ချန်းလန် သိုင်းသင်တန်းကျောင်း…
"တိတ်တိတ်နေကြစမ်း..."
ဝမ်ကျင်း စကားစလိုက်သည်နှင့် ခြံဝင်း တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။
ထို့နောက် သူက ရှောင်ဖန်ကို ကြည့်၍ မေးလိုက်၏။
"မင်းနဲ့ ကျန်းနင် ဘယ်သူက ပိုသာသလဲ ဆိုတာကို မင်း တကယ်ပဲ သိချင်နေတာလား..."
ရှောင်ဖန်က ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့ပါ... ဆရာဝမ်ရဲ့ လိုအပ်ချက်တွေကို ကျွန်တော် ဖြည့်ဆည်းပြီးပြီ ဆိုတော့ ကျန်းနင်နဲ့ ကျွန်တော့်ရဲ့ စွမ်းရည်တွေကို မစမ်းသပ်ဘဲ ဒီအတိုင်း လက်မလျှော့နိုင်ပါဘူး... စစ်ဆေးရေးရုံး ဆိုတာက အခွင့်အရေး တစ်ခုမှန်း၊ ကျွန်တော့် ကံကြမ္မာကို ပြောင်းလဲပေးနိုင်မယ့် အခွင့်အရေး တစ်ခုမှန်း ကျွန်တော် သိပါတယ်... ဒါကြောင့် ဒီအခွင့်အရေးကို သေချာပေါက် ဆုပ်ကိုင်ထားရမှာပါ..."
"ကောင်းပြီလေ..." ဝမ်ကျင်းက ခေါင်းညိတ်လိုက်၏။
"ဒါ မင်းရဲ့ အခွင့်အရေးပဲ... ဒီစည်းကမ်းကို ငါ သတ်မှတ်ခဲ့တာ ဆိုတော့ ဒါက မင်းရဲ့ အခွင့်အရေး ဖြစ်လာတာပေါ့... ငါ ကျန်းနင်ကို အကြောင်းကြားပြီး နောက်သုံးရက်နေရင် မင်းတို့နှစ်ယောက် ဘယ်သူက ပိုသာသလဲ ဆိုတာကို ယှဉ်ပြိုင်ဖို့ စီစဉ်ပေးမယ်..."
...
"ကျေးဇူးတင်ပါတယ် ဆရာဝမ်..." ရှောင်ဖန်၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားပြီး ရိုသေစွာ ဦးညွှတ်လိုက်သည်။
ထိုစကားကြားလျှင် လူအုပ်ကြီး၏ မျက်နှာများမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားပြီး ပွဲကြည့်ရန် အသင့်ဖြစ်နေကြလေပြီ။
နောက်သုံးရက် အကြာတွင် မည်သူ အနိုင်ရသည်ဖြစ်စေ ဝမ်ကျင်း၏ တိုက်ရိုက်တပည့် ဖြစ်လာမည် ဖြစ်ပြီး စစ်ဆေးရေးရုံး၏ အကဲဖြတ်ပွဲတွင်လည်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည်မှာ ထင်ရှားနေသည် မဟုတ်ပါလား။
…
အခြားတစ်ဖက်တွင်မူ...
ချန်ရန်တစ်ယောက် ကျန်းနင်၏ အိမ်သို့ သွားရောက်ခဲ့သော်လည်း ကျန်းနင်မှာ အပြင်သို့ ထွက်သွားပြီ ဖြစ်ကြောင်းသာ သိလိုက်ရ၏။
သူ ခဏတာ စဉ်းစားလိုက်ပြီးနောက် အတူပါလာသော နောက်လိုက်အား သိုင်းသင်တန်းကျောင်းသို့ ပြန်၍ အကြောင်းကြားခိုင်းလိုက်ပြီး သူကိုယ်တိုင်ကမူ ကျန်းနင် ပြန်လာမည့် အချိန်ကို ခြံဝင်းထဲတွင် တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်တော့သည်။
ဝမ်ဟွာ အဆောက်အအုံ…
ကျန်းနင်တစ်ယောက် ဝင်ပေါက်မှ ဝင်ရောက်လာသည်နှင့် ပြီးခဲ့သည့် အကြိမ်က တွေ့ခဲ့ဖူးသော အစေခံ မိန်းကလေးက ချက်ချင်း လာရောက် ဆီးကြိုလေသည်။
"မိန်းကလေးလွီ... ကျွန်တော်တို့ ထပ်တွေ့ပြန်ပြီနော်..." ကျန်းနင်က ပြုံး၍ နှုတ်ဆက်လိုက်၏။
အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးကလည်း နွေးထွေးစွာ ပြုံးရွှင်လျက် ယဉ်ကျေးစွာ အရိုအသေပေးသည်။
"သခင်လေးကျန်းကို ဂါရဝပြုပါတယ်... ဒီနေ့ ဘာကိစ္စများ ရှိလို့ပါလဲရှင်... လိုအပ်တာ တစ်ခုခုများ ရှိလို့လား..."
ကျန်းနင်က "ကျွန်တော် ပစ္စည်းတချို့ ရောင်းချင်လို့ပါ..."
"နားလည်ပါပြီ..." မိန်းကလေးလွီက ယဉ်ကျေးစွာ ခေါင်းညိတ်လိုက်သည်။
"ကျေးဇူးပြုပြီး ကျွန်မနောက်ကနေ ဧည့်ခန်းဆောင်ကို လိုက်ခဲ့ပေးပါ... ပစ္စည်းတွေကို အကဲဖြတ်ပေးဖို့ အကြီးအကဲချန်ကို ကျွန်မ သွားခေါ်လိုက်ပါ့မယ်..."
"ဒါဆိုရင်လည်း မိန်းကလေးလွီကိုပဲ ဒုက္ခပေးရတော့မှာပေါ့..." ကျန်းနင်က ဆိုလိုက်၏။
မိန်းကလေးလွီ၏ ဦးဆောင်မှု နောက်သို့ လိုက်ပါသွားရင်း မကြာမီမှာပင် ပထမထပ်ရှိ ဧည့်ခန်းဆောင် တစ်ခုသို့ ကျန်းနင် ရောက်ရှိသွားတော့သည်။
ခဏအကြာတွင်...
ကျန်းနင်တစ်ယောက် လက်ဖက်ရည် သောက်နေစဉ် ဧည့်ခန်းဆောင်တံခါး ပွင့်လာခဲ့၏။
ယခုတစ်ကြိမ်တွင် လူသုံးယောက် ဝင်ရောက်လာပြီး ထိုအထဲမှ နှစ်ယောက်ကို ကျန်းနင် အတော်လေး ရင်းနှီးကျွမ်းဝင်နေလေပြီ။
သူတို့မှာ ဝမ်ဟွာ အဆောက်အအုံ၏ တာဝန်ခံ တစ်ဦးဖြစ်သော တာဝန်ခံ ဟန်ဟုန်မေနှင့် အစေခံ မိန်းကလေးလွီတို့ပင်။
အခြားတစ်ယောက်မှာမူ အသက် ခုနစ်ဆယ် အရွယ်ခန့် ရှိပြီဖြစ်သော အဘိုးအိုတစ်ဦးဖြစ်ပြီး ဖြူဖွေးသော မျက်ခုံးမွှေးများနှင့် ပညာရှိဟန် ပေါက်ကာ တောက်ပသော မျက်လုံးများကို ပိုင်ဆိုင်ထား၏။
ကျန်းနင် မတ်တတ်ထရပ်လိုက်သည်။
တာဝန်ခံ ဟန်ဟုန်မေက ပြုံးရွှင်စွာဖြင့်... "မတွေ့ရတာ ကြာပြီနော် သခင်လေးကျန်း..."
"တာဝန်ခံဟန်... ခင်ဗျားကိုလည်း မတွေ့ရတာ ကြာပြီပဲ..." ကျန်းနင်ကလည်း ခပ်ဟဟ ပြုံး၍ နှုတ်ဆက်လိုက်၏။
ထို့နောက် ဟန်ဟုန်မေက "ကျွန်မ မိတ်ဆက်ပေးပါရစေ..."
စကားပြောနေရင်း သူမ၏ ဝမ်းဗိုက်ပေါ်တွင် တင်ထားသော လက်ကို ဖယ်ရှား၍ အဘိုးအိုထံသို့ လှမ်းပြလိုက်၏။
"ဒါက ကျွန်မတို့ အဆောက်အအုံမှာ အမြင်အကျယ်ဆုံးဖြစ်တဲ့ အကြီးအကဲချန်ပါ... သခင်လေးကျန်းက ပစ္စည်းတချို့ ရောင်းချင်တယ်လို့ကြားလို့ အကြီးအကဲချန်က သခင်လေးအတွက် အကဲဖြတ်ပေးပါလိမ့်မယ်..."
ထိုစကား ကြားလျှင် ကျန်းနင်က အဘိုးအိုအား ဦးညွှတ်လိုက်သည်။
"အကြီးအကဲချန်... တွေ့ရတာ ဝမ်းသာပါတယ် ခင်ဗျာ..."
"မင်းအကြောင်း ငါ ကြားဖူးပါတယ်..." အကြီးအကဲချန်က ကျန်းနင်ကို ကြည့်ရင်း သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ထင်ဟပ်နေ၏။
"ရှန်ချုံးယွမ်က မင်းကို အထင်ကြီးနေတာဆိုတော့... မင်းမှာ တကယ်ပဲ ထူးခြားတဲ့ အရည်အချင်းတွေ ရှိနေမှာ အသေအချာပဲ..."
"အကြီးအကဲချန်က မြှောက်ပြောလွန်းပါပြီ..." ကျန်းနင်က ပြန်ဖြေလိုက်သည်။
ထိုစဉ် ဟန်ဟုန်မေက ဝင်ပြောလေ၏။
"အားလုံး ထိုင်ကြပါဦး... ပြီးမှ ဆက်ဆွေးနွေးကြတာပေါ့..."
ထို့နောက် သူမ အနောက်ဘက်ရှိ အစေခံ မိန်းကလေးကို လှည့်ကြည့်၍... "မိန်းကလေးလွီ... လက်ဖက်ရည် သွားယူချေ..."
"ဟုတ်ကဲ့ပါ တာဝန်ခံရှင်..." မိန်းကလေးလွီက ယဉ်ကျေးစွာ အရိုအသေပေးပြီးနောက် လက်ဖက်ရည် ပြင်ဆင်ရန် အလုပ်ရှုပ်သွားတော့သည်။
အားလုံး နေရာယူပြီးနောက်...
အကြီးအကဲချန်က ကျန်းနင်ကို မေးလေသည်။
"မင်း ဘာပစ္စည်းတွေ ရောင်းချင်တာလဲ ဆိုတာ သိခွင့်ရမလား..."
ကျန်းနင်က ပြန်လည် မေးခွန်းထုတ်လိုက်သည်။
"ဝမ်ဟွာ အဆောက်အအုံမှာ ရောင်းချသူတွေရဲ့ အချက်အလက်တွေကို ဘယ်တော့မှ ထုတ်မပြောဘူးဆိုတဲ့ စည်းကမ်း ရှိတယ်လို့ ကြားဖူးတယ်..."
"သေချာတာပေါ့..." ဟန်ဟုန်မေက အလျင်အမြန် ဖြေကြားလိုက်၏။
"ဝမ်ဟွာ အဆောက်အအုံမှာ ဖောက်သည်တွေရဲ့ အချက်အလက်က အလွန် လျှို့ဝှက်ထားရတဲ့ ကိစ္စပါ... ဘယ်အရာမှ ရာနှုန်းပြည့် သေချာတယ်လို့ မရှိပေမဲ့ ဝမ်ဟွာ အဆောက်အအုံက ဖောက်သည် တစ်ယောက်ရဲ့ အချက်အလက်ကို ထုတ်ပြောဖို့ဆိုတာ အဆောက်အအုံ ပိုင်ရှင် ကိုယ်တိုင် နှုတ်က ထွက်မှ ရပါလိမ့်မယ်... မဟုတ်ရင်တော့ ဘယ်သူမှ လုပ်ပိုင်ခွင့် မရှိပါဘူး..."
ထိုစကား ကြားရသဖြင့် ကျန်းနင် ပို၍ပင် စိတ်သက်သာရာ ရသွားတော့သည်။
ဝမ်ဟွာ အဆောက်အအုံ၏ တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများ အကြောင်းကို သူ အစောပိုင်းကတည်းက သိရှိထားခဲ့ပြီး ဖြစ်၏။
ဤအဆောက်အအုံမှာ ဖောက်သည်များ၏ အချက်အလက်များနှင့် ပတ်သက်၍ အလွန် လျှို့ဝှက်ထားပြီး ဖောက်သည် အချက်အလက် ပေါက်ကြားသည့် ဖြစ်စဉ်မျိုး တစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူးချေ။
ယခု ဟန်ဟုန်မေ၏ စကားအရ အပြည့်အဝ လျှို့ဝှက်ထားမည်ဟု အာမခံချက် မရှိသော်လည်း ဝမ်ဟွာ အဆောက်အအုံ ပိုင်ရှင် ကိုယ်တိုင် နှုတ်မှ မပြောသရွေ့ ဖောက်သည်များ၏ အချက်အလက်များမှာ လုံခြုံနေမည်သာ ဖြစ်သည်။
ဤစကားက ကျန်းနင်အား စိုးရိမ်ပူပန်မှုများ ကင်းဝေးစေရုံသာမက သူ၏ ယုံကြည်မှုကိုပင် ပိုမို တိုးပွားလာစေခဲ့၏။
သူက တခြားသူများ သိရှိသွားမည်ကို စိုးရိမ်စရာ မလိုဘဲ မှောင်ခို ပစ္စည်းများကို ဝမ်ဟွာ အဆောက်အအုံတွင် လွတ်လပ်စွာ ရောင်းချနိုင်ပေပြီ။
ဤသည်မှာ နှစ်ရာပေါင်းများစွာ တည်တံ့လာခဲ့သော ဝမ်ဟွာ အဆောက်အအုံ၏ စီးပွားရေး ဂုဏ်သိက္ခာပင်ဖြစ်ရာ ယုံကြည် စိတ်ချရပေသည်။
ဟန်ဟုန်မေ ပြောသကဲ့သို့ပင် မည်သည့်အရာမှ ရာနှုန်းပြည့် သေချာသည်ဟူ၍ မရှိပေ။
အကယ်၍ တစ်စုံတစ်ယောက်က အဆောက်အအုံ ပိုင်ရှင်ကို နှုတ်မှ ထုတ်ပြောလာအောင် လုပ်နိုင်စွမ်း ရှိမည် ဆိုပါက အစစ်အမှန် လျှို့ဝှက်ထားမှု ဆိုသည်မှာ ရှိလာမည် မဟုတ်တော့ချေ။
ဤသည်မှာ ယုတ္တိတန်လှပေသည်။
ထို့နောက်...
ကျန်းနင်က သူ၏ ဘေးတွင် ချထားသော အထုပ်ကို ဖြေလိုက်ပြီးနောက် အနက်ရောင် လက်အိတ် တစ်စုံ၊ သံသဲလက်ဝါး ဟု အမည်ရသော သိုင်းကျမ်း တစ်အုပ်နှင့် ဓားမြှောင် တစ်လက်တို့ကို ထုတ်ယူလိုက်၏။
အနက်ရောင် လက်အိတ်မှာ ထျန်းပုယီထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။
သံသဲလက်ဝါး သိုင်းကျမ်းမှာမူ ဟုန်ချန်ထောင်ထံမှ ရရှိခဲ့ခြင်းပင်။
ဓားမြှောင်ကတော့ ဟုန်ချန်ထောင်၏ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ထံမှ ရရှိခဲ့ခြင်း ဖြစ်လေသည်။
ကျန်းနင်က ထိုပစ္စည်းများကို အထုပ်ထဲမှ ထုတ်ယူလိုက်သည်ကို မြင်လျှင် အကြီးအကဲချန်၏ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်များ ခဏတာ ဖြတ်ပြေးသွား၏။
သူက ဓားမြှောင်ကို အရင်ဆုံး ကောက်ယူ၍ ပေါ့ပေါ့ပါးပါးတစ်ချက် ကြည့်လိုက်ပြီးနောက် လက်ထဲတွင် အလေးချိန် ချိန်ဆကြည့်ကာ ဓားသွားကို လက်ချောင်းဖြင့် ခပ်ဖွဖွ ပုတ်၍ ထွက်ပေါ်လာသော အသံကို နားထောင်လိုက်သည်။
အကြီးအကဲချန်က စကားစလာ၏။
"ဒီဓားမြှောင်က လက်နက် သန့်စင်တဲ့ ဆိုင်က သံမဏိကို အကြိမ် (၁၃၀) လောက် သန့်စင်ပြီးမှ သွန်းလုပ်ထားတာပဲ... အဲဒီဆိုင်မှာ ရောင်းမယ် ဆိုရင်တော့ ငွေတုံး (၁၅၀) လောက် တန်ကြေးရှိတယ်..."
"အခု ပြန်လည် ဝယ်ယူရတာ ဖြစ်တဲ့အတွက် သုံးဆယ် ရာခိုင်နှုန်း လျှော့ပြီး ငွေတုံး (၁၀၅) တုံး သတ်မှတ်ပေးမယ်..."
"ဘယ်လို သဘောရလဲ..."
ထိုစကားများ အဆုံးတွင် သူက ကျန်းနင်ကို မော့ကြည့်လိုက်၏။
ကျန်းနင်က တည်ငြိမ်သော အမူအရာဖြင့် ခေါင်းညိတ်လေသည်။
"လက်ခံပါတယ်..."
ဆက်လက်၍...
အကြီးအကဲချန်က ဓားမြှောင်ကို ချထားလိုက်ပြီးနောက် သံသဲလက်ဝါး ဟု အမည်ရသော သိုင်းကျမ်းကို ကောက်ယူလိုက်သည်။
သူက အကြမ်းဖျင်း လှန်လှော ကြည့်ရှုပြီးနောက်... "သံသဲလက်ဝါးက အောက်ခြေအဆင့် ကျင့်စဉ် တစ်ခုဖြစ်ပြီး နေရာအနှံ့မှာ တွေ့နိုင်တာမို့ သိပ်ပြီး တန်ဖိုး မကြီးလှဘူး... ဒီလို အသေးစိတ် ရေးသားထားတဲ့ သံသဲလက်ဝါး သိုင်းကျမ်းမျိုးက ပုံမှန်အားဖြင့် ဈေးကွက်ထဲမှာ ငွေတုံး (၅၀၀) လောက် တန်တယ်..."
"အခု ပြန်လည် ဝယ်ယူရတာ ဖြစ်တဲ့အတွက် သုံးဆယ် ရာခိုင်နှုန်း လျှော့ပြီး ငွေတုံး (၃၅၀) သတ်မှတ်ပေးမယ်..."
ထိုစကားများ အဆုံးတွင် အကြီးအကဲချန်က ကျန်းနင်ကို ထပ်မံ မော့ကြည့်လိုက်ပြန်သည်။
ကျန်းနင်က တည်ငြိမ်စွာပင် ခေါင်းညိတ်ပြလိုက်ဆဲပင်…
အကြီးအကဲချန်က သိုင်းကျမ်းကို ဘေးသို့ ဖယ်ထားလိုက်ပြီး အနက်ရောင် လက်အိတ် တစ်စုံကို ကောက်ယူလိုက်၏။
ယခုတစ်ကြိမ်တွင်မူ သူက အသေအချာ စစ်ဆေးနေလေပြီ။
စစ်ဆေးသည့် နည်းလမ်း မျိုးစုံကို အသုံးပြုကာ... လက်ဖြင့် စမ်းသပ်ခြင်း၊ ပါးပြင်နှင့် ပွတ်တိုက်ကြည့်ခြင်း၊ နောက်ဆုံးတွင် သွားဖြင့်ပင် ကိုက်ကြည့်သေး၏။
အချိန်အတော်ကြာ အသေအချာ စစ်ဆေးပြီးနောက်...
နောက်ဆုံးတွင် အကြီးအကဲချန်က ထျန်းပုယီထံမှ ရလာသော ထိုလက်အိတ်များကို ချထားလိုက်တော့သည်။
အကြီးအကဲချန်က "ဒီလက်အိတ်တွေက နည်းနည်းတော့ ထူးခြားတယ်... အင်မတန် တန်ဖိုးကြီးမားတဲ့ ကျောက်စိမ်းနက် ရွှမ်ပင့်ကူက ထုတ်လုပ်တဲ့ ပိုးမျှင်တွေနဲ့ ရက်လုပ်ထားတာပဲ... ဒီလို ပိုးမျှင်မျိုးရဲ့ ခိုင်ခံ့မှုက ရွှမ်ရွှေနဲ့တောင် ယှဉ်နိုင်တယ်... ဒါကြောင့် ရွှမ်ရွှေ ပင့်ကူနက်မျှင် လို့တောင် ခေါ်ကြတာ..."
"ဒီပိုးမျှင်တွေက အင်မတန် ခိုင်ခံ့တယ်... ရေမစိုနိုင်သလို ဓားနဲ့ ခုတ်ရင်တောင် မပြတ်နိုင်ဘူး... ဒါကြောင့် ဒီပစ္စည်းက အရမ်း တန်ဖိုးကြီးတာ..."
"ပြီးတော့ ဒါက အစုံလိုက် ရှိနေတဲ့ လက်အိတ် တစ်စုံလေ..."
"ငါ့ရဲ့ ခန့်မှန်းချက် အရဆိုရင် ဈေးကွက်ထဲမှာ ငွေတုံး (၅၀၀၀) လောက် တန်တယ်..."
"အခု ပြန်လည် ဝယ်ယူရတာ ဖြစ်တဲ့အတွက် သုံးဆယ် ရာခိုင်နှုန်း လျှော့ပြီး တွက်လိုက်ရင် ငွေတုံး (၃၅၀၀) ကျသင့်တယ်..."
"သခင်လေးကျန်း အနေနဲ့ ဒီဈေးကို လက်ခံနိုင်ပါ့မလား..."
အသေအချာ နားထောင်ပြီးနောက် ကျန်းနင်က ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။ "လက်ခံပါတယ်..."
ထိုအချိန်မှသာ ဟန်ဟုန်မေက ဝင်ရောက် စကားဆိုတော့၏။
"သခင်လေးကျန်း... ဒီပစ္စည်း သုံးခုပေါင်းရင် ငွေတုံး (၃၉၅၅) တုံး ကျသင့်ပါတယ်... ကျွန်မက တာဝန်ခံ တစ်ယောက် အနေနဲ့ အပြည့်အဝ ဖြစ်သွားအောင် ငွေတုံး လေးထောင်တိတိ သတ်မှတ်ပေးလိုက်မယ်... သခင်လေးကျန်းကော ဒါကို သဘောကျရဲ့လား..."
ကျန်းနင်က ခေါင်းညိတ်လိုက်ကာ "ကောင်းပါပြီ..."
"ဝမ်ဟွာ အဆောက်အအုံရဲ့ စီးပွားရေး ဂုဏ်သိက္ခာကို ကျွန်တော် ယုံကြည်ဆဲပါ..."
ကျန်းနင်၏ ချီးကျူးစကားကို ကြားလျှင် ဟန်ဟုန်မေက ပြုံးရွှင်စွာဖြင့်... "ဒါဆိုရင်လည်း ငွေလက်မှတ်တွေ သွားယူဖို့ လူလွှတ်လိုက်ရမလား..."
ထိုစကားကြားသည်နှင့် ကျန်းနင်က ချက်ချင်း တားလိုက်သည်။
"မလောပါနဲ့ဦး..."
"သခင်လေးကျန်းမှာ တခြား ကိစ္စများ ရှိသေးလို့လားရှင်..." ဟန်ဟုန်မေက ကျန်းနင်ကို မော့ကြည့်လိုက်၏။
ကျန်းနင်က "ကျွန်တော် တခြား ပစ္စည်းတချို့ ဝယ်ချင်သေးလို့ပါ... ပြီးမှ အားလုံး ပေါင်းတွက်လိုက်တာပေါ့... အလုပ်လည်း ရှုပ်သက်သာတာပေါ့..."
"ကောင်းပါပြီရှင်... သခင်လေးကျန်း သဘောကျသလိုသာ စီစဉ်ပါ့မယ်..." ဟန်ဟုန်မေက သဘောတူလိုက်လေသည်။
End
***