ ရေကန်အောက်ခြေသို့ နစ်မြုပ်သွားခဲ့မည်မှာ သေချာလှ၏။
သူ လုပ်ရမည့်အရာမှာ နစ်မြုပ်နေသော သင်္ဘောပျက် အချို့ကို ရှာဖွေရုံသာ။ ထိုမှတစ်ဆင့် ကြီးမားသော ဓနဥစ္စာများကို သူ တူးဖော်နိုင်ပေလိမ့်မည်။
ထို့အပြင် ရေကန်အောက်ခြေတွင် သဘာဝ ရတနာသိုက်ကြီးတစ်ခု လဲလျောင်းနေသည်ကိုလည်း ထည့်သွင်း စဉ်းစားရဦးမည် မဟုတ်လော။
ရေကူးခြင်းနှင့် ရေအောက် အသက်ရှူနိုင်သော စွမ်းရည်များကို ပိုင်ဆိုင်ထားသဖြင့် သူ ရေဖိအားကို ခံနိုင်ရည်ရှိမည့် မည်သည့် နေရာမဆို သူ့အတွက်တော့ ခြံနောက်ဖေးပမာ ဖြစ်ပြီး ဆုပ်ကိုင်နိုင်သော ရတနာသိုက်ကြီး တစ်ခုပင်။
ယခု အနှစ်ငါးဆယ် သက်တမ်းရှိ သွေးကြာပန်းကို သူ ရှာဖွေတွေ့ရှိခဲ့သကဲ့သို့ပင် ဖြစ်ပေသည်။
ဤအချက်ကြောင့်ပင် ဆေးဘုရင် တောင်ကြားမှ ထျန်းပုယီအား ဖမ်းဆီးရန် ဆုကြေးထုတ်ထားသော ရွှေတစ်ရာတိတိကို သူ ပို၍ပင် ဂရုမစိုက်တော့ချေ။
အနာဂတ်တွင် သူ ပိုက်ဆံအတွက် ပူပန်နေစရာ မလိုတော့ကြောင်း ကျန်းနင် ကောင်းကောင်း သိထားလေပြီ။
သူ အမှန်တကယ် လိုအပ်နေသည်မှာ ဓနဥစ္စာများဖြင့် ဝယ်ယူ၍ မရနိုင်သော အရာများသာ ဖြစ်သည်။
ယခု ကျားသစ်သန္ဓေ ကိုယ်ထည်ပုံဖော်ဆေး နှစ်လုံး ကဲ့သို့သော အရာမျိုးပင်။
ထိုအရာများမှာ အဖိုးတန်ဆုံး ပစ္စည်းများဖြစ်ပြီး ငွေဖြင့် ဝယ်ယူ၍ မရနိုင်သောအရာများ ဖြစ်ပေသည်။
သို့မဟုတ် အခြားတစ်နည်းပြောရလျှင် ပုံမှန် ဈေးနှုန်းဖြင့် ဝယ်ယူ၍ ရနိုင်သောအရာများ မဟုတ်ချေ။
ထိုကျားသစ်သန္ဓေ ကိုယ်ထည်ပုံဖော်ဆေး နှစ်လုံးနှင့် နှိုင်းယှဉ်လျှင် ရွှေတစ်ရာတိတိ ဆိုသည်မှာ ဘာမှ မဟုတ်တော့ပေ။
ရှေ့ရှိ သွေးကြာပန်းကို ကြည့်ရင်း ကျန်းနင်က ကြာဖတ် တစ်ဖတ်ကို ခြွေယူလိုက်သည်။
ကြာဖတ်ကို ခြွေယူလိုက်သည်နှင့် စုတ်ပြဲသွားသော နေရာမှ သွေးနှင့် တူသည့် အနီရဲရဲ အရည်များ စိမ့်ထွက်လာတော့၏။
ဤသည်မှာ သွေးကြာပန်းဟူသော အမည်၏ မြစ်ဖျားခံရာပင် ဖြစ်သည်။ ကြာပန်း တစ်ခုလုံးမှာ သွေးကဲ့သို့ နီရဲသော အရောင်ရှိပြီး အမြစ်များတွင်မူ လူ့သွေးများ စီးဆင်းနေသကဲ့သို့ပင် ထင်မှတ်ရလေသည်။
ထို့နောက် ကျန်းနင်က ထိုကြာဖတ်ကို ပါးစပ်ထဲသို့ အလျင်အမြန် ထည့်လိုက်ပြီး အကြိမ်အနည်းငယ် ဝါးကာ တစ်စမကျန် မျိုချလိုက်တော့သည်။
ဝူး...
နောက်တစ်ခဏ၌…
ကျန်းနင်က နှာခေါင်းမှနေ၍ ပူနွေးသော လေများကို ဆက်တိုက် မှုတ်ထုတ်လိုက်၏။
သူ့ခန္ဓာကိုယ် အပူချိန်မှာ လျင်မြန်စွာ မြင့်တက်လာသည်ကို ခံစားလိုက်ရပြီး သူ၏ သွေးချီစွမ်းအင်များမှာလည်း လှုံ့ဆော်ခံလိုက်ရသည့်အလား ပွက်ပွက်ဆူကာ ထိန်းချုပ်မရအောင် ဟိန်းဟောက်လာတော့သည်။
"တကယ့်ကို ကြောက်စရာကောင်းတဲ့ ဆေးအာနိသင်ပဲ"
ကျန်းနင်က တိတ်တဆိတ် အံ့အားသင့်သွားပြီးနောက် မတ်တတ်ရပ်ကာ သူ၏ လက်သီးသိုင်းများကို စတင် လေ့ကျင့်တော့၏။
သူက ဤလက်သီးသိုင်း လေ့ကျင့်မှုများကို အသုံးပြု၍ ပြိုင်ဘက်ကင်းလှသော ဆေးအာနိသင်နှင့် ထွက်ပေါက်မရှိဘဲ ခန္ဓာကိုယ်အတွင်း ပေါက်ကွဲထွက်လာသော စွမ်းအင်များကို ချေဖျက်ရန် ကြိုးပမ်းလိုက်လေတော့သည်။
End
***