သရဲပွဲတော် ပြီးဆုံးသွားသည့်နောက်တစ်နေ့၊ သတ္တမမြောက်လ၏ ဆယ့်ခြောက်ရက်မြောက်နေ့ နံနက်ခင်း အချိန်…
ငရဲပြည်၏ တံခါးကြီးများမှာ ဟောင်းလောင်းပွင့်နေပြီး တစ္ဆေသရဲသောင်းချီက ဒီရေလှိုင်းများအလား တံခါးထဲသို့ ပြန်လည်ဝင်ရောက်သွားကြသည်။
တစ်နှစ်ပတ်လုံး မှိုင်းညို့နေပြီး နေရောင်ခြည်ကို မည်သည့်အခါမျှ မမြင်ရသော မရဏကမ္ဘာအတွင်းရှိ မိုင်ရှစ်ရာ ရှည်လျားသော မန်တူတောင်တန်းပေါ်တွင် အရွက်မဲ့ သရဲသစ်ပင်များက ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် ပေါက်ရောက်နေကြ၏။ ထိုသစ်ပင်များက ပိန်းပိတ်အောင် နက်မှောင်နေပြီး လက်သည်းများ ထုတ်ငေါ့ထားသော ထူးဆန်းသည့် မကောင်းဆိုးဝါး တစ္ဆေသရဲများနှင့် ဆင်တူနေသည်။
အထက်သို့ ပိုရောက်လေလေ သရဲသစ်ပင်များက ပို၍ ရုပ်ဆိုးကြောက်မက်ဖွယ် ကောင်းလာပြီး ရှေးကျလာလေလေ ဖြစ်ကာ တောင်ကိုယ်ထည်ကလည်း ပိန်းပိတ်အောင် နက်မှောင်ရာမှ နီဖျော့ဖျော့အရောင်သို့ တဖြည်းဖြည်း ပြောင်းလဲသွား၏။ ယင်လေပြင်းများက မကြာခဏ တဝီဝီ တိုက်ခတ်သွားလေ့ရှိပြီး လေပြင်းထဲတွင် ချီတက်နေသော ခြေသံများကို ခပ်သဲ့သဲ့ ကြားရသည်။
ထိုအရာများက ကင်းလှည့်နေသော ယက္ခတပ်ဖွဲ့များ ဖြစ်ကြ၏။ အထက်သို့ ရောက်လေလေ ယင်လေပြင်းများ ပိုမို သိပ်သည်းလေဖြစ်ကာ ကင်းလှည့်မှုများနှင့် လုံခြုံရေးကို ပိုမို တင်းကျပ်လေလေ ဖြစ်သည်။
တောင်ခါးပန်းသို့ ရောက်သောအခါ တောင်ကိုယ်ထည်က နှစ်ပေါင်းများစွာ သွေးများဖြင့် စိမ်ထားသကဲ့သို့ သို့မဟုတ် တောင်ကြီးကိုယ်တိုင်က သွေးများ ထွက်နေသကဲ့သို့ သွေးနီရောင်အဖြစ်သို့ ပြောင်းလဲနေပြီ ဖြစ်၏။
တောင်ထိပ်တွင်တော့ အရောင်က သွေးနီရောင်မှ ပိန်းပိတ်အောင် နက်မှောင်သော အရောင်သို့ ပြန်လည် ပြောင်းလဲသွားပြီး တောင်ခြေနှင့် အချိတ်အဆက်မိနေသကဲ့သို့ ရှိသော်လည်း တောင်ထိပ်မှ အမည်းရောင်ကတော့ အလွန်အမင်း သိပ်သည်းနေသော သွေးများမှတစ်ဆင့် ဖြစ်ပေါ်လာသည့် အမည်းရောင် ဖြစ်သည်။
ထိုစဉ် တောင်ပေါ်တွင် လေပြင်းတစ်ခု ရုတ်တရက် တိုက်ခတ်လာကာ ပိုးသား ခြေအိတ်အမည်းရောင်ကို ဝတ်ဆင်ထားသော ရက္ခသမ တစ်ဦး ပေါ်လာသည်။ သူမက သွယ်လျသော ခါးလေးနှင့်အတူ စကတ်အောက်ရှိ ခြေထောက်နှစ်ချောင်းက အချိတ်လေးများသဖွယ် ရှိနေပြီး မို့မောက်သော တောင်တန်းနှစ်သွယ်က လခြမ်းသဏ္ဌာန် တစ်ဝက်တစ်ပျက် ပေါ်လွင်နေ၏။
သူမတွင် ပန်းတစ်ပွင့်အလား လှပသည့် မျက်နှာလေး ရှိပြီး ဝိညာဉ်ကိုပင် ချိတ်ဆွဲယူနိုင်မည့်အလား မျက်လုံးများက ယခင် ရက္ခသတောင်သခင်ကြီးထက်ပင် ပို၍ ဆွဲဆောင်မှု ရှိလှသည်။
သူမက မိုင်တစ်ရာကျယ်ဝန်းသော သွေးကန်ကြီး၏ အစွန်းသို့ လျှောက်သွား၍ သရဲမျိုးနွယ်စု၏ ထူးခြားသော အရိုအသေပေးမှုမျိုးဖြင့် အရိုအသေပေးလိုက်ကာ နူးညံ့ပြီး ဆွဲဆောင်မှုရှိသော အသံဖြင့် ပြောလိုက်သည်။
"ဘုရင်ကြီး... ကျွန်မ သတင်းလာပို့တာပါ"
သွေးကန်ဆီမှ မည်သည့် တုံ့ပြန်မှုမျှ မရသော်လည်း ရက္ခသမလေးက ဂရုမစိုက်ပေ။ သူမ၏ နီရဲသော နှုတ်ခမ်းလေးများက အနည်းငယ် ပွင့်ဟသွားပြီး ဆက်ပြောလိုက်၏။
"ပုကွမ် သရဲဘုရင်ရဲ့ လက်အောက်ငယ်သားတွေက ယွီတောင်တန်း မိစ္ဆာမျိုးနွယ်စုရဲ့ အပြတ်အသတ် ချေမှုန်းတာကို ခံလိုက်ရပါတယ်... သူတို့ ဖမ်းဆီးခံရတာ ဒါမှမဟုတ် အသတ်ခံလိုက်ရတာပါပဲ... တစ်ယောက်မှ မရဏကမ္ဘာကို ပြန်မလာနိုင်ခဲ့ပါဘူး"
ဝုန်း...
သွေးကန်ထဲတွင် လှိုင်းလုံးများ ရိုက်ခတ်လာပြီး ပေတစ်ထောင်ခန့် မြင့်မားသော လှိုင်းလုံးကြီးများ ထကြွလာကာ သွေးလှိုင်းများထဲမှ ရုပ်ဆိုးပြီး ကြောက်မက်ဖွယ်ကောင်းသော ဧရာမ သရဲမျက်နှာကြီးတစ်ခု ထွက်ပေါ်လာသည်။ သူ၏ အရှိန်အဝါက အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှသဖြင့် အသူရာဂူဗိမာန် တစ်ခုလုံး၏ လေထုက ချက်ချင်းဆိုသလို လေးလံသွားပြီး သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွား၏။
ရက္ခသမလေးမှာ အလွန် ကြောက်လန့်သွားပြီး မြေပြင်ပေါ် ဒူးထောက် ကျသွားတော့သည်။
သရဲမျက်နှာကြီးက ပါးစပ်ကို ဟလိုက်ပြီး အက်ကွဲကာ အေးစက်နေသော အသံဖြင့် မေးလိုက်၏။
"မင်း သေချာ မြင်ခဲ့ရဲ့လား"
"ကျွန်မ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ခဲ့တာပါ"
"အဲဒီ သေခါနီး ဝါးပင်က သူတို့ကို ကိုယ်တိုင် သတ်ပစ်ခဲ့တာလား"
ရက္ခသမလေးက ငြိမ်ကျသွားပြီး ချက်ချင်း ပြန်မဖြေချေ။ သူမက သေချာစဉ်းစားကာ ပြောလိုက်၏။
"ကျွန်မရဲ့ ခြေရာတွေကို ဖုံးကွယ်ဖို့အတွက် အနားကို မကပ်ရဲလို့ အဝေးကနေပဲ ကြည့်နေခဲ့တာပါ... သေချာတော့ မမြင်ရပေမဲ့ ထီးပုံစံ ဝိညာဉ်ရတနာတစ်ခုကို ကိုင်ဆောင်ထားတဲ့ ပုံရိပ်ယောင်ကိုယ်ပွားတစ်ခုက ပုကွမ် သရဲဘုရင် လက်အောက်က စစ်သူကြီးကို သတ်ပစ်လိုက်ပုံပေါ်ပါတယ်"
အသူရာ သရဲဘုရင်မှာ ငြိမ်ကျသွားသည်။
မြေဂူထဲရှိ လေထုက ပို၍ပို၍ ဖိအားများလာ၏။
ရက္ခသမလေးက ခေါင်းငုံ့ထားပြီး ကြောက်ရွံ့စွာဖြင့် နောက်သို့ တွန့်ဆုတ်သွားသည်။
အချိန်အတော်ကြာပြီးနောက် အသူရာ သရဲဘုရင်က ပြောလိုက်၏။
"အဲဒီ ဝါးဝိညာဉ်မှာ ဝိညာဉ်ရတနာတစ်ခု တကယ် ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... ဟိုကောင် ကျရှုံးသွားပြီး မသေခင်မှာ သတင်းတောင် မပို့နိုင်ခဲ့တာ အံ့သြစရာတော့ မဟုတ်ဘူး"
သူက ရက္ခသတောင်သခင်ကြီးကိုပင် ထည့်မပြောခဲ့ချေ။
"ဒါက ပုံရိပ်ယောင်ကိုယ်ပွား ဟုတ်မဟုတ်ဆိုတဲ့ ကိစ္စကတော့..."
အသူရာ သရဲဘုရင်က ဆက်ပြောသည်။
"တချို့ကိစ္စတွေကို မယုံတာထက်စာရင် ယုံလိုက်တာက ပိုကောင်းတယ်... ပြိုင်ဘက်ကို ဘယ်တော့မှ အထင်မသေးနဲ့... ကြည့်ရတာ အဲဒီ ဝါးဝိညာဉ်က မိစ္ဆာဘုရင်ဖြစ်လာဖို့ သိပ်မလိုတော့ဘူးနဲ့ တူတယ်... အချိန်တွေက အများကြီး ရှိပါသေးတယ်... သူ ဘေးအန္တရာယ် ကျော်ဖြတ်တဲ့အချိန်ကျမှ တိုက်ခိုက်ရင်တောင် နောက်မကျသေးပါဘူး"
"ပုကွမ် သရဲဘုရင်ဘက်ကရော ဘယ်လိုလုပ်မလဲ"
ရက္ခသမလေးက မေးလိုက်၏။
အသူရာ သရဲဘုရင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
"အဲဒီ အဘိုးကြီးက အငြိုးကြီးတယ်... ဒီတစ်ကြိမ် ယွီတောင်တန်းမှာ ဒီလောက် အထိနာသွားမှတော့ သူက ငါတို့ထက်တောင် ပိုပြီး နာကြည်းနေဦးမှာ"
"ပုကွမ် သရဲဘုရင်က ကျွန်မတို့ရဲ့ မန်တူတောင်တန်းကို ပြဿနာ လာရှာလောက်လား"
ရက္ခသမလေးက စိုးရိမ်တကြီး မေးလိုက်၏။
အသူရာ သရဲဘုရင်က အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့်အလား မထီမဲ့မြင် ပြုံးလိုက်သည်။
"စိုးရိမ်စရာ မလိုပါဘူး... အဲဒီ သရဲအိုကြီးက ငါ့အပေါ် နက်ရှိုင်းတဲ့ ရန်ငြိုးတွေ ရှိနေတာ... ဒီတစ်ကြိမ် ငါ့ရဲ့ မန်တူတောင်တန်းအတွက် သူ့ရဲ့ ရန်ငြိုးတွေကို ယာယီ ဘေးဖယ်ထားပြီး ကူညီပေးခဲ့တဲ့ တစ်ခုတည်းသော အကြောင်းရင်းက ကိစ္စပြီးရင် အသူရာစမ်းရေ မီးလျှံကို သူ့ကို ပေးမယ်လို့ ငါ ကတိပေးထားလို့ပဲ"
"အဲဒီ အဘိုးကြီးက အဋ္ဌမမြောက် ကောင်းကင်ဘုံအဆင့်ကို တက်လှမ်းချင်နေတာဆိုတော့ ဒီပစ္စည်းကို လိုချင်နေတာ အတော် ကြာခဲ့ပြီ... သူ ဒီပစ္စည်းကို လိုချင်နေသေးသရွေ့ ငါက ဝိညာဉ်တစ်သောင်း ရွှံ့ညွန်အိုင်ရဲ့ အင်အားကို သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ အားနည်းအောင် လုပ်နေတယ်ဆိုတာ သူ သိနေရင်တောင် ဘယ်လောက်ပဲ မကျေမနပ် ဖြစ်နေပါစေ ငါ့ကို လွယ်လွယ်နဲ့ ရန်သူလို သဘောထားမှာ မဟုတ်ဘူး... အဲဒီအစား ငါ ခိုင်းစေသမျှကို လိုက်လုပ်နေရလိမ့်မယ်"
အသူရာ သရဲဘုရင်က မထီမဲ့မြင် ရယ်မောလျက် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။
"ယွီတောင်တန်းပဲ ဖြစ်ဖြစ်၊ ဝိညာဉ်တစ်သောင်း ရွှံ့ညွန်အိုင်ပဲ ဖြစ်ဖြစ် ဘယ်ဘက်ကပဲ အထိနာနာ ငါကတော့ ဝမ်းသာမှာပဲ... ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့ မန်တူတောင်တန်းအတွက်တော့ အမြတ်ပဲလေ"
ရက္ခသမလေး၏ မျက်နှာက ချက်ချင်း ဝင်းပသွားပြီး သူမ၏ အသံက ညှို့ဓာတ်ပါနေသည့်အလား ထွက်ပေါ်လာသည်။
"ဒေါင်းနဲ့ ခရု တိုက်ခိုက်ရာမှာ တံငါသည် အမြတ်ထွက်တာပေါ့... ဘုရင်ကြီးက တကယ့်ကို ဉာဏ်ပညာကြီးမားပြီး အမြော်အမြင် ရှိလွန်းလှပါတယ်... မေ့ကျီက ဘုရင်ကြီးကို အလွန်အမင်း လေးစားအားကျမိပါတယ်"
ထို့နောက် သူမက မရေရာစွာဖြင့် မေးလိုက်၏။
"ဒါပေမဲ့ ကိစ္စပြီးသွားရင် သူကို အသူရာစမ်းရေ မီးလျှံ တကယ် ပေးလိုက်မှာလား"
"ငါက ငရဲကိုးထပ် မဟာနတ်ဘုရား ရှေ့မှောက်မှာ သစ္စာဆိုပြီးသားပဲ... ကိုယ့်စကားကိုယ်တော့ တည်ရမှာပေါ့... မင်းရဲ့ စိုးရိမ်ပူပန်မှုတွေကို ငါ နားလည်ပါတယ်"
"စိတ်ချပါ... ငါက အဋ္ဌမမြောက် ကောင်းကင်ဘုံအဆင့်ကို ရောက်ဖို့ သိပ်မလိုတော့ပါဘူး... အဲဒီ သရဲအိုကြီး ပုကွမ် အသူရာစမ်းရေ မီးလျှံကို ရတဲ့နေ့က သူရော ဝိညာဉ်တစ်သောင်း ရွှံ့ညွန်အိုင်ပါ ဖျက်ဆီးခံရမယ့် အချိန်ပဲ"
မေ့ကျီကို ကြည့်ရင်း အသူရာ သရဲဘုရင်၏ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်လာပြီး ပြောလိုက်၏။
"မင်း ငါ့ကို အလုပ်အကျွေး မပြုစုတာ အတော်ကြာပြီပဲ... ဒီနေ့ ဒီမှာပဲ နေခဲ့တော့"
ထိုစကားကို ကြားသည်တွင် မေ့ကျီ၏ ခန္ဓာကိုယ်လေး တုန်ယင်သွားပြီး သူမ၏ ခြေထောက်များက ချက်ချင်း ပျော့ခွေသွားကာ အသူရာ သရဲဘုရင်ကို ကြည့်လိုက်သော သူမ၏ အကြည့်ထဲတွင် ကြောက်ရွံ့မှုနှင့် မျှော်လင့်တောင့်တမှုများ ရောယှက်နေတော့သည်။
...
မန်တူတောင်တန်း၏ အနောက်ဘက် မိုင်သုံးရာအကွာတွင် သရဲသစ်ပင်များနှင့် သရဲမြက်များ ပေါက်ရောက်နေသည့် ကျယ်ပြောလှသော ချိုင့်ဝှမ်းကြီးတစ်ခုက မိုင်ခုနစ်ရာကျော်တိုင်အောင် ဆန့်တန်းလျက် ရှိသည်။
ဤနေရာက ဝိညာဉ်တစ်သောင်း ရွှံ့ညွန်အိုင် ဖြစ်၏။ မျက်စိတစ်ဆုံး ကြည့်လိုက်လျှင် ယင်စမ်းရေများနှင့် အဝါရောင် ရွှံ့ညွန်များဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့ရမည် ဖြစ်သည်။ မရဏကမ္ဘာတွင်သာ တွေ့ရလေ့ရှိသော ဝိညာဉ်ပိုးကောင်များ၊ မကောင်းဆိုးဝါးခြင်များနှင့် မရဏမြွေများကဲ့သို့သော သတ္တဝါများက ၎င်းအထဲတွင် ပုန်းအောင်းနေကြ၏။
မရေမတွက်နိုင်သော ယင်ဝိညာဉ်များနှင့် တစ္ဆေသရဲများက ရွှံ့ညွန်အိုင်၏ နက်ရှိုင်းသော နေရာများတွင် ပိတ်မိနေကြပြီး ထိုအထဲတွင် မျိုးနွယ်စုပေါင်းစုံ ပါဝင်ကာ သူတို့၏ လက်များကို ဆန့်ထုတ်နေကြသည်ဖြစ်စေ၊ ခြေလက်လေးဖက်ဖြင့် ရုန်းကန်နေကြသည်ဖြစ်စေ နာကျင်စွာ အော်ဟစ် ငိုကြွေးလျက် လွတ်မြောက်ရန် ကြိုးစားနေကြသည်။
တစ္ဆေသရဲ တစ်ကောင်က ရွှံ့ညွန်များဖြင့် အပြည့်အဝ ဖုံးလွှမ်းခံရပြီး ရွှံ့ညွန်အိုင်၏ အစိတ်အပိုင်း တစ်ခုအဖြစ် ပျော်ဝင်သွားသည့် အခါတိုင်း ဝိညာဉ်အလင်းစက်လေးများ လွင့်စင်ထွက်လာတတ်၏။ အချိန်အတော်ကြာကတည်းက စောင့်ဆိုင်းနေခဲ့ကြသော ဝိညာဉ်ပိုးကောင်များနှင့် မရဏမြွေများက ပုန်းကွယ်နေသော နေရာများမှ လျင်မြန်စွာ ထွက်ပေါ်လာပြီး ဝိညာဉ်အလင်းစက်များကို လုယက်ကြကာ တစ်ခါတစ်ရံတွင် အချင်းချင်း သတ်ပုတ်ကြသည်အထိ ဖြစ်သွားတတ်သည်။
ဝိညာဉ်ပိုးကောင်များနှင့် မရဏမြွေများအကြား တိုက်ပွဲကြီးတစ်ခု ထပ်မံ ဖြစ်ပွားလုဆဲဆဲ အချိန်မှာပင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးတစ်ခုက ရွှံ့ညွန်အိုင်ကို ဖြတ်သန်း ရိုက်ခတ်သွား၏။ ဝိညာဉ်ပိုးကောင်များနှင့် မရဏမြွေများက ချက်ချင်းဆိုသလို ရွှံ့ညွန်ထဲသို့ ပြုတ်ကျသွားပြီး အဝါရောင်စမ်းရေ ရွှံ့ညွန်အိုင်၏ စုပ်ယူမှုကို အပြင်းအထန် ခံလိုက်ရကာ မလှုပ်မယှက်နိုင် ဖြစ်သွားကြတော့သည်။
ရွှံ့ညွန်အိုင်၏ နက်ရှိုင်းသော နေရာရှိ အဝါရောင်စမ်းရေ ရွှံ့ညွန်အိုင် ရေဝဲတစ်ခုအတွင်းတွင် အနီရောင်နှင့် အစိမ်းရောင် ရောယှက်နေသော ဓားရှည်ကြီးတစ်ခု၏ ပုံစံဖြင့် တည်ဆောက်ထားသည့် မြေအောက်နန်းတော်ကြီးတစ်ခု ရှိနေသည်။
ထိုအချိန်တွင် ထောင်သောင်းချီသော တောက်လောင်သရဲကြီးများက မြေပြင်ပေါ်တွင် ဝပ်တွားနေကြပြီး ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဘုရင်ကြီးကို ဒေါသဖြေလျှော့ပေးရန် အော်ဟစ် တောင်းပန်နေကြ၏။ ဓားရိုးပုံစံ နန်းတော်ခန်းမဆောင် အတွင်းတွင်လည်း မဟာတောက်လောင်သရဲကြီးများက တုန်ရီနေကြသည်။
အထီးများက အစိမ်းပုပ်ရောင် ဖြစ်ပြီး အမများက ခရမ်းနီရောင် ဖြစ်ကြ၏။
ဓားများ စုပုံ တည်ဆောက်ထားသော ပလ္လင်တစ်ခုပေါ်တွင် အစိမ်းပုပ်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် သရဲအိုကြီး တစ်ကောင် ထိုင်နေသည်။ သူ့တွင် ရှည်လျားပြီး ကျဉ်းမြောင်းသော မျက်နှာတစ်ခု ရှိကာ အစိမ်းရောင် ဆံပင်များနှင့် အစိမ်းရောင် မျက်လုံးများကို ပိုင်ဆိုင်ထား၏။ ထိုအချိန်၌ သူ၏ မျက်နှာပေါ်မှ အသားများက တဆက်ဆက် တုန်ရီနေပြီး ပြင်းထန်စွာ ဒေါသထွက်နေသည်မှာ သိသာလှသည်။
အောက်ဘက်ရှိ မဟာသရဲကြီးများကို ငုံ့ကြည့်လိုက်ပြီးနောက် သူက သူ၏ ဖိအားကို ပြန်လည် ရုပ်သိမ်းလိုက်ကာ ရုတ်တရက် ပြုံးလိုက်၏။
ထိုနေရာတွင် ရှိနေသော ခရမ်းနီရောင် သရဲမလေး တစ်ကောင်က ပြောလိုက်သည်။
"ခမည်းတော်... ဒေါသကို ဖြေလျှော့တော်မူပါ... ဒီကိစ္စကြောင့် ခမည်းတော်ရဲ့ ကျန်းမာရေးကို မထိခိုက်ပါစေနဲ့... ယွီတောင်တန်း မိစ္ဆာမျိုးနွယ်စုက မုန်းစရာ ကောင်းတာ မှန်ပေမဲ့ မန်တူတောင်တန်း သရဲဘုရင်ရဲ့ ရည်ရွယ်ချက်တွေက ပိုပြီး ကျိန်ဆဲချင်စရာ ကောင်းပါတယ်"
ပုကွမ် သရဲဘုရင်က အောက်ဘက်ရှိ သူ၏ သမီးဖြစ်သူကို တစ်ချက် ကြည့်လိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းကာ သရဲမလေး တစ်ကောင်မှလွဲ၍ ကျန်သည့် သရဲများ အားလုံးကို ထွက်သွားရန် အမိန့်ပေးလိုက်သည်။
"ငါ့သမီး... စိတ်အေးအေးထားပါ... အဲဒီ အသူရာ ကောင်လေးရဲ့ ပွင့်လင်းလွန်းတဲ့ အကြံအစည်တွေနဲ့ ငှက်နှစ်ကောင်ကို ခဲတစ်လုံးတည်းနဲ့ ပစ်ချမယ့် အစီအစဉ်ကို ငါက ဘယ်လိုလုပ် မမြင်ဘဲ နေပါ့မလဲ"
"လော့ကန်နဲ့ တခြားသူတွေကို ငါ စေလွှတ်လိုက်တုန်းက ငါ့စိတ်ထဲမှာ အစီအစဉ် နှစ်ခု ရှိခဲ့တယ်... သူတို့သာ ယွီတောင်တန်း မိစ္ဆာမျိုးနွယ်စုကို ရှင်းလင်းပစ်နိုင်ခဲ့ရင် ငါ့ရဲ့ ဝိညာဉ်တစ်သောင်း ရွှံ့ညွန်အိုင်က အများကြီး အထိနာမှာ မဟုတ်သလို အဲဒီ အသူရာ ကောင်လေးကလည်း စစ်ပွဲကို လွယ်လွယ်နဲ့ စတင်ရဲမှာ မဟုတ်ဘူး... သူက တိတ်တိတ်လေး ခံပြင်းနေရပြီး အသူရာစမ်းရေ မီးလျှံကို နာခံမှုရှိရှိ လွှဲပြောင်းပေးရလိမ့်မယ်"
"လော့ကန်သာ ကံမကောင်းစွာနဲ့ သေဆုံးသွားခဲ့ရင် ငါ့ရဲ့ ဝိညာဉ်တစ်သောင်း ရွှံ့ညွန်အိုင်က ဒါကို အကြောင်းပြချက် လုပ်ပြီး အဲဒီ အသူရာ ကောင်လေးနဲ့ အဆက်အသွယ် ဖြတ်မယ်... ပြီးရင် အခွင့်အရေးကို အသုံးချပြီး ဝမ်လျန် မဟာမိတ်အဖွဲ့ကနေ နုတ်ထွက်ပြီး မရဏကမ္ဘာနဲ့ ပူးပေါင်းမယ်"
"ရွှမ်းမင် ပြည်နယ်သခင်က ငါ့ကို အကြိမ်ကြိမ် လာရောက် ရှာဖွေပြီး ငါ့ရဲ့ ဝိညာဉ်တစ်သောင်း ရွှံ့ညွန်အိုင်ကို ဓားငရဲ တည်ဆောက်ရာမှာ ပါဝင်ဖို့ လေးလေးစားစား ဖိတ်ခေါ်ခဲ့တယ်... ဝိညာဉ်တစ်သောင်း ရွှံ့ညွန်အိုင်သာ ပူးပေါင်းမယ်ဆိုရင် သူမက အသူရာစမ်းရေ မီးလျှံထက် အများကြီး ပိုပြီး တန်ဖိုးကြီးမားတဲ့ မရဏစမ်းရေ မီးတောက်အနှစ်သာရကို ငါ့ကို ပေးမယ်လို့ ကတိပေးထားတယ်"
ထိုစကားကို ကြားလျှင် သရဲမလေး၏ မျက်နှာက ဝင်းပသွား၏။
"မရဏစမ်းရေ မီးတောက်အနှစ်သာရရဲ့ အကူအညီနဲ့ဆိုရင် ခမည်းတော် အဋ္ဌမမြောက် ကောင်းကင်ဘုံအဆင့်ကို တက်လှမ်းနိုင်ဖို့က သေချာသလောက် ဖြစ်သွားပါပြီ"
ပုကွမ် သရဲဘုရင်က ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။
"ဝမ်လျန် မဟာမိတ်အဖွဲ့က ပြဿနာ လာရှာချင်တယ် ဆိုရင်တောင် အဲဒီ အသူရာ ကောင်လေးက ပထမဆုံး တာဝန်ယူရမယ့်သူ ဖြစ်သွားလိမ့်မယ်"
"ဟုတ်တယ်..."
သူက ရုတ်တရက် ပြောလိုက်၏။
"ယွီတောင်တန်း မိစ္ဆာမျိုးနွယ်စုကို မှတ်သားထားလိုက်... အနာဂတ်မှာ အဲဒီ ကျေးဇူးကန်းတဲ့ သတ္တဝါတွေနဲ့အတူ 'ရန်ငြိုးမှတ်တမ်း' ထဲက စာရင်းတွေကို ငါတို့ ရှင်းလင်းရမယ်"
***