ချန်လန် သိုင်းခန်းမ…
ကျန်းနင်နှင့် ရှောင်ဖန်တို့၏ တိုက်ပွဲ ပြီးဆုံးသွားပြီးနောက်...
အချိန်သိပ်မကြာလိုက်ပေ။
နောက်ဆုံး ကျန်ရှိနေသော အထူး ဧည့်သည်တော်များ ရောက်ရှိလာချိန်တွင်တော့ တပည့်ခံယူပွဲ အခမ်းအနားကို စတင် ကျင်းပတော့သည်။
"တပည့် ကျိုးရှင်း"
"တပည့် ကျောက်ဟူ"
...
"တပည့် ကျန်းထျဲ့ရှန်း"
"တပည့် လီချင်း"
"တပည့် ကျန်းနင်"
"လက်ဖက်ရည် သုံးဆောင်ပါ ဆရာ" ဝမ်ကျင်းအား လက်ဖက်ရည်ခွက်များ ဆက်သရင်း လူငါးယောက်၏ အသံက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာ၏။
"ကောင်းတယ်... ကောင်းတယ်... အရမ်းကောင်းတယ်" ဝမ်ကျင်းက မျက်နှာထက်တွင် အပြုံးများ ဝေဆာလျက် ဤမြင်ကွင်းကို ကြည့်နေတော့သည်။
ထို့နောက် သူက တစ်ယောက်ချင်းစီ၏ လက်ထဲမှ လက်ဖက်ရည်ခွက်များကို ယူကာ ခွက်တိုင်းမှ လက်ဖက်ရည် တစ်ငုံကြီးစီ သောက်လိုက်လေသည်။
အောက်ဘက်တွင်တော့ ချန်ရန်က ဤမြင်ကွင်းကို ပြိုင်ဘက်ကင်းသော အားကျမှုများဖြင့် ကြည့်နေမိ၏။
မူလက ဝမ်ကျင်း၏ ပဉ္စမမြောက် အတွင်းစည်း တပည့် နေရာအတွက် သူ သို့မဟုတ် ရှောင်ဖန်... နှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်လာလိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားခဲ့သည်။ သိုင်းခန်းမ အတွင်း တတိယမြောက် ရွေးချယ်စရာ မရှိဟု ထင်မှတ်ထားခဲ့သည် မဟုတ်ပါလား။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ ကျန်းနင်က သူ၏ နားလည်မှုကို အကြိမ်ကြိမ် အခါခါ ပြောင်းလဲပစ်ခဲ့ပြီး ကျန်းနင်မှာ သူတို့နှစ်ယောက်လုံးထက် ပိုမို အင်အားကြီးမားသော ပြိုင်ဘက် တစ်ယောက် ဖြစ်ကြောင်း တဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။
ယနေ့တွင်တော့...
ဤအမှန်တရားကို ယုံမှားသံသယ ဖြစ်ဖွယ်မရှိအောင် အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။
ကျန်းနင်၏ ခွန်အားမှာ ရှောင်ဖန်ထက်သာမက သူ့ထက်ပါ များစွာ သာလွန်နေခဲ့လေပြီ။
သူကိုယ်တိုင် သိုင်းပညာ အဆင့်ကိုးသို့ ဝင်ရောက်လာနိုင်ခဲ့သော်လည်း သူနှင့် ကျန်းနင် ကြားရှိ ကွာဟချက်မှာ ပိုမို ကြီးမားလာမည်ကို ရှင်းလင်းစွာ နားလည်ထား၏။
ကျန်းနင်၏ ဓားချက်က ရှောင်ဖန်ကို မျှော်လင့်ချက် ကင်းမဲ့သွားစေရုံသာမက သူ့ကိုပါ စိတ်ပျက်အားငယ်မှုများ ပြည့်နှက်သွားစေခဲ့သည်။
ထိုမျှ သာမန် ဓားချက်လေးကိုပင် ရှောင်ဖန် ကာကွယ်နိုင်စွမ်း မရှိခဲ့ချေ။
သူကိုယ်တိုင်လည်း ကာကွယ်နိုင်မည် မဟုတ်ကြောင်း ချန်ရန် ကောင်းစွာ သိသည်။
သူတို့နှစ်ယောက်ကြား မည်သည့် ကွာခြားချက်မှ မရှိသည် မဟုတ်ပါလား။
တပည့်ခံယူပွဲ ပြီးဆုံးသွားသည်နှင့် လူအုပ်ကြီး တဖြည်းဖြည်း လူစုကွဲသွားကြသည်။
ယနေ့တွင် ဩဇာကြီးမားသော ပုဂ္ဂိုလ်ကြီး ဆယ်ဂဏန်းကျော်၏ ရှေ့မှောက်၌ ကျန်းနင်နှင့် အခြားလေးယောက်တို့မှာ ဝမ်ကျင်း၏ တရားဝင် အတွင်းစည်း တပည့်များ ဖြစ်လာခဲ့ကြပြီ ဖြစ်သည်။
မဟာရှား အင်ပါယာတွင် ဆရာနှင့် တပည့်ကြား ဆက်ဆံရေးမှာ သားအဖ ဆက်ဆံရေးထက် မလျော့နည်းပေ။
တစ်ခါတစ်ရံတွင် အမွေဆက်ခံခြင်းက သွေးသားတော်စပ်ခြင်းထက်ပင် ပို၍ အရေးပါတတ်သည်။
တပည့်ခံယူပွဲ အခမ်းအနား ကျင်းပပြီးသည်နှင့် ဤအတွင်းစည်း တပည့် ငါးယောက်မှာ ဝမ်ကျင်း၏ အမွေအနှစ်များကို ကိုယ်စားပြုပေလိမ့်မည်။
ပုံမှန်အားဖြင့် ထိုကဲ့သို့သော အခမ်းအနားကို ဖြတ်သန်းထားသည့် တပည့်တစ်ယောက်ကို မည်သူကမှ ပြင်းပြင်းထန်ထန် ထိခိုက်အောင် လုပ်ရဲမည် မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် ထိုသို့ လုပ်ဆောင်မိပါက ပြေလည်နိုင်မည် မဟုတ်သော ရန်ငြိုးတစ်ခုကို ဖန်တီးလိုက်သလို ဖြစ်သွားမည် ဖြစ်သောကြောင့်ပင်။
လူတစ်ယောက်၏ မျိုးဆက်ကို ဖြတ်တောက်ပစ်သကဲ့သို့ နက်ရှိုင်းသော ရန်ငြိုးမျိုး ဖြစ်သည်။
သို့သော် ယနေ့တွင် ကျန်းနင် သဘောပေါက်လိုက်သည်မှာ တစ်ချိန်က သူ အလွန် အရေးကြီးသည်ဟု ယူဆခဲ့သော ဤအဆင့်အတန်းမှာ ယခုအခါ သူ၏ အမြင်တွင် သိပ်ပြီး အရေးမပါတော့ပေ။
ကြိုဆိုရေး အဆောက်အအုံ…
ရေကန်ဘေးရှိ ဒုတိယထပ် အခန်းတစ်ခန်းအတွင်း…
"ညီလေးကျန်း... ဂုဏ်ယူပါတယ်ဗျာ။ အစ်ကိုက ဆရာကြီး ဝမ်ရဲ့ အတွင်းစည်း တပည့် ဖြစ်လာပြီပဲ" ချန်ရန်က အရက်ခွက်ကို မြှောက်လိုက်၏။
ကျန်းနင်ကလည်း သူ့အရက်ခွက်ကို မြှောက်လိုက်ရင်း "တောင်းပန်ပါတယ် အစ်ကိုချန်။ ကျွန်တော်က အစ်ကိုချန် အခွင့်အရေးကို လုယူလိုက်သလို ဖြစ်သွားပြီ"
ထိုအခိုက်အတန့်တွင် သူတို့နှစ်ယောက်၏ အရက်ခွက်များ ဖွဖွလေး ထိခတ်သွားကြသည်။
ထိုစကားကို ကြားလျှင် ချန်ရန်က ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး "ညီလေးကျန်း ရုတ်တရက် ပေါ်မလာခဲ့ရင်တောင် ငါက ရှောင်ဖန်ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ရှောင်ဖန်ထက် ရက်အနည်းငယ် စောပြီး သိုင်းပညာ အဆင့်ကိုးကို ရောက်ခဲ့ပေမဲ့ ငါ့ရဲ့ လက်သီးစွမ်းရည်က သူ့ထက် သိသိသာသာ နိမ့်ကျနေတုန်းပဲ"
"လောလောဆယ် ငါက ကျားသဏ္ဍာန် လက်သီးသိုင်းကို ပြီးပြည့်စုံခြင်း အဆင့်ထိပဲ ရောက်အောင် ကျင့်နိုင်သေးတာ ဆိုတော့ ဆရာကြီး ဝမ်ရဲ့ သတ်မှတ်ချက်တွေကို မပြည့်မီသေးဘူးလေ" ချန်ရန်က ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။
ထို့နောက် သူက အရက်ခွက်ကို တစ်ကျိုက်တည်း မော့သောက်လေသည်။
ကျန်းနင်လည်း ထိုနည်းတူ သောက်လိုက်သည်။
ထို့နောက်…
သူတို့နှစ်ယောက်အတွက် အရက်ငှဲ့ပေးရင်း ချန်ရန်က သူ၏ အားကျမှုကို ထုတ်ဖော် ပြောဆိုလာသည်။
"ဒီနေ့ ညီလေးကျန်းရဲ့ ဓားချက် နှစ်ချက်ကို မြင်ပြီးမှ တကယ့် ပါရမီရှင် ဆိုတာ ဘာလဲဆိုတာ ငါ အမှန်တကယ် နားလည်သွားပြီ"
"ညီလေးကျန်းရဲ့ အနာဂတ် သိုင်းလမ်းစဉ်က ဘယ်လောက်ထိ သွားနိုင်မလဲ ဆိုတာကို ငါ ကြိုမခန့်မှန်းနိုင်ပေမဲ့ အချက်တစ်ချက်ကိုတော့ သေချာ သိတယ်... ငါ့အနေနဲ့ မော့ကြည့်နေရုံပဲ တတ်နိုင်တော့မယ် ဆိုတာပဲ"
"တစ်ချိန်တည်းတုန်းက ငါ့ကိုငါ သိုင်းပါရမီရှင် တစ်ယောက်လို့ ဂုဏ်ယူခဲ့ဖူးတယ်။ အခုမှ နားလည်သွားတာက ငါ့ရဲ့ ပါရမီရှင် ဆိုတဲ့ ဂုဏ်ပုဒ်က တကယ့် ပါရမီရှင်အစစ်တစ်ယောက် ရှေ့မှာတော့ သာမန်လူ တစ်ယောက် အဆင့်ပဲ ရှိတယ် ဆိုတာကိုပဲ"
ကျန်းနင်က အရက်ခွက်ကို မြှောက်လိုက်ရင်း ပြောလိုက်၏။
"အစ်ကိုချန်က ဘာလို့ ရုတ်တရက်ကြီး ဒီလောက်တောင် ခံစားနေရတာလဲ။ လူတိုင်းမှာ ကိုယ်ပိုင် ကံကြမ္မာ ဆိုတာ ရှိပါတယ်။ ကျွန်တော့်က ကံကောင်းလို့ ကျေးဇူးရှင် အချို့ရဲ့ အကူအညီကို ရခဲ့တာပါ"
ချန်ရန်က ခေါင်းခါလိုက်ပြီးနောက် ဆက်ပြောသည်။
"ငါ စဉ်းစားပြီးပြီ။ သိုင်းပညာ လေ့ကျင့်ဖို့ကိုချည်းပဲ ဆက်ပြီး အာရုံစိုက်နေတော့မှာ မဟုတ်ဘူး"
ထိုစကားကို ကြားလျှင် ကျန်းနင် အနည်းငယ် အံ့အားသင့်သွားပြီး အံ့ဩသော မျက်နှာထားဖြင့် မေးလိုက်၏။
"သိုင်းပညာ မလေ့ကျင့်ဘူးဆိုရင်... အစ်ကိုက ဘာဆက်လုပ်ဖို့ စဉ်းစားထားလို့လဲ"
ချန်ရန်က ပြန်ဖြေလေသည်။
"ဒီလပိုင်းတွေ အတွင်းမှာ သိုင်းပညာ အဆင့်ကိုး ရောက်ဖို့ မိသားစု စုဆောင်းထားတဲ့ ငွေတုံး ထောင်ပေါင်းများစွာကို သုံးစွဲခဲ့ပြီးပြီ။ အခုဆိုရင် ကျုပ်တို့ မိသားစုရဲ့ ငွေကြေး အင်အားက သိပ်မတောင့်တင်းတော့ဘူး"
"ပါရမီကလည်း အကန့်အသတ် ရှိနေတော့ သိုင်းပညာ လေ့ကျင့်ဖို့ကိုချည်းပဲ ဆက်ပြီး အာရုံစိုက်နေမယ် ဆိုရင် ရှေ့ဆက်မယ့် ခြေလှမ်းတိုင်းက ပိုပိုပြီး ခက်ခဲလာလိမ့်မယ်။ သိုင်းပညာ အဆင့်ကိုးမှာတင် ရပ်တန့်သွားလောက်တယ်။ ဒါကြောင့် သိုင်းပညာကို ဆက်ပြီး အာရုံစိုက်နေတာက သိပ်အဓိပ္ပာယ် မရှိတော့ဘူး"
"အဲဒီအစား စီးပွားရေး လုပ်ငန်းတွေကို သေချာ လုပ်ကိုင်ပြီး မိသားစု စီးပွားရေးကို အမွေဆက်ခံတာက ပိုကောင်းမယ်... မိသားစုပိုင် အရက်ဆိုင် နှစ်ဆိုင်ရဲ့ စီးပွားရေးကို ပြန်ကောင်းလာအောင် လုပ်ရမယ်"
"မြင်တဲ့အတိုင်းပဲ... ဒီအရက်ဆိုင်က ကျုပ်တို့ မိသားစု ပိုင်ဆိုင်မှုရဲ့ အခြေခံ အုတ်မြစ်တွေထဲက တစ်ခုပဲ"
"စီးပွားရေး အဆင်ပြေလာပြီး ငွေတွေ ရလာတဲ့ အခါကျရင် သိုင်းဆရာတွေကို ပိုပြီး ငှားရမ်းလို့ ရတာပေါ့"
"အဲဒီအချိန်ကျရင် ငွေကြေး အင်အားနဲ့ အရာရှိငယ် နေရာတစ်ခုလောက် ဝယ်နိုင်ရင်တောင် မဆိုးပါဘူး"
ချန်ရန်၏ အစီအစဉ်များကို နားထောင်ပြီးနောက် ကျန်းနင်က မေးလိုက်၏။
"အစ်ကိုချန်... အဲဒီကိစ္စကို တကယ် အလေးအနက် ပြောနေတာလား"
ချန်ရန်က ခေါင်းညိတ်လိုက်ကာ "အင်း"
"ကျုပ်ရဲ့ ပါရမီနဲ့ နားလည်နိုင်စွမ်းကို ကျုပ် သေချာ သိပါတယ်။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား စွမ်းအားကို ကျွမ်းကျင်အောင် လုပ်ဖို့က အရမ်း ခက်ခဲတယ်။ စွမ်းအားကို မကျွမ်းကျင်နိုင်သရွေ့ လူတစ်ယောက်ရဲ့ ဘဝက သိုင်းပညာ အဆင့်ကိုးမှာပဲ ရပ်တန့်သွားလိမ့်မယ်"
"သိုင်းပညာ အဆင့်ကိုး ဆိုတာ သာမန်လူတွေ မျက်လုံးထဲမှာတော့ အရမ်း အထင်ကြီးစရာ ကောင်းတယ်"
"ဒါပေမဲ့ လက်နက် အပြည့်အစုံ တပ်ဆင်ထားတဲ့ တပ်စုလေး တစ်စုကို ရင်ဆိုင်ရရင်... သံချပ်ကာဖောက် ဒူးလေးတွေ ပါလာရင် အလွယ်တကူ အသတ်ခံရနိုင်တယ်။ အဲဒါက သိပ်အဓိပ္ပာယ် မရှိဘူး"
"ငါ့ရဲ့ အထွတ်အထိပ် အချိန်မှာတောင် သံချပ်ကာဖောက် မြား အနည်းငယ်ကို မခံနိုင်ဘူး ဆိုရင်... ဒါက ဘာအဓိပ္ပာယ် ရှိဦးမှာလဲ"
ချန်ရန်၏ လေးနက်သော လေသံကို ကြားလျှင် ကျန်းနင် သက်ပြင်းချမိသည်။
"အစ်ကိုချန်က သေချာ စဉ်းစားပြီးပြီ ဆိုမှတော့ ကျွန်တော် ထပ်ပြီး အကြံပေးစရာ မရှိတော့ပါဘူး"
"ဒါပေမဲ့ ကျွန်တော့်ဆီမှာ ကောင်းတဲ့ ဟင်းချက်နည်း အချို့ရှိတယ်။ အစ်ကိုချန်... စက္ကူနဲ့ စုတ်တံလေး ယူခဲ့ပေး... ကျွန်တော် ရေးပေးခဲ့မယ်"
"အိုး..." ချန်ရန်က ကျန်းနင်ကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်ပြီးနောက် ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်၏။
"ဒါဆိုလည်း ညီလေးကျန်းကို ကြိုပြီး ကျေးဇူးတင်ပါတယ်ဗျာ"
အချိန်သိပ်မကြာလိုက်ပေ…
ကြိုဆိုရေး အဆောက်အအုံ ဝင်ပေါက်၌…
"အစ်ကိုချန်... သွားလိုက်ပါဦးမယ်"
"ကောင်းပါပြီ" ချန်ရန်က လက်အုပ်ချီလိုက်သည်။
"ညီလေးကျန်း... ဂရုစိုက်သွားပါ"
ကျန်းနင်က "နောင်များ ကူညီပေးစရာ တစ်ခုခု ရှိရင် ကျွန်တော့်ဆီ လာခဲ့ပါ။ ကျွန်တော်တို့က မိတ်ဆွေကောင်းတွေပဲ"
ထိုစကားကို ကြားလျှင် ချန်ရန်က ပြုံးလိုက်လေသည်။
"သေချာပေါက်ပေါ့"
"ညီလေးကျန်းရဲ့ စကားကို ကြားရမှတော့ ငါလည်း အားနာနေတော့မှာ မဟုတ်ဘူး"
ထို့နောက် သူတို့နှစ်ယောက် အကြည့်ချင်း ဆုံကာ အားပါးတရ ရယ်မောလိုက်ကြတော့သည်။
ကြိုဆိုရေး အဆောက်အအုံမှ ထွက်လာပြီးနောက် ကျန်းနင်က ဝမ်ဟွာ အဆောက်အအုံဆီသို့ တန်းတန်းမတ်မတ် ထွက်လာခဲ့သည်။
ဤတစ်ကြိမ်တွင် အပင်အနှစ်သာရ ဆေးရည်အချို့ ထပ်ဝယ်ရန် စီစဉ်ထားခြင်းပင်။
ယခင်က ဝယ်ထားသော အပင်အနှစ်သာရ ဆေးရည် ပုလင်း ငါးဆယ်မှာ ကုန်လုနီးပါး ဖြစ်နေပြီး နောက်ထပ် ရက်အနည်းငယ်ပင် ခံတော့မည် မဟုတ်ချေ။
သတ္တဝါငါးမျိုး လက်သီးသိုင်း၏ ကန့်သတ်ချက်ကို ဖောက်ထွင်းပြီးနောက်ပိုင်း...
ယခုအခါ လက်သီးကျင့်စဉ်ကို လေ့ကျင့်တိုင်း ချီနှင့် သွေး စွမ်းအား ဆယ်ချောင်းခန့် စုစည်းနိုင်နေပြီ ဖြစ်သည်။
ချီနှင့် သွေး တိုးပွားစေသည့် အကျိုးသက်ရောက်မှုမှာ ယခင်ကထက် နှစ်ဆ မြင့်တက်လာသဖြင့် သဘာဝကျကျပင် သူ၏ ခန္ဓာကိုယ်မှ အရင်းအမြစ် ကုန်ဆုံးမှုမှာလည်း တိုးလာခဲ့သည်။
ဆေးဝါး အထောက်အပံ့များသာ မရှိလျှင် သူ ရက်အတော်ကြာ ဆက်လက် တောင့်ခံနိုင်မည် မဟုတ်ပေ။
ထို့အပြင် အရေပြား သန့်စင်ခြင်း နှုန်းထားမှာလည်း တစ်ဟုန်ထိုး မြင့်တက်နေလေပြီ။
ထို့ကြောင့် အပင်အနှစ်သာရ ဆေးရည် သုံးစွဲမှုမှာလည်း သဘာဝကျကျပင် အလွန် မြင့်တက်လာခဲ့၏။
သို့ဖြစ်ရာ သိုင်းပညာကို ဆက်လက် အာရုံစိုက်နိုင်ရန်အတွက် ကျန်းနင် အနေဖြင့် ခန္ဓာကိုယ်အတွက် များစွာ အကျိုးရှိသော ဆေးဝါးအထောက်အပံ့ အချို့ကို ယနေ့ ဝယ်ယူရန် စီစဉ်ထားခြင်း ဖြစ်သည်။
လမ်းလျှောက်လာရင်း ကျန်းနင်က ကိုယ့်ဘာသာကိုယ် ရေရွတ်လိုက်၏။
"အရင်က ရွှေသစ်ရွက်တွေ အကုန်လုံးကို ငွေစက္ကူတွေနဲ့ လဲထားတာ... လက်ရှိ ငွေစက္ကူ တစ်ထောင့်ကိုးရာ ရှိတယ်"
"မြို့ပြင်က လက်နက် သွန်းလုပ်ရေး ဆိုင်ကို သွားပြီး အရည်အသွေးကောင်းတဲ့ ဓားတစ်လက်လည်း ဝယ်ရဦးမယ်"
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က တာဝန်ခံဟန် ပြောတာအရဆိုရင် လော့ရွှေ ခရိုင်မှာ အကောင်းဆုံး လက်နက်တွေကို မြို့ပြင်က လက်နက် သွန်းလုပ်ရေး ဆိုင်မှာပဲ ရနိုင်တယ်တဲ့"
"လက်နက် ဆိုတာ အဆင့်နိမ့်လို့ မဖြစ်ဘူး... ဒါကြောင့် လက်နက်အတွက် အနည်းဆုံး ငွေတစ်ထောင်လောက် ဖယ်ထားရမယ်။ ဆိုလိုတာက အပင်အနှစ်သာရ ဆေးရည်အတွက် ငွေကိုးရာပဲ သုံးလို့ ရတော့မယ်"
"ဝမ်ဟွာ အဆောက်အအုံရဲ့ ဈေးနှုန်းအရ ဆိုရင် အပင်အနှစ်သာရ ဆေးရည် တစ်ပုလင်းကို ငွေတုံး သုံးဆယ် ကျတယ်"
"ရှန်ချုံးယွမ် ထားခဲ့တဲ့ ဝမ်ဟွာ အဆောက်အအုံရဲ့ အထူးကတ်ပြားနဲ့ဆိုရင် ကုန်ကျစရိတ် အားလုံးရဲ့ ရာခိုင်နှုန်း နှစ်ဆယ် လျှော့ဈေး ရမယ် ဆိုတော့... တစ်ပုလင်းကို ငွေတုံး နှစ်ဆယ့်လေးတုံး ကျလိမ့်မယ်"
"ဒါဆိုရင် သုံးဆယ့်ခုနစ် ပုလင်း ရနိုင်တယ်"
ထိုအထိ တွေးမိပြီးနောက် ကျန်းနင် တိုးတိုးလေး ရေရွတ်မိသည်။
"ဒါဆို ပုလင်းလေးဆယ် ပြည့်အောင် ဝယ်လိုက်မယ်။ ကျန်တဲ့ ငွေကိုးရာကျော်က ဓားကောင်းကောင်း တစ်လက် ဝယ်ဖို့ ကွက်တိပဲ ဖြစ်ရမယ်"
ဝမ်ဟွာ အဆောက်အအုံမှ ထွက်လာချိန်တွင်…
ကျန်းနင်၏ လက်ထဲတွင် ဘာမှမပါလာသော်လည်း သူလိုချင်သော အပင်အနှစ်သာရ ဆေးရည် ပုလင်း လေးဆယ်ကိုမူ ဝယ်ယူပြီးစီးသွားလေပြီ။
ဝမ်ဟွာ အဆောက်အအုံမှ နောက်ပိုင်းတွင် သူ၏ နေအိမ်သို့ လူလွှတ်၍ ပို့ပေးမည်ဖြစ်ရာ သူ စိတ်ပူနေရန် မလိုအပ်ပေ။
ကျန်းနင်က ဝမ်ဟွာ အဆောက်အအုံအပေါ် အလွန် ယုံကြည်မှု ရှိ၏။
ထို့နောက် အဆောက်အအုံ ဝင်ပေါက်မှ မြင်းလှည်းတစ်စီးငှားကာ မြို့ပြင်ရှိ လက်နက် သွန်းလုပ်ရေး ဆိုင်ဆီသို့ ဦးတည် ထွက်ခွာလာခဲ့တော့သည်။
End
***