"ဘာလုပ်တာလဲ…"
ချူလျန်သည် ကျယ်လောင်စွာ အော်ဟစ်မေးမြန်းလိုက်ပြီး၊ တစ်ချိန်တည်းမှာပင် သူ၏ကိုယ်ခန္ဓာမှာ လျှပ်စီးကဲ့သို့ ခုန်ထွက်သွားလေသည်။
တစ်ဖက်လူက လက်ဦးမှုယူကာ တိုက်ခိုက်လာလိမ့်မည်ဟု သူကြိုတင်ခန့်မှန်းထားသော်လည်း၊ အမှောင်ဘုရင်ဂိုဏ်း၏ ဝိညာဉ်ချုပ်သူတစ်ဦးက ရှာမန်အတတ်ပညာကို စတင်အသုံးပြုလာလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ချေ။
အမှောင်ဘုရင်ဂိုဏ်းသည် တစ်ချိန်က မဟာကြယ်တာရာဂိုဏ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပြီး ကြယ်တာရာထူးဆန်းအတတ်များကို ကျင့်ကြံခဲ့ကြခြင်းဖြစ်၏။ ဂိုဏ်းခွဲထွက်ပြီးနောက် မိစ္ဆာလမ်းစဉ်သို့ သက်ဆင်းသွားကာ မိစ္ဆာဂိုဏ်း၏ ကျင့်စဉ်အချို့ကိုလည်း ဝါးမျိုခဲ့ကြလေသည်။ သို့သော် မည်သို့ပင်ဖြစ်စေ ရှာမန်အတတ်ပညာနှင့်မူ အလှမ်းဝေးလှပေသည်။
မန္တန်တားမြစ်နယ်မြေသည် ခပ်သိမ်းသော မန္တန်အတတ်များနှင့် မှော်ဝင်ကိရိယာများကို အာနိသင်မဲ့သွားစေသည်။
ဤအခြေအနေမှာ အနည်းငယ်အန္တရာယ်ရှိနေသော်လည်း၊ မန္တန်တားမြစ်နယ်မြေနှင့် အတွေ့အကြုံရှိဖူးသော ချူလျန်သည် ချက်ချင်းပင် နောက်သို့ခုန်ဆုတ်ကာ အကွာအဝေးတစ်ခုကို ခြားနားလိုက်လေသည်။
တစ်ဖက်လူအနေဖြင့် မိမိတွင် ကျားဆယ်ကောင်ခွန်အားနှင့် အုတ်ခဲသိုင်းပညာရှိသည်ကို သိရှိလိမ့်မည်မဟုတ်ကြောင်း သူတွက်ဆထားသည်။ အကယ်၍ သိုင်းပညာသက်သက်ဖြင့် အနိုင်ယူလိုပါကလည်း သူ၏တိုက်ခိုက်ရေးစွမ်းရည်မှာ လုံးဝလျှော့တွက်၍မရနိုင်ချေ။
သို့သော် ရန်သူ၏ အစစ်အမှန်အစွမ်းကို မသိရှိသေးသည့်အတွက် မန္တန်တားမြစ်နယ်မြေအပြင်ဘက်သို့ အရင်ဆုံးထွက်ခွာပြီး၊ အရေးပေါ်အခြေအနေအတွက် သက်စောင့်ကျောက်စိမ်းပြားဖြင့် ဆရာသခင်ကို အသိပေးရန်သာ ဆုံးဖြတ်လိုက်လေသည်။
တစ်ဖက်လူအနေဖြင့် မန္တန်တားမြစ်နယ်မြေကို အသုံးပြုရဲသည်ဆိုလျှင် တစ်စုံတစ်ရာသော အစီအစဉ်ရှိမည်မှာ သေချာလှသဖြင့် ချူလျန်၏ရွေးချယ်မှုမှာ အလွန်ပင်သတိကြီးလှပေသည်။
"(၆၀)" သည်ကား စကားတစ်ခွန်းမျှမဆိုဘဲ ရက်စက်ကြမ်းကြုတ်လှသည်။
ချူလျန် မန္တန်တားမြစ်နယ်မြေထဲမှ ထွက်ပြေးရန် ပြင်ဆင်နေစဉ်၊ ထိုသူက လက်ကိုတစ်ချက်ခါလိုက်ရာ ငွေရောင်အလင်းတန်းများမှာ မိုးစက်မုန်တိုင်းအလား ပြေးထွက်လာတော့သည်။
လက်နက်ပုန်းတွေလား…။
ရွှစ်… ရွှစ်… ရွှစ်…
ကောင်းကင်ယံအပြည့် ဖုံးလွှမ်းသွားသော ငွေရောင်အလင်းများကို ရင်ဆိုင်ရင်း၊ ချူလျန်လည်း ကိုယ်ဖော့ပညာကို အစွမ်းကုန်ထုတ်ဖော်ကာ လျင်မြန်စွာရှောင်တိမ်းလိုက်သဖြင့် ငွေအပ်အားလုံးကို ကပ်သီးလေး ရှောင်ကွင်းနိုင်ခဲ့လေသည်။
မြေပြင်ပေါ်သို့ ကျရောက်သွားသော ငွေအပ်များကို ကြည့်လိုက်ရာ၊ တစ်ခဏအတွင်းမှာပင် ပျော့ခွေသွားပြီး ငွေချည်မျှင်ကဲ့သို့သော ပိုးကောင်များအဖြစ် ပြောင်းလဲကာ မြေကြီးထဲသို့ တိုးဝင်သွားကြတော့၏။
ချူလျန်တစ်ယောက် ကြက်သီးထသွားရချေသည်။
ဤအရာများမှာ အပ်များမဟုတ်ဘဲ ကျိန်စာပိုးကောင်များသာ ဖြစ်နေတော့၏။
ကူပိုးကောင်များပင် ဖြစ်ချေသည်။
သူသည် ထိုပိုးကောင်များ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားပါက မည်သို့သောအကျိုးဆက်မျိုး ဖြစ်လာမည်ကို မတွေးဝံ့ချေ။ ဤထူးဆန်းသော ရန်သူနှင့် ဆက်လက် မပတ်သက်လိုတော့သဖြင့် ကိုယ်ကိုလှည့်ကာ မန္တန်တားမြစ်နယ်မြေ၏ အစွန်းဘက်သို့ လျင်မြန်စွာ ပြေးထွက်သွားလေတော့သည်။
"(၆၀)" သည်လည်း ဇဝေဇဝါဖြစ်သွားပုံရပြီး "ရေစီးလေဆန်ကိုယ်ဖော့သိုင်းလား" ဟု တီးတိုးရေရွတ်လိုက်လေသည်။
သို့သော် ချူလျန် လွတ်ထွက်သွားတော့မည့်အခြေအနေတွင်မူ သူသည်လည်း တုံ့ဆိုင်းမနေတော့ဘဲ လျှပ်စီးကဲ့သို့ လျင်မြန်လှသော ကိုယ်ဖော့သိုင်းဖြင့် အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့လေသည်။
ချူလျန် မန္တန်တားမြစ်နယ်မြေအပြင်ဘက်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက်၊ အနောက်ဘက်မှ မိုးစက်များအလား ငွေအပ်များ ထပ်မံပစ်လွှတ်ခြင်းခံလိုက်ရပြန်သဖြင့် လူးလိမ့်ရှောင်တိမ်းလိုက်ရပြန်သည်။
ထိုအချိန်တွင် "(၆၀)" က လက်ကိုဝှေ့ယမ်းလိုက်ရာ မန္တန်တားမြစ်နယ်မြေမှာ ပျောက်ကွယ်သွားလေသည်။
ရှေးဦးစွာတွေ့ခဲ့ဖူးသော ရှာမန်အဘိုးကြီးမှာ သေဆုံးသွားသဖြင့် မန္တန်ကို မရုပ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သော်လည်း၊ ဤ "(၆၀)" မှာမူ အသက်ရှင်နေသေးသဖြင့် ရှာမန်အတတ်ကို အလွယ်တကူပင် သိမ်းဆည်းလိုက်ခြင်း ဖြစ်ပေသည်။
ဆက်လက်၍ သူသည် အနက်ရောင်ထီးတစ်ချောင်းကို ထုတ်ယူလိုက်ပြန်သည်။
ဝှစ်...
ထီးပွင့်သွားသည်နှင့် "(၆၀)" ၏ကိုယ်ခန္ဓာမှာ တစ်ဒင်္ဂမျှ ရပ်တန့်သွားပြီး၊ နောက်တစ်စက္ကန့်တွင် ပေပေါင်းများစွာသော အကွာအဝေးသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားတော့၏။
အလွန်ပင်လျင်မြန်လှပေသည်။
ချူလျန်လည်း ထိတ်လန့်သွားရသည်။ ရန်သူက မိမိနှင့် နီးကပ်လာသောအခါမှ ထိုအနက်ရောင်ထီးအောက်တွင် ဝိုးတဝါး ဝိညာဉ်ပုံရိပ်တစ်ခု ရှိနေသည်ကို မြင်တွေ့လိုက်ရလေသည်။
ဝိညာဉ်တစ်ခုလား…။
ထိုဝိညာဉ်က "(၆၀)" ၏ ခါးကိုဖက်လျက် ရှေ့သို့ လျှပ်စီးကဲ့သို့ပြေးထွက်နေခြင်း ဖြစ်ချေသည်။
ဤသည်မှာ ထီးအောက်၌ ဝိညာဉ်ကို ထိန်းချုပ်အသုံးပြုသည့် အတတ်ပင်လော။ ထိုသူသည် အရာရာကို တတ်မြောက်ထားသည်လော။
ဤဝိညာဉ်ဖြင့် ခရီးနှင်သည့် အမြန်နှုန်းမှာ ချူလျန်မြင်ဖူးသမျှထဲတွင် စီနီယာအစ်မကျန်း၏ မြေချုံ့နည်းစနစ်ပြီးလျှင် အမြန်ဆုံးပင် ဖြစ်ပေလိမ့်မည်။
ရန်သူ နီးကပ်လာပြီဖြစ်သော်လည်း ချူလျန်သည် သက်စောင့်ကျောက်စိမ်းပြားကို လက်ထဲတွင် အသင့်ကိုင်ထားဆဲဖြစ်၏။ သူသာ အားစိုက်လိုက်ပါက ဆရာသခင်ကို ချက်ချင်းဆင့်ခေါ်နိုင်မည် ဖြစ်လေသည်။
မျက်စိရှေ့မှ "(၆၀)" က ငွေရောင်တောက်ပနေသော ကြီးမားသည့် ဓားကောက်ကို ထုတ်ယူလိုက်ရာ ဓားသွား၏ အနားသတ်များမှာ မည်းနက်နေချေသည်။
အဆိပ်ပင်ဖြစ်၏။
ဤလက်နက်က ချူလျန်၏ရင်ထဲရှိ သံသယကို ပိုမိုခိုင်မာစေခဲ့လေသည်။
"(၆၀)" ၏ ပုံရိပ်က တစ်ဖန်ထပ်မံ လင်းလက်သွားပြီးနောက် ချူလျန်၏ရှေ့တည့်တည့်သို့ ရောက်ရှိလာကာ အေးစက်လှသော ဓားသွားက ကျရောက်လာတော့မည့်အချိန်၌...
ချူလျန်သည် ကျောက်စိမ်းပြားကို မခွဲပစ်ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
"မင်းက ဝိညာဉ်ချုပ်သူ မဟုတ်ဘူး… မင်းက ပကတိတရားသုံးပါး ချိုင့်ဝှမ်းက တပည့်ပဲ… ငါက ရှုတောင်ဂိုဏ်းသားဆိုတာ မင်းသိရဲ့လား"
...
ဝှူး...။
ဓားကောက်သည် သူ၏ဦးခေါင်းထက် လက်မအနည်းငယ်အကွာတွင် ရပ်တန့်သွားသော်လည်း ချူလျန်မှာမူ တုန်လှုပ်ခြင်းမရှိပေ။ အကယ်၍ တစ်ဖက်လူက လက်မလျှော့ခဲ့လျှင်လည်း သူသည် သစ်ရွက်ပျံမှော်ဝင်ပစ္စည်းဖြင့် မိမိကိုယ်ကို ကာကွယ်ပြီး လွတ်မြောက်နိုင်ရန် အစီအစဉ်ရှိပြီးသား ဖြစ်လေသည်။
ဗျူဟာနှင့် သတ္တိဆိုသည်မှာ မိမိကိုယ်မိမိ ယုံကြည်မှုမှ ထွက်ပေါ်လာခြင်းပင် ဖြစ်သည် မဟုတ်ပါလော။
သို့သော် ဓားသွားပေါ်မှ ပြင်းထန်သော အစစ်အမှန်ချီစွမ်းအင်နှင့် အဆိပ်ငွေ့များက သူ၏ဆံစများကို ထိလုနီးပါးဖြစ်နေသဖြင့် ကျောရိုးတစ်လျှောက် အေးစက်သွားရသည်မှာမူ အမှန်ပင် ဖြစ်ချေသည်။
"မင်းက ရှုတောင်ဂိုဏ်းသားလား…"
"(၆၀)" က မေးခွန်းထုတ်လိုက်ရင်း ဦးထုပ်ကိုချွတ်လိုက်ရာ ချစ်စဖွယ်ကောင်းသော မိန်းကလေးတစ်ဦး၏ မျက်နှာသွင်ပြင်က ပေါ်ထွက်လာလေသည်။
သူမက မိန်းကလေးတစ်ယောက်လား…။
ချူလျန် အနည်းငယ် အံ့ဩသွားရသည်။
အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ထိုသူမှာ အေးစက်စက် မျက်နှာအမူအရာရှိသည့် မိန်းကလေးငယ်တစ်ဦး ဖြစ်နေချေသည်။
ဆံပင်များမှာ အဖြူရောင်ရှိပြီး နားရွက်အောက်အထိ တိုနေသဖြင့် အမျိုးသမီးများထဲတွင် ဆံပင်တိုသည့်စာရင်း၌ ပါဝင်လေသည်။ မျက်နှာမှာ ဖြူစင်ဝင်းပပြီး မျက်ဝန်းများမှာမူ အေးစက်နေကာ ကလေးဆန်သောပုံရိပ်နှင့် အေးစက်သော အမူအရာမှာ တစ်မျိုးတစ်ဖုံ ဆန့်ကျင်နေသကဲ့သို့ ရှိနေလေ၏။
သူမ၏အရပ်မှာလည်း အစောပိုင်းကအတိုင်း မဟုတ်ဘဲ ဦးထုပ်ချွတ်လိုက်သည့်အခါမှသာ အနည်းငယ်ပုဝင်သွားပြီး၊ အသံမှာ သာယာငြိမ့်ညောင်းသော်လည်း ခံစားချက်ကင်းမဲ့နေလေသည်။
သေးငယ်သော မိန်းကလေးက ကြီးမားလှသော ဓားကောက်ကို ကိုင်ဆောင်ထားသည်မှာ အနည်းငယ် ထူးဆန်းလှသော မြင်ကွင်းပင် ဖြစ်ချေသည်။
"အဟုတ်ပါပဲ…" ချူလျန်က တစ်ဖက်လူ၏ ရိုးသားမှုကို မြင်တွေ့လိုက်ရသဖြင့် မိမိ၏ဦးထုပ်ကိုလည်း ချွတ်လိုက်ပြီး အပြစ်ကင်းစင်သော အပြုံးဖြင့် ပြန်လည်ဖြေကြားလိုက်လေသည်။
"ရှုတောင်တပည့် ချူလျန်ပါ…"
သူသည် တစ်ဖက်လူမှာ အမှောင်ဘုရင်ဂိုဏ်းသား မဟုတ်ကြောင်းကို အစောပိုင်းကတည်းက သံသယရှိခဲ့ခြင်းဖြစ်သလို၊ ယခုသူမ ထုတ်ဖော်ပြသလိုက်သော အတတ်ပညာများကလည်း သက်သေပြနေလေသည်။
ရှာမန်အတတ်၊ ကျိန်စာပိုးကောင်အတတ်၊ အဆိပ်အတတ်...။
ဤအရာများကို တစ်ခုတလေ တတ်မြောက်ထားခြင်းမှာ မဆန်းသော်လည်း၊ အားလုံးကို ကျွမ်းကျင်နေခြင်းမှာ ထူးခြားလွန်းလှပေသည်။
ထို့အပြင် ထီးအောက်၌ ဝိညာဉ်ကို ထိန်းချုပ်သည့်အတတ်နှင့် ထိုဓားကောက်မှာ ပကတိတရားသုံးပါး ချိုင့်ဝှမ်း၏ ထူးခြားသော အတတ်ပညာများသာ ဖြစ်ချေသည်။ အစောပိုင်းတွင် အမှောင်ဘုရင်ဂိုဏ်း၏ ဝိညာဉ်ချုပ်သူများ အသုံးပြုခဲ့သော ကြယ်တာရာအတတ်နှင့် ဝိညာဉ်မန္တန်များကိုမူ သူမက တစ်ခုမျှ ထုတ်ဖော်ပြသခဲ့ခြင်း မရှိချေ။
ထို့ကြောင့်သာ သူမသည် ပကတိတရားသုံးပါး ချိုင့်ဝှမ်းမှ တပည့်ဖြစ်ကြောင်း သူအခိုင်အမာ ယုံကြည်လိုက်ခြင်း ဖြစ်၏။ ဤသို့တွေးလိုက်မှသာ အစောပိုင်းက သူမ၏ထူးဆန်းသော အပြုအမူများအားလုံးမှာ အဓိပ္ပာယ်ရှိသွားတော့သည်။
"အင်း..." ဓားကောက်ကို ကိုင်ထားသော မိန်းကလေးက ခဏမျှ စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။
"ငါ နင့်ကို ယုံတယ်"
ချူလျန်လည်း ပြုံးလိုက်မိ၏။ မိမိ၏ဖြောင့်မတ်မှန်ကန်သော မျက်နှာထားကြောင့် တစ်ဖက်လူ၏ ယုံကြည်မှုကို ရရှိလိုက်ခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် နောက်တစ်စက္ကန့်တွင် ထိုမိန်းကလေးက ဆက်ပြောလိုက်သည်မှာ "အမှောင်ဘုရင်ဂိုဏ်းရဲ့ ဝိညာဉ်ချုပ်သူဆိုတာ အနည်းဆုံး ရွှေအမြုတေအဆင့် ရှိရမယ်လေ… နင်က တတိယနယ်ပယ်ပဲ ရှိသေးတာဆိုတော့ အစစ်မဖြစ်နိုင်ဘူး…"
"..."
မိမိ၏ကျင့်ကြံခြင်းအဆင့် နိမ့်ပါးမှုကြောင့် ယုံကြည်ခြင်းခံလိုက်ရသည်မှာ အနည်းငယ်တော့ စိတ်မကောင်းစရာပင်။
"ငါ့နာမည် လော့ယောင်…" မိန်းကလေးက ဓားကို ပြန်သိမ်းလိုက်ပြီး အေးစက်သော အသံဖြင့် မိတ်ဆက်လိုက်သည်။
"ဟင်…" ချူလျန် ဤနာမည်ကို ကြားလိုက်ရသည်နှင့် ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။
ကြယ်ခုနစ်စင်းသတင်းစာထဲတွင် ဖတ်ခဲ့ဖူးသည့် ပကတိတရားသုံးပါး ချိုင့်ဝှမ်းမှ ရက်စက်ကြမ်းကြုတ်သော ပါရမီရှင် အမျိုးသမီးတပည့်မှာ မျက်စိရှေ့မှ ဤမိန်းကလေးပင် ဖြစ်နေသည်လော။
ပြန်လည်စဉ်းစားကြည့်လျှင်၊ အစောပိုင်းက မိမိအနေဖြင့် နည်းလမ်းမျိုးစုံ အသုံးပြုပြီးမှသာ ခေတ္တမျှ ရှောင်တိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူမသာ ဆက်လက်လိုက်လံ တိုက်ခိုက်နေမည်ဆိုပါက မိမိအနေဖြင့် ဆရာသခင်ကို ခေါ်ဆောင်ခြင်း သို့မဟုတ် မှော်ဝင်ပစ္စည်းဖြင့် ထွက်ပြေးခြင်းမှလွဲ၍ အခြားနည်းလမ်း ရှိလိမ့်မည်မဟုတ်ပေ။
သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ ဧကန်မုချ စီနီယာအစ်မကျန်းယွဲ့ပိုင်၏ အောက်တွင် ရှိလိမ့်မည် မဟုတ်သည့်အပြင်၊ သူမ၏ ထူးဆန်းလှသော ရှာမန်အတတ်ပညာများက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
အစောပိုင်းက သူမသည် မိမိအား ရွှေအမြုတေအဆင့်ရှိသော မိစ္ဆာကျင့်ကြံသူဟု ထင်မှတ်ထားသဖြင့် မန္တန်တားမြစ်နယ်မြေဖြင့် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း၊ ချူလျန်က ကိုယ်ဖော့သိုင်းဖြင့် လွတ်မြောက်သွားခဲ့သည်။
အကယ်၍ သူမသည်သာ ချူလျန်သည် ဝိညာဉ်အသိအမြင်အဆင့်သာ ရှိကြောင်းကို အစကတည်းက သိရှိထားပြီး အစွမ်းကုန်တိုက်ခိုက်ခဲ့ပါက သူ သေချာပေါက်ခုခံနိုင်မည်မဟုတ်ပေ။
"လော့မိန်းကလေး တွေ့ရတာ ဝမ်းသာပါတယ်… နာမည်ကျော်ကြားမှုကို ကြားဖူးတာ ကြာပါပြီ…" ချူလျန်က ပြုံးလျက် ပြောလိုက်လေသည်။
"နင် ဒီကို ဘာလာလုပ်တာလဲ" လော့ယောင်က အပိုစကားမပြောဘဲ တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။
"ကျွန်တော်က ဝိညာဉ်ချုပ်တံဆိပ်ပြားထဲကနေ အမှောင်ဘုရင်ဂိုဏ်းရဲ့ လှုပ်ရှားမှုကို သိရှိခဲ့ရလို့၊ မိစ္ဆာကျင့်ကြံသူတွေကို နှိမ်နင်းဖို့ လာခဲ့တာပါ… လော့မိန်းကလေးကရော ဝိညာဉ်ချုပ်တံဆိပ်ပြားကို ဘယ်လိုမျိုး အသုံးပြုနိုင်တာလဲ…"
မိမိမှာမူ တိုက်ဆိုင်မှုတစ်ခုကြောင့် ထိုဝိညာဉ်ချုပ်သူ၏ ဝိညာဉ်ကို ငရဲဘုံကျမ်းထဲတွင် ထည့်သွင်းသိမ်းဆည်းထားနိုင်ခဲ့သဖြင့်သာ တံဆိပ်ပြားကို အသုံးပြုနိုင်ခြင်း ဖြစ်လေသည်။ ဤကဲ့သို့သော တိုက်ဆိုင်မှုမျိုးမှာ အချိန်တိုင်းရှိနိုင်မည် မဟုတ်ပေ။
"ငါက ယုတ်မာတဲ့ ဝိညာဉ်ချုပ်သူတစ်ယောက်ကို ဖမ်းမိခဲ့တာ… သူ့ရဲ့ဝိညာဉ်ကို ထုတ်ယူပြီး ရှာမန်အတတ်အတွက် အသုံးပြုဖို့ ပြင်ဆင်နေရင်းနဲ့မှ သူ့ရဲ့တံဆိပ်ပြားကို အသုံးပြုလို့ရမှန်း သိခဲ့ရတာ…"
လော့ယောင်က ဆိုလေသည်။ "ငါတစ်ယောက်တည်းပဲ ဒီတံဆိပ်ပြားရဲ့ လျှို့ဝှက်ချက်ကို သိတယ်လို့ ထင်နေတာ… အခုတော့ မိစ္ဆာကျင့်ကြံသူတွေကို ပိုပြီးသတ်နိုင်အောင် အခွင့်အရေးရှာနေရင်းနဲ့ နင့်ကို တွေ့လိုက်ရတာပဲ"
"တိုက်ဆိုင်မှုတစ်ခုပါပဲလေ…" ချူလျန်က ခပ်ဖျော့ဖျော့ ရယ်မောလိုက်လေသည်။
သူသည် လော့ယောင်ကဲ့သို့ ရက်စက်သောသူ မဟုတ်ပေ။
ထိုစဉ်က ဝိညာဉ်ချုပ်သူမှာ သူမရှေ့တွင် ကစားစရာအရုပ်တစ်ခုအလား ဖြစ်ခဲ့ပြီး သေခွင့်ပင် မရရှိခဲ့သည်မှာ သနားစဖွယ်ပင်။
"ဟင်း... နှမြောစရာပဲ" လော့ယောင်က သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။
"ဘာကို နှမြောတာလဲ…" ချူလျန်က မေးလိုက်လေသည်။
"ငါတို့ချိုင့်ဝှမ်းက အကြီးအကဲတွေ အပြင်မှာ စောင့်နေကြတာ၊ ငါက သူတို့အတွက် ဝိညာဉ်တွေ ထပ်ထုတ်ပေးပြီး တံဆိပ်ပြားတွေ ပေးမယ်လို့ ကတိပေးထားတာလေ… အဲဒီကျရင် အမှောင်ဘုရင်ဂိုဏ်းထဲကို အတူတူ အယောင်ဆောင်ပြီး ဝင်ကြမလို့ပေါ့…" လော့ယောင်က ပြောလိုက်လေသည်။
"ဒီလိုနည်းလမ်းမျိုးက တစ်ခါပဲ သုံးလို့ရမှာ၊ နောက်ဆိုရင် သူတို့ သေချာပေါက် သတိထားမိသွားကြလိမ့်မယ်… အကြီးအကဲတွေကလည်း ဒီလိုမျိုး အယောင်ဆောင်ရတာကို စိတ်ဝင်စားနေကြတာလေ…"
သောက်ကျိုးနည်း...။
ခင်ဗျားတို့က ဒါကို ပျော်ပွဲရွှင်ပွဲတစ်ခုလို သဘောထားနေကြတာလား…။
သူသည် မတတ်သာဘဲ ပြောလိုက်ရတော့သည်။ "နောက်ပိုင်းမှာ အခွင့်အရေးတွေ ရှိပါသေးတယ်ဗျာ… ကျွန်တော်တို့ နှစ်ယောက်ပေါင်းပြီး “(၅၉)” နဲ့ မြေကမ္ဘာတမန်တော်ကို ရင်ဆိုင်ကြတာပေါ့…"
လော့ယောင်က အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။
"အဲဒီ ဝိညာဉ်ချုပ်သူကိုတော့ ငါတစ်ယောက်တည်း ကိုင်တွယ်နိုင်ပါတယ်… မြေကမ္ဘာတမန်တော်ကတော့... သူက ပဉ္စမနယ်ပယ်ဆိုတော့ နည်းနည်း ခက်ခဲလိမ့်မယ်… တစ်ခုခုတော့ နည်းလမ်းရှာရမှာပဲ…"
***