ချူလျန်သည် ရေတံခွန်ဂူထဲမှ ထွက်လာချိန်တွင် အပြင်ဘက်၌ တဖွဲဖွဲရွာနေသော မိုးစက်များကို တွေ့လိုက်ရသည်။ မိုးစက်များမှာ ရွှေရောင်အဆင်းရှိနေပြန်လေ၏။
ကောင်းပါလေစွ... အခုတော့ ငါက ရွေ့လျားမိုးတိမ်တိုက်ကြီး ဖြစ်နေပြီပေါ့…။
သူသည် အထီးကျန်တောင်ထွတ်သို့ သွားရောက်ကာ ထိုနဂါးစစ်အား မေးမြန်းကြည့်ချင်စိတ် ဖြစ်ပေါ်မိတော့သည်။ အဘယ်ကြောင့် ဤနဂါးချီမိုးသည် လူတစ်ယောက်တည်းနောက်သို့ လိုက်၍ ရွာနေရသနည်းဟုပင်။
သို့သော် သူ အနည်းငယ်တော့ တွန့်ဆုတ်နေမိလေသည်။ မည်သို့ပင်ဖြစ်စေ ဤကိစ္စမှာ ကောင်းကျိုးလော၊ ဆိုးကျိုးလောဆိုသည်ကို သူ မသေချာသေးသဖြင့် ခေတ္တမျှ စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်တော့၏။
ငွေဓားတောင်ထွတ်သို့ ပြန်ရောက်သည့်အခါ တောင်ထိပ်ထက်၌ ဆူညံသံများဖြင့် ပြည့်နှက်နေသည်ကို ကြားလိုက်ရလေသည်။ ဟိန်းဟောက်သံများနှင့် "ဝူးဝူးဝါးဝါး" အော်မြည်သံများကြား၌ လျိုရှောင်ယွီလေး၏ ဟန့်တားသံလည်း ပါဝင်နေ၏။
"ပန်းခင်းလေးကို မနင်းနဲ့လေ" ဟူသတည်း။
ထိုနေရာတွင် ၎င်းတို့မှာ ကစားပွဲတစ်ခု ပြုလုပ်နေကြခြင်း ဖြစ်ချေသည်။ ချူလျန်သည် လွန်ခဲ့သောရက်က ပိုင်ဇယ်ပေါက်စလေးအား ချော့မြှော့ကစားရန်အတွက် ဝမ်ယွဲ့လုံအား ရိုးရှင်းသောအစီအရင်များပါဝင်သော ကျောက်စိမ်းဝိုင်းပြားတစ်ခု သွန်းလုပ်ခိုင်းထားခဲ့ခြင်း ဖြစ်၏။ ၎င်းမှာ အခြားစွမ်းအားမရှိသော်လည်း အနည်းငယ် လှည့်လိုက်ရုံဖြင့် လေထဲတွင် အဝေးကြီးသို့ ပျံသန်းသွားနိုင်ပေသည်။
လျိုရှောင်ယွီလေးက ထိုကျောက်စိမ်းပြားကို လွှင့်ပစ်လိုက်ရာ လေထဲတွင် ဝဲပျံသွားတော့သည်။ ထိုအခါ ပိုင်ဇယ်ပေါက်စလေးသည် ဖြူဖွေးသော လျှပ်စီးတန်းတစ်ခုအလား အလျင်အမြန် ပြေးဝင်ဖမ်းဆီးလေ၏။ ရွှေရောင်အမွေးပွကြီးသည်လည်း အနောက်မှ တကုတ်ကုတ် လိုက်ပါနေသော်လည်း၊ ၎င်း၏ကိုယ်ထည်မှာ ကြီးမားလွန်းလှသဖြင့် ပိုင်ဇယ်လေး၏အရှိန်ကို မမီနိုင်ဘဲ အမြဲတစေ ရှုံးနိမ့်နေရှာသည်။
"ဝူးဝူး…"
ပိုင်ဇယ်ပေါက်စလေးက ကျောက်စိမ်းပြားကို အရင်ဆုံး ကိုက်ချီလိုက်ပြီး လျိုရှောင်ယွီလေးထံသို့ ပြေးဝင်လာကာ ပြန်လည်ပေးအပ်လိုက်လေသည်။
"တော်လိုက်တာ... အခုလည်း ရှောင်ပိုင်ပဲ နိုင်ပြန်ပြီ...” လျိုရှောင်ယွီလေးက ပိုင်ဇယ်လေး၏ခေါင်းကို ပွတ်သပ်ပေးလိုက်ရင်း "ရှောင်ကျင်းလည်း ကြိုးစားဦးနော်...” ဟု ရွှေရောင်အမွေးပွကြီးကို ရယ်မောကာ အားပေးလိုက်လေ၏။
ရှောင်ပိုင်တဲ့လား…။
ချူလျန် ဤအခေါ်အဝေါ်ကို ကြားလိုက်ရသောအခါ မနေနိုင်ဘဲ ပြုံးမိသွားရသည်။ ယခုအခါတွင်မူ စီနီယာအစ်မ ကျန်းယွဲ့ပိုင်သည် သူ့ရှေ့၌ ဟန်ဆောင်ခြင်းမရှိတော့သော်လည်း ဤအမည်ဝှက်ကို သူ အမှတ်ရနေဆဲ ဖြစ်လေ၏။
ရွှေရောင်အမွေးပွကြီးကို ရှောင်ကျင်းဟု ခေါ်ခြင်းက ပို၍ပင် အဓိပ္ပာယ်မရှိလှပေ။ ရွှေဦးခေါင်းကြီးဟု ခေါ်လျှင်ပင် ပို၍သင့်တော်ပေဦးမည်။
( စကားချပ် - ရှောင်ပိုင် က အဖြူလေး၊ ရှောင်ကျင်းက ရွှေလေးလို့ အဓိပ္ပါယ်ရပါတယ်)
သို့သော် ၎င်းတို့သုံးဦးသား ချစ်ခင်စွာ ကစားနေကြသည်ကို မြင်ရသည်မှာ ချူလျန်အတွက် စိတ်ကျေနပ်စရာပင်။ အစပိုင်းတွင် ပိုင်ဇယ်ပေါက်စလေးမှာ မွေးရာပါ မာန်မာနကြီးသဖြင့် အခြားသူများနှင့် အတူကစားပါ့မလားဟု သူ စိုးရိမ်ခဲ့ဖူး၏။
နောက်ပိုင်းတွင်မူ သူ မိတ်ဆက်ပေးထားသော သူငယ်ချင်းများနှင့် အတူကစားရသည်ကို ပိုင်ဇယ်လေးက များစွာနှစ်သက်ကြောင်း တွေ့ရှိလိုက်ရသည်။ အထူးသဖြင့် ယခုရက်ပိုင်းတွင် လျိုရှောင်ယွီလေး၊ ရွှေရောင်အမွေးပွကြီးတို့နှင့် ပျော်ရွှင်နေသဖြင့် ချူလျန် ရောက်လာသည်ကိုပင် သိပ်ဂရုမစိုက်တော့ပေ။
ထိုအချက်ကြောင့် ချူလျန်တစ်ယောက် အနည်းငယ်တော့ ဝမ်းနည်းမိသွားရ၏။
မူလက ပိုင်ဇယ်ပေါက်စလေးသည် ရှုတောင်၏ အစောင့်အရှောက်တောင်ထွတ်နှင့် ရတနာစေတီတောင်ထွတ်တို့တွင်သာ လှည့်လည်သွားလာလေ့ရှိသော်လည်း ယခုအခါ ငွေဓားတောင်ထွတ်သို့ပါ ရောက်ရှိနေပြီ ဖြစ်၏။ မကြာသေးမီရက်များအတွင်းက စားသောက်ချိန်မှလွဲ၍ ကျန်အချိန်များတွင် ငွေဓားတောင်ထွတ်၌သာ အချိန်ကုန်ဆုံးနေသဖြင့် ဤနေရာမှာ ၎င်း၏ ဒုတိယအိမ်အလား ဖြစ်နေချေပြီ။
အတန်ကြာ စောင့်ကြည့်နေပြီးနောက်၊ ချူလျန် နောက်ထပ် လျှို့ဝှက်ချက်တစ်ခုကို သတိထားမိလိုက်လေသည်။
ရွှေရောင်အမွေးပွကြီးသည် ပိုင်ဇယ်လေးလောက် မမြန်သော်လည်း ဤမျှလောက်အထိတော့ မနှေးကွေးနိုင်ပေ။ ၎င်းသည် တမင်သက်သက်ပင် လမ်းကြောင်းမှားပြေးခြင်း၊ ခြေချော်သလို ဟန်ဆောင်ခြင်းများ ပြုလုပ်၍ ပိုင်ဇယ်လေးကို အနိုင်ပေးနေခြင်း ဖြစ်ချေ၏။
"မဆိုးဘူးပဲ...” ချူလျန် တီးတိုး ရေရွတ်လိုက်မိသည်။
ဤဦးခေါင်းကြီးမှာ တကယ်ကို ဉာဏ်ကောင်းလှပေ၏။ ပိုင်ဇယ်ပေါက်စလေးသည် ရှုတောင်၌ ၎င်း၏ ထမင်းရှင်ဖြစ်ကြောင်း ကောင်းစွာ သိရှိနားလည်ထားပုံ ရလေသည်။
ငယ်ငယ်ရွယ်ရွယ်နှင့် အလုပ်ရှင်ကို မျက်နှာသာပေးတတ်သည့် အတတ်ပညာကိုမူ ကျွမ်းကျင်လှပေသည်။
သူမှ မစားရရင် ဘယ်သူစားရမှာလဲ…။
...
အတန်ကြာ ကြည့်ရှုပြီးနောက် အခန်းသို့ ပြန်ရန် ပြင်လိုက်စဉ်မှာပင် အလင်းတန်းတစ်ခု ဆင်းသက်လာသည်ကို တွေ့လိုက်ရလေသည်။
"ညီလေးဝမ်...” ချူလျန်က လာရောက်သူကို မြင်သောအခါ ပြုံး၍ နှုတ်ဆက်လိုက်သည်။
"စီနီယာအစ်ကိုချူ...” ဝမ်ယွဲ့လုံကလည်း ပြုံးရွှင်စွာ ပြန်လည်နှုတ်ဆက်လိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ ပြောလိုက်လေ၏။ "ခင်ဗျားတို့ ငွေဓားတောင်ထွတ်က ပိုပိုပြီး စည်ကားလာပါလား...”
"ဒီကလေးတွေက ဆော့ရတာကို အရမ်းဝါသနာပါနေကြလို့ပါ...” ချူလျန်က ရင့်ကျက်သော လေသံဖြင့် ရယ်မောကာ ပြောလိုက်လေသည်။
ထိုကလေးများ၏ အသက်အရွယ်ကို ပေါင်းလိုက်လျှင် နှစ်ပေါင်းထောင်ချီ ရှိနေပြီဖြစ်ကြောင်းနှင့် သူကိုယ်တိုင်မှာမူ အသက် (၂၀) ပင် မပြည့်သေးကြောင်းကို သူ မေ့လျော့နေပုံ ရလေသည်။
"စည်ကားတာ ကောင်းတာပေါ့...” ဝမ်ယွဲ့လုံက အနည်းငယ် လောကွတ်ပြုပြီးနောက် သစ်ရွက်စိမ်းမှော်ဝင်ပစ္စည်းကို ထုတ်ယူလိုက်လေ၏။ "စီနီယာအစ်ကိုရဲ့ မှော်ဝင်ပစ္စည်းကို ကျုပ် သန့်စင်ပေးခဲ့ပြီ... တစ်ချက်လောက် စစ်ဆေးကြည့်ပါဦး...”
"အိုး...” ချူလျန်က လှမ်းယူလိုက်ရာ ထိုသစ်ရွက်စိမ်းပေါ်တွင် ယခုအခါ အနက်ရောင်အစင်းကြောင်းများအပြင် အလယ်ဗဟို၌ သေးငယ်သော အနီရောင် ပုလဲလုံးလေးတစ်ခု စိုက်သွင်းထားသည်ကို တွေ့ရ၏။
"ဒါကို စမ်းကြည့်လို့ ရမလား...” သူက အဝေးရှိ မိစ္ဆာသားရဲများကို ကြည့်ကာ မေးမြန်းလိုက်လေသည်။ ယခင်ကကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုမျိုး ဖြစ်သွားမည်ကို သူ စိုးရိမ်မိသောကြောင့် ဖြစ်၏။
"ဒီတစ်ခါတော့ စွမ်းအားပိုင်းမှာ အကြီးအကျယ် ပြောင်းလဲထားတာမျိုး မဟုတ်လို့ စိတ်ချလက်ချ စမ်းကြည့်လို့ ရပါတယ်...” ဝမ်ယွဲ့လုံက အာမခံလိုက်လေသည်။
ချူလျန်က အခြေခံချီစွမ်းအင်ကို ဖြည်းညင်းစွာ ထည့်သွင်းလိုက်ရာ သစ်ရွက်စိမ်းသည် ရောင်စုံအလင်းများ ထွက်ပေါ်လာပြီး သေသပ်လှပသော မီးအိမ်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
ဘေးပတ်လည်တွင် သစ်ရွက်စိမ်းများ ဝန်းရံထားသော်လည်း အလင်းများမှာ ကြည်လင်တောက်ပလှ၏။ မီးအိမ်၏ အလယ်ဗဟိုတွင်မူ အနီရောင်မီးစာတစ်ခု ရှိနေပြီး ယင်းမှာ နီမြန်းသော ကြာနီရတနာပုလဲပင် ဖြစ်ချေသည်။
ဒါက...။
ချူလျန် ဤပုံစံကို ကြည့်ရင်း စိတ်ထဲ၌ တစ်စုံတစ်ခုကို သတိရသွားမိ၏။
ရတနာကြာပန်းမီးအိမ်လော…။
မဟုတ်သေး... သစ်ရွက်စိမ်းမီးအိမ်ဟုသာ ခေါ်သင့်ပေသည်…။
"ဘယ်လိုလဲ...” ဝမ်ယွဲ့လုံက ဂုဏ်ယူစွာ မေးလိုက်လေသည်။ "ဒါက ကျုပ် သေသေချာချာ ဒီဇိုင်းထုတ်ထားတဲ့ ပုံစံပဲ...”
"မဆိုးဘူး... တည်ငြိမ်ပြီး ခန့်ညားတဲ့ အသွင်ရှိတယ်...” ချူလျန်က စိတ်ရင်းအတိုင်း ချီးကျူးလိုက်လေ၏။
သူသည် အခြေခံချီစွမ်းအင်ကို ထပ်မံ၍ အားစိုက်ထုတ်လိုက်ရာ ထိုမီးစာမှနေ၍ အနီရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ခဏချင်းမှာပင် တစ်ကျန်းခန့် ရှည်လျားသော ဓားအလင်းတန်းကြီးတစ်ခုအဖြစ် စုစည်းသွားတော့၏။
ဓားအလင်းတန်းလော…။
ဤအပြောင်းအလဲမှာ ချူလျန်၏ မျှော်လင့်ချက်ထက် ကျော်လွန်နေချေပြီ။
လက်ထဲ၌ သစ်ရွက်စိမ်းမီးအိမ်ကို ကိုင်ထားသော်လည်း ရှေ့တွင်မူ စွမ်းအားကြီးမားသော ဓားအလင်းတန်းကြီး ရှိနေသဖြင့် ဓားကို ကိုင်ထားရသကဲ့သို့ ခံစားရလေ၏။
"ညီလေးဝမ်... ဒါက…” သူက အံ့သြစွာ မေးမြန်းလိုက်ရသည်။
"ဟဲဟဲ...” ဝမ်ယွဲ့လုံက ရယ်မောကာ ရှင်းပြလိုက်လေသည်။ "ဒါက ကျုပ်ရဲ့ အကောင်းဆုံးသော ဖန်တီးမှုပဲ… အရင်က ကြာနီရတနာပုလဲရဲ့ အလင်းဟာ ပြန့်ကျဲလွန်းတော့ ဖျက်ဆီးအားက မစုစည်းနိုင်ဘဲ အားနည်းခဲ့တယ်… ကျုပ်က အဲဒီစွမ်းအားကို ပိုပြီး မမြှင့်တင်ပေးနိုင်ပေမဲ့ အလင်းတန်းတွေကို စုစည်းပေးလိုက်နိုင်တယ်လေ…
အရင်က တစ်ကျန်းပတ်လည်ကို လွှမ်းခြုံထားတဲ့ အလင်းက သရဲအငယ်စားတွေကိုပဲ ခြောက်လှန့်နိုင်ပေမဲ့ အခုလို တစ်ကျန်းရှည်တဲ့ ဓားအလင်းတန်းအဖြစ် စုစည်းလိုက်တဲ့အခါမှာတော့ သရဲဘုရင်တစ်ကောင်ကိုတောင် တစ်ချက်တည်းနဲ့ သတ်နိုင်ပြီ...”
"နောင်ကျရင် စီနီယာအစ်ကိုရဲ့ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာတာနဲ့အမျှ ဒီဓားအလင်းတန်းဟာ ကျန်းပေါင်းရာချီအထိ ရှည်လျားလာနိုင်ပြီးတော့ သရဲတစ္ဆေမှန်သမျှ အနားမကပ်ရဲအောင် လုပ်နိုင်လိမ့်မယ်… ဒါကြောင့် ကျုပ်က ဒါကို 'နတ်ဘုရားအလင်း သရဲသတ်ဓား' လို့ အမည်ပေးထားတယ်...”
ချူလျန်တစ်ယောက် သူ၏ရှင်းပြချက်ကို နားထောင်ပြီးနောက် စိတ်ထဲ၌ တွေးတောမိလိုက်လေ၏။
ဤသည်မှာ မီးသီးကြီးတစ်လုံးကို လက်နှိပ်ဓာတ်မီးအဖြစ် ပြောင်းလဲလိုက်ခြင်းပင် မဟုတ်ပါလော။
အလင်းဖြာထွက်မှုကို လျှော့ချပြီး အမှတ်တစ်ခုတည်းသို့ စုစည်းလိုက်ခြင်းဖြင့် ဖျက်ဆီးအားကို မြှင့်တင်လိုက်ခြင်းပင်။
အမှန်တကယ်ပင် ကောင်းမွန်လှသော အကြံဉာဏ်ဖြစ်ကြောင်း ဝန်ခံရပေမည်။
"ဒါနဲ့... တကယ်လို့ ကျုပ်က အဲဒီစွမ်းအားကြီးတဲ့ အလင်းကို အရင်လို ဘေးပတ်လည် ဖြန့်ကြက်ချင်ရင်ရော ဘယ်လိုလုပ်ရမလဲ...” ချူလျန်က ထပ်မံမေးမြန်းလိုက်၏။
အကယ်၍ ထိုပြင်းထန်သော စွမ်းအားကို ဆက်လက်ထိန်းသိမ်းထားပြီး လွှမ်းခြုံမှုကိုပါ မြှင့်တင်နိုင်မည်ဆိုပါက အမှန်တကယ် ပြည့်စုံသွားပေလိမ့်မည်။
"ဟဲဟဲ...”
ဝမ်ယွဲ့လုံက လျှို့ဝှက်စွာ ပြုံးလိုက်ပြီး မီးအိမ်ကို ချူလျန်ထံမှ ယူလိုက်လေ၏။ ထို့နောက် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ဓားအလင်းတန်းကို ထုတ်ဖော်လိုက်ကာ...။
…
… အားကုန်သုံး၍ ချာချာလည်အောင် ဝှေ့ယမ်းလိုက်တော့သည်။
ဝှီး… ဝှီး… ဝှီး…
ချူလျန်၏ မျက်နှာပေါ်တွင် မေးခွန်းသင်္ကေတများစွာ ပေါ်လာတော့၏။
အမ်...။
ဒါက ဘာကြီးတုန်း…။
ဘာလုပ်တာလဲ…။
"စီနီယာအစ်ကိုချူ... အစ်ကိုက သိုင်းပညာကို နည်းနည်းလောက် လေ့ကျင့်လိုက်ရုံပါပဲ… ကျုပ်လိုမျိုး မြန်မြန်ဆန်ဆန်နဲ့ အဟုန်ရှိအောင် ဝှေ့ယမ်းနိုင်မယ်ဆိုရင် ဒီဓားအလင်းတန်းကို အရင်လို တစ်ကျန်းပတ်လည် လွှမ်းခြုံသွားအောင် လုပ်လို့ရပါတယ်...”
ဝမ်ယွဲ့လုံသည် တကယ်ပင် လူသားမီးသီးတစ်လုံးအလား အလင်းတန်းကို အဆက်မပြတ် ဝှေ့ယမ်းနေပြီး အလင်းမိုးကာကြီးတစ်ခု ဖန်တီးထားသဖြင့်၊ ၎င်း၏အသံမှာ ထိုအလင်းများကြားမှ တုန်ခါကာ ထွက်ပေါ်လာချေ၏။ ၎င်း၏မျက်နှာတွင်လည်း ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေလေသည်။
"..."
ချူလျန်တစ်ယောက် အတော်လေး ဆွံ့အသွားရလေသည်။ အချိန်အတော်ကြာ စဉ်းစားပြီးမှသာ စိတ်ထဲ၌ စကားတစ်ခွန်းသာ ကျန်ရစ်တော့သည်။
ဒီကောင်က တကယ့်အရူးကောင်ပဲ…။
***