ဝမ်ဟွာ အဆောက်အအုံ…
ဒုတိယထပ်…
ကျန်းနင်က "တာဝန်ခံဟန်... ခိုင်ခံ့တဲ့ ဓားရှည် တစ်လက်လည်း လဲလှယ်ချင်သေးတယ်"
"အဲဒီလိုအပ်ချက်အတွက် ဆိုရင်တော့ သခင်လေးကျန်း သွားသင့်တဲ့ အကောင်းဆုံး နေရာက မြို့ပြင်ပိုင်း မြောက်ဘက်ရပ်ကွက်မှာရှိတဲ့ လက်နက် ပန်းပဲဖိုပါပဲ... လော့ရွှေ မြို့နယ်ထဲမှာ အဲဒီရပ်ကွက်က လက်နက် ပန်းပဲဖိုက ထွက်တဲ့ လက်နက်တွေက အရည်အသွေး အကောင်းဆုံးပါ" ဟန်ဟုန်မေက ပြန်ဖြေလေသည်။
ကျန်းနင်က အရိုအသေပေးလိုက်ပြီး "ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာဝန်ခံဟန်"
ထို့နောက် ကျန်းနင်က ဆက်ပြော၏။
"နောက်ထပ် တစ်ခု လိုသေးတယ်"
"ဆက်ပြောပါ သခင်လေးကျန်း" ဟန်ဟုန်မေက ဆိုသည်။
...
ကျန်းနင်က "ဝမ်ဟွာ အဆောက်အအုံမှာ သတင်းအချက်အလက် မျိုးစုံကိုလည်း ရောင်းချတယ်လို့ ကြားဖူးပါတယ်... လော့ရွှေ ကန်တစ်ဝိုက်က ဖြစ်ရပ်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တချို့ ဝယ်ယူချင်လို့ပါ"
ထိုစကားကိုကြားလျှင် ဟန်ဟုန်မေ ပြုံးလိုက်ပြီး "ပြဿနာ မရှိပါဘူး... လော့ရွှေ ကန်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ခဏနေ ယူလာပေးပါ့မယ်"
အချိန်အနည်းငယ် ကြာပြီးနောက်…
ပထမထပ်ရှိ အထူးဧည့်ခန်းဆောင် တစ်ခုအတွင်း…
"သခင်လေးကျန်း စစ်ဆေးကြည့်ပါဦး... ဒီမှာ နွားသိုးမိစ္ဆာ ခွန်အား သစ်သီး သုံးလုံးပါ" ဟန်ဟုန်မေက ပိုးချည်သေတ္တာ တစ်လုံးကို ကျန်းနင် အရှေ့သို့ တွန်းပေးလိုက်၏။
ကျန်းနင်က သေတ္တာကို ချက်ချင်းဖွင့်၍ အတွင်းသို့ တစ်ချက် ကြည့်လိုက်သည်။
ပိုးချည်သေတ္တာ အတွင်းတွင် အနက်ရောင်နှင့် အပြာရောင် ရောယှက်နေသော သစ်သီး သုံးလုံး သူ၏ မျက်စိရှေ့တွင် ပေါ်လာ၏။
သစ်သီး တစ်လုံးစီမှာ ကြက်ဥ အရွယ်အစားခန့်ရှိပြီး ပါးလွှာသော အမြှေးပါး တစ်ခုဖြင့် ထုပ်ပိုးထားသည်။
ဤပါးလွှာသော အလွှာမှာ ဝိညာဉ်သစ်သီးများကို လတ်ဆတ်နေစေရန် ထိန်းသိမ်းထားသည့် ဝမ်ဟွာ အဆောက်အအုံ၏ နည်းလမ်းပင်။
လေလုံအောင် ပိတ်ထားသည့် အနေအထားတွင် ဝိညာဉ်သစ်သီးများမှာ လပေါင်းများစွာ လတ်ဆတ်နေနိုင်ပြီး ၎င်းမှာ အတော်လေး အံ့ဩဖွယ် ကောင်းလှသည်။
ကျန်းနင်က ခေါင်းညိတ်လိုက်ပြီး "ပြဿနာ မရှိပါဘူး"
ထို့နောက် ဟန်ဟုန်မေက မိန်းကလေးလွီ ကိုင်ဆောင်ထားသော ဗန်းထဲမှ စာအုပ်ငယ် တစ်အုပ်ကို ယူလိုက်သည်။
"ဒါက သခင်လေးကျန်း တောင်းဆိုထားတဲ့ စုစည်းထားတဲ့ သတင်းအချက်အလက်တွေပါ"
ကျန်းနင်က ၎င်းကို အပေါ်ယံမျှ ခဏတာ လှန်လှောကြည့်လိုက်၏။
ထွက်သက်ဝင်သက် ဆယ်ကြိမ်ခန့် ကြာပြီးနောက် သူ ထပ်မံ၍ ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး "မဆိုးဘူး... အတော်လေး အသေးစိတ် ကျပါတယ်"
ဟန်ဟုန်မေက ပြုံးရင်း "သခင်လေးကျန်း တောင်းဆိုထားတဲ့ ရွှေကိုယ်ထည် ဆေးရည် ဆေးထုပ် စုစုပေါင်း အထုပ် ငါးဆယ် အတွက်ကတော့... ပမာဏ များလွန်းတဲ့အတွက် သခင်လေးကျန်း နေအိမ်ကို တိုက်ရိုက် ပို့ပေးဖို့ ရထားလုံး တစ်စီး စီစဉ်ထားပြီးပါပြီ... သခင်လေးကျန်းဆီက လိပ်စာလေး ရဖို့ပဲ လိုပါတော့တယ်"
ကျန်းနင်က ခေါင်းညိတ်ပြီးနောက် "ပြဿနာ မရှိပါဘူး"
ထို့နောက် ကျန်းနင်က "တာဝန်ခံဟန်... ဒီနေ့ ကျွန်တော် ဝယ်ယူခဲ့တာတွေအတွက် ဘယ်လောက် ကျသင့်မလဲ ဆိုတာ တွက်ပေးနိုင်မလား"
"ကောင်းပါပြီ" ဟန်ဟုန်မေက ခေါင်းညိတ်ပြသည်။
ထို့နောက် သူမက ဆက်လက်၍ "သခင်လေးကျန်း ဝယ်ယူခဲ့တဲ့ နွားသိုးမိစ္ဆာ ခွန်အား သစ်သီး သုံးလုံးက တစ်လုံးကို ငွေတုံး ၈၀၀ နှုန်းနဲ့ စုစုပေါင်း ၂၄၀၀ ကျသင့်ပါတယ်"
"ရွှေကိုယ်ထည် ဆေးရည် ဆေးထုပ်က တစ်ထုပ်ကို ငွေတုံး ၅၀ ဖြစ်ပြီး အထုပ် ၅၀ ဝယ်ယူတဲ့အတွက် ငွေတုံး ၂၅၀၀ ကျသင့်ပါတယ်"
"လော့ရွှေ ကန်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အတွက်ကတော့ လက်ဆောင် အနေနဲ့ ကျွန်မ စီစဉ်ပေးလိုက်ပါ့မယ်"
"ဒါကြောင့် ဒီနေ့ သခင်လေးကျန်းရဲ့ စုစုပေါင်း ကုန်ကျစရိတ်က ငွေတုံး ၄၉၀၀ ပါ... သခင်လေးကျန်းဆီမှာ အထူးဧည့်သည် ကတ်ပြား ရှိနေတဲ့အတွက် အဆောက်အအုံ အတွင်း ကုန်ကျစရိတ် အားလုံးကို နှစ်ဆယ် ရာခိုင်နှုန်း လျှော့ဈေးနဲ့ တွက်ချက်ပေးမှာ ဖြစ်လို့ ၃၉၂၀ ကျသင့်ပါမယ်"
"အကြွေတွေ မယူတော့ဘဲ စုစုပေါင်း ၃၉၀၀ လို့ပဲ သတ်မှတ်လိုက်ပါ့မယ်"
ထို့နောက် ဟန်ဟုန်မေက ငွေတုံး တစ်ရာတန် ငွေစက္ကူ တစ်ရွက်ကို ထုတ်ယူလိုက်၏။
"သခင်လေးကျန်း... ဒါက စောစောက ရောင်းချခဲ့တဲ့ ပစ္စည်းတွေကနေ ပိုနေတဲ့ ငွေကြေးတွေပါ... သေချာ သိမ်းထားပါဦး"
ကျန်းနင်က သူ့ရှေ့တွင် ချပေးလာသော ငွေတုံး တစ်ရာတန် ငွေစက္ကူကို လက်ခံရယူပြီး သေချာ သိမ်းဆည်းလိုက်သည်။
ထို့နောက် သူက အရိုအသေပေးလိုက်ပြီး "အရောင်းအဝယ် လုပ်ရတာ ဝမ်းသာပါတယ်"
ဟန်ဟုန်မေက ပြုံးလိုက်ပြီး "ကျွန်မလည်း ဝမ်းသာပါတယ်... သခင်လေးကျန်းရဲ့ ခွန်အားတွေ ကြီးမားစွာ တိုးတက်လာဖို့ ဆုတောင်းပေးလိုက်ပါတယ်"
ကျန်းနင်က ဝမ်ဟွာ အဆောက်အအုံမှ ရထားလုံးဖြင့် အိမ်သို့ ဖြည်းညှင်းစွာ ပြန်လာခဲ့သည်။
သူ့ဘေးတွင်တော့ စည်းနှောင်ထားသော ရွှေကိုယ်ထည် ဆေးရည်အထုပ် ၅၀ ရှိနေ၏။
ဘေးရှိ ဆေးထုပ်များကို ကြည့်ရင်း ရထားလုံး အတွင်းမှ ဆေးနံ့ကို ရှူရှိုက်မိချိန်တွင် သူ့မျက်နှာပေါ်၌ ဖျော့တော့သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
"ဒီလို ဆေးစွမ်းအင် အကူအညီနဲ့ ဆိုရင် ငါ့အရေပြား အမြှေးပါး သန့်စင်ခြင်း စွမ်းဆောင်ရည်က သေချာပေါက် တစ်ဟုန်ထိုး မြင့်တက်လာမှာပဲ"
"တကယ်လို့ အသုံးဝင်တယ် ဆိုရင် ဒါတွေ သုံးပြီးသွားရင် ဆက်ဝယ်ရမယ်"
"ငါ့ဆီမှာ ငွေတုံး ၁၉၀၀ တန် ငွေစက္ကူတွေ ရှိနေသေးတယ်... ဒီနေ့ ငါနဲ့ ကိုက်ညီမယ့် ဓားရှည် တစ်လက် ဝယ်ပြီးရင်တောင် ငွေပို အနည်းငယ် ကျန်နေဦးမှာပဲ"
ထိုသို့ တွေးမိရင်း သူ၏ ပေါင်ပေါ်တွင် တင်ထားသော ပိုးချည်သေတ္တာကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။
သေတ္တာ ဖွင့်လိုက်ပြီးနောက် အကြည်ရောင် အမြှေးပါးဖြင့် ထုပ်ပိုးထားသော နွားသိုးမိစ္ဆာ ခွန်အား သစ်သီး သုံးလုံးကို မြင်တွေ့လိုက်ရသည်။
"တာဝန်ခံဟန်ရဲ့ ရှင်းပြချက်အရဆိုရင် အရေပြား သန့်စင်ခြင်းက အောင်မြင်မှု အသေးစား အဆင့်မှာ ရှိနေပြီး သားရေလို မာကျောနေပြီမို့ နွားသိုးမိစ္ဆာ ခွန်အား သစ်သီး နှစ်လုံးရဲ့ သန့်စင်ခြင်း အာနိသင်ကို ကောင်းကောင်း ခံနိုင်ရည် ရှိရမယ်"
"ငါ့ရဲ့ အရေပြား သန့်စင်ခြင်းက အောင်မြင်မှု အသေးစား အဆင့်ကို ကျော်လွန်ပြီး ကျောက်တုံးလို မာကျောနေပြီ ဆိုတော့ သုံးလုံးလုံး စားရင်တောင် ပြဿနာ မရှိနိုင်ဘူး"
ထိုအတွေးဖြင့် ကျန်းနင်က ပိုးချည်သေတ္တာ အတွင်းမှ နွားသိုးမိစ္ဆာ ခွန်အား သစ်သီး တစ်လုံးကို ထုတ်ယူကာ အပြင်ဘက် အမြှေးပါးကို ဆုတ်ဖြဲလေသည်။
ထို့နောက် ပါးစပ်ဟ၍ ကိုက်ချလိုက်၏။
ချက်ချင်းပင် သစ်သီးအရည်များက ပါးစပ်ထဲတွင် ပေါက်ကွဲထွက်လာတော့သည်။
"နည်းနည်း ခါးသက်သက်နဲ့ ငန်ကျိကျိ အရသာမျိုးပဲ... အရသာက နည်းနည်းတော့ ထူးဆန်းတယ်"
သူ့ဘာသာ ရေရွတ်ရင်း ကြက်ဥ အရွယ်အစားခန့် ရှိသော နွားသိုးမိစ္ဆာ ခွန်အား သစ်သီးကို နှစ်ချက်တည်း ကိုက်ကာ မျိုချလေသည်။
နောက်တစ်ခဏတွင်…
သစ်သီးက အစာအိမ်ထဲတွင် ဖြည်းညှင်းစွာ ချေဖျက်ခံရသည်နှင့် တစ်ပြိုင်နက် ကျန်းနင်က ဝမ်းဗိုက်မှတစ်ဆင့် ခန္ဓာကိုယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားသော နာကျင်မှု လှိုင်းလုံးများကို ချက်ချင်း ခံစားလိုက်ရ၏။
ဤနာကျင်မှုမှာ သူ၏ ကလီစာများမှ လာခြင်း မဟုတ်ဘဲ ကြွက်သားတိုင်းဆီမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဆေးစွမ်းအင်များ ဆက်လက် ပျံ့နှံ့လာသည်နှင့်အမျှ ကြွက်သားများမှာ အသွင်ပြောင်းလဲမှု စတင် ဖြစ်ပေါ်လာတော့သည်။
ကြွက်သားများ တင်းမာလာပြီး ရံဖန်ရံခါ ကိုက်ခဲ နာကျင်လာ၏။
မျက်လုံးများကို ခေတ္တမှိတ်၍ အာနိသင်များကို ခဏတာ ခံစားပြီးနောက် ကျန်းနင်က မျက်လုံးများ ပွင့်လာကာ…
"ဒီအာနိသင်က တကယ်ကို ထူးခြားတာပဲ... ဆေးစွမ်းအင်တွေက ခန္ဓာကိုယ် တစ်ခုလုံးမှာရှိတဲ့ ကြွက်သားတွေကို သန့်စင်ပေးနေတာကို ခံစားလို့ရတယ်" ကျန်းနင်က ရေရွတ်လိုက်သည်။
"ဒီသန့်စင်ခြင်း လုပ်ငန်းစဉ်က ဘယ်လောက်ကြာကြာ ဆက်ဖြစ်နေမလဲ မသိဘူး"
ထို့နောက် သူက ရထားလုံးအတွင်း မတ်မတ် ထိုင်လိုက်ပြီး ချီနှင့် သွေးကို စတင် လှည့်ပတ်ကာ ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်သစ်သီး၏ ဆေးစွမ်းအင်များကို သန့်စင်ရာတွင် အထောက်အကူ ဖြစ်စေရန် သူ၏ စွမ်းအားကို အသက်သွင်းလိုက်တော့သည်။
သူ၏ သန့်စင်ခြင်း အကူအညီဖြင့်…
ခန္ဓာကိုယ် အပူချိန်မှာ တဖြည်းဖြည်း မြင့်တက်လာပြီး အရေပြားများ နီရဲလာကာ ခန္ဓာကိုယ် တစ်ခုလုံးမှာ မီးဖို တစ်ခုကဲ့သို့ ဖြစ်လာ၏။
နွားသိုးမိစ္ဆာ ခွန်အား သစ်သီး၏ ဆေးစွမ်းအင်များကို သူက လျင်မြန်စွာ စုပ်ယူနေသည်။
ရထားလုံးမှာ အတွင်းမြို့တော်၏ သန့်ရှင်း ကျယ်ဝန်းသော လမ်းမကြီးများ တစ်လျှောက် တည်ငြိမ်စွာ ရွေ့လျားနေ၏။
မြင်းခွာများက လျင်မြန်စွာ ပြေးလွှားနေပြီး ရထားလုံးကို အရှိန်အဟုန်ဖြင့် ဆွဲခေါ်သွားတော့သည်။
မိနစ်သုံးဆယ် ကြာပြီးနောက်…
"သခင်လေးကျန်း... အိမ်ရောက်ပါပြီ" အပြင်မှ ခေါ်သံတစ်ခု ထွက်ပေါ်လာသည်။
ကျန်းနင်လည်း မျက်လုံးများ ပွင့်လာ၏။
ထို့နောက် သူက ကြီးမားသော ဆေးအိတ်ကြီးကို မယူကာ ရထားလုံးပေါ်မှ ဆင်းလာခဲ့သည်။
"ကျေးဇူးတင်ပါတယ်" ကျန်းနင်က ပြုံးရင်း ပြောလိုက်၏။
ရထားမောင်းသူကလည်း ရင်းနှီးသော အပြုံးတစ်ခုဖြင့် "သခင်လေးကျန်းကို အိမ်အရောက် ပို့ပေးရတာက ကျွန်တော့် တာဝန်ပါပဲ"
ကျန်းနင်က ဘာမှ ပြန်မပြောဘဲ ပြုံးရုံသာ ပြုံးလိုက်ပြီး မော့ကြည့်လိုက်ရာ တံခါးဝတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေသော ကျန်းလီကို တွေ့လိုက်ရ၏။
"ညီလေး... မင်း ပြန်လာပြီပဲ" ကျန်းနင်၏ အကြည့်ကို မြင်သည်နှင့် ကျန်းလီက ပြောလေသည်။
"ဘာဖြစ်လို့လဲ... ဘာလို့ တံခါးဝမှာ လာစောင့်နေရတာလဲ" ကျန်းနင်က လှေကားထစ်များကို လျင်မြန်စွာ ကျော်ဖြတ်ပြီး အိမ်ရှေ့သို့ ရောက်လာခဲ့သည်။
"ချန်ရန် မင်းကို လာရှာတယ်... ဧည့်ခန်းဆောင်ထဲမှာ စောင့်နေတာ တစ်နာရီ နီးပါးလောက် ရှိနေပြီ"
ကျန်းလီက ရှင်းပြလေ၏။
"ချန်ရန် ရောက်နေတာလား" ကျန်းနင်က အနည်းငယ် အံ့ဩသွားသည်။
ထို့နောက် လက်ထဲတွင် တင်းကျပ်စွာ စည်းနှောင်ထားသော ဆေးအိတ်ကြီးကို မြှောက်ပြကာ ပြောလိုက်၏။
"အစ်ကိုကြီး... ဒီဆေးအိတ်တွေကို ကျွန်တော့် ခြံဝင်းထဲ ယူသွားပေးနိုင်မလား... သူနဲ့ အခု သွားတွေ့လိုက်ဦးမယ်"
"ညီလေး... ဒါတွေက ဘာတွေလဲ" ကျန်းလီက ကျန်းနင် လက်ထဲမှ ဆေးအိတ်ကြီးကို ယူလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် စူးစမ်းလိုစိတ်များ ပေါ်လွင်နေသည်။
"ဒါတွေက ကျွန်တော် ဆေးရည်စိမ်ဖို့အတွက် ဆေးထုပ်တွေပါ... သိုင်းပညာအတွက် အများကြီး အထောက်အကူ ဖြစ်စေတယ်" ကျန်းနင်က ရှင်းပြလိုက်၏။
ကျန်းလီက ချက်ချင်း နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် "ဪ... ဒါကြောင့်ကိုး"
ထို့နောက် ကျန်းလီက ဆက်ပြောလေသည်။
"ဆေးရည်စိမ်ဖို့ ရေနွှေးပြီး ပါဝင်ပစ္စည်းတွေ ထည့်ဖို့ လိုတယ်လေ... အခု အစ်ကိုကြီးလည်း အားနေတာဆိုတော့ ကူညီပေးလို့ ရပါတယ်"
"အစ်ကိုကြီးအတွက် ခရိုင်ရုံးက နေရာ မချပေးသေးဘူးလား" ကျန်းနင်က မေးလိုက်၏။
ကျန်းလီက အနည်းငယ် အားနာသွားဟန်ဖြင့် ခေါင်းခါယမ်းကာ ပြန်ဖြေသည်။
"အရင်က အကြီးအကဲဖုန်းနဲ့ တွေ့တော့ သူက ဒီနှစ်နှစ်အတွင်း ရဲမက်တွေ သေဆုံး ဒဏ်ရာရမှုက အတော်လေး များပြားခဲ့လို့ ထောက်ပံ့ရေး နေရာတွေ အကုန် ပြည့်နေပြီတဲ့... အစ်ကိုကြီးအတွက် သင့်တော်တဲ့နေရာ မရှိသေးဘူးလို့ ပြောတယ်"
ထိုစကားကိုကြားလျှင် ကျန်းနင် မျက်မှောင် အနည်းငယ် ကုတ်သွား၏။
ဤကိစ္စကို သူ အရင်ကတည်းက သိထားပြီး ဖြစ်သည်။
ယေဘုယျအားဖြင့် ပြောရလျှင် ရဲမက်များမှာ အစိုးရရုံးအတွက် အသက်စွန့် အမှုထမ်းကြရပြီး မတော်တဆမှု တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက ထိခိုက်ဒဏ်ရာရ ပင်စင်လစာ သေချာပေါက် ရှိရပေမည်။
နှစ်ကုန်ပိုင်းတွင် ဒဏ်ရာရရှိပြီး ရာထူးနှင့် မသင့်တော်တော့သည့် ရဲမက်တစ်ဦး အနေဖြင့် အကဲဖြတ်စစ်ဆေးမှုကို မအောင်မြင်ပါက ဂိုဒေါင်စောင့်ခြင်း သို့မဟုတ် မှတ်တမ်းရုံးစောင့်ခြင်း ကဲ့သို့သော သင့်တော်သည့် ထောက်ပံ့ရေး နေရာ တစ်ခုကိုလည်း စီစဉ်ပေးရမည် ဖြစ်သည်။
ထိုသို့ ပြုလုပ်ခြင်းမှာ သေရေးရှင်ရေး တိုက်ပွဲဝင်လိုစိတ် ပျောက်ဆုံးသွားသော ရဲမက်များ အနေဖြင့် ဆက်လက် အသက်ရှင် နေထိုင်နိုင်စေရန် သေချာစေရန်ပင်။
ဤအာမခံချက်များသာ မရှိလျှင် ထိုရဲမက်များက အစိုးရရုံးအတွက် အဘယ်ကြောင့် အသက်စွန့် အမှုထမ်းကြမည်နည်း။
သူတို့ အနေဖြင့် သေချာပေါက် ကြိုးစားပမ်းစား အလုပ်လုပ်ကြမည် မဟုတ်ပေ။
ယခင်က ချောင်မိသားစု၏ ဝင်ရောက် စွက်ဖက်မှုကြောင့် သူ့အစ်ကိုကြီးမှာ လျော်ကြေးငွေ မရရှိခဲ့ရုံသာမက ထောက်ပံ့ရေး နေရာနှင့် ပတ်သက်၍လည်း မည်သည့် သတင်းအချက်အလက်မှ မရရှိခဲ့ချေ။
နောက်ပိုင်းတွင် သူ၏ အဆင့်အတန်း မြင့်တက်လာမှုကြောင့် အကြီးအကဲဖုန်းနှင့် ချောင်ဘင်းတို့ လာရောက်လည်ပတ်ခဲ့ပြီး ဤပြဿနာများ ယာယီ ပြေလည်သွားခဲ့သည်။
သို့သော် သူ့အစ်ကိုကြီး၏ ထောက်ပံ့ရေးနေရာ စီစဉ်မှုမှာ အကောင်အထည် မပေါ်သေးပေ။
နေ့စဉ် အိမ်တွင် အားလပ်နေရသော သူ့အစ်ကိုကြီး အနေဖြင့် ထိုကဲ့သို့သော ကိုယ်ရည်ကိုယ်သွေးမျိုးဖြင့် အလွန် စိတ်မသက်မသာ ဖြစ်နေမည်ကိုလည်း ကျန်းနင် သိထား၏။
အကယ်၍ သူ့တွင် ရာထူး တစ်ခုနှင့် ဝင်ငွေတစ်ခု ရှိနေမည် ဆိုပါက ပို၍ ယုံကြည်မှု ရှိနေမည် မဟုတ်ပါလား။
ဤကဲ့သို့ ရိုးရှင်းသော စီစဉ်မှုမျိုးကိုပင် ခရိုင်ရုံးက ယခုတိုင် အကောင်အထည် မဖော်သေးသည်ကို ကျန်းနင် မထင်မှတ်ထားခဲ့ပေ။
သူ့စိတ်ထဲ အတွေးတစ်ခု ဖြတ်သန်းသွားပြီးနောက် ပြုံးလိုက်သည်။
"ဒါဆိုရင် ကျေးဇူးတင်ပါတယ် အစ်ကိုကြီး... နောက်ဆယ်ရက်လောက်နေရင် စစ်ဆေးရေးရုံး ဖွင့်တော့မှာမို့ ဒီကာလက ကျွန်တော့်အတွက် အတော်လေး အရေးကြီးနေတယ်... အစ်ကိုကြီးရဲ့ အကူအညီ ရတာက ပိုတောင် အဆင်ပြေပါသေးတယ်"
ထိုစကားကို ကြားလျှင် ကျန်းလီက ရယ်မောလိုက်ပြီး "ညီလေး... မင်း သိုင်းပညာ ကျင့်ကြံဖို့ကိုသာ အာရုံစိုက်ပါ... ဘာပဲဖြစ်ဖြစ် အစ်ကိုကြီးက အားနေတတ်တာဆိုတော့ ဒီလို အသေးအဖွဲ ကိစ္စတွေကို တာဝန်ယူပေးပါ့မယ်"
ကျန်းနင်လည်း ပြုံးလိုက်သည်။
ထို့နောက် ခြံဝင်းထဲတွင် ဆော့ကစားနေသော ပေါက်စီလုံးလေးကို ကိုယ်ကိုင်း၍ ကောက်ချီလိုက်ပြီး ပခုံးပေါ် တင်ကာ ဧည့်ခန်းဆောင်ဆီသို့ လျှောက်လာခဲ့၏။
ကျန်းနင်၏ ပခုံးပေါ် ထိုင်ရင်း ပေါက်စီလုံးလေးက ပျော်ရွှင်စွာ အော်ဟစ်နေလေသည်။
"ချီတက်... ချီတက်... ချီတက်၊ ချီတက်... ဘဲလေး"
ခဏအကြာတွင်…
ကျန်းနင်က ဧည့်ခန်းဆောင် အပေါက်ဝသို့ ရောက်ရှိလာပြီး ပေါက်စီလုံးလေးကို ပခုံးပေါ်မှ ချပေးလိုက်သည်။
သူမ၏ ခေါင်းလေးကို ပွတ်သပ်ကာ "ယွမ်ယွမ်... သွားဆော့တော့နော်"
"ဟုတ်ကဲ့ပါ ဦးဦး" ပေါက်စီလုံးလေးက နှုတ်ခမ်းလေး ဆူကာ အနည်းငယ် တွန့်ဆုတ်နေသော်လည်း လိမ္မာစွာပင် ခေါင်းညိတ်ပြရှာသည်။
"လိမ္မာလိုက်တဲ့ ကလေးလေး" ကျန်းနင်က ပြုံးရင်း သူမ ခေါင်းကို ပွတ်သပ်ကာ ပြောလိုက်၏။
ချက်ချင်းပင်…
သူက ဧည့်ခန်းဆောင် အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ထိုအချိန်တွင် ခန်းမဆောင် ထိုင်ခုံပေါ်၌ ဖရဲစေ့စားရင်း ရေနွေးကြမ်းကို အေးဆေးစွာ သောက်နေသော ချန်ရန်ကို တွေ့လိုက်ရ၏။
ကျန်းနင်၏ အသံကိုကြားလျှင် သူကလည်း အပေါက်ဝဆီသို့ ခေါင်းလှည့်ကြည့်လာသည်။
"ညီလေးကျန်း" ချန်ရန်က ခန်းမထဲ ဝင်လာသော ကျန်းနင်ကို မြင်သည်နှင့် နှုတ်ဆက်ရန် ချက်ချင်း ထရပ်လိုက်၏။
ကျန်းနင်က ပြုံးလိုက်ပြီး "အစ်ကိုချန် ရုတ်တရက် ရောက်လာမယ်မှန်း မသိခဲ့ဘူး... အကြာကြီး စောင့်ခိုင်းလိုက်ရတဲ့အတွက် တောင်းပန်ပါတယ်"
ထို့နောက် ကျန်းနင်က မေးလိုက်၏။
"အစ်ကိုချန် ရုတ်တရက် ရောက်လာတာ ဘာကိစ္စများ ရှိလို့လဲ"
"ဒီနေ့ အရေးကြီးတဲ့ ကြေညာစရာ ရှိတယ်လို့ ဆရာဝမ်က အကြောင်းကြားလာတယ်... ဒါကြောင့် သိုင်းပညာခန်းမကို သွားဖို့ လိုအပ်နေလို့ပါ" ချန်ရန်က ပြန်ဖြေသည်။
ထိုစကားကို ကြားလျှင် ကျန်းနင်က "ဒါဆို အခုပဲ သွားကြမလား"
"အခု သွားရင် အချိန်မီပါ့မလား မသိဘူး" ချန်ရန်က တွေဝေစွာ ဆိုသည်။
"မီတာ မမီတာက သိုင်းပညာခန်းမ ရောက်ရင် သိရမှာပဲလေ... ဘာပဲဖြစ်ဖြစ် ဒီကနေ သိပ်မဝေးပါဘူး" ကျန်းနင်က ပြောလိုက်၏။
"ကောင်းပါပြီ" ချန်ရန်က သဘောတူလိုက်သည်။
ထို့နောက် သူတို့နှစ်ဦး ဧည့်ခန်းဆောင်မှ ထွက်ခွာလာခဲ့ကြသည်။
အိမ်ရှေ့ တံခါးဝသို့ ရောက်ရှိလာချိန်တွင်…
"သခင်လေး" ရိုးရှင်းသော အဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက ချန်ရန်ကို မြင်သည်နှင့် ချက်ချင်း စကားဆိုလာ၏။
"ရှောင်လော့... မင်း လာတာ အချိန်ကိုက်ပဲ၊ သိုင်းပညာခန်းမက ဘာပြောလိုက်လဲ" ချန်ရန်၏ မျက်လုံးများ လင်းလက်သွားပြီး မေးလိုက်သည်။
"သခင်လေးကို သတင်းပို့ပါတယ်... သခင်လေးနဲ့ သခင်လေးကျန်း သိုင်းပညာခန်းမကို လာခဲ့ဖို့ သိုင်းပညာခန်းမက သခင်ကြီးက အကြောင်းကြားခိုင်းလိုက်ပါတယ်... သခင်ကြီးက သခင်လေးနဲ့ သခင်လေးကျန်းကို အသိပေးချင်တဲ့ ကိစ္စတချို့ ရှိနေလို့ပါတဲ့"
ထိုစကားကိုကြားလျှင် ချန်ရန်က ချက်ချင်း ခေါင်းညိတ်လိုက်၏။
ထို့နောက် ကျန်းနင်ဘက် လှည့်ကာ "ညီလေးကျန်း... သွားကြစို့"
"သွားကြစို့" ကျန်းနင်က အနည်းငယ် ခေါင်းညိတ်လိုက်တော့သည်။
End
***