အနေရခက်သွားချေပြီ။
စကားထွက်သွားသည်နှင့် မိမိစကားမှားသွားကြောင်း ချူလျန်သတိပြုမိလိုက်သည်။
ဂိုဏ်းတူအစ်မကျန်းက သူမသည် နတ်မိုးကြိုး ယင်ရွှေအမြုတေဖြစ်ကြောင်း ယခုလေးတင် ပြောထားပြီးရာ၊ မိမိက နတ်မိုးကြိုး ယင်ရွှေအမြုတေနှင့် ကျင့်ကြံဖက်ပြုလုပ်လိုကြောင်း ဆက်တိုက်ဆိုသလို ပြောလိုက်မိသဖြင့် နားထောင်ရသည်မှာ အတော်လေး ထူးဆန်းနေလေ၏။
သေချာဆက်ပြီး မတွေးဝံ့တော့ပေ။
သို့သော် ရှင်းပြရန်လည်း နည်းလမ်းမရှိချေ။
'ခင်ဗျား လုံးဝ အထင်လွဲသွားပြီ... ကျုပ်က အရုပ်လေးနဲ့ ကျင့်ကြံဖက် လုပ်ချင်တာပါ... လူအစစ်နဲ့ မဟုတ်ပါဘူး' ဟု ပြောရမည်လော။
ဟူး...။
သူသည် အခြေအနေကို ရယ်ကျဲကျဲလုပ်၍သာ ဖုံးကွယ်လိုက်ပြီး ပြောလိုက်လေသည်။ "ကျုပ်က ဒီအတိုင်းသက်သက် မေးကြည့်ရုံပါ... ဒါနဲ့ ဒီရက်ပိုင်းအတွင်း ကျုပ်ရဲ့ အဆောင်ဓားသိုင်းက ထပ်ပြီး တိုးတက်လာတယ်... အဆောင်သုံးမျိုးပါတဲ့ ဓားသိုင်းကိုတောင် ကျင့်ကြံအောင်မြင်သွားပြီ..."
"ဟွန့်..."
ကျန်းယွဲ့ပိုင်က သူမ၏အကြည့်ကို ညင်သာစွာ လွှဲဖယ်လိုက်ပြီး ချူလျန်၏ လျင်မြန်သော တိုးတက်မှုနှုန်းအပေါ် ကျင့်သားရနေပုံဖြင့် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ "ထုတ်သုံးပြစမ်းပါဦး... ငါ ကြည့်ရအောင်..."
ချူလျန်သည် ချက်ချင်းမတ်တတ်ရပ်လိုက်ပြီး ဓားပျံကို ဆင့်ခေါ်လိုက်လေသည်။
သူသည် အဆောင်ဓားသိုင်းကို လေ့လာခြင်းအား တစ်ကြိမ်တစ်ခါမျှ မရပ်နားခဲ့ပေ။ မကြာသေးမီက အတော်လေးနက်နဲခက်ခဲသော မိုးကြိုးအဆောင်စာလုံးကို ကျင့်ကြံအောင်မြင်ခဲ့ပေသည်။ မိုးကြိုးပညာရပ်သည် မွေးရာပါ ယင်ဓာတ်နှင့် မကောင်းဆိုးဝါးများကို နှိမ်နင်းနိုင်သဖြင့် ဤအဆောင်သည် မိစ္ဆာများကို သုတ်သင်ရာတွင် အထူးအာနိသင်ရှိလေ၏။
ထို့နောက် မကြာမီမှာပင် သူသည် အဆောင်သုံးမျိုးပါသော ဓားသိုင်းကို ကျင့်ကြံအောင်မြင်ခဲ့ခြင်း ဖြစ်လေ၏။
ယခင်က လေ့ကျင့်ပြီးနောက် ဆက်လက်တိုးတက်မလာခဲ့ခြင်းမှာ သူ၏ ဉာဏ်ရည်မမီသောကြောင့် မဟုတ်ဘဲ ကျင့်ကြံခြင်းအဆင့် မလုံလောက်သောကြောင့် ဖြစ်ကြောင်း ထင်ရှားလှပေသည်။ ကျင့်ကြံခြင်းအဆင့် တိုးတက်လာသည်နှင့်အမျှ သူ ထုတ်ဖော်နိုင်သော အဆောင်အရေအတွက်မှာလည်း လိုက်ပါတိုးတက်လာခြင်း ဖြစ်လေသည်။
ရွှစ်... ရွှစ်... ရွှစ်...
ဓားအလင်းတန်းသည် လေထဲတွင် ပျံဝဲနေ၏။ ချူလျန်သည် သူ၏ရလဒ်ကို ကျန်းယွဲ့ပိုင်အား ရည်ရွယ်ချက်ရှိရှိ ပြသလိုသဖြင့် လေ၊ မီးနှင့် မိုးကြိုး အဆောင်သုံးမျိုးကို မျက်စိတစ်မှိတ်အတွင်း တစ်ခုပြီးတစ်ခု ရေးဆွဲလိုက်ပြီးနောက် လက်ညှိုးဖြင့် ရှေ့သို့ ညွှန်ပြလိုက်လေသည်။
ဝုန်း...
ဤအဆောင်သုံးမျိုး ပေါင်းစပ်သွားသောအခါ ကောင်းကင်မိုးကြိုးနှင့် မြေကမ္ဘာမီးတောက်များအလား ကြီးမားလှသော တွင်းကြီးတစ်ခုကို ပေါက်ကွဲထွက်သွားစေပြီး စွမ်းအားမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုကြီးမားလာချေသည်။
ချူလျန်၏ ကျင့်ကြံခြင်းအဆင့် တဖြည်းဖြည်း နက်ရှိုင်းလာသည်နှင့်အမျှ အဆောင်ဓားသိုင်း၏ စွမ်းအားမှာ နောက်ဆုံးတွင် တဖြည်းဖြည်း ထင်ရှားပေါ်လွင်လာခဲ့လေ၏။
ကျန်းယွဲ့ပိုင်သည် ကြည့်ရှုပြီးနောက် မည်သည့်ခံစားချက်မျှ မရှိသကဲ့သို့ ပုံမှန်သာဖြစ်သည်ဟု ယူဆကာ ခေါင်းကို ညင်သာစွာညိတ်လျက် "မဆိုးပါဘူး..." ဟု မှတ်ချက်ချလိုက်လေသည်။
သူမ၏ သာမန်တုံ့ပြန်မှုအပေါ် ချူလျန်အနေဖြင့် အံ့သြခြင်းမရှိပေ။ မိမိကိုယ်မိမိ တိုးတက်မှုမြန်ဆန်ပြီး စွမ်းအားကြီးမားသည်ဟု ထင်မှတ်နေသော်လည်း ၎င်းမှာ မိမိနှင့် နှိုင်းယှဉ်လျှင်သာ ဖြစ်ပေ၏။ ဂိုဏ်းတူအစ်မကျန်းအတွက်မူ ကလေးကစားနေသည်မျှသာ ဖြစ်ပေလိမ့်မည်။
သူမက ရုတ်တရက် မေးလိုက်လေသည်။ "နင် ရှောင်းယွင်ရှေးဟောင်းဓားရဲ့ ပုံတူတစ်လက် သွန်းလုပ်ခဲ့တယ်ဆို... ဘာလို့ မသုံးတာလဲ..."
"အာ..." ချူလျန်က ပြုံးလိုက်ရင်း လက်ကိုလှန်ကာ ဝူချန်ဓားကို ထုတ်ယူလိုက်ပြီး "ကျုပ်က ပုံမှန်အချိန်မှာ အရမ်း ထင်ပေါ်လွန်းနေမှာစိုးလို့ အရင်သိမ်းထားလိုက်တာပါ..." ဟု ရှင်းပြလိုက်လေသည်။
ဤကဲ့သို့သော ဓားကောင်းတစ်လက် ပိုင်ဆိုင်ထားကြောင်း သတင်းပျံ့နှံ့သွားမည်ကို သူ အမှန်တကယ် မလိုလားပေ။ သို့သော် ကျန်းယွဲ့ပိုင်ကမူ ဤကိစ္စကို သိရှိထားပြီး ဖြစ်လေ၏။
မည်သို့ပင်ဆိုစေကာမူ ဤဓားမှာ သူမ၏ ဆရာသခင်ပိုင်ဆိုင်သော နတ်ဘုရားဓား၏ ပုံတူဖြစ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် သူမရှေ့တွင် ထုတ်ပြရသည်မှာ ဘာမျှမဖြစ်လှပေ။
ကျန်းယွဲ့ပိုင်သည် လက်ညှိုးနှင့်လက်ခလယ်ဖြင့် ဝူချန်ဓား၏ ကြည်လင်တောက်ပနေသော ဓားကိုယ်ထည်ကို ညင်သာစွာ ပွတ်သပ်လိုက်ရာ မျက်လုံးများထဲတွင် အလင်းရောင်များ တောက်ပနေတော့သည်။
"တကယ်ကို ဓားကောင်းတစ်လက်ပဲ... ငါ့မှာတောင် ရှောင်းယွင်ရှေးဟောင်းဓားရဲ့ ပုံတူမရှိသေးတာကို နင်က အရင်ရသွားတယ်ပေါ့လေ..."
"ဘယ်လိုပဲဖြစ်ဖြစ် ပြင်ပပစ္စည်းတစ်ခုပါပဲဗျာ... ကျုပ်လိုလူမျိုးက နတ်ဘုရားဓားကို ကိုင်ဆောင်ထားရင်တောင် ဂိုဏ်းတူအစ်မကျန်းလောက် စွမ်းမှာ မဟုတ်ပါဘူး..." ချူလျန်က ရယ်မောပြီး ပြောလိုက်လေသည်။
"နင်သာ စိတ်နှစ်ပြီး ကျင့်ကြံမယ်ဆိုရင် ငါ့အဆင့်ကိုမီလာမယ့်ရက်က သိပ်မဝေးတော့ဘူးလို့ ယုံကြည်တယ်..." ကျန်းယွဲ့ပိုင်က ရိုးသားစွာ ပြောလိုက်သည်။
"ဂိုဏ်းတူအစ်မကျန်းကို မှီဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ..." ချူလျန်က ထောက်ခံလိုက်လေ၏။
"ဟင်..." ကျန်းယွဲ့ပိုင်တစ်ယောက် မျက်မှောင်ကြုတ်သွားပြီး တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားလိုက်ရလေသည်။
(စကားချပ် - အထက်က မှီက စာလုံးပေါင်းမှားတာမဟုတ်ဘူးနော်။ စကားကိုက အီစီကလီသဘောဘက်ကို ရောက်သွားလို့။)
ချူလျန်သည် ချက်ချင်းပင် စကားလမ်းကြောင်းလွှဲလိုက်ပြီး ပြောလိုက်လေသည်။ "အဲဒီအချိန်ကျရင် ဂိုဏ်းတူအစ်မကျန်းက ကျုပ်ကို ပြိုင်ဘက်တစ်ယောက်လို သဘောထားပြီး... နတ်ဘုရားစွမ်းရည်တွေ မသင်ပေးဘဲနေမှာကိုတော့ စိုးရိမ်မိသား..."
"စိတ်ချပါ... အနည်းဆုံးတော့ အဲဒီအချိန်ရောက်ရင် နင် သင်ယူသင့်တာတွေ အကုန်လုံးကို သင်ယူပြီးလောက်ပြီ ဖြစ်မှာပါ..."
ကျန်းယွဲ့ပိုင်က သူ့ကို မျက်စောင်းထိုးလိုက်ပြီး အေးဆေးစွာ ဆက်ပြောလိုက်ပြန်သည်။ "နင် အရင်ဆုံး ရွှေအမြုတေအဆင့်ကို ရောက်အောင် ကြိုးစားလိုက်ဦး... နင် ရွှေအမြုတေအဆင့် ရောက်လာတဲ့အခါကျရင် ငါ နင့်ကို အင်မော်တယ်မန္တန် သင်ပေးမယ်..."
ချူလျန်၏ မျက်လုံးများ ချက်ချင်းပင် အရောင်တောက်သွားတော့သည်။ "ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်မ..."
ခဏအကြာတွင် သူတို့နှစ်ဦး နှုတ်ဆက်ခွဲခွာလိုက်ကြပြီး၊ ချူလျန်က ငွေဓားတောင်ထွတ်သို့ ပြန်သွားကာ ကျန်းယွဲ့ပိုင်မှာမူ ထိုနေရာတွင် ခေတ္တမျှ ဆက်လက် နေရစ်ခဲ့လေသည်။
သူမသည် ချူလျန် ပေါက်ကွဲစေခဲ့သော တောင်နံရံမှ တွင်းကြီးကို ကြည့်ရင်း ယခင်က ပေါ့ပေါ့ပါးပါး အမူအရာများ ပျောက်ကွယ်သွားပြီး၊ အနည်းငယ် ဇဝေဇဝါဖြစ်နေသော မျက်နှာအမူအရာက အစားထိုး နေရာယူလာတော့သည်။
'သူ ဘယ်လိုလုပ် ဒီလောက်မြန်မြန် ကျင့်ကြံနိုင်ရတာလဲ...'
'ငါ့ရဲ့ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းလာတဲ့ အင်မော်တယ်ဝိညာဉ်ခန္ဓာကပဲ အတုဖြစ်နေလို့လား...'
'မဖြစ်နိုင်ပါဘူးလေ...'
'ဒီအတိုင်း ဆက်ပြီး အေးအေးဆေးဆေး နေနေလို့ မဖြစ်တော့ဘူး... ငါ တံခါးပိတ်ကျင့်ကြံမှ ရတော့မယ်...'
‘ဟုတ်တယ်...'
...
"မြို့စားမင်း တံခါးပိတ်ပြီး ဒဏ်ရာကုသနေတာ လနဲ့ချီ ကြာနေပြီ... အမှောင်ဘုရင်ဂိုဏ်းထဲမှာလည်း အခြေအနေတွေ အမျိုးမျိုး ပြောင်းလဲနေပြီး ငါတို့ရပ်တည်စရာနေရာတောင် ပျောက်တော့မယ့် အခြေအနေပဲ..."
မည်သည့်နေရာမှန်းမသိရသော ထူထပ်သည့် တောအုပ်ကြီးတစ်ခုအတွင်း၌ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသူ နှစ်ဦးသည် လျှို့ဝှက်စွာ တွေ့ဆုံနေကြလေ၏။
သူတို့နှစ်ဦးလုံးသည် ခေါင်းစွပ်ပါသော အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး လျှို့ဝှက်နည်းစနစ်များမှတစ်ဆင့် အရိပ်များဖြင့် မျက်နှာကို ဖုံးကွယ်ထားကြကာ အသံကိုပင် ပြောင်းလဲထားလောက်ပေသည်။ ဂိုဏ်း၏ စည်းမျဉ်းစည်းကမ်းများမှာ ဤအတိုင်းပင်ဖြစ်ပြီး သူတို့၏ အထောက်အထားကို သက်သေပြနိုင်သည်မှာ ဝိညာဉ်ချုပ်တံဆိပ်ပြား တစ်ခုတည်းသာ ရှိလေသည်။
ကွာခြားချက်မှာ ဘယ်ဘက်မှ အနက်ရောင်ဝတ်ရုံရှင်၏ ရင်ဘတ်တွင် 'တောင်' ဟူသော ရွှေရောင်စာလုံးကို ထိုးနှံထားပြီး၊ ညာဘက်မှ အနက်ရောင်ဝတ်ရုံရှင်၏ ရင်ဘတ်တွင် 'အနောက်တောင်' ဟူသော စာလုံးနှစ်လုံးကို ထိုးနှံထားခြင်းပင် ဖြစ်ချေ၏။
အမှောင်ဘုရင်ဂိုဏ်းချုပ်၏ လက်အောက်တွင် လက်ဝဲ၊ လက်ယာ အစောင့်အရှောက်များနှင့် ငရဲခန်းမဆောင်လေးခု ရှိလေသည်။ လက်ယာအစောင့်အရှောက် ခရမ်းရွှေမြို့စား၏ လက်အောက်တွင်မူ အရပ်ရှစ်မျက်နှာ လမ်းပြသူများ၊ မြေကမ္ဘာမိစ္ဆာတမန်တော် (၂၄) ဦးနှင့် ဝိညာဉ်ချုပ်သူ (၇၂) ဦး ရှိကြပေသည်။
ယခု သူတို့နှစ်ဦးမှာ တောင်ပိုင်းလမ်းပြသူနှင့် အနောက်တောင်ပိုင်းလမ်းပြသူတို့ ဖြစ်ကြပြီး တစ်စုံတစ်ရာအတွက် အငြင်းပွားနေကြပုံ ရလေသည်။
"ဒီလိုအချိန်မျိုးမှာ... မင်းက ငါ့လူတွေအကုန်လုံးကို ခေါ်ပြီး မင်းနဲ့အတူ ကျန်းနန်တောင်တန်းထဲကို သွားပြီး စွန့်စားစေချင်သေးတာလား..."
အနောက်တောင်ပိုင်းလမ်းပြသူမှာ အတော်လေး စိတ်လှုပ်ရှားနေပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "အကယ်၍ လူအင်အားသာ ဆုံးရှုံးသွားရင် ငါတို့မှာ နောင်ကျရင် အခြေအနေကို ပြန်လှန်ဖို့ အရင်းအနှီးတောင် ရှိတော့မှာ မဟုတ်ဘူး..."
မျက်နှာချင်းဆိုင်မှ တောင်ပိုင်းလမ်းပြသူကမူ အလောတကြီးမရှိဘဲ ဖြည်းညင်းစွာ စကားစလိုက်သည်။ "အရပ်ရှစ်မျက်နှာ လမ်းပြသူတွေထဲက လေးယောက်က တခြားခန်းမဆောင်သခင်တွေဆီ ခိုလှုံသွားကြပြီ... ငါတို့ ကျန်ရစ်နေတဲ့သူတွေက ပိုပြီး စည်းလုံးညီညွတ်သင့်တယ်... မြောက်ပိုင်းငရဲခန်းမဆောင်က ငါ့ဆီကို နောက်ဆုံးရာဇသံ ပေးပို့ထားပြီးပြီ... လက်မခံရင် သေရမယ်တဲ့... မင်းလည်း အဲဒီသတင်းကို ရပြီးပြီလို့ ငါယုံကြည်တယ်..."
"ငါ ရထားတာကတော့ ဝတ်ရုံနီခန်းမဆောင်က ပို့လိုက်တဲ့ ခြိမ်းခြောက်မှုပဲ..." ဟု အနောက်တောင်ပိုင်းလမ်းပြသူက ပြောလိုက်လေသည်။
"မင်းရော ငါရော မြို့စားမင်းကို သစ္စာမဖောက်ချင်ကြဘူး... ဒါပေမဲ့ အခုအချိန်မှာ မြို့စားမင်းက ထွက်မလာနိုင်သေးဘူးလေ... ငါတို့က ဒီအတိုင်းဆက်ပြီး စောင့်နေမယ်ဆိုရင် သေမယ့်ရက်ကို ထိုင်စောင့်နေသလို ဖြစ်မနေဘူးလား..."
တောင်ပိုင်းလမ်းပြသူက ပြောလိုက်လေ၏။ "ငါက အသက်ရှင်ဖို့အတွက် ရုန်းကန်ချင်တာကွ..."
"မင်းပြောတဲ့ အသက်ရှင်ဖို့ ရုန်းကန်တယ်ဆိုတာက ကျန်းနန်တောင်တန်းရဲ့ အန္တရာယ်များတဲ့ နေရာထဲကို ဝင်ပြီး ရှိမရှိတောင် မသေချာတဲ့ စွမ်းအားကြီးဝိညာဉ်ကို သွားဖမ်းဖို့လား..." အနောက်တောင်ပိုင်းလမ်းပြသူ၏ လေသံထဲတွင် ပြင်းထန်သော သံသယများ ပြည့်နှက်နေချေသည်။
"ရှိမရှိ မသေချာရအောင် ဘာအကြောင်းရှိလို့လဲ..." တောင်ပိုင်းလမ်းပြသူက ပြတ်သားစွာ ပြောလိုက်၏။
"အဲဒီထဲမှာ အိပ်မောကျနေတဲ့ စွမ်းအားကြီးဝိညာဉ်တစ်ခု ရှိနေတယ်ဆိုတာ ငါ အသေအချာကို ယုံကြည်တယ်... ဒါပေမဲ့ ငါ တစ်ယောက်တည်း အင်အားနဲ့ကျတော့ အနားကို မကပ်နိုင်ဘူးလေ... ငါတို့သာ ပူးပေါင်းပြီး အဲဒီဝိညာဉ်ကို ငရဲဘုံကျမ်းထဲ ဖမ်းသွင်းနိုင်မယ်ဆိုရင် သတ္တမအဆင့်နဲ့ ယှဉ်နိုင်တဲ့ စစ်သည်တော်ဝိညာဉ်အဖြစ် သန့်စင်ပစ်လို့ ရတယ်...
အဲဒီအချိန်ကျရင် ခန်းမဆောင်သခင် လေးယောက်တောင်မှ ငါတို့ကို ကြောက်ရွံ့သွားရလိမ့်မယ်... ဒါမှသာ မြို့စားမင်း တံခါးပိတ်ကျင့်ကြံမှုကနေ ထွက်လာတဲ့အထိ ငါတို့ တောင့်ခံထားနိုင်မှာ..."
"မင်းက တကယ်ပဲ မြို့စားမင်းအပေါ် သစ္စာရှိလို့ ဒီလိုလုပ်တာ ဟုတ်ရဲ့လား..." အနောက်တောင်ပိုင်းလမ်းပြသူ၏ လေသံတွင် သံသယများ ပြည့်နှက်နေပြန်၏။
"သတ္တမအဆင့် တိုက်ခိုက်ရေးစွမ်းအား ရသွားရင် ကိုယ်ပိုင်ဂိုဏ်းတည်ထောင်ပြီး ထွက်သွားမှာကိုတောင် စိုးရိမ်ရသေးတယ်..."
"ငါက မြို့စားမင်းအပေါ် အကြွင်းမဲ့ သစ္စာရှိတယ်ကွ..." တောင်ပိုင်းလမ်းပြသူက ချက်ချင်း ပြောလိုက်လေသည်။
"တကယ်လို့ မင်းက ငါ့ကို သံသယရှိနေတယ်ဆိုရင် အဲဒီအချိန်ကျရင် ဝိညာဉ်ကို မင်းရဲ့ ငရဲဘုံကျမ်းထဲကို ထည့်ထားလိုက်လို့ ရတယ်... မင်းက ခရမ်းရွှေမြို့စားကို လုံးဝ သစ္စာမဖောက်ဘူးလို့ ကတိသစ္စာပြုရင် ရပြီ..."
ထိုစကားကို ကြားသောအခါ အနောက်တောင်ပိုင်းလမ်းပြသူမှာ ခေါင်းခါရုံသာ တတ်နိုင်တော့သည်။
ကြီးမားလှသော မြှူဆွယ်မှုအပေါ် သူ စိတ်မလှုပ်ရှားဘဲ ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကိုသာ ရှေ့နောက်စဉ်းစားနေမိသည်။ မိစ္ဆာဂိုဏ်းသားများသည် မိမိတို့ ဂိုဏ်းသားအချင်းချင်း လက်ချက်ဖြင့် သေဆုံးရမှုမှာ ပြင်ပလူများ၏ လက်ချက်ဖြင့် သေဆုံးရမှုထက် များစွာ လျော့နည်းနေမည် မဟုတ်ချေ။
မိစ္ဆာလမ်းစဉ်က ယခုတိုင် အားကောင်းနေဆဲ ဖြစ်ရခြင်းမှာ အောင်မြင်မှုကို လောဘတကြီးနှင့် လိုချင်သူများ အမြဲတစေ များပြားနေပြီး လိုလိုလားလား ဝင်ရောက်လာကြသော သွေးသစ်များ အဆက်မပြတ် ရှိနေသောကြောင့်ပင် ဖြစ်သည်။ ထို့နောက် ၎င်းတို့အထဲမှ ရိုးအသူများမှာ လျင်မြန်စွာပင် အာဟာရများအဖြစ် ပြောင်းလဲသွားကြပြီး ကောက်ကျစ်စဉ်းလဲသူများကို အားဖြည့်ပေးကြလေသည်။
မြှူဆွယ်မှုကို မခံနိုင်ခြင်းမှာ များသောအားဖြင့် တုံးအမှု၏ လက္ခဏာပင် ဖြစ်ချေသည်။
ထို့ကြောင့် အနောက်တောင်ပိုင်းလမ်းပြသူသည် ဤကိစ္စနှင့် ပတ်သက်၍ အလွန် သတိထားနေမိသည်။ မိမိမှာ အနည်းငယ်မျှ ပေါ့ဆမိသည်နှင့် တစ်စုံတစ်ယောက်၏ ထောင်ချောက်ထဲသို့ ကျဆင်းသွားပြီး အခြားသူများ၏ သားကောင် ဖြစ်သွားမည်ကို အလွန် ကြောက်ရွံ့နေမိသည်။
"မင်း ဘာကို စိုးရိမ်နေလဲဆိုတာ ငါသိပါတယ်..." တောင်ပိုင်းလမ်းပြသူက ဆက်လက် ဖျောင်းဖျလိုက်လေသည်။
"အဲဒီအချိန်ကျရင် ငါက လူတွေကို ခေါ်ပြီး ရှေ့ကနေ လမ်းရှင်းပေးမယ်... မင်းက ခွန်အားတွေကို သိမ်းဆည်းထားပြီး ငါ အကူအညီ လိုအပ်တဲ့အချိန်ကျမှ ဝင်ကူညီပေးလိုက်... ငါက မြို့စားမင်းအပေါ် အမြဲတမ်း သစ္စာအရှိဆုံးလူပါ... မင်း ငါ့ရဲ့ စေတနာကို ယုံကြည်သင့်တယ်..."
"ဒါဆို..." အနောက်တောင်ပိုင်းလမ်းပြသူ၏ လေသံမှာ အနည်းငယ် ပျော့ပျောင်းသွားပြီး "မင်းက အဲဒီ အန္တရာယ်များတဲ့ နေရာအကြောင်းကို ဘယ်လောက်လောက် သိထားလို့လဲ... ကျန်းနန်တောင်တန်းထဲမှာ အန္တရာယ်များတဲ့ နေရာတွေ အရမ်းများတယ်... တကယ်လို့များ ရှေးဟောင်း တားမြစ်နယ်မြေတွေထဲကို မဆင်မခြင် ဝင်သွားမိရင် လူဘယ်နှယောက် အသက်ပေးရပေးရ လုံလောက်မှာ မဟုတ်ဘူးနော်..." ဟု မေးလိုက်လေသည်။
"အမှန်အတိုင်း ပြောရရင် သိပ်အများကြီးတော့ မသိထားဘူး..." တောင်ပိုင်းလမ်းပြသူက ချက်ချင်းပင် အေးစက်စူးရှသော လေသံဖြင့် ပြန်ဖြေလိုက်လေ၏။
"အဲဒါကြောင့်မလို့ မင်းကို လက်အောက်ငယ်သားတွေ အစုံအလင်ပါအောင် ခေါ်လာခိုင်းရတာပေါ့..."
အနောက်တောင်ပိုင်းလမ်းပြသူမှာ သူ၏ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားလေသည်။ သူတို့နှစ်ဦး၏ ကျင့်ကြံခြင်းအဆင့်ဖြင့် ဆိုပါက အများဆုံး မြေကမ္ဘာမိစ္ဆာတမန်တော် အနည်းငယ်ခေါ်သွားရုံဖြင့် လုံလောက်ပေပြီ၊ ထိုဝိညာဉ်ချုပ်သူများမှာ အမှန်တကယ်တွင် မည်သည့်အကူအညီမျှ ပေးနိုင်မည် မဟုတ်ပေ။
၎င်းတို့ကို ခေါ်ဆောင်သွားရခြင်း၏ အကြောင်းရင်းအစစ်အမှန်မှာ သူတို့၏ အသက်များကို အသုံးပြု၍ လမ်းစမ်းသပ်ရန်သာ ဖြစ်ချေ၏။
"ကောင်းပြီလေ..." အနောက်တောင်ပိုင်းလမ်းပြသူက အချိန်အတော်ကြာ စဉ်းစားပြီးမှသာ သဘောတူလိုက်သော်လည်း အနည်းငယ်ပူပန်ဟန်ဖြင့် "ဒီခရီးစဉ်မှာ ဘာမှ မဖြစ်ပါစေနဲ့လို့ပဲ မျှော်လင့်ရတော့တာပေါ့..." ဟု တီးတိုးရေရွတ်လိုက်မိလေသည်။
ထိုအခါမှသာ တောင်ပိုင်းလမ်းပြသူက ရယ်မောလိုက်ပြီး "သေချာပေါက် ဘာမှဖြစ်မှာ မဟုတ်ပါဘူးကွ... ပြန်လာတာနဲ့ မင်းနဲ့ ငါ့ရဲ့ လက်ထဲမှာ သတ္တမအဆင့် စစ်သည်တော်ဝိညာဉ်တစ်ခု တိုးလာမှာ သေချာတယ်... အဲဒီအချိန်ကျရင်... ငှဲ... ငှဲ... ငှဲ..." ဟု ကြောက်မက်ဖွယ်ကောင်းအောင် ရယ်မောလိုက်တော့သည်။
***