“ကြုံမှ ကြုံတတ်ပါပေ့...”
လိုဏ်ဂူငယ်လေးထဲတွင် လူသုံးဦးမှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်ရင်း အနည်းငယ် နေရခက်နေကြ၏။
သူလျှိုတစ်ဦးက တစ်ကိုယ်တော်ထိုင်နေပြီး သူလျှိုနှစ်ဦးမူ မျက်နှာချင်းဆိုင်ထိုင်နေသည်။ သူလျှိုသုံးဦးလုံး ဝိုင်းဖွဲ့ထိုင်နေကြချေပြီ။
သူတို့သုံးဦးစလုံးမှာ ခေါင်းစွပ်များကိုပင် ပြန်လည်ဝတ်ဆင်ခြင်း မရှိကြတော့ပေ။ မည်သို့ပင်ဖြစ်စေ ဤနေရာတွင် ပြင်ပလူဟူ၍ မရှိတော့သည် မဟုတ်ပါလော။
အားလုံး သူလျှိုများ ဖြစ်နေကြခြင်းမှာ သူလျှို လုံးဝမရှိသကဲ့သို့ပင် ဖြစ်နေတော့၏။
“အဟမ်း...” ချူလျန်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး ပုရှန်ဟုခေါ်သော ထိုဘုန်းတော်ကြီးကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
“တကယ်ကို ထင်မထားမိဘူး ငါတို့ကြားထဲမှာ ဗုဒ္ဓဘာသာလမ်းစဉ်က မြင့်မြတ်တဲ့ ရဟန်းတစ်ပါး ပါနေလိမ့်မယ်လို့လေ...”
“မြင့်မြတ်တဲ့ ရဟန်းတော့ မဟုတ်ပါဘူးဗျာ… သာမန် လှည့်လည်ကျင့်ကြံတဲ့ ရဟန်းလေးတစ်ပါးပါပဲ...” ပုရှန်က အဆက်မပြတ် ခေါင်းခါရင်း ပြောလိုက်လေသည်။
ထို့နောက် သူက ပြုံးလျက် ဆက်ပြောပြန်သည်။ “ကျုပ်က ဒီနှစ်တွေတစ်လျှောက်လုံး နှုတ်ဆိတ်ကျင့်စဉ်ကိုပဲ အားထုတ်ခဲ့တာမို့ လူတွေနဲ့ ဆက်ဆံရေး သိပ်မရှိဘူး… လူ့လောကအကြောင်းလည်း သိပ်နားမလည်တော့ တောင်ပေါ်ကဆင်းပြီး အတွေ့အကြုံယူဖို့ ထွက်လာခဲ့တာ… ဒီလို ထူးဆန်းတဲ့ ဇာတ်လမ်းမျိုးနဲ့ ကြုံရလိမ့်မယ်လို့တော့ မထင်ထားခဲ့မိဘူး...”
“ဗျာ...” ချူလျန်တစ်ယောက် မယုံနိုင်အောင် ဖြစ်သွားရ၏။
ခင်ဗျားက နှုတ်ဆိတ်ကျင့်စဉ်ကို ကျင့်တာလား…။
ဆရာကြီးရယ်... ခင်ဗျားသာ နေပူထဲ တစ်ပတ်လောက် ထွက်သွားရင် သွားတွေတောင် နေလောင်ပြီး မည်းသွားနိုင်တဲ့အထိ စကားတွေ ပြောနေတာကို... ဒါကို နှုတ်ဆိတ်ကျင့်စဉ်လို့ ခေါ်တာလား….။
သူတို့နှစ်ဦး၏ အံ့သြနေသော အကြည့်များကို မြင်သောအခါ ပုရှန်က တစ်စုံတစ်ခုကို သတိပြုမိသွားပုံရပြီး အလျင်အမြန် ရှင်းပြလေသည်။
“ကျုပ်က ဆယ့်သုံးနှစ်တိုင်တိုင် နှုတ်ဆိတ်ကျင့်စဉ်ကို ကျင့်ကြံခဲ့တာမို့... အခု ကျင့်စဉ်ကနေ ကင်းလွတ်ခွင့်ရတဲ့အခါမှာ အတိုးချပြီး ပြောမိနေတာပါ...”
ထိုအခါမှသာ ချူလျန်လည်း သဘောပေါက်သွားတော့၏။ ဆယ့်သုံးနှစ်လုံးလုံး စကားမပြောခဲ့ရသဖြင့် ယခုအခါတွင်မူ ကလဲ့စားချေသည့်အနေဖြင့် စကားတွေ အတိုးချပြောနေခြင်းပင် ဖြစ်ချေသည်။
ဤကမ္ဘာ၏ ဗုဒ္ဓဘာသာလမ်းစဉ်မှာ အနောက်ဘက် အစွန်အဖျားဒေသမှ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်ကမှ စတင်ဝင်ရောက်လာခဲ့ခြင်း ဖြစ်သဖြင့် အခြေခံအုတ်မြစ်မှာ သိပ်မခိုင်မာသေးဟု ဆိုနိုင်ပေသည်။
သို့သော် နက်ရှိုင်းလှသော ဗုဒ္ဓတရားတော်များနှင့် အစွမ်းထက်သော ဓမ္မအတတ်များကြောင့် ကိုးကွယ်ယုံကြည်သူ အမြောက်အမြား ရှိနေပြီဖြစ်ကာ တာအိုလမ်းစဉ်၊ ကွန်ဖြူးရှပ်လမ်းစဉ်တို့နှင့်အတူ လမ်းစဉ်ကြီးသုံးရပ်အဖြစ် ရပ်တည်နေနိုင်ပြီ ဖြစ်၏။
မြင့်မြတ်ဂိုဏ်း (၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း (၁၀)ဂိုဏ်းတို့အကြားတွင်လည်း နေရာနှစ်ခု ရရှိထားလေသည်။
ယင်းတို့မှာ မြင့်မြတ်ဂိုဏ်းများထဲမှ ယွမ်ချွယ်ကျောင်းတော်နှင့် မြေကမ္ဘာဂိုဏ်းများထဲမှ ကျုံးလော်ကျောင်းတော်တို့ ဖြစ်ကြပေသည်။ ဗုဒ္ဓဘာသာလမ်းစဉ်သည် နှစ်ပေါင်းတစ်ထောင်အတွင်းမှာပင် လမ်းစဉ်ကြီးသုံးရပ်ထဲတွင် ပါဝင်လာနိုင်ခြင်းမှာ ယွီဧကရာဇ်မင်းဆက်၏ အားပေးထောက်ပံ့မှုနှင့်လည်း မကင်းချေ။
အဘယ်ကြောင့်ဆိုသော် ယခင်က ကျင့်ကြံခြင်းလောကတွင် တာအိုလမ်းစဉ်ကသာ အင်အားအကြီးဆုံးဖြစ်ပြီး ဩဇာအာဏာအားလုံးကို ချုပ်ကိုင်ထားသောကြောင့် ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ယွီမင်းဆက်၏ ဧကရာဇ်အဆက်ဆက်တို့သည် ကွန်ဖြူးရှပ်လမ်းစဉ်နှင့် ဗုဒ္ဓဘာသာလမ်းစဉ်တို့ကို အားပေးထောက်ပံ့ခဲ့ကြလေသည်။
မြေကမ္ဘာဂိုဏ်းများထဲမှ နဂါးပျံကျောင်းတော်နှင့် ကျုံးလော်ကျောင်းတော်တို့မှာ နန်းတွင်းအသိုင်းအဝိုင်းကို အမှီပြု၍ တည်ထောင်ထားကြခြင်း ဖြစ်၏။
ကျုံးလော်ကျောင်းတော်၏ အမည်ရင်းမှာပင် နိုင်ငံတော်စောင့်ရှောက်ရေး ကျုံးလော်ကျောင်းတော်ဟု ခေါ်ဆိုပေသည်။
ယွမ်ချွယ်ကျောင်းတော်မှာမူ တရားဦးစတင်ဟောကြားရာ ဗုဒ္ဓဘာသာ၏ အထွတ်အမြတ်ထားရာနေရာ ဖြစ်သဖြင့် အဆင့်အတန်းမှာ ပိုမိုမြင့်မြတ်လှပေ၏။ ဒဏ္ဍာရီများအရ ထိုကျောင်းတော်၏ တံခါးမှာ တိမ်တိုက်များထက်တွင် တည်ရှိသည်ဟု ဆိုကြပြီး “တိမ်ပေါ်က နန်းတော်၊ မြင့်မြတ်သော ဗုဒ္ဓတရား” ဟုပင် တင်စားကြလေသည်။
သို့သော် အချို့သော ဂိုဏ်းဂဏကွဲပြားမှုများကြောင့် ကောင်းကင်မဏ္ဍိုင်မျှော်စင်သည် ဗုဒ္ဓဘာသာအကြောင်းကို သတင်းစာထဲတွင် ထည့်သွင်းဖော်ပြခြင်း နည်းပါးလှပေသည်။
ကျုံးလော်ကျောင်းတော်မှာ နန်းတွင်း၏ ဂုဏ်အရှိန်အဝါကြောင့် လူသိများသော်လည်း မြင့်မြတ်ဂိုဏ်း (၉)ဂိုဏ်းဝင်ဖြစ်သော ယွမ်ချွယ်ကျောင်းတော်အကြောင်းကိုမူ သိသူရှားပါးလှချေသည်။
ယွမ်ချွယ်ကျောင်းတော်သည် တိမ်တိုက်များထက်တွင် မြင့်မားစွာ တည်ရှိနေပြီး ကျင့်ကြံခြင်းလောက၏ အရှုပ်အထွေးများတွင်လည်း ပါဝင်ပတ်သက်လေ့ မရှိပေ။
ထို့ကြောင့် ချူလျန်ကဲ့သို့သော တပည့်ငယ်များမှာ ဤကျောင်းတော်၏ အမည်ကိုသာ ကြားဖူးပြီး လူကိုမူ တစ်ခါမျှ မမြင်ဖူးကြခြင်း ဖြစ်လေသည်။
ထိုအချက်ကြောင့်ပင် အစောပိုင်းက ပုရှန်နှင့် လော့ယောင်တို့ တိုက်ခိုက်နေစဉ်အတွင်း ပုရှန်က ဗုဒ္ဓဘာသာ တန်ခိုးစွမ်းရည်များကို အသုံးပြုခဲ့သော်လည်း သူတို့နှစ်ဦးမှာ ခန့်မှန်းရုံသာ တတ်နိုင်ခဲ့ပြီး ပုရှန်၏ နောက်ခံကို အတည်မပြုနိုင်ခဲ့ကြခြင်းပင်။
“...အဲဒီလိုနဲ့ ကျုပ်က 'လောကဓမ္မ ပြောင်းပြန်လှန်ခြင်း' ဆိုတဲ့ နည်းစနစ်နဲ့ သူ့ရဲ့ ဝိညာဉ်ဆွဲထုတ်တဲ့ တန်ခိုးစွမ်းရည်ကို သူ့ဆီကိုပဲ ပြန်ပြီး ရိုက်ခတ်စေခဲ့တာ… သူက ကိုယ့်မန္တန်နဲ့ကိုယ် ငရဲဘုံကျမ်းထဲမှာ ပြန်ပြီး ပိတ်မိသွားတော့တာပဲ… ဒီလို ယုတ်မာတဲ့ မိစ္ဆာကျင့်ကြံသူကတော့ ကိုယ့်ဝဋ်နဲ့ကိုယ် ပြန်ခံရတာပါပဲ… ကျုပ်လည်း အဲဒီကျမှ ဝိညာဉ်ချူပ်တံဆိပ်ပြားကို ရလိုက်တာ...”
ချူလျန် အတွေးလွန်နေစဉ်အတွင်း ပုရှန်မှာမူ သူ ဝိညာဉ်ချူပ်တံဆိပ်ပြားကို မည်သို့ရရှိခဲ့ကြောင်း ရှင်းပြပြီးနေပြီ ဖြစ်ချေသည်။
စကားလေး နှစ်ခွန်း၊ သုံးခွန်းနှင့် ပြီးနိုင်သော အကြောင်းအရာကို သူသည် တစ်နာရီနီးပါးခန့် အချိန်ယူ၍ အာဘောင်အာရင်းသန်စွာ ပြောပြနေခြင်း ဖြစ်၏။
ချူလျန်က ယဉ်ကျေးစွာ ပြုံးပြလိုက်ပြီး “ပုရှန်ရောင်းရင်း ပါဝင်လာပြီဆိုတော့ ကျုပ်တို့ရဲ့ မိစ္ဆာနှိမ်နင်းရေး အစီအစဉ်က ပိုပြီး စိတ်ချရသွားပြီပေါ့...” ဟု ပြောလိုက်လေသည်။
ထိုအချိန်တွင် လော့ယောင်က သမ်းဝေလိုက်ပြီး “ငါတော့ အိပ်ချင်လာပြီ...” ဟု ပြောလိုက်၏။
သူမကဲ့သို့ အဆင့်ရှိသော ကျင့်ကြံသူတစ်ဦးမှာ အိပ်ချင်စိတ် ဖြစ်ပေါ်လာခြင်းမှာ အလွန်ရှားပါးလှပေသည်။
သို့သော် ပုရှန်၏ စကားများကို အချိန်အတော်ကြာ နားထောင်ခဲ့ရသဖြင့် သူမကိုလည်း အပြစ်ဆို၍ မရနိုင်ပေ။
“အချိန်လည်း မစောတော့ဘူးပဲ… ဒါဆိုရင် ငါတို့ အနားယူကြတာပေါ့...” ချူလျန်သည်လည်း မိမိကိုယ်မိမိ ကယ်တင်ရန်အတွက် အမြန်ပြောလိုက်ရသည်။
“မိန်းကလေးလော့ယောင်က အမျိုးသမီးဆိုတော့ ဒီလိုဏ်ဂူထဲမှာပဲ နေလိုက်ပါ… ငါတို့က အပြင်မှာ...”
“မလိုဘူး...” လော့ယောင်က ငြင်းပယ်လိုက်ပြီးနောက် လက်ကိုလှန်၍ စက္ကူဖြူထီးကို ဖွင့်လိုက်ရာ ဖြူဖွေးနူးညံ့သော အလင်းတန်းတစ်ခုက သူမကို လွှမ်းခြုံသွားလေသည်။
ကြည့်ရသည်မှာ ဖြူဖွေးသော အမျိုးသမီး ဝိညာဉ်ပုံရိပ်တစ်ခုက သူမကို ပွေ့ဖက်ထားသကဲ့သို့ ဖြစ်နေပြီး အလွန်ပင် လုံခြုံမှုရှိနေပုံ ရလေသည်။
“အနားယူတော့မှာလား...” ပုရှန်က ချူလျန်ကို မဝသေးသော အကြည့်ဖြင့် ကြည့်လိုက်ပြီး စကားဆက်ပြောချင်နေပုံ ရသေးသည်။
ချူလျန်က ချက်ချင်းပင် ကပျာကယာ ပြောလိုက်ရသည်။ “မနက်ဖြန်ကျရင် စိန်ခေါ်မှုတွေ ရှိသေးတယ်… စောစောစီးစီး အနားယူထားတာက ပိုကောင်းလိမ့်မယ်...”
“ကောင်းပါပြီ...” ပုရှန်က နှမြောတသဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ရာ လင်းလက်နေသော ရွှေခေါင်းလောင်းကြီး၏ ပုံရိပ်ယောင်က သူ့ကို ထပ်မံ၍ လွှမ်းခြုံသွားပြီး သီးသန့်နေရာတစ်ခုကို ဖန်တီးလိုက်လေတော့သည်။
ချူလျန်သည် သူတို့နှစ်ဦးကို ကြည့်ရင်း ရှုတောင်ဂိုဏ်း၏ သိက္ခာကို မကျဆင်းစေရန်အတွက် လက်ကို မြှောက်လိုက်ပြီး အသက်ရင်းမြစ် မူလသစ်ရွက်စိမ်းကို ဆင့်ခေါ်လိုက်ရသည်။
စိမ်းလန်းသော အလင်းတန်းတစ်ခုက သူ့ကို ဖက်ထုတ်တစ်ခုကဲ့သို့ ပတ်ပတ်လည် အုပ်မိုးသွားလေတော့သည်။
ဟမ့်... ဘာတွေလာကြွား… ငါ့မှာလည်း ရှိတာပဲကို…။
... ...
သူတို့အတွက်မူ 'အနားယူခြင်း' ဆိုသည်မှာ အချိန်အကြာကြီး မလိုအပ်ပေ။ အကယ်၍ မိုးလင်းသည်အထိ အိပ်ပျော်သွားခဲ့လျှင် မြေကမ္ဘာမိစ္ဆာတမန်က စောစီးစွာ ရောက်ရှိလာပြီး ဤမှော်ဝင်ပစ္စည်းများကို မြင်တွေ့သွားပါက သူတို့သုံးဦးလုံး ချက်ချင်း ဖော်ထုတ်ခံရပေလိမ့်မည်။
မကြာမီမှာပင် သုံးဦးသား တစ်ယောက်ပြီးတစ်ယောက် ပြန်ထွက်လာကြပြီး လိုဏ်ဂူထဲတွင် တင်ပျဉ်ခွေထိုင်ကာ တရားမှတ်နေကြလေသည်။
ပုရှန်မှာ ကြားထဲတွင် သူတို့နှစ်ဦးနှင့် စကားပြောရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း ချူလျန်ကသာ ရံဖန်ရံခါ စကားပြန်ပြောပေးပြီး လော့ယောင်ကမူ မျက်နှာသေဖြင့် တစ်ခွန်းမျှ ပြန်မပြောပေ။
ဤလူနှစ်ဦးမှာ ရေနှင့်မီးကဲ့သို့ ဆန့်ကျင်ဘက် ဖြစ်နေကြရာ ချူလျန်တစ်ယောက် ဤခရီးစဉ်၌ အတော်လေး အားအင်ကုန်ခမ်းရတော့မည်ဟု ကြိုတင် ခံစားနေမိတော့သည်။
ကောင်းကင်ယံတွင် အလင်းရောင်သဲ့သဲ့ ထွက်ပေါ်လာချိန်၌ ဝိညာဉ်ချူပ်တံဆိပ်ပြားက နောက်တစ်ကြိမ် တုန်ခါလာလေသည်။
[ မြေကမ္ဘာမိစ္ဆာတမန် ] : “ငါ အခုချက်ချင်း ရောက်လာတော့မယ်...”
[ မြေကမ္ဘာမိစ္ဆာတမန် ] : “မင်းတို့ ပြင်ဆင်ထားကြ… ရောက်တာနဲ့ ငါတို့ လမ်းပြတမန်တော်နဲ့ သွားပြီး ဆုံကြမယ်...”
[ ၅၈ ] : “နားလည်ပါပြီ...”
[ ၆၀ ] : “နားလည်ပါပြီ...”
[ ၅၉ ] : “ဟုတ်ကဲ့ပါဗျာ...”
[ ၅၉ ] : “အရှင်စေတမန်ကို စောင့်ကြိုနေတာ ကြာပါပြီ...”
ဤမြေကမ္ဘာမိစ္ဆာတမန်နှင့် ပတ်သက်၍လည်း သူတို့သုံးဦး ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်လေသည်။ ပထမဆုံးအနေဖြင့် သူတို့၏ ဟန်ဆောင်မှုကို မရိပ်မိပါက လောလောဆယ် ဘာမှမလုပ်သေးရန် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် အဖွဲ့ကြီးနှင့် သွားရောက်ဆုံတွေ့ရန်အတွက် သူက လမ်းပြပေးရမည် ဖြစ်သောကြောင့်ပင်။
ဝိညာဉ်ချူပ်သူများသည် စေတမန်ကို ကျော်ဖြတ်၍ အထက်လူကြီးများနှင့် တိုက်ရိုက် ဆက်သွယ်၍ မရနိုင်ပေ။
သို့သော် လမ်းပြတမန်တော်နှင့် တွေ့ဆုံပြီးနောက် အမှောင်ဘုရင်ဂိုဏ်း၏ အဖွဲ့ကြီးထဲသို့ ရောက်ရှိသွားပြီ ဆိုလျှင်မူ ဤမြေကမ္ဘာမိစ္ဆာတမန်သည် သူတို့ ပထမဆုံး ရှင်းလင်းရမည့်သူ ဖြစ်ချေသည်။
အဘယ်ကြောင့်ဆိုသော် သူသည်သာ သူတို့၏ ဟန်ဆောင်မှုကို ရိပ်မိနိုင်ခြေ အရှိဆုံးသူ ဖြစ်သောကြောင့်ပင်။
ခေတ္တမျှ စိုးရိမ်တကြီး စောင့်ဆိုင်းနေပြီးနောက် အနက်ရောင်ပုံရိပ်တစ်ခုသည် လိုဏ်ဂူငယ်လေး၏ အပြင်ဘက်သို့ ရောက်ရှိလာလေသည်။ လူသုံးဦးလုံး စနစ်တကျ ထွက်ကြိုလိုက်ကြ၏။
မြေကမ္ဘာမိစ္ဆာတမန်၏ ပုံရိပ်ကို မမြင်ရသေးမီမှာပင် စေတီတော်ဖြူထဲရှိ ကြက်သွေးရောင်ကွပ်မျက်သူဓားက အရင်ဆုံး တုန်ခါလာလေသည်။
ချူလျန်သည် ထိုအခါမှ စိတ်အေးသွားရတော့သည်။ ကြည့်ရသည်မှာ ဤမိစ္ဆာဂိုဏ်းသားမှာမူ အစစ်အမှန်ပင် ဖြစ်နေချေပြီ။
အမှန်တကယ်ပင် အမှောင်ဘုရင်ဂိုဏ်းသားများသည် လူသားဝိညာဉ်များကို ဖမ်းဆီးကြသူများ ဖြစ်သဖြင့် ကြက်သွေးရောင်ကွပ်မျက်သူဓား၏ တုံ့ပြန်မှုကို ခံရမည်မှာ သေချာလှသည်။
ယခင်နှစ်ဦးတုန်းက မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့ခြင်းမှာ သူတို့မှာ အတုများ ဖြစ်နေကြသောကြောင့်ပင်။
သူသည် ကြက်သွေးရောင်ကွပ်မျက်သူဓား၏ တုန်ခါမှုကို လောလောဆယ် ဖိနှိပ်ထားလိုက်ရသည်။ ဤမိစ္ဆာကောင်ကို သတ်ဖြတ်ရန် အချိန်မတန်သေးပေ။
ဤမြေကမ္ဘာမိစ္ဆာတမန်သည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း သူတို့သုံးဦးကဲ့သို့ လုံခြုံစွာ ဖုံးကွယ်ထားခြင်း မရှိဘဲ ရုပ်ရည်ကို ဖုံးကွယ်ထားသည့် သာမန် တန်ခိုးစွမ်းရည် အနည်းငယ်သာ အသုံးပြုထားလေသည်။
“အရှင်စေတမန်...” သူတို့သုံးဦးလုံး ဂါရဝပြုလိုက်ကြသည်။
“ဟဲဟဲ... မတွေ့ရတာ ကြာပြီပဲ...” မြေကမ္ဘာမိစ္ဆာတမန်က ပြုံးလျက် ပြောလိုက်ပြီးနောက် “ငါ့နောက်ကို လိုက်ခဲ့ကြ...” ဟု ဆိုကာ ရှေ့မှ ဦးဆောင်ထွက်ခွာသွားလေသည်။
ဤအချက်က ချူလျန်၏ ယခင်ခန့်မှန်းချက်ကို ထပ်မံ အတည်ပြုလိုက်ခြင်းပင်။
ခရမ်းရွှေမြို့စား၏ လက်အောက်ငယ်သားများသည် တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်မှု မရှိကြပေ။
မြေကမ္ဘာမိစ္ဆာတမန်သည် သူ၏ တိုက်ရိုက်လက်အောက်ငယ်သားများနှင့်ပင် လောကွတ်စကား များများစားစား ပြောဆိုခြင်း မရှိဘဲ သူစိမ်းများကဲ့သို့သာ ဆက်ဆံလေသည်။
အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ချူပ်သူကဲ့သို့သော အောက်ခြေလူများမှာ အသေအပျောက် အလွန်များပြားလှသဖြင့် တစ်ယောက်သေလျှင် နောက်တစ်ယောက်ကို ချက်ချင်း အစားထိုးလေ့ရှိသောကြောင့် ဖြစ်၏။
ဝိညာဉ်မီးလျှံတစ်ခုကို ရရှိလိုက်သည်နှင့် ယခင်လူ၏ ဝိညာဉ်ချူပ်တံဆိပ်ပြားကို ဆက်ခံနိုင်သဖြင့် အထက်နှင့်အောက်ကြားတွင် ရင်းနှီးမှုဟူ၍ မရှိကြပေ။
ဤကဲ့သို့ စီမံခန့်ခွဲခြင်းမှာ အလုပ်တွင် ပိုမို ထိရောက်မှုရှိပြီး အတွင်းပိုင်း ပဋိပက္ခများကို လျှော့ချနိုင်သော်လည်း အားနည်းချက်မှာမူ တစ်ဦးနှင့်တစ်ဦး မသိရှိကြသဖြင့်၊ ဝိညာဉ်ချူပ်တံဆိပ်ပြားကိုသာ ဖော်ထုတ်နိုင်ပါက အလွယ်တကူ ရောနှောဝင်ရောက်နိုင်ခြင်းပင် ဖြစ်ချေသည်။
မြေကမ္ဘာမိစ္ဆာတမန်သည် သူတို့သုံးဦးကို ခေါ်ဆောင်ကာ တောအုပ်များနှင့် တောင်ကုန်းများကို ဖြတ်ကျော်ပြီးနောက် လျှိုမြောင်နက်ကြီးတစ်ခု၏ အထက်သို့ ရောက်ရှိလာကြလေသည်။
တောင်ကုန်းစောင်းပေါ်မှ ရပ်ကြည့်လိုက်ရာ အောက်ဘက်တွင် အနက်ရောင်ပုံရိပ်များစွာကို လှမ်းမြင်နေရပြီ ဖြစ်၏။
မြေကမ္ဘာမိစ္ဆာတမန်က ထပ်မံ၍ မှာကြားလိုက်သည်။ “ခဏနေလို့ လမ်းပြတမန်တော်ကို တွေ့တဲ့အခါ အားလုံး သတိထားကြဦး...”
“ဟုတ်ကဲ့ပါ...” သုံးဦးစလုံးက ပြိုင်တူ ပြန်ဖြေလိုက်ကြသည်။
ကျန်ရှိသောနှစ်ဦး၏ အသံမှာ လုံလောက်အောင် ကျယ်လောင်လှသဖြင့် ချူလျန်၏ အသံထဲတွင် ပါဝင်နေသော အနည်းငယ်သော တုန်ရီမှုကို ဖုံးကွယ်ပေးလိုက်နိုင်လေသည်။
သို့မဟုတ်ပါက အမှားအယွင်းတစ်ခုခု ပေါ်ပေါက်သွားနိုင်ပေသည်။
ဤသည်မှာလည်း ချူလျန်၏ စိတ်ဓာတ်ကြံ့ခိုင်မှု မရှိ၍တော့ မဟုတ်ပေ။ ဤသည်မှာ ရန်သူ့စခန်းထဲသို့ ဝင်ရောက်တော့မည်ဖြစ်၍ စိတ်လှုပ်ရှားနေခြင်း မဟုတ်ဘဲ တုန်ခါနေခြင်းသာ ဖြစ်ပေ၏။
မှန်ပေသည်၊ စေတီတော်ဖြူ ဟင်းလင်းပြင်ထဲရှိ ကြက်သွေးရောင်ကွပ်မျက်သူဓားသည် တောင်အောက်မှ အနက်ရောင်ပုံရိပ်များကို အာရုံခံမိသည်နှင့်တစ်ပြိုင်နက် ဆက်တိုက်ဆိုသလို အပြင်းအထန် တုန်ခါနေတော့ခြင်းပင် ဖြစ်ချေသည်။
ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များသည် ချူလျန်၏ အသိစိတ်ကို အဆက်မပြတ် ရိုက်ခတ်နေပြီး မကောင်းဆိုးဝါးများကို သုတ်သင်ရှင်းလင်းရန်အတွက် ဓားကို ဆွဲထုတ်လိုက်ပါတော့ဟု တိုက်တွန်းနေသကဲ့သို့ပင် ဖြစ်နေတော့၏။
တရားမျှတသောဓား၏ ဒေါသမီးတောက်များမှာ ပေါက်ကွဲထွက်တော့မတတ် ကောင်းကင်သို့ ထိုးတက်နေချေပြီ။
‘အိုး… အားလုံးက လူယုတ်မာတွေချည်းပါလား…”
***