"မိန်းကလေးလော့... အမှောင်ဘုရင်ဂိုဏ်းအကြောင်း အတွင်းကျကျ သိထားတာမျိုးရှိမလား...”
ချူလျန်ကမေးလိုက်၏။
"ကျုပ်ကတော့ အဲဒီဂိုဏ်းအကြောင်းသိတာ သိပ်မရှိလို့... သိထားတဲ့ သတင်းအချက်အလက်လေးတွေ အပြန်အလှန်နှီးနှောရင် ကောင်းမလားလို့ပါ...”
ဘာပဲဖြစ်ဖြစ် '(၆၀)'သည် လော့ယောင်ဖြစ်နေမှန်း သိလိုက်ရခြင်းက သူ့ကို ဝမ်းသာအားရဖြစ်စေသည်။
ပကတိတရားသုံးပါးချိုင့်ဝှမ်းသည် လမ်းမှန်အသိုင်းအဝိုင်းတွင် ဂုဏ်သတင်း သိပ်မမွှေးလှသော်လည်း၊ မြေကမ္ဘာဂိုဏ်း (၁၀)ဂိုဏ်းဝင် မြင့်မြတ်သောဂိုဏ်းကြီးတစ်ခုဖြစ်လေသည်။ အမှောင်ဘုရင်ဂိုဏ်းကဲ့သို့သော လူယုတ်မာများအကြားတွင်မူ သူမသည် ချူလျန်အတွက် စိတ်ချရသော အဖော်ကောင်းတစ်ဦး ဖြစ်နေလေတော့၏။
နှစ်ဦးသား မျက်နှာဖုံးဦးထုပ်များကို ပြန်လည်ဆောင်းလျက် ဂူအတွင်းသို့ ဝင်ရောက်လာကြသည်။ ယခုတစ်ကြိမ် စကားပြောဆိုရာတွင်မူ ယခင်ကထက်များစွာ ချောမွေ့သွားချေပြီ ဖြစ်သည်။
"ကျွန်မ သိတာလည်း သိပ်တော့မများလှပါဘူး...” လော့ယောင်ကဆို၏။
"ခရမ်းရွှေမြို့စားရဲ့ လက်အောက်ကလူတွေက အဆင့်ဆင့် စီမံခန့်ခွဲတာကို ခံရတာလို့ပဲ သိထားတယ်... ခရမ်းရွှေမြို့စားက လမ်းပြသူတွေကိုပဲ တိုက်ရိုက်အုပ်ချုပ်တာ... မြေကမ္ဘာမိစ္ဆာတမန်တော်တွေကိုတော့ သေချာမသိဘူး... လမ်းပြသူတွေကလည်း သူတို့လက်အောက်က မြေကမ္ဘာမိစ္ဆာတမန်တော်တွေကိုပဲ စီမံခန့်ခွဲပြီး ဝိညာဉ်ချုပ်သူတွေနဲ့ဆိုရင် ပိုပြီးတော့တောင် စိမ်းကြသေးတယ်... အရင်တုန်းကဆိုရင် တစ်လတစ်ခါ ဝိညာဉ်ပူဇော်ပွဲမှာ ခရမ်းရွှေမြို့စားဆီ ဝိညာဉ်တွေ လာဆက်သတဲ့အချိန်ကလွဲရင် အချင်းချင်းဆက်ဆံတာမျိုး မရှိသလောက်ပဲ...”
"ဒီတော့ကာ ငါတို့ ရောနှောဝင်ရောက်ဖို့အတွက် အခွင့်ကောင်းပဲပေါ့...” ချူလျန်ကပြန်ဖြေလိုက်သည်။
"ဟုတ်တယ်... အမှောင်ဘုရင်ဂိုဏ်းတစ်ခုလုံးမှာ ငါတို့ရဲ့အထောက်အထားကို သိနိုင်တဲ့သူဆိုလို့ ငါတို့ကိုအုပ်ချုပ်တဲ့ မြေကမ္ဘာမိစ္ဆာတမန်တော် တစ်ယောက်ပဲရှိတယ်..." လော့ယောင်က ပြောလိုက်ပြန်သည်။
"ဒါကြောင့် တောင်ထဲရောက်ရင် သူ့ကိုအမြန်ဆုံး ရှင်းပစ်နိုင်ဖို့ပဲလိုတယ်... အဲဒီလိုဆိုရင် ဘယ်သူမှ ငါတို့ကို သံသယဝင်မှာ မဟုတ်တော့ဘူး...”
ခေတ္တမျှ စဉ်းစားပြီးနောက် သူမက ချူလျန်ကို ထပ်မံပြောကြားလိုက်ပြန်၏။ "ကျွန်မ ပကတိတရားသုံးပါးချိုင့်ဝှမ်းရဲ့ တန်ခိုးစွမ်းရည်အချို့က အမှောင်ဘုရင်ဂိုဏ်းနဲ့ ဆင်တူတယ်... ဥပမာ သရဲထိန်းကျောင်းတဲ့ အတတ်ပညာမျိုးပေါ့... ဒါကြောင့် ကျွန်မအတွက်ကတော့ ဟန်ဆောင်ရတာ လွယ်ကူပေမဲ့... ရှင်လှုပ်ရှားလိုက်တာနဲ့ မူမတူတဲ့ကျင့်စဉ်လမ်းကြောင်းတွေ ပေါ်ထွက်လာမှာမို့လို့ တတ်နိုင်သလောက် ဖုံးကွယ်ထားဖို့ လိုလိမ့်မယ်...”
"ကျုပ်နားလည်ပါတယ်...” ချူလျန်က ပြန်ဖြေလိုက်သည်။
"ကျွန်မဂိုဏ်းက အကြီးအကဲတွေရဲ့ အမြင်အရတော့... ဒီတစ်ခေါက်လှုပ်ရှားမှုကို တတ်နိုင်သမျှ ဖုံးကွယ်ထားဖို့ပဲ... တောင်ပိုင်းလမ်းကြောင်းက လမ်းပြသူတွေ ဒီလောက်အထိအင်အားသုံးနေတာကိုကြည့်ရင် ကျန်းနန်တောင်တန်းထဲမှာ စွန့်စားရကျိုးနပ်တဲ့ ရတနာတစ်ခုခုကို တွေ့ထားတာသေချာတယ်...
ရတနာကို လက်ဝယ်ရရှိတဲ့ အချိန်ကျမှ အကုန်လုံးကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းဖို့ ကျွန်မတို့စီစဉ်ထားတာ... အဲဒီအချိန်မတိုင်ခင်အထိတော့ အထောက်အထား မပေါက်ကြားစေနဲ့ဦး...”
ချူလျန်ကခေါင်းညိတ်လိုက်၏။ "ရပါတယ်...”
သို့သော်လည်း ပကတိတရားသုံးပါးချိုင့်ဝှမ်းမှ လာရောက်သော အကြီးအကဲမှာ မည်မျှအစွမ်းထက်မည်ကို သူမသိပေ။ မည်သို့ပင်ဖြစ်စေ သူ၏ ဆရာသခင်လောက်တော့ အစွမ်းထက်မည် မဟုတ်ဟုသာ သူ ယုံကြည်နေမိတော့သည်။
"နောက်တစ်ချက်က အမှောင်ဘုရင်ဂိုဏ်းရဲ့ တပည့်တွေက ဝိညာဉ်ထိန်းကျောင်းတာနဲ့ ဝိညာဉ်သန့်စင်တာကိုပဲ အဓိကထားတော့ သူတို့ရဲ့ရုပ်ခန္ဓာက အတော်လေးအားနည်းတတ်ကြတယ်... ဒါကြောင့် သူတို့ကိုရင်ဆိုင်တဲ့အခါ မန္တန်တားမြစ်နယ်မြေက အကောင်းဆုံးရွေးချယ်မှုပဲ...
စောစောက ကြည့်ရသလောက် ရှင့်ရဲ့ရုပ်ခန္ဓာက အတော်လေးသန်မာပုံရတယ်... အခွင့်အရေးရရင် ကျွန်မတို့ နှစ်ယောက်ပေါင်းပြီး ဗျင်းကြတာပေါ့...” လော့ယောင်က ဆက်လက် ပြောကြားလိုက်လေသည်။
ချူလျန်လည်း ထိုအခါမှ သဘောပေါက်သွားတော့သည်။ အစောပိုင်းက သူမသည် အဘယ်ကြောင့် မန္တန်တားမြစ်နယ်မြေကို ဦးစွာထုတ်သုံးခဲ့သနည်း ဆိုသည်မှာလည်း ရှင်းလင်းသွားချေပြီ။
သူမ၏ရုပ်ခန္ဓာမှာ များစွာ မသန်မာသော်လည်း ပိုးမွှားကျိန်စာနှင့် အဆိပ်အတတ်ပညာများတွင် ကျွမ်းကျင်သဖြင့် ထိခိုက်မှုက ပြင်းထန်လှပေသည်။ သူ၏ ကျားဆယ်ကောင်ခွန်အားနှင့် အုတ်ခဲသိုင်းပညာကိုသာ ပေါင်းစပ်လိုက်ပါက ရှေ့တန်းနှင့်နောက်တန်း မျှတသွားမည်ဖြစ်၏။
ယွမ်ချောင်ရှန်းကဲ့သို့သော ထိပ်တန်းသိုင်းပညာရှင်မျိုးနှင့် မတွေ့သရွေ့ သူတို့နှစ်ဦးကို ယှဉ်နိုင်မည့်သူ ရှားပေလိမ့်မည်။
ထိုသို့တွေးတောရင်း ချူလျန်က ယင်းယွမ်ဆေးလုံးတစ်လုံးကို ထုတ်ယူကာ လော့ယောင်အား ကမ်းပေးလိုက်သည်။
"မိန်းကလေးလော့... ဒါက ယင်းယွမ်ဆေးလုံးပါ...” ချူလျန်က ပြောလိုက်သည်။
"ကျုပ်နဲ့ အစ်မနဲ့ ဝိုင်းဗျင်းတဲ့အချိန်မှာ အခြေခံချီစွမ်းအင် လှုပ်ခတ်မှုကို ဖုံးကွယ်ပေးနိုင်တယ်... ခဏနေရင် လိုအပ်ကောင်း လိုအပ်လာလိမ့်မယ်...”
သူမက မိမိအပေါ် ပွင့်လင်းစွာ ပြောဆိုထားသဖြင့် သူကလည်း စေတနာကို တုံ့ပြန်လိုက်ခြင်း ဖြစ်ပေသည်။ လော့ယောင်သည်လည်း တွန့်ဆုတ်မနေဘဲ ထိုဆေးလုံးကို လှမ်းယူလိုက်လေ၏။ ဤယင်းယွမ်ဆေးလုံးမှာ ရှားပါးလှသည်ကို သူမ သိရှိထားသဖြင့် ချူလျန်ကို ကြည့်သော အကြည့်မှာ ပိုမိုနူးညံ့သွားလေတော့သည်။
ကနဦးအစပြုရာတွင် လူအများ၏ စိတ်ကို ဆွဲဆောင်ရာ၌ ချူလျန်သည် အမြဲတမ်း ရက်ရောတတ်သူ ဖြစ်လေသည်။
...
နှစ်ဦးသား ဂူအတွင်း၌ အချိန်အတန်ကြာ ဆက်လက် စကားပြောဆိုနေကြသည်။ လော့ယောင်မှာ စကားနည်းသူ ဖြစ်သော်လည်း ချူလျန်က စကားကို အလိုက်သင့် ပြောဆိုတတ်သဖြင့် သူတို့ကြားရှိ လေထုမှာ အတော်လေး သင့်တင့်နေလေသည်။
မိုးချုပ်ခါနီးအချိန်တွင် ဝိညာဉ်ချုပ်တံဆိပ်ပြားက တုန်ခါလာပြီး သတင်းစကားတစ်ခု ရောက်ရှိလာလေ၏။
[ (၅၉) ] : "မင်းတို့တွေ ဆုံမိကြပြီလား… ငါလည်း မကြာခင် ရောက်တော့မယ်… ဝံပုလွေအမြီးတောအုပ်မှာပဲ ဆုံကြမှာလား...”
ချူလျန်က သတင်းစကားကို ဖတ်ကြည့်လိုက်ပြီးနောက် လော့ယောင်ကိုကြည့်ကာ မေးလိုက်သည်။ "ဒီနေရာမှာပဲလား...”
လော့ယောင်က ခေါင်းညိတ်ပြလိုက်သည်။ "ရပါတယ်...”
"ကောင်းပြီ...” ချူလျန်က ပြောလိုက်သည်။ "ခဏနေရင် သူ့ဆီကနေ သတင်းအချက်အလက် အချို့ကို အရင်နှိုက်ကြည့်မယ်... ပြီးမှ အရင်အတိုင်းပဲ... ကျုပ်က အစ်မနဲ့ ပူးပေါင်းပေးမယ်...”
နှစ်ဦးသား အပြန်အလှန် ဆွေးနွေးပြီးနောက် '(၅၉)'ကို ကြိုဆိုရန် အစီအစဉ်ဆွဲလိုက်ကြတော့သည်။
[ (၅၈) ] : "ဝံပုလွေအမြီးတောအုပ်က ကျောက်တုံးနက်ပုံနားမှာပဲ ရှိနေတုန်းပဲ...”
[ (၆၀) ] : "ဟုတ်တယ်...”
[ မြေကမ္ဘာမိစ္ဆာတမန်တော် ] : "ကောင်းပြီ... မင်းတို့နှစ်ယောက် အရင်တွေ့ရင် ရန်ဖြစ်နေမှာကို စိုးရိမ်နေတာ... အခု သုံးယောက်လုံး လူစုံသွားရင်တော့ အဆင်ပြေသွားမှာပါ... မနက်ဖြန် မနက်ကျရင် ငါ ရောက်လာမယ်... အဲဒီအချိန်ကျမှ လမ်းပြသူနဲ့ သွားတွေ့ကြတာပေါ့...”
မကောင်းဆိုးဝါးများ အကြားတွင်လည်း အချင်းချင်း သတ်ဖြတ်ခြင်းမှာ စိုးရိမ်စရာ ဖြစ်နေပုံရလေသည်။
မကြာမီမှာပင် ဂူတံခါးဝတွင် လူရိပ်တစ်ခု ပေါ်လာပြီး ဝမ်းသာအားရ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေ၏။ "အိုး... မင်းတို့တွေ တကယ်ရှိနေတာပဲ... နောက်ဆုံးတော့ တွေ့ကြပြီပေါ့...”
ချူလျန်နှင့် လော့ယောင်တို့မှာ အစောကြီးကတည်းက အာရုံခံမိထားကြပြီးဖြစ်၏။ လှမ်းကြည့်လိုက်ရာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာကို ဖုံးကွယ်ထားသော လူတစ်ဦးကို တွေ့လိုက်ရလေသည်။
ဝတ်စုံချင်းကလည်း ထပ်တူကျနေပြန်ချေပြီ။
ချူလျန်မှာမူ ထိုကဲ့သို့ ဝတ်စုံတူနေခြင်းကို ကျင့်သားရနေပြီဖြစ်၏။ ဤ '(၅၉)'မှာမူ သတိထားတတ်သူပုံစံ မပေါက်လှသဖြင့် သူ့ထံမှ သတင်းအချက်အလက်အချို့ ရရှိနိုင်မည်ဟု သူတွေးတောမိလိုက်သည်။
ချူလျန်က ဘေးနားရှိ ကျောက်ခုံကို ညွှန်ပြလိုက်ပြီး "ထိုင်ပါဦး...” ဟု ဆိုလိုက်၏။
"အိုက်ယား... နောက်ဆုံးတော့ နားရပြီ... ပင်ပန်းလိုက်တာဗျာ... ကျုပ် ဒီရက်ပိုင်း ဘယ်လောက်တောင် ခရီးနှင်ခဲ့ရလဲ မင်းတို့သိမှာမဟုတ်ဘူး... ကျုပ်က အစောဆုံးရောက်မယ် ထင်နေတာ... နောက်ဆုံးကျမှ ရောက်လာရတယ်လို့..."
မေးစရာပင်မလိုဘဲ '(၅၉)'မှာ တစ်ယောက်တည်း မနားတမ်း ပြောဆိုနေတော့သည်။ ချူလျန် ခဏကြာအောင် နားထောင်ကြည့်သော်လည်း မည်သည့်အနှစ်သာရမျှ မရှိသည်ကို တွေ့လိုက်ရလေသည်။
ထို့ကြောင့် သူက စကားကိုဖြတ်ပြီး မေးလိုက်ရတော့သည်။ "ဒီရက်ပိုင်းအတွင်း ဘာတွေထူးထူးခြားခြား ရခဲ့လဲ...”
ဝိညာဉ်ချုပ်သူ (၇၂)ဦးလုံး၏ လမ်းကြောင်းမှာ ခရမ်းရွှေမြို့စားအတွက် ဝိညာဉ်များ လိုက်လံစုဆောင်းနေရသူများ ဖြစ်သဖြင့် ဤမေးခွန်းက ထူးဆန်းမနေပေ။
'(၅၉)'က ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ပြီး "ဟားဟား... အဲဒါကို ပြောရမယ်ဆိုရင်တော့ ကျုပ်ရဲ့ ဒီလပိုင်း အတွေ့အကြုံတွေကို ပြောပြရမှာပေါ့... ပထမဆုံးအနေနဲ့ ကျုပ်က ပိုင်ဟွာမြို့ကို သွားခဲ့တယ်..."
"အဲဒီနောက်မှာ ရဲ့ယိုမြို့ကို ထပ်သွားတယ်..."
"ပြီးတော့ ကျင်းစီမြို့ကို ထပ်သွားတယ်..."
"ဒီလိုနဲ့... ကျုပ် ဘာမှမရခဲ့ဘူး..."
နောက်ဆုံးတွင် သူကလက်နှစ်ဖက်ကို ဖြန့်ကာ ဆိုလိုက်လေသည်။
ချူလျန်ခမျာ မျက်နှာမည်းသွားရသည်။
ဤလူမှာ မည်သို့သော ပါရမီရှင်မျိုးနည်း...။
ဘာအဓိပ္ပာယ်မှမရှိသော စကားများကို တစ်နာရီနီးပါးကြာအောင် မည်သို့ ပြောနိုင်ပါသနည်း…။
မေးမြန်းနေခြင်းမှာ အချိန်ဖြုန်းနေခြင်းသာဖြစ်ကြောင်း သူ သဘောပေါက်လိုက်လေသည်။
သူက လော့ယောင်ဘက်သို့ လှည့်ကြည့်လိုက်ရာ၊ 'စကားမပြောတော့ဘဲ ဗျင်းသာဗျင်းလိုက်ကြစို့’ ဟု ဆိုလိုသော အကြည့်ကို တွေ့လိုက်ရလေသည်။
လော့ယောင်လည်း ခေါင်းကိုအသာအယာ ညိတ်ပြလိုက်သည်။ ဤမျှလောက်အထိ စကားများသောသူကို သူမလည်း သည်းခံနိုင်တော့မည် မဟုတ်သည်မှာ သေချာလှသည်။
သဘောထားချင်း တူညီသွားကြပြီဖြစ်၍ လော့ယောင်က ထရပ်ကာ ပြောလိုက်လေသည်။ "စောစောက ဟိုဘက်တောင်စောင်းမှာ ချိုင့်ဝှမ်းတစ်ခုတွေ့ခဲ့တယ်... အဲဒီမှာ ရတနာတစ်ခုခု ရှိနေပုံရတယ်... ကျုပ်နဲ့အတူ ဘယ်သူလိုက်ခဲ့မလဲ...”
ချူလျန်က ဘေးဘီကိုကြည့်ပြီး "ကျုပ်တို့တွေ လူစုံနေမှတော့ လူမခွဲတာ အကောင်းဆုံးပဲ... အတူတူ သွားကြတာပေါ့...” ဟု ဆိုလိုက်သည်။
"အတူတူ သွားတာပေါ့... ကောင်းတာပေါ့ဗျာ...” '(၅၉)'မှာ သံသယ အနည်းငယ်မျှမရှိဘဲ ထရပ်လိုက်လေသည်။
"ရတနာမရှိရင်တောင်မှ အပြင်ထွက်ပြီး လှုပ်လှုပ်ရှားရှား လုပ်တာက ပိုကောင်းတာပေါ့...”
သူ၏ ဖြူစင်လွန်းသော ပုံစံကိုကြည့်ပြီး ဤလူသည် အမှန်တကယ်ပင် အမှောင်လမ်းစဉ်ကို လိုက်စားသူမှ ဟုတ်ကောဟုတ်ရဲ့လားဟု ချူလျန် သံသယဖြစ်မိတော့သည်။
တကယ့်ကို စက္ကူဖြူတစ်ချပ်ကဲ့သို့ပင်။
နှစ်ဦးသား '(၅၉)'ကို ခေါ်ဆောင်ကာ ဂူထဲမှထွက်လာခဲ့ကြသည်။ ရင်းနှီးသော လမ်းအတိုင်း တောင်စောင်းကို ကျော်ဖြတ်လာကြပြီးနောက်၊ '(၅၉)'က တစ်စုံတစ်ခုကို သတိထားမိသွားပုံ ရလေသည်။
"ဟိုဘက်မှာ ဘာချိုင့်ဝှမ်းမှ ရှိမနေသလိုပဲနော်...” သူကမေးလိုက်တော့သည်။
စကားမဆုံးသေးမီမှာပင်...
လေထုထဲမှ ‘ချပ် ဟူသော အသံတစ်ခု ထွက်ပေါ်လာပြန်လေသည်။
မန္တန်တားမြစ်နယ်မြေသည်ကား တစ်ဖန်ပြန်လည်၍ ရောက်ရှိလာချေပြီ။
***