သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး တစ်ဘဝစာ အဖော်မွန်များသဖွယ် အတော်ကြာအောင် နီးနီးကပ်ကပ် ထိုင်နေခဲ့ကြသည်။ ရွှင်း၏ အသက်ရှူသံကိုပင် လုံချန်း ကြားနေရသည်။
"နင့်ကို သေသေချာချာ ဖက်ထားလို့ ရမလား" လုံချန်းက ရွှင်းကို မေးလိုက်သည်။
"တစ်ခါပဲနော်" ရွှင်းက တိုးတိုးလေး ပြန်ဖြေသည်။
လုံချန်းက သူမကို လွှတ်ပေးလိုက်ပြီး ရွှင်းက မတ်တပ်ရပ်လိုက်သည်။ လုံချန်းလည်း မတ်တပ်ရပ်လိုက်သည်။
တစ်ဖန် သူမ၏ ကျောပြင်မှာ သူ့ဘက်သို့ မျက်နှာမူလျက် ရှိနေပြန်သည်။ သူသည် သူမကို သူ့ဘက်သို့ လှည့်လိုက်ပြီး ဖက်ထားလိုက်သည်။
"နင့်ကို နမ်းလို့ရမလား" သူက ထပ်မေးပြန်သည်။
ရွှင်းသည် အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ သူမ၏ ချိုမြိန်သော နှုတ်ခမ်းလွှာများကို ဟလိုက်ပြီး "တစ်ခါပဲ" ဟု ပြောလိုက်သည်။
သူမ၏ အသံထဲတွင် ဝေခွဲမရဖြစ်နေမှုများ သိသိသာသာ ပါဝင်နေသည်။
လုံချန်းသည် သူမ၏ မျက်လုံးများကို စိုက်ကြည့်လိုက်ပြီး သူ၏ လက်များက ရွှင်း၏ ကျောပြင်ထက်တွင် ပြေးလွှားနေစဉ် သူမ၏ နှုတ်ခမ်းများကို သူ၏ နှုတ်ခမ်းများဖြင့် ပိတ်ဆို့လိုက်တော့သည်။
လုံချန်း ရွှင်းကို နမ်းလိုက်ချိန်တွင် တစ်ကမ္ဘာလုံး တိတ်ဆိတ်သွားသယောင် ရှိသည်။ ဤလောကတွင် သူတို့နှစ်ဦးမှတစ်ပါး တခြားမည်သူမျှ ရှိမနေတော့သလိုပင်။ သူတို့နှစ်ဦးမှလွဲ၍ တခြားမည်သည့်အရာမှ အရေးမကြီးတော့ပေ။ သူတို့ နမ်းနေသည့် လူသားမှတစ်ပါး တခြားမည်သူမျှ သူတို့၏ အာရုံကို မရရှိနိုင်တော့ပေ။
လုံချန်းသည် ရွှင်းကို ထာဝရဟု ထင်မှတ်ရလောက်အောင် အကြာကြီး နမ်းရှိုက်ပြီးမှ သူမ၏ နှုတ်ခမ်းများကို လွှတ်ပေးလိုက်သည်။
"ငါ နင့်ကို ချစ်တယ်" လုံချန်းက ရွှင်း၏ မျက်လုံးများကို ကြည့်ကာ ပြောလိုက်သည်။
"ငါ... ငါ..."
ရွှင်းသည် သူမ၏ မျက်နှာတစ်ခုလုံး နီမြန်းနေကာ တစ်စုံတစ်ခုကို ပြောရန် ခက်ခဲနေပုံရသည်။ သူမသည် ဘာမှပြန်မပြောဘဲ လက်စွပ်ထဲသို့ ပြန်ဝင်ကာ ပျောက်ကွယ်သွားတော့သည်။
'ငါလည်း နင့်ကို မမုန်းပါဘူး' သူမ၏ အသံက သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။
"ရှက်နေတဲ့ ရွှင်းလေးက တကယ့်ကို ချစ်ဖို့ကောင်းတာပဲ" လုံချန်းက ခေါင်းခါရင်း ရေရွတ်လိုက်သည်။
သူသည် ခုတင်ဆီသို့ ပြန်သွားသည်။
လုံချန်းသည် မင်လန် အိပ်ရာမှ နိုးလာသည်အထိ ခုတင်ပေါ်တွင် ထိုင်၍ စောင့်နေလိုက်သည်။
သူသည် အားလပ်ချိန်ကို ကျင့်ကြံခြင်းဖြင့် ကုန်ဆုံးစေရန် ဆုံးဖြတ်လိုက်သည်။
လုံချန်း ကျင့်ကြံခြင်းကို စတင်လိုက်သည်။
သုံးနာရီခန့် ကုန်ဆုံးသွားပြီးနောက် မင်လန် နိုးလာသည်။ မင်လန်သည် ခုတင်ပေါ်မှ ဆင်းကာ မျက်နှာလေး နီမြန်းလျက် လုံချန်းကို ခဏခဏ လှမ်းကြည့်နေသည်။
လုံချန်းမှာ ကျင့်ကြံနေဆဲဖြစ်သဖြင့် သူမ နိုးလာသည်ကို မသိလိုက်ပေ။
နောက်ထပ် တစ်နာရီခန့် ကြာပြီးနောက်မှ လုံချန်း ကျင့်ကြံခြင်းကို ရပ်နားလိုက်သည်။
သူသည် မြေကမ္ဘာအဆင့် ၉ သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး ဤနေရာကို သုံးကာ သူ၏ ကျင့်ကြံခြင်းအဆင့်အား တတ်နိုင်သမျှ မြှင့်တင်ရန် ကြိုးစားနေခြင်းဖြစ်သည်။
သူ မျက်လုံးဖွင့်လိုက်ပြီး မင်လန် အိပ်နေဆဲလားဆိုတာကို ဘယ်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူမ နိုးနေသည်ကို တွေ့ရသည်။ မင်လန်က လုံချန်းကို စိုက်ကြည့်နေခြင်းဖြစ်သည်။
"နိုးပြီလား။ အိပ်လို့ရော ကောင်းရဲ့လား" လုံချန်းက မင်လန်ကို မေးလိုက်သည်။
"ငါ့ဘဝမှာ အကောင်းဆုံး အိပ်စက်ခြင်းပါပဲ" မင်လန်က လှပသော အပြုံးလေးဖြင့် ပြန်ပြောသည်။
"ကောင်းတာပေါ့။ ဒါနဲ့ မင်းအမေနဲ့ တွေ့ဖို့ ချိန်းထားတဲ့ အချိန်လည်း ရောက်ပြီထင်တယ်။ သွားကြမလား"
"အင်း" မင်လန်က ခေါင်းညိတ်ပြကာ မတ်တပ်ရပ်လိုက်သည်။
လုံချန်းလည်း မတ်တပ်ရပ်ကာ သူမနှင့်အတူ အခန်းထဲမှ ထွက်ခဲ့သည်။ မင်လန်က လုံချန်း၏ လက်ကို ဆွဲထားပြီး သူမ၏ လက်ချောင်းလေးများကို သူ၏ လက်ချောင်းများကြားတွင် ယှက်ဖြတ်ထားသည်။ သူတို့ စင်္ကြံတစ်လျှောက် လျှောက်လာကြစဉ် အမှောင်နတ်မိမယ် အများအပြား၏ အကြည့်များကို ဆွဲဆောင်နေသည်။
မင်လန်က လုံချန်းကို ဒုတိယထပ်သို့ ခေါ်သွားသည်။ သူတို့သည် လုံချန်း၏ အရပ်ထက် နှစ်ဆခန့် မြင့်ပြီး နတ်မိမယ် နှစ်ဦး ပြိုင်တူ ဝင်နိုင်လောက်အောင် ကျယ်ဝန်းသော ရွှေရောင်တံခါးကြီး တစ်ချပ်ရှေ့တွင် ရပ်လိုက်ကြသည်။
မင်လန်က တံခါးကို ဖွင့်လိုက်ပြီး လုံချန်းနှင့်အတူ ဝင်သွားသည်။
လုံချန်းသည် စက်ဝိုင်းပုံစံ ခန်းမကြီးတစ်ခန်းအတွင်း ရောက်ရှိသွားသည်။ ကြမ်းပြင်မှာ အချင်း မီတာသုံးဆယ်ခန့်ရှိပြီး တိုက်ခိုက်ရန် လုံလောက်သော နေရာလွတ်ရှိပုံရသည်။ အခန်းမှာလည်း အလွန် မြင့်မားသည်။
"ရောက်လာကြပြီလား။ ငါ နင်တို့ကို စောင့်နေတာ"
မင်ရင်းသည် ခန်းမထဲတွင် ရောက်ရှိနေပြီဖြစ်သည်။
"နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်" လုံချန်းက ခါးသက်သက် အပြုံးဖြင့် တောင်းပန်လိုက်သည်။
"ရပါတယ်။ နင်တို့ လက်ထပ်တဲ့ ပထမဆုံးနေ့ပဲလေ။ အခန်းထဲမှာ ချစ်ကြည်နူးနေကြရင်း အချိန်မေ့သွားတာ ဖြစ်မှာပေါ့" မင်ရင်းက ရယ်မောရင်း ပြောလိုက်သည်။
မင်လန်၏ မျက်နှာမှာ ပို၍ နီမြန်းသွားကာ ခေါင်းလေး ငုံ့သွားတော့သည်။
"လန်အာရဲ့ တုံ့ပြန်မှုကို ကြည့်ရတာ ငါထင်တာ မှန်ပုံရတယ်။ နင်တို့ အဆင်ပြေပြေ ရှိနေကြတာ မြင်ရတာ ဝမ်းသာပါတယ်" မင်ရင်းက ပြုံးရင်း ပြောသည်။
"ကဲ... တိုက်ပွဲ စရအောင်။ ကျွန်တော်က ခင်ဗျားတို့ မျိုးနွယ်စုရဲ့ ထူးခြားချက်တွေနဲ့ ဘယ်လို တိုက်ခိုက်သလဲဆိုတာ မသိဘူး၊ ခင်ဗျားကလည်း ကျွန်တော် ဘယ်လို တိုက်ခိုက်သလဲ မသိဘူးဆိုတော့ အခက်တွေ့နိုင်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ နှစ်ယောက်စလုံး တိုက်ခိုက်တဲ့အခါ ကိုယ့်စွမ်းအားရဲ့ ဆယ်ရာခိုင်နှုန်းပဲ သုံးကြဖို့ အကြံပြုချင်ပါတယ်။ အသားကျသွားပြီဆိုမှ တိုက်ခိုက်နိုင်စွမ်းကို မြှင့်ကြတာပေါ့" လုံချန်းက အကြံပေးသည်။
"ကောင်းသားပဲ" မင်ရင်းက ခေါင်းငြိမ့်ကာ သဘောတူသည်။
"လန်အာ... မင်း နောက်မှာပဲ သွားနေပါ" လုံချန်းက မင်လန်ကို လှမ်းပြောလိုက်သည်။
မင်လန်က လုံချန်း၏ လက်ကို လွှတ်ပေးလိုက်ကာ နောက်သို့ ဆုတ်သွားပြီး နံရံနားတွင် သွားရပ်နေလိုက်သည်။
"တစ်ယောက်နဲ့တစ်ယောက် ဒဏ်ရာမရစေနဲ့ဦးနော်" မင်လန်က လုံချန်းနှင့် မင်ရင်းကို သတိပေးလိုက်သည်။
"နင် အရင် စလိုက်ပါ" မင်ရင်းက ခုခံသည့် အနေအထား ပြင်ရင်း လုံချန်းကို ပြောသည်။
"ကောင်းပါပြီ။ ကျွန်တော် လာပြီနော်" ထိုသို့ ပြောကာ လုံချန်းသည် မင်ရင်းဆီသို့ ပြေးဝင်သွားသည်။
လုံချန်းသည် သူ၏ ချီစွမ်းအင်များကို အသုံးမပြုဘဲ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုဖြင့်သာ စတင်လိုက်သည်။ သူ အသုံးပြုလိုက်သည်မှာ သူ၏ သဘာဝ အားအင်နှင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းသာ ဖြစ်သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းမှာ တစ်နည်းနည်းဖြင့် သူ၏ ချီကျင့်ကြံခြင်းထက် ပိုမိုမြန်ဆန်စွာ တိုးတက်နေခြင်း ဖြစ်သည်။
အဘယ်ကြောင့်မှန်း သူ မသိသော်လည်း လွန်ခဲ့သော အချိန်အတန်ကြာကတည်းက သူ၏ မိစ္ဆာဘုရင် ခန္ဓာကိုယ်မှာ အလွန်မြန်ဆန်သော နှုန်းဖြင့် တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် သူ၏ ဒုတိယမြောက် သွေးမျိုးဆက် စမ်းသပ်ပွဲကို အောင်မြင်ပြီးကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။
မကြာသေးမီကပင် သူ၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းမှာ သူ၏ အားအင်ကျင့်ကြံခြင်းကို ကျော်တက်သွားခဲ့ပြီဖြစ်သည်။
သူ၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုကို နှိုင်းယှဉ်မည်ဆိုပါက သူသည် မြေကမ္ဘာအဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိနေပြီဖြစ်ပြီး ခန္ဓာကိုယ် ကျင့်ကြံသူများ၏ ကောင်းကင်အဆင့်နှင့် ညီမျှသော အဆင့်သို့ ရောက်ရန် အနည်းငယ်သာ လိုတော့သည်။ သူ၏ ချီကျင့်ကြံမှုမှာ နှိုင်းယှဉ်လျှင် နောက်ကျနေသော်လည်း သူ၏ တိုးတက်မှုနှုန်းမှာ အလွန်ပင် ထူးခြားနေဆဲဖြစ်သည်။
သူသည် ကျင့်ကြံလာသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသော်လည်း မြေကမ္ဘာအဆင့်၏ ထိပ်ဆုံးသို့ နီးကပ်နေပြီဖြစ်သည်။ ငယ်စဉ်ကတည်းက ကျင့်ကြံလာသူများပင်လျှင် ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ဤအဆင့်သို့ ရောက်ရှိရန် ခက်ခဲလှသည်။
လုံချန်းသည် တိုက်ခိုက်ရာတွင် ရုပ်ပိုင်းဆိုင်ရာ ခွန်အား၏ ဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့သည်။ မင်ရင်းကလည်း ထိုနည်းတူပင် တုံ့ပြန်ကာ လက်သီးဖြင့် ပြန်ထိုးလိုက်သည်။
သူမ၏ လက်သီးက လုံချန်း၏ လက်သီးနှင့် ထိမိသွားသောအခါ သူမမှာ နောက်သို့ သုံးလှမ်းခန့် ဆုတ်သွားရသည်။
"ကျွန်တော့်ရဲ့ ဆယ်ရာခိုင်နှုန်း စွမ်းအားက ပိုသန်မာနေပြီး ခင်ဗျား မခုခံနိုင်ဘူးဆိုတော့ ခင်ဗျားရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက ကျွန်တော့်ထက် နည်းနည်း အားနည်းပုံရတယ်။ ဒါပေမဲ့ တစ်ခုပြောချင်တာက... ခုခံတဲ့အခါမှာ ခင်ဗျား အားနာနေစရာ မလိုပါဘူး။ ခင်ဗျားရဲ့ အားအပြည့်ကို သုံးပြီး ခုခံလို့ ရပါတယ်" လုံချန်းက မင်ရင်းကို ပြောလိုက်သည်။ သူမသည် သူပြောသည်ကို အထင်လွဲပြီး ခုခံသည့်အခါတွင်လည်း ဆယ်ရာခိုင်နှုန်းသာ သုံးနေသည်ဟု သူ ထင်နေခြင်း ဖြစ်သည်။
"ငါ... ငါ့ရဲ့ အားအပြည့်ကို သုံးလိုက်တာပါ" မင်ရင်းက ခါးသက်သက် အပြုံးဖြင့် ပြောလိုက်သည်။
"အဲဒါ ခင်ဗျားရဲ့ အားအပြည့် ဟုတ်လား" လုံချန်းက ဇဝေဇဝါဖြင့် မေးသည်။
"အဲဒါသာ နင့်ရဲ့ ဆယ်ရာခိုင်နှုန်း ဆိုရင်တော့ ရှင်းနေပါပြီ။ ငါက နင့်ရဲ့ ပြိုင်ဘက်တောင် မဟုတ်ဘူးပဲ။ နင် သန်မာမှန်း ငါသိပေမဲ့ ဒီလောက်အထိ သန်မာလိမ့်မယ်လို့ မထင်ထားဘူး။ ငါတို့ အမှောင်နတ်မိမယ်တွေက ခွန်အားကြီးမားတာကြောင့် နာမည်ကြီးတာ။ နင်က အဲဒီအချက်မှာ ငါ့ကို အနိုင်ယူလိုက်ပြီပဲ။ ငါ နင့်ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး" မင်ရင်းက ခေါင်းငုံ့ကာ ပြန်ဖြေလိုက်သည်။
"ဒါကတော့..." လုံချန်းမှာ စွမ်းအားကွာခြားချက်က ဤမျှ ကြီးမားနေသည်ကို သိလိုက်ရသဖြင့် ဘာပြောရမှန်း မသိဖြစ်သွားသည်။
ယင်းသည် သူ တခြားသူများထက် အများကြီး ပိုသန်မာနေခဲ့သော ပထမဆုံး သွေးမျိုးဆက် စမ်းသပ်ပွဲတုန်းက အခြေအနေမျိုး ပြန်ဖြစ်နေသလိုပင်။
"မိစ္ဆာခေါင်းဆောင်တွေက ခင်ဗျားထက် နည်းနည်းပဲ ပိုသန်မာတယ်လို့ ခင်ဗျား ပြောခဲ့တယ် မဟုတ်လား" လုံချန်းက မင်ရင်းကို မေးလိုက်သည်။
"ဟုတ်တယ်။ သူတို့က ငါ့ထက် သန်မာပေမဲ့ နင့်အဆင့်လောက်တော့ မဟုတ်ပါဘူး။ ဒီလောက်အထိ ကွာခြားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး" မင်ရင်းက ဆိုလေတော့သည်။
***