"ခဏလေး... ငါ ဘယ်လိုလုပ်ပြီး နင်ပြောတဲ့စကားတွေကို နားလည်နေရတာလဲ" လုံချန်းနှင့် မိန်းကလေးတို့ နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း ပြောလိုက်မိကြသည်။
လုံချန်းမှာ ဇဝေဇဝါ ဖြစ်သွားသည်။ သူသိထားသလောက်ဆိုလျှင် အမှောင်နတ်မိမယ်များသည် တခြားဘာသာစကားကို နားလည်စေရန် နမ်းဖို့လိုအပ်သည်၊ သို့သော် ဤမိန်းကလေးက သူ့ကို မနမ်းခဲ့ပေ။ သို့သော် သူမက သူပြောသည်အား နားလည်နေသလို သူကလည်း သူမပြောသည်ကို နားလည်နေသည်။
မကြာခင်မှာပင် သူ နားလည်သွားသည်။ ယင်းက သူ တော်ဝင်နတ်မိမယ်တစ်ဦးနှင့် လက်ထပ်လိုက်ခြင်းကြောင့် ဖြစ်ရမည်ဟု ခန့်မှန်းလိုက်သည်။
မင်လန်က ပြန်ပြောသောအခါ သူ၏ ခန့်မှန်းချက်မှာ မှန်ကန်သွားသည်။
"အဲဒါ နင်က ငါနဲ့ လက်ထပ်ထားလို့လေ။ အခုဆိုရင် နင် ငါတို့ရဲ့ ဘာသာစကားကို နားလည်နိုင်သလို ပြောလည်း ပြောနိုင်သွားပြီ။ ခုနက နင် မသိစိတ်ကနေ ပြောလိုက်တာက ငါတို့ဘာသာစကားပဲ" မင်လန်က ရှင်းပြသည်။
သူမသည် တခြားသူများဘက်သို့ လှည့်ကြည့်ကာ ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်သည်။
"သူက အခု သူစိမ်းမဟုတ်တော့ပါဘူး။ သူက ငါ့ရဲ့ ခင်ပွန်းပါ၊ အမေရဲ့ ကောင်းချီးပေးမှုနဲ့ ငါတို့ ခုနတင်ပဲ လက်ထပ်လိုက်ကြပါပြီ။ သူ့ကို လေးလေးစားစား ဆက်ဆံပေးကြပါ" မင်လန်က ဆိုသည်။
လူတိုင်းမှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ သူမ၏ စကားက လူတိုင်းကို ဆွံ့အသွားစေခဲ့သည်။
သူမနှင့် လုံချန်းတို့သည် အံ့သြတုန်လှုပ်နေကြသော အမျိုးသမီးများကို ထားခဲ့ကာ သူ့အခန်းဆီသို့ သွားခဲ့ကြသည်။
လုံချန်းနှင့် မင်လန်တို့ အခန်းထဲသို့ ဝင်လာကြသည်။
လုံချန်းက ခုတင်ပေါ်တွင် ထိုင်လိုက်သော်လည်း မင်လန်မှာမူ သူ့ရှေ့တွင် မတ်တပ်ရပ်နေဆဲပင်။
"ဘာလို့ မထိုင်တာလဲ" လုံချန်းက မေးလိုက်သည်။ "ထိုင်ပါဦး"
မင်လန်သည် သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။
"အဲဒီဆွဲကြိုးအကြောင်း ငါ့ကို ဘာလို့ ကြိုမပြောခဲ့တာလဲ" လုံချန်းက သူမကို ကြည့်ရင်း မေးသည်။
"ငါ သတိပေးမလို့ပဲ၊ ဒါပေမဲ့ နောက်ကျသွားတာ"မင်လန်က ပြန်ဖြေသည်။
"မင်းကော... ငါနဲ့ လက်ထပ်လိုက်ရတာ တကယ်ပဲ အဆင်ပြေရဲ့လား" လုံချန်းက သူမ၏ ခံစားချက်ကို သိလိုသဖြင့် မျက်လုံးချင်းစိုက်ကြည့်ကာ မေးလိုက်သည်။
မင်လန်က ခေါင်းငြိမ့်ပြသည်။
"အခုဆိုရင် နင်က ငါ့ရဲ့ ခင်ပွန်းဖြစ်သွားပြီ၊ ငါ ဘာကိုမှ နောင်တမရပါဘူး" မင်လန်က ဆိုသည်။
လုံချန်းက ခေါင်းငြိမ့်ပြလိုက်သည်။
"ကောင်းပြီလေ။ ဒါဆိုရင် ငါလည်း နောင်တမရပါဘူး။ အခုကစပြီး မင်းက ငါ့ရဲ့ အမျိုးသမီးပဲ"
"ငြိမ်ငြိမ်လေးနေနော်" သူက ထပ်ပြောသည်။
သူသည် သူမ၏ ရင်ဘတ်ဆီသို့ လက်လှမ်းလိုက်သည်။ မင်လန်က သူ ဘာလုပ်မလဲဆိုတာကို သိသဖြင့် မျက်လုံးလေးများကို မှိတ်ထားလိုက်သည်။ လုံချန်းက သူမ၏ အဝတ်အစားကို အသာဟကာ လက်ကို အတွင်းသို့ ထည့်လိုက်သည်။
စက္ကန့်အနည်းငယ်အကြာတွင် သူ လက်ကို ပြန်ထုတ်လိုက်သည်။ သူ၏ လက်ချောင်းပေါ်တွင် ပိုးဖလံ ပါလာသည်။
မင်လန် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ လုံချန်း ဘာလုပ်လိုက်သလဲဆိုတာကို မြင်သွားသည်။
"ငါ့ရဲ့ အမျိုးသမီးကို ဓားစာခံအဖြစ် ထားစရာမလိုတော့ပါဘူး။ မင်း အခု လွတ်လပ်သွားပြီ" လုံချန်းက ပြုံးရင်း ပြောလိုက်ကာ ကာတီကို ပြန်ပို့လိုက်သည်။
"ကျေးဇူးတင်ပါတယ်" မင်လန်က ပျော်ရွှင်စွာ ပြုံးရင်း ကျေးဇူးတင်စကား ဆိုသည်။
"ဒါအတွက် ကျေးဇူးတင်နေစရာ မလိုပါဘူး" လုံချန်းက ပြန်ပြောသည်။
ယခုအခါ လုံချန်းသည် သူမကို ယခင်ထက် ပို၍ ယုံကြည်သွားပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ စွမ်းရည်ကြောင့် သူမ၏ စိတ်ထဲက အတွေးများကို ကြားနိုင်နေပြီဖြစ်သောကြောင့်ဖြစ်သည်။ ယခင်က သူမ၏ အတွေးများမှာ ထူးဆန်းသော ဘာသာစကားဖြစ်နေသဖြင့် သူ နားမလည်ခဲ့ပေ၊ ယခုမူ သူမတွင် သူ့အပေါ် မကောင်းသော စိတ်ထားမရှိကြောင်း သူ သိလိုက်ရပြီဖြစ်သည်။
"အချိန်ရတုန်း ငါ့ရဲ့ မိသားစုဝင်တွေနဲ့ တခြားသူတွေကို မိတ်ဆက်ပေးပါရစေ" လုံချန်းက ပြောရင်း သူ၏ ကမ္ဘာတုလက်စွပ်ဆီသို့ ကြည့်လိုက်သည်။
"အရင်ဆုံး ငါ့ရဲ့ ဇနီး ၃ ယောက်နဲ့ မိတ်ဆက်ပေးမယ်။ ၄ ယောက်မြောက် တစ်ယောက်ကတော့ အပြင်မှာမို့လို့ အခုလောလောဆယ် တွေ့လို့မရသေးဘူး" လုံချန်းက မင်လန်ကို ပြောလိုက်သည်။
သူသည် ကမ္ဘာတုထဲမှ ကျိချင်း၊ ရွှယ်နှင့် မေတို့ကို ခေါ်ထုတ်လိုက်သည်။
မိန်းကလေး သုံးဦးစလုံး သူတို့ရှေ့တွင် ပေါ်လာကြပြီး ဇဝေဇဝါဖြင့် ဝေ့ဝဲကြည့်နေကြသည်။
"ငါတို့ တစ္ဆေကျွန်းကို ရောက်နေတာလား" ကျိချင်းက လုံချန်းကို မေးလိုက်သည်။
"ဒါနဲ့ သူက ဘယ်သူလဲ" သူမက မင်လန်ကို လက်ညှိုးထိုးရင်း မေးသည်။
ရွှယ်နှင့် မေကတော့ အရင်တစ်ခေါက်ကလိုပင် တိတ်ဆိတ်နေကြသည်။
"ငါတို့ တစ္ဆေကျွန်းမှာ မဟုတ်ဘူး။ နင်တို့ကို ခေါ်လိုက်တာက သူနဲ့ မိတ်ဆက်ပေးဖို့ပါ။ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့လို့ နင်တို့ကို ပြောပြသင့်တယ်လို့ ငါထင်လို့" လုံချန်းက မိန်းကလေးများကို ကြည့်ကာ ပြန်ပြောသည်။
"ဘာဖြစ်လို့လဲ" ကျိချင်းက မျက်မှောင်ကြုတ်ကာ မေးသည်။
"ဖြစ်ပုံကတော့... ငါ တစ္ဆေကျွန်းမှာ ရှိနေတုန်း တစ်ခုခုကို စမ်းသပ်နေရင်းနဲ့ ဒီ ဟင်းလင်းပြင်တွေကြားက နယ်မြေထဲကို ရောက်လာခဲ့တာ။ အဲဒီနောက်မှာတော့..."
လုံချန်းက သူရောက်လာကတည်းက ဖြစ်ပျက်ခဲ့သမျှ အကုန်လုံးကို ရှင်းပြလိုက်သည်။
"အဲဒီလိုနဲ့ပဲ ငါ့ကိုယ်ငါတောင် သတိမထားမိဘဲ လက်ထပ်လိုက်ရပြီးတော့၊ အခု နောက်ထပ် ဇနီးတစ်ယောက် ရလာတာပေါ့" သူက သက်ပြင်းချရင်း အဆုံးသတ်လိုက်သည်။
ကျိချင်း၊ ရွှယ်နှင့် မေတို့ သုံးဦးစလုံး လုံချန်းကို ကြောင်စီစီဖြင့် ကြည့်နေကြသည်။
"ဒါဆို နင်က ဒီအတိုင်းကြီး လက်ထပ်လိုက်တာပေါ့။ ဒါကတော့..." ကျိချင်းက အတန်ကြာမှ ပြောလိုက်သော်လည်း ထိုရှင်းပြချက်က သူမ ထင်မှတ်မထားလောက်အောင် ဖြစ်နေသဖြင့် စကားလုံး ရှာမရ ဖြစ်နေသည်။
"ကောင်းပြီလေ။ နင့်ကို ငါယုံပါတယ်။ နင်လည်း ဘာမှလုပ်လို့ မရတဲ့ အခြေအနေမျိုး ဖြစ်မှာပါ။ ဖြစ်ပြီးသွားပြီဆိုတော့လည်း ငါ မကန့်ကွက်ပါဘူး" သူမက သက်ပြင်းချရင်း ဆိုလိုက်သည်။
ရွှယ်နှင့် မေတို့ကလည်း လုံချန်းကို ထောက်ခံပေးကြသည်။
"မင်ယုကော ဘယ်မှာလဲ" ကျိချင်းက မင်ယုကို မတွေ့သဖြင့် မေးသည်။
"သူကတော့ တစ္ဆေကျောင်းတော်မှာ ကျန်ခဲ့တယ်။ အဲဒီမှာ ငါ့အစား ခုတင်ပေါ်မှာ အိပ်နေတာ၊ ဒါပေမဲ့ သူ့အတွက် အန္တရာယ် မရှိပါဘူး။ ငါ ဒီမှာ ရှိနေသရွေ့ အဲဒီကမ္ဘာရဲ့ အချိန်က ရပ်တန့်နေမှာ" လုံချန်းက ပြန်ဖြေသည်။
"သူ့ကိုလည်း နင် ပြောပြရမှာနော်။ သူ့ကို ပြောပြတဲ့အခါ ငါ့ကိုလည်း ခေါ်ဖို့ မမေ့နဲ့ဦး။ သူ့ရဲ့ တုံ့ပြန်မှုကို ငါမြင်ချင်လို့" ကျိချင်းသည် ညီမဖြစ်သူက လုံချန်းအား ဆူပူနေသည်ကို ကြည့်ချင်နေသည့် ကလေးတစ်ယောက်လို ပြုံးရင်း ပြောလိုက်သည်။
လုံချန်းမှာ ခါးသက်သက် ပြုံးလိုက်ရုံသာ တတ်နိုင်သည်။
"ကောင်းပါပြီ။ နင်တို့ နှစ်ယောက်ပေါင်းပြီး ငါ့ကို အပြစ်တင်ဖို့အတွက် ငါ ခေါ်ပေးပါ့မယ်" သူက ပြန်ပြောသည်။
ကျိချင်းက ပြန်လည်ပြုံးပြလိုက်သည်။
သူမသည် မင်လန်အနားသို့ လျှောက်သွားပြီး လက်ကို ကိုင်လိုက်သည်။
"မိသားစုထဲကနေ ကြိုဆိုပါတယ်။ သူ့လို ခင်ပွန်းမျိုးကို ရတာ နင် တကယ့်ကို ကံကောင်းတာပဲ။ သူက ငါမြင်ဖူးသမျှ လူတွေထဲမှာ သူ့မိသားစုအပေါ် အကြင်နာဆုံးနဲ့ ဂရုအစိုက်ဆုံးလူပဲ။ သူ့ဘေးမှာ ရှိနေရတာ ငါဘယ်လောက် ကံကောင်းသလဲဆိုတာ သိသလို အခုဆိုရင် အဲဒီပျော်ရွှင်မှုကို နင်လည်း ခံစားရတော့မှာပါ" သူမက ပြုံးရင်း မင်လန်ကို ပြောလိုက်သည်။
မင်လန်သည် သူမအား ထောက်ခံပြီး လက်ခံပေးသည်ကို ကြားလိုက်ရသဖြင့် အံ့အားသင့်သွားသည်။ လုံချန်း၏ တခြားအမျိုးသမီးများက သူမကို သူ့ဘဝထဲ ဝင်နှောက်ယှက်သူအဖြစ် မုန်းတီးကြလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း တကယ်တမ်းတွင် သူတို့က အလွန်ဖော်ရွေကြသည်။
"မိသားစုထဲကို ကြိုဆိုပါတယ် ညီမလေး" ရွှယ်နှင့် မေတို့ကလည်း မင်လန်ကို ကြိုဆိုကြသည်။
"ကျေးဇူးတင်ပါတယ်" မင်လန်က ပြုံးပျော်စွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ဩော်... ဒါနဲ့ နင့် အမေကိုလည်း မပြောရသေးဘူး မဟုတ်လား" ကျိချင်းက လုံချန်းကို လှည့်မေးသည်။
"မပြောရသေးဘူး။ နင်တို့ကို အရင် သိစေချင်လို့ပါ။ နင်တို့ ပြန်သွားပြီးရင် အမေနဲ့ အဘိုးကို အပြင်ခေါ်ထုတ်လိုက်မယ်" လုံချန်းက ပြောသည်။
"အားလုံးကို တစ်ခါတည်း ဘာလို့ မပြောတာလဲ"
"လူနည်းနည်းချင်းစီ ပြောတာက ဘယ်သူ့ကိုမှ စိတ်ဖိစီးမှု မဖြစ်စေလို့ ပိုကောင်းပါတယ်။ ပြီးတော့ နင်တို့ရဲ့ သီးခြားတုံ့ပြန်မှုတွေကိုလည်း ငါသိချင်လို့။ တကယ်လို့ နင်တို့က စိတ်ဆိုးနေရင် အမေနဲ့ အဘိုးရှေ့မှာ ထုတ်ပြနိုင်မှာ မဟုတ်ဘူးလေ။ အလားတူပဲ အမေတို့ကလည်း နင်တို့ရှေ့မှာ သူတို့ရဲ့ စိတ်ရင်းကို ထုတ်ပြနိုင်မှာ မဟုတ်ဘူး။ အဲဒီအတွက်ကြောင့် ငါက သီးခြားစီ ပြောနေတာ။ အခု နင်တို့ကို အရင် မိတ်ဆက်ပေးပြီးပြီဆိုတော့ နောက်မှ အမေနဲ့ မိတ်ဆက်ပေးမယ်" လုံချန်းက ရှင်းပြသည်။
"ကောင်းပြီလေ။ အဲဒါကလည်း အဓိပ္ပာယ်ရှိသားပဲ" ကျိချင်းက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
"ဒါဆို တခြားသူတွေကို ပြောဖို့ ငါတို့ကြောင့် အချိန်မဆွဲပါနဲ့တော့။ ငါတို့ကို ပြန်ပို့လို့ ရပါပြီ"
လုံချန်းက မတ်တပ်ရပ်ပြီး ကျိချင်းအနားသို့ လျှောက်သွားသည်။
"အခုလို နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ထိုသို့ ပြောရင်း သူမကို အသာအယာ နမ်းလိုက်သည်။ သူမက သူ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီးနောက်မှ သူမကို ပြန်ပို့လိုက်သည်။
လုံချန်းသည် ရွှယ်နှင့် မေကိုလည်း နမ်းလိုက်ပြီးနောက် သူတို့ကိုလည်း ပြန်ပို့လိုက်သည်။
"ဘာလို့ သူတို့ကို နမ်းလိုက်တာလဲ။ နင် သူတို့ရဲ့ ဘာသာစကားကို သိနေပြီ မဟုတ်ဘူးလား" မင်လန်က မေးသည်။
"အပြင်ကမ္ဘာမှာ အဲဒီလို မဟုတ်ဘူးလေ။ အနမ်းဆိုတာ ဘာသာစကား နားလည်ဖို့ လုပ်တာ မဟုတ်ဘူး။ ကိုယ်ချစ်တဲ့သူနဲ့ ပိုပြီး နီးစပ်ဖို့အတွက် လုပ်တာပါ။ ချစ်သူတွေကြားမှာပဲ ခံစားချက်ကို ဖော်ပြတဲ့ အနေနဲ့ လုပ်ကြတာပေါ့" လုံချန်းက ပြန်ဖြေသည်။
"ချစ်သူတွေကြားမှာလား" မင်လန်က သူမ၏ နှုတ်ခမ်းလေးကို ထိရင်း ရေရွတ်လိုက်သည်။
"ဟုတ်တယ်လေ၊ အဲဒါကြောင့် မင်း ငါ့ကို ရုတ်တရက် နမ်းလိုက်တုန်းက ငါ အံ့သြသွားတာပေါ့။ မင်း ငါ့ကို ကြိုက်နေတယ်လို့တောင် ငါ ထင်သွားတာ" လုံချန်းက ရယ်မောရင်း ပြန်ပြောလိုက်လေတော့သည်။
***