“ဟောဟဲ… ဟောဟဲ…”
"ဟူး... ဟူး... ဟူး..."
ဝမ်ယွဲ့လုံက အမောတကောဖြင့် ဘေးတွင်ထိုင်ကာ အသက်ရှူနှုန်းကို ညှိနေလေသည်။ ချူလျန်က သူ့အား ရေတစ်ခွက် ကမ်းပေးလိုက်ရင်း "ညီလေးဝမ်ပင်ပန်းသွားပြီ အတော်လေး နွမ်းနယ်နေပုံပဲ…" ဟု ပြောလိုက်၏။
"မ... မပင်ပန်းပါဘူး…" ဝမ်ယွဲ့လုံက လက်ခါပြလိုက်လေသည်။ "ကျုပ်ဒီဓားသိုင်းကို လေ့ကျင့်ရတဲ့ အချိန်က နည်းသေးလို့ အားအင်ချွေတာတဲ့ နည်းလမ်းကို မသိသေးတာပါ… နောက်ပိုင်းထပ်ပြီး လေ့လာကြည့်ရင်တော့ ကျွမ်းကျွမ်းကျင်ကျင်နဲ့ သက်သောင့်သက်သာ ဖြစ်လာမှာပါ…"
"ကြာနီရတနာပုလဲကိုသုံးပြီး နတ်ဘုရားအလင်း သရဲသတ်ဓားကို ဖန်တီးလိုက်တာက တကယ့်ကို ထူးခြားတဲ့စိတ်ကူးပဲ… ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး အကျပ်မရိုက်စေနဲ့ဦး…" ချူလျန်က အကြံပေးလိုက်လေသည်။
တိုက်ပွဲဝင်သည့်အချိန်၌ ချာချာလည်အောင် လှည့်ပတ်နေသည့် အလင်းလုံးကြီးကို ဓားသိုင်းအဖြစ် ထုတ်သုံးနေလျှင် ရန်သူများက ကြောက်ရွံ့ခြင်းထက် ရယ်မောရင်းနှင့်ပင် အသက်ထွက်သွားကြမလားဟု သူစိုးရိမ်နေမိခြင်း ဖြစ်၏။
ထိုကဲ့သို့သော ထူးဆန်းသည့် အစီအစဉ်များကို ငရဲဘုံရှိ သရဲဘုရင်ကြီးများပင်လျှင် မြင်တွေ့ဖူးကြမည် မဟုတ်ချေ။
"အကယ်လို့ အစ်ကိုက မနှစ်သက်ဘူးဆိုရင်တော့ ဒီအတိုင်းပဲ ထားလိုက်လို့ ရပါတယ်… ဒါပေမဲ့ ကျုပ်ရဲ့အကြံပြုချက်ကတော့ ကြိုတင်ပြင်ဆင်ထားတာက အကောင်းဆုံးပါပဲ…" ဝမ်ယွဲ့လုံက အသက်ရှူမှန်သွားသောအခါ ပြောလိုက်လေသည်။
"ဟဲဟဲ..." ချူလျန်က အဓိပ္ပာယ်ပါသော အပြုံးဖြင့် ပြုံးလိုက်ရသည်။
ဝမ်ယွဲ့လုံသည် ချူလျန်စိတ်မဝင်စားသည်ကို ရိပ်မိပုံရသဖြင့် မိမိ၏ထူးခြားသော စိတ်ကူးများကို နားလည်သူရှားပါးလှသည်ဟု စိတ်ထဲမှ ညည်းတွားလိုက်ရင်း၊ အသက်ရင်းမြစ် မူလသစ်ရွက်စိမ်းကို ပြန်လည်ယူလိုက်ကာ "နတ်မီးတောက်ပုံသဏ္ဌာန်ကတော့ အထူးအထွေ ပြောစရာမရှိပါဘူး.. သာမန်အတိုင်းပါပဲ…" ဟု ဆိုလေသည်။
အတွင်းအားချီစွမ်းအင်များကို ထည့်သွင်းလိုက်သောအခါ ကြာနီရတနာပုလဲထဲမှ နတ်မီးတောက်တစ်စု ထွက်ပေါ်လာပြီး သစ်ရွက်စိမ်းပေါ်တွင် တောက်လောင်နေသည်မှာ တောက်ပသော မီးအိမ်တစ်ခုနှင့် တူလှပေသည်။
"ဒီကြာနီနတ်မီးတောက်က သရဲတစ္ဆေတွေကို နှိမ်နင်းတဲ့နေရာမှာ အစွမ်းအထက်ဆုံးပဲ… သာမန်ကလဲ့စားဝိညာဉ်တွေဆိုရင် ထိမိရုံနဲ့တင် ပြာဖြစ်သွားလိမ့်မယ်...” ဝမ်ယွဲ့လုံက ရှင်းပြလေသည်။
"အတော်လေး ကောင်းမွန်လှတာပဲ...” ချူလျန်က ချီးကျူးလိုက်၏။
ဝမ်ယွဲ့လုံဖန်တီးလိုက်သော ပစ္စည်းများထဲတွင် အထူးအဆန်း မဟုတ်သည့်အရာမှာ အမှန်တကယ်ပင် ထူးခြားလှသည်ဟု ဆိုရပေမည်။ ယခုတစ်ကြိမ် တာဝန်ပေးအပ်မှုမှာ အောင်မြင်သည်ဟု ယူဆနိုင်ပေသည်။
ကြာနီနတ်မီးတောက်ရော၊ နတ်ဘုရားအလင်း သရဲသတ်ဓားပါ အတော်လေး ကောင်းမွန်လှချေသည်။
အစောပိုင်းက ထူးဆန်းသော ဖျော်ဖြေမှုကိုတော့ လျစ်လျူရှုထားလိုက်ပါလေ...။
"အစ်ကို့ရဲ့ တောင်းဆိုချက်ကို ပြီးမြောက်အောင် ဆောင်ရွက်ပေးလိုက်ပါပြီ...” ဝမ်ယွဲ့လုံက ပြုံးလျက် သစ်ရွက်စိမ်းမှော်ဝင်ကိရိယာကို ချူလျန်ထံ လွှဲပြောင်းပေးလိုက်လေသည်။
ထို့နောက် အရှိန်အဝါဖုံးကွယ်ပုဝါပါးဖြင့် ချုပ်လုပ်ထားသော ဝတ်ရုံကို ထုတ်ပေးလိုက်ပြန်သည်။ "ဒီဝတ်ရုံက ချုပ်ရတာ မခက်ပါဘူး… ဒါနဲ့ အစ်ကို့အတွက် မျက်နှာကို ဖုံးကွယ်ပေးမယ့် အရိပ်နဲ့ အသံပြောင်းလဲပေးတဲ့ အစီအရင်လေးကိုပါ တစ်ခါတည်း ထည့်ပေးထားတယ်… ကိုယ်တိုင်မန္တန်သုံးပြီး ဖုံးကွယ်နေစရာ မလိုတော့ဘူးပေါ့...”
ချူလျန်ဝတ်ကြည့်လိုက်သောအခါ အရွယ်အစားက ကွက်တိပင်ဖြစ်ချေသည်။ ကိုယ်ကျပ်ပုံစံနှင့် ချုပ်လုပ်ထားမှုမှာ သာမန်အဝတ်အစားများထက်ပင် ပိုမိုကြည့်ကောင်းနေသေး၏။ ဦးထုပ်ကိုဆောင်းလိုက်သောအခါ မျက်နှာပေါ်တွင် ထူထပ်သော အရိပ်တစ်ခု ကျရောက်သွားပြီး အပြင်ဘက်ကိုမူ ရှင်းလင်းစွာ မြင်တွေ့နိုင်လေသည်။
"ညီလေးဝမ်ရဲ့ လက်ရာက တကယ့်ကို ပြောင်မြောက်လှပေတယ်… နောင်တစ်ချိန် ကျင့်ကြံခြင်းမလုပ်တော့ရင်တောင် အပ်ချုပ်သည်အဖြစ် အသက်မွေးလို့ ရတာပဲ...” ချူလျန်က ရယ်မောကာ ပြောလိုက်၏။
သို့သော် သူစကားပြောလိုက်သည့် အခိုက်အတန့်၌ သူ၏အသံမှာလည်း အိုမင်းရင့်ရော်နေသော အဘိုးအိုတစ်ဦး၏ အသံအဖြစ် ပြောင်းလဲသွားလေသည်။ အလွန်ပင် သေသပ်လှပသော ဖန်တီးမှုဖြစ်ပေသည်။
ဤအရှိန်အဝါဖုံးကွယ်ဝတ်ရုံ ရှိနေမှသာ အမှောင်ဘုရင်ဂိုဏ်း၏ လှုပ်ရှားမှုများတွင် ပါဝင်သည့်အခါ မိမိ၏အထောက်အထားကို ပိုမိုလုံခြုံစွာ ဖုံးကွယ်ထားနိုင်ပေမည်။ ဤသို့ဖြင့် ကျန်းနန်တောင်တန်းခရီးစဉ်အတွက် အားလုံးအဆင်သင့် ဖြစ်သွားခဲ့ချေပြီ။
"ဟင်း..." သူက ဝတ်ရုံကိုပြန်ချွတ်ကာ သိမ်းဆည်းလိုက်ပြီး "မင်းက အမြဲတမ်းငါ့အတွက် စိတ်ရောကိုယ်ပါ အားစိုက်ပြီး လုပ်ပေးတာပဲ… ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး...” ဟု ဆိုလိုက်လေသည်။
ဝမ်ယွဲ့လုံက ရိုးသားစွာဖြင့် "စီနီယာချူက တကယ်ပဲ ကျေးဇူးတင်ချင်တယ်ဆိုရင်တော့... နောက်ထပ်ပိုက်ဆံ နည်းနည်းလောက် ထပ်တိုးပေးလို့ ရပါတယ်...” ဟု ပြန်ပြောလိုက်၏။
"အချိန်မစောတော့ဘူး...” ချူလျန်၏မျက်နှာမှာ ချက်ချင်းပင် အေးစက်သွားပြီး "ကိစ္စမရှိရင်လည်း ပြန်တော့လေ… ခဏနေရင် ကျုပ်ရဲ့ဆရာသခင် နိုးလာတော့မှာ… သူမက လူကို ကိုက်တတ်တယ်...” ဟု ပြောလိုက်လေတော့သည်။
...
ညဉ့်နက်ချိန်၌ မိုးက တဖွဲဖွဲရွာနေလေသည်။
ချူလျန်အိပ်မောကျနေစဉ် ဝိညာဉ်ချုပ်တံဆိပ်ပြားက ရုတ်တရက် တုန်ခါသွားသဖြင့် သူချက်ချင်းနိုးလာတော့၏။
ကျင့်ကြံသူများမှာ အိပ်ပျော်နေလျှင်ပင် ဝိညာဉ်အာရုံက နိုးကြားနေတတ်သည် မဟုတ်ပါလော။ အထူးသဖြင့် သူသည်ဤကိစ္စကို စိတ်ထဲတွင် အမြဲစွဲထင်နေခဲ့ခြင်း ဖြစ်သည်။
ဝိညာဉ်အာရုံကို တံဆိပ်ပြားထဲသို့ နစ်မြုပ်စေလိုက်သောအခါ ရွှေရောင်စာတန်းများ ပေါ်ထွက်လာသည်ကို တွေ့လိုက်ရလေသည်။
(၆၀) : "ကျုပ် ကျန်းနန်တောင်တန်းအစွန်အဖျားကို ရောက်ပြီ...”
(၅၉) : "စောလှချည်လား… လမ်းပြသူက ခုနစ်ရက်အတွင်းလို့ အမိန့်ပေးထားတာလေ… အခုမှ သုံးရက်ပဲ ရှိသေးတာကို...”
ဤလူမှာ အချိန်ပြည့် လိုင်းပေါ်တွင်ရှိနေသလောဟု ချူလျန်တွေးမိလိုက်သည်။ သန်းခေါင်ယံအချိန်၌ပင် ချက်ချင်းပြန်စာပို့နိုင်သည်မှာ အံ့သြစရာပင်။
သူသည်လည်း မိမိကိုယ်တိုင် မည်သည့်အချိန်တွင် ထွက်ခွာရမည်ကို စတင်တွက်ချက်လိုက်လေသည်။ လမ်းပြသူတစ်ဦးစီ၏ လက်အောက်တွင် မြေကမ္ဘာမိစ္ဆာတမန် သုံးဦးရှိပြီး၊ မြေကမ္ဘာမိစ္ဆာတမန် တစ်ဦးစီ၏ လက်အောက်တွင် ဝိညာဉ်ချုပ်သူ သုံးဦးစီ ရှိကြသည်။ ပုံမှန်အားဖြင့် မြေကမ္ဘာမိစ္ဆာတမန်က မိမိ၏အဖွဲ့ကို အရင်စုစည်းပြီးမှသာ အဖွဲ့ကြီးနှင့် သွားရောက်ပူးပေါင်းရမည် ဖြစ်၏။
ထို့ကြောင့် အဖွဲ့ဝင်များ ရောက်ရှိမှုအစီအစဉ်မှာလည်း အရေးကြီးလှသည်။ ချူလျန်အတွက်မူ ဒုတိယမြောက် ရောက်ရှိခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ရောက်ရှိသွားချိန်တွင် အခြားသော အမှောင်ဘုရင်ဂိုဏ်းသားတစ်ဦးနှင့်သာ ထိပ်တိုက်တွေ့ရမည် ဖြစ်သောကြောင့်ပင်။
အကယ်၍ အယောင်ဆောင်မှုအဆင်ပြေလျှင် (၅၈) နှင့် အခြားအဖွဲ့ဝင်များ၏ ဆက်ဆံရေးကို စုံစမ်းနိုင်မည်ဖြစ်ပြီး၊ အကယ်၍ အဆင်မပြေပါက ဆရာသခင်ကို လှမ်းခေါ်၍ ထိုသူအား ဖမ်းဆီးကာ စစ်ဆေးမေးမြန်းနိုင်မည် ဖြစ်၏။ လူနည်းလေလေ ခြေရာဖျောက်ရလွယ်လေလေ ဖြစ်ပေသည်။
(၆၀) : "ကျုပ်က ဒီနားတဝိုက်မှာပဲ လှုပ်ရှားနေတာဆိုတော့... အားနေတာနဲ့ အရင်လာလိုက်တာပဲလေ...”
(မြေကမ္ဘာမိစ္ဆာတမန်) : "မင်းရောက်တာ တကယ်စောတာပဲ… ကျုပ်ကတော့ လက်ကျန်ကိစ္စတွေကို ရှင်းလင်းဖို့ နောက်ထပ် တစ်ရက်လောက် လိုဦးမယ်… ပြီးမှ ကျန်းနန်တောင်တန်းကို လာခဲ့မယ်… မင်းတို့တွေ အရင်ရောက်နေရင် အပြင်ဘက်မှာ အရင် စုထားကြ...”
(စကားချပ် - ယခင်က မိစ္ဆာ ကို တကယ့်မိစ္ဆာတွေနဲ့ ရောမှာစိုးလို့ အမည်ပြောင်းထားပါကြောင်း)
ချူလျန်တွေးတောနေစဉ်မှာပင် မြေကမ္ဘာမိစ္ဆာတမန်ကလည်း ပြန်စာပို့လာလေသည်။ အမှောင်ဘုရင်ဂိုဏ်းသား အချို့မှာ သိုင်းလောကတွင် လှည့်လည်နေသော ကျင့်ကြံသူများဖြစ်ကြသော်လည်း၊ အချို့မှာမူ သာမန်လူများကဲ့သို့ ကိုယ်ပိုင်အလုပ်အကိုင်များနှင့် နေထိုင်နေကြသူများ ဖြစ်သဖြင့် အချိန်ညှိနှိုင်းရန် လိုအပ်ပုံရလေသည်။
ထို့ကြောင့် သူသည်လည်း မိမိ၏ပြန်စာကို ရေးသားလိုက်တော့သည်။
(၅၈) : "ကျုပ် မနက်ဖြန်မနက် ရောက်မယ်… ဘယ်နေရာမှာ တွေ့ကြမလဲ...”
(၆၀) : "ကျန်းနန်တောင်တန်းရဲ့ ဘယ်ဘက်တောင်ခြေက ဝံပုလွေအမြီးတောအုပ်ကို လာခဲ့ပါ… တောအုပ်အဝင်မှာ ကျောက်တုံးမည်းတွေ စုထားတာရှိတယ်… အဲဒီကျောက်တုံးမည်းတွေရဲ့ အမှတ်အသားအတိုင်း လိုက်လာရင် ကျုပ်ကို တွေ့ပါလိမ့်မယ်...”
(၅၈) : "ကောင်းပြီ...”
(၅၉) : "ကျုပ်ကတော့ မနက်ဖြန်ညလောက်မှ ရောက်မယ်ထင်တယ်… လမ်းပြသူနဲ့ တွေ့ဖို့ အချိန်ရဦးမှာဆိုတော့ ကျုပ်တို့တွေ အရင်ဆုံး ဆုံကြရင် မကောင်းဘူးလား… တောင်ခြေက ခေါင်းစန်းမြို့မှာ အတူတူ စားသောက်ပြီး လည်ပတ်ကြရအောင်လေ...”
(၅၉) : "ကျုပ် ဝယ်ကျွေးပါ့မယ်...”
ချူလျန်နှင့် (၆၀) တို့ ချိန်းဆိုပြီးသည်နှင့် (၅၉) က ရုတ်တရက်ဝင်လာပြန်သည်။ ဤလူမှာ အရင်တစ်ခေါက်ကလည်း စုဝေးရန် ပြောခဲ့သူ ဖြစ်၏။
အမှောင်ဘုရင်ဂိုဏ်းသားများ၏ ဆက်ဆံရေးမှာ မည်သို့ရှိသည်ကို ချူလျန်မသိသော်လည်း ဤမျှလောက်အထိ ရင်းနှီးကြလိမ့်မည်ဟု မထင်ပေ။ ထို့ကြောင့် သူဘာမှ ပြန်မပြောဘဲ အခြေအနေကိုသာ စောင့်ကြည့်နေလိုက်သည်။
သို့သော် မည်သူမျှ စကားပြန်မပြောကြချေ။
အေးစက်စက် လျစ်လျူရှုခြင်း…။
ကြာရှည်လှသော တိတ်ဆိတ်ငြိမ်သက်မှု…။
အတော်ကြာမှသာ စာတိုလေးတစ်စောင် ထပ်မံထွက်ပေါ်လာတော့သည်။
(၅၉) : "ဟားဟား... အားလုံးက အလုပ်ရှုပ်နေကြတာပဲကိုး..."
(၅၉) : "အလုပ်များတာလည်း ကောင်းပါတယ်လေ..."
ချူလျန်သည် ထိုလူတစ်ယောက်တည်း ရေးထားသော စာတိုလေးများကို ကြည့်ရင်း အကြောင်းပြချက်မရှိဘဲ သနားစိတ် ဖြစ်ပေါ်မိလေသည်။
လူတိုင်းက အေးစက်နေသည့် နေရာမျိုးတွင် မိမိတစ်ယောက်တည်းကသာ အခြေအနေကို တက်ကြွအောင် ကြိုးစားနေရပြီး၊ မည်သူကမျှ ဂရုမစိုက်သည့်အပြင် မိမိဘာသာ ပြန်လည်ချော့မော့နေရသည့် အဖြစ်မှာ အမှန်တကယ်ပင် ရင်နာစရာ ကောင်းလှပေသည်။
ဒီအကြောင်းကို တွေးမိရင် ငါ့နှလုံးသားလေးတောင် နာကျင်မိပါရဲ့…။
***