နောက်တစ်နေ့ ညနေခင်းတွင် ဆောင်းဦးညက လရောင်များဖြင့် ပြည့်နှက်နေပြီး နှင်းပွင့်များအလား ကြည်လင် တောက်ပနေ၏။
စုဖွဲ့နေသော အစိမ်းရောင် မီးအိမ်အချို့က လရောင်တစ်ချို့ ဖြတ်သန်းသွားနိုင်ရန် အလိုအလျောက် နေရာဖယ်ပေးလိုက်ကြသည်။
ထိုလရောင်က အချုပ်ထောင်ဘေးသို့ ကျရောက်သွားပြီးနောက် ငွေရောင်ဆံပင်များ လွင့်ဝဲကာ ငွေရောင်ဝတ်ရုံ လွှမ်းခြုံထားသော ဖူရှောင်ကွမ်းက အထဲမှ ထွက်လာ၏။
အချုပ်ထောင်၏ ဌာနမှူးသစ် ခါးဆွဲတံဆိပ်ပြားကို ပြသလိုက်သောအခါ တံခါးစောင့်နေသော ငန်းမိစ္ဆာနှစ်ကောင်က ချက်ချင်းပင် လည်ပင်းများကို ဆန့်ထုတ်ကာ အော်ဟစ်၍ အရိုအသေပေးလိုက်ကြပြီး သူတို့၏ အမူအရာက ယခင်ကထက်ပင် ပိုမို ရိုသေလေးစားမှု ရှိနေသည်။
တံခါးများ ပွင့်သွားသောအခါ သူက အတွင်းသို့ ဝင်သွား၏။ ခြေလှမ်းအနည်းငယ်မျှ လျှောက်လိုက်ရုံဖြင့် သတင်းရရှိသည်နှင့် အလျင်စလို ရောက်ရှိလာကြသော ငန်းမိစ္ဆာ ပိုင်ယွီ၊ ပွေးမိစ္ဆာ ဟင်ထူနှင့် ပြည့်စုံသော ကိုယ်လုံးအချိုးအစား ရှိသည့် အနီရောင်ဝတ် လိုလီမလေး ချူချုံးတို့နှင့် ထိပ်တိုက် တိုးမိတော့သည်။
ဤဆက်ဆံမှုက သူ ပထမဆုံး ရောက်ရှိလာစဉ်ကနှင့် တခြားစီပင် ဖြစ်၏။
"ဒီမိစ္ဆာငယ်လေးက မိစ္ဆာသခင် ရှောင်ကွမ်းကို အရိုအသေပေးပါတယ်"
မိစ္ဆာသုံးကောင်က သူတို့၏ ယုံကြည်ရသော လက်အောက်ငယ်သားများကို ဦးဆောင်၍ ရိုသေလေးစားစွာ နှုတ်ခွန်းဆက်လိုက်ကြ၏။ အမြဲတမ်း အေးတိအေးစက် နေတတ်သော ဆူးပင်မိစ္ဆာပင်လျှင် အပြုံးယောင်ယောင်လေးတစ်ခုကို အတင်းအကျပ် ဖန်တီးပြလိုက်သေးသည်။
"ဒီလောက် တရားဝင် ဖြစ်နေစရာ မလိုပါဘူး မိတ်ဆွေငယ်တို့"
ဖူရှောင်ကွမ်းက တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ သူက ကြိုတင် လေ့ကျင့်ထားပြီးဖြစ်ရာ အခြေအနေကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းရင်း လျင်မြန်စွာ အသားကျနေပြီ ဖြစ်သည်။
မိစ္ဆာများက မတ်တတ်ရပ်လိုက်ကြ၏။
ချူချုံးကတော့ ထုံးစံအတိုင်း စကားနည်းနေဆဲ ဖြစ်သည်။
ပိုင်ယွီနှင့် ဟင်ထူတို့က အချုပ်ထောင်၏ ကိစ္စရပ်များကို အလုအယက် ပြောဆိုနေကြပြီး အများစုမှာ ရေကန်ထဲမှငါးနှင့် လှောင်ချိုင့်ထဲမှငှက် သိုင်းကွက်အစီအရင်၏ နက်နဲမှုများနှင့် လမ်းဆုံများကဲ့သို့သော ဌာနမှူး တစ်ဦးတည်းသာ သိနိုင်သည့် လျှို့ဝှက်ချက်များ ဖြစ်ကြ၏။
မြေအောက်အကျဉ်းထောင် အဝင်ဝသို့ ရောက်သောအခါ ဖူရှောင်ကွမ်းက ပြောလိုက်သည်။
"ဒီသခင်က လောလောဆယ် အချုပ်ထောင်ရဲ့ စည်းမျဉ်းတွေကို ပြောင်းလဲဖို့ ရည်ရွယ်ချက် မရှိသေးဘူး... မင်းတို့ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ပြီး အခြေခံ စည်းမျဉ်းတွေကို မချိုးဖောက်သရွေ့ ငါ မင်းတို့ကို အခက်တွေ့အောင် လုပ်မှာ မဟုတ်ဘူး"
"ဒါပါပဲ... ကိုယ့်အလုပ် ကိုယ်သွားလုပ်ကြတော့"
ထိုစကားကို ကြားသောအခါမှသာ မိစ္ဆာများက လူစုခွဲသွားကြတော့သည်။
ကောင်းကင်မဲ့ အကျဉ်းထောင်အတွင်းတွင် သူ၏ ယခင် လက်အောက်ငယ်သားများက အချိန်အတော်ကြာကတည်းက စောင့်ဆိုင်းနေခဲ့ကြ၏။ ဖူရှောင်ကွမ်းကို မြင်သောအခါ သူတို့မှာ အလွန် စိတ်လှုပ်ရှားသွားကြသဖြင့် စကားပင် ကောင်းကောင်း မပြောနိုင်တော့ချေ။ သူက နှစ်သိမ့်စကား အနည်းငယ် ပြောကြားပြီးနောက်မှသာ သူတို့၏ ခံစားချက်များကို တဖြည်းဖြည်း ထိန်းချုပ်နိုင်သွားကြသည်။
"ဒီသခင်ကို အဲဒီ ပဉ္စမမြောက် ကောင်းကင်ဘုံအဆင့် တောက်လောင်သရဲကြီးဆီ ခေါ်သွား"
အမိန့်တစ်ခွန်း ပေးလိုက်သည်နှင့် ကြွက်မိစ္ဆာများက ချက်ချင်း လမ်းပြခေါ်ဆောင်သွားကြ၏။
လက်အောက်ငယ်သားများကို ပြန်လွှတ်လိုက်ပြီးနောက် ဖူရှောင်ကွမ်းက ပဉ္စမမြောက် ကောင်းကင်ဘုံအဆင့် တောက်လောင်သရဲကြီးကို အကျဉ်းချထားသော အခန်းထဲသို့ တည့်တည့်မတ်မတ် ဝင်သွားခဲ့သည်။
အိပ်ပျော်နေသော တောက်လောင်သရဲကြီးက ကျောက်တံခါး ပွင့်သွားသော အသံကြောင့် နိုးလာ၏။ ဖူရှောင်ကွမ်းကို မြင်သောအခါ သူက ချက်ချင်း ဒေါသထွက်သွားပြီး ရှေ့သို့ ခုန်အုပ်လိုက်ကာ အဆိပ်ငွေ့များနှင့် ဓားအလင်းတန်းများကို အလိုအလျောက် ထွေးထုတ်လိုက်သည်။
ဖူရှောင်ကွမ်းက ကြောက်ရွံ့သည့် အရိပ်အယောင် မပြဘဲ ဖြည်းညင်းစွာ ချဉ်းကပ်သွား၏။
ခုန်အုပ်လာသည့် လမ်းတစ်ဝက်တွင် တောက်လောင်သရဲကြီး၏ အနောက်ဘက်ရှိ သံကြိုးများက တောက်ပလာပြီး ရှုပ်ထွေးသော မိစ္ဆာစာလုံးများက ငါးများအလား ရွေ့လျားလာကာ ချုပ်နှောင်ခြင်း စွမ်းအားကို အကြီးအကျယ် တိုးမြှင့်လိုက်သည်။
တောက်လောင်သရဲကြီး၏ ဓမ္မစွမ်းအားများ လုံးဝ ပျောက်ကွယ်သွားပြီး မြေပြင်ပေါ်သို့ ဒုတ်ခနဲ မျက်နှာနှင့် မိတ်ဆက်သွားတော့၏။ အဆိပ်ငွေ့များနှင့် ဓားအလင်းတန်းများက သူ့ထံသို့ ပြန်လည် စီးဝင်သွားပြီး နာကျင်မှုကြောင့် သူ၏ မျက်နှာပြင်များ ရှုံ့မဲ့သွားကာ ခန္ဓာကိုယ်က ယင်လေပြင်းနှင့် အဆိပ်မြူခိုးများအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုသို့ဖြစ်သွားသော်လည်း သူက သံကြိုးများဖြင့် ချုပ်နှောင်ခံထားရဆဲ ဖြစ်၏။
ဖူရှောင်ကွမ်းက ရှေ့တွင် ရပ်၍ ယင်မြူခိုးများကို အေးစက်စက် ကြည့်နေသည်။ ယင်မြူခိုးများက တောက်လောင်သရဲကြီးအသွင်သို့ ပြန်လည် ပြောင်းလဲသွားသောအခါမှသာ သူက အေးစက်စက် ပြောလိုက်၏။
"ငါ့မှာ အပေးအယူ တစ်ခု ရှိတယ်... မင်း နားထောင်ချင်လား"
"ဟက်... အဲဒီ ငှက်ကလေးနဲ့ ခွေးကလေးက မလုပ်နိုင်လို့ အခု မင်း အလှည့် ရောက်လာတာလား... အားအင်တွေ ဖြုန်းတီးမနေပါနဲ့... မင်း ဘာပဲပြောပြော၊ ငါ့ကို ဘယ်လောက်ပဲ နှိပ်စက်နှိပ်စက် ဘုရင်ကြီးကို ငါ ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး"
"မင်းရဲ့ သစ္စာရှိမှုကို ငါ လေးစားပါတယ်… ဒါပေမဲ့ နှမြောစရာပဲ... ရှင်သန်နိုင်မယ့် လမ်းကြောင်းတစ်ခုက ဒီလိုနဲ့ပဲ ပျောက်ကွယ်သွားရပြီ"
ထိုစကားများ ပြောပြီးနောက် ဖူရှောင်ကွမ်းက ထွက်ခွာရန် လှည့်လိုက်ပြီး သူ၏ လှုပ်ရှားမှုများက ပြတ်သားကာ သွက်လက်နေ၏။ သူ အခန်းတံခါးဝသို့ ရောက်သောအခါ အနောက်ဘက်မှ အက်ကွဲကွဲ အသံတစ်ခု ထွက်ပေါ်လာသည်။
"နေဦး"
...
ထိုစကားကို ကြားသောအခါ ဖူရှောင်ကွမ်းက ရပ်တန့်သွား၏။ ရပ်တန့်သွားသော်လည်း သူက အနောက်သို့ လှည့်မကြည့်ဘဲ ရိုးရှင်းစွာ ပြောလိုက်သည်။
"တစ်ခုခု ပြောစရာ ရှိသေးလို့လား"
သူ့အနောက်ဘက်တွင် တစ်ဖန် ပြန်လည် တိတ်ဆိတ်သွား၏။
ထိုအခြေအနေကို မြင်သောအခါ သူက ထပ်မံ မေးမြန်းရန် ရည်ရွယ်ချက် မရှိသည့်ပုံစံဖြင့် ရှေ့သို့ ဆက်လျှောက်သွားသည်။ သူ၏ ခန္ဓာကိုယ် တစ်ဝက်ခန့် အခန်းတံခါးဝမှ ထွက်သွားချိန်တွင် အသံက ပြန်လည် ထွက်ပေါ်လာ၏။
"ရှင်သန်နိုင်မယ့် လမ်းကြောင်းဆိုတာက ဘာကို ဆိုလိုတာလဲ"
ဖူရှောင်ကွမ်းက နောက်တစ်ကြိမ် ရပ်တန့်သွားပြီး ပြောလိုက်သည်။
"စကားလုံး အဓိပ္ပာယ်အတိုင်းပဲလေ... မင်း အပေးအယူတစ်ခု လုပ်ရုံနဲ့ မင်းကို လွှတ်ပေးဖို့ ငါ စဉ်းစားပေးနိုင်တယ်... ဒါပေမဲ့ မင်းက ငြင်းပယ်ပြီးသွားပြီပဲ... ငါက အများအားဖြင့် ကောင်းမှုကုသိုလ် လုပ်ရတာကို သဘောကျတယ်ဆိုတော့ မင်းရဲ့ သစ္စာရှိမှုကို ငါ ဖြည့်ဆည်းပေးရမှာပေါ့"
"မင်းက ကတိတည်တဲ့သူလား"
"ဒီသခင်ရဲ့ စကားတစ်ခွန်းက ရွှေပဲ"
"ဒါဆို အပေးအယူက ဘာလဲ"
"ငါက ဘာလို့ မင်းကို ပြောပြရမှာလဲ"
"မင်းက အရင် စပြောခဲ့တာလေ"
"ဒါပေမဲ့ မင်းက ငြင်းလိုက်တယ် မဟုတ်လား"
"အခု ငါ... နောင်တရသွားပြီ... ငါ နောင်တရသွားပြီ"
"ငါ မင်းကို ပြောပြနိုင်ပါတယ်… ဒါပေမဲ့ မင်းရဲ့ ရိုးသားမှုအပေါ်မှာ မူတည်တယ်"
"ဒါက ရှင်းရှင်းလင်းလင်းကို မင်းက..."
"အဲဒါက အရင်ကလေ… အခုက အခုပဲ... လောလောဆယ်တော့ မင်းက ငါ့ကို တောင်းပန်နေရတဲ့သူပဲ"
တောက်လောင်သရဲကြီးမှာ စကားလမ်းကြောင်း ပိတ်သွားပြီး မချိတင်ကဲ ပြောလိုက်၏။
"မင်း ဘာလိုချင်တာလဲ"
"မင်းသိတဲ့ နည်းစနစ် တစ်ခု ပြောပြ"
သူ့အနောက်ဘက်တွင် တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားပြန်၏။
ဖူရှောင်ကွမ်းက သူ့ကို အလျင်စလို မတိုက်တွန်းသလို အကြံပြုချက်များလည်း မပေးဘဲ ရှေ့သို့သာ ဆက်လျှောက်သွားသည်။ သူ အခန်းတံခါးဝမှ အပြည့်အဝ ထွက်သွားပြီးနောက် တံခါးပိတ်မည့် ယန္တရားကို ဖိရန် လက်ဆန့်ထုတ်လိုက်ချိန်တွင် တောက်လောင်သရဲကြီး၏ အရေးတကြီး အသံက အနောက်ဘက်မှ ထွက်ပေါ်လာ၏။
"နေဦး… နေဦး... ငါ ပြောမယ်… ငါ ပြောမယ်"
ယန္တရားပေါ်ရှိ ဖူရှောင်ကွမ်း၏ လက်က ရပ်တန့်သွားသည်။
တောက်လောင်သရဲကြီးက မျှော်လင့်ချက်မဲ့စွာဖြင့် နည်းစနစ်တစ်ခုကို ရွတ်ဆိုပြလိုက်၏။ သို့သော်လည်း သူက လှည့်ကွက်တစ်ခု သုံးလိုက်ပြီး ဝိညာဉ်တစ်သောင်း ရွှံ့ညွန်အိုင်မှ မည်သည့် နည်းစနစ်ကိုမျှ မပြောဘဲ မရဏကမ္ဘာရှိ ရုဂျ်စံအိမ်သို့ အလည်အပတ် သွားစဉ်က မတော်တဆ သင်ယူခဲ့ရသည့် နည်းစနစ်တစ်ခုကို ပြောပြလိုက်သည်။
တိတ်ဆိတ်စွာ မှတ်သားလိုက်ပြီးနောက် ဖူရှောင်ကွမ်းက လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး တောက်လောင်သရဲကြီးဘက်သို့ လှည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။
"သစ္စာဆိုလိုက်"
တောက်လောင်သရဲကြီး၏ စိတ်က တစ်ခဏမျှ နားမလည်နိုင် ဖြစ်သွားပြီး ကြောင်အမ်းအမ်းဖြင့် မေးလိုက်သည်။
"ဘာသစ္စာလဲ"
မေးပြီးပြီးချင်းပင် သူက ကိုယ့်ပါးကိုယ် ရိုက်ချင်သွား၏။ ထိုမေးခွန်းက အလွန် မိုက်မဲလွန်းလှသည်။
ဘာကြောင့် သစ္စာဆိုရမှာလဲ...
အပေးအယူအတွက်ပေါ့...
ဖြန်း...
ပါးရိုက်သံတစ်ခု ထွက်ပေါ်လာ၏။
ဖူရှောင်ကွမ်းက ဆူးပင်များဖြင့် ယက်လုပ်ထားသော လက်အိတ်များကို ဘယ်အချိန်ကတည်းက ဝတ်ဆင်ထားမှန်းမသိဘဲ တောက်လောင်သရဲကြီး၏ မျက်နှာကို ပြင်းပြင်းထန်ထန် ပါးရိုက်ချလိုက်သည်။
ဆူးများက တောက်လောင်သရဲကြီး၏ ပါးပြင်ကို ထိုးဖောက်ဝင်ရောက်သွားပြီး တစ်ဝက်ခန့်က ယင်မြူခိုးများအဖြစ် လွင့်စင်သွား၏။
စူးရှသော အော်ဟစ်သံကြီးက အခန်းထဲတွင် ပဲ့တင်ထပ်သွားသည်။ တောက်လောင်သရဲကြီး၏ မျက်လုံးများထဲမှ သရဲမီးတောက်များ တောက်လောင်လာပြီး ဒေါသတကြီး မေးခွန်းထုတ်လိုက်၏။
"မင်း ဘာလုပ်တာလဲ"
"မင်း မျက်စိကန်းနေလား... ငါ မင်းကို ကူညီနေတာလေ... ငါက ကောင်းမှုကုသိုလ် လုပ်ရတာကို သဘောကျတယ်လို့ ဒီသခင် ပြောခဲ့တယ်လေ... မင်းရဲ့ မေးခွန်းက မိုက်မဲတယ်လို့ မင်း ခံစားနေရမှတော့ မင်း ခေါင်းရှင်းသွားအောင် ငါ ကူညီပေးနေတာ... ပြဿနာ ရှိလို့လား"
တောက်လောင်သရဲကြီး “…”
ကျေးဇူးတင်လိုက်တာနော်...
ထို့နောက် သူက သတိထား၍ ပြောလိုက်သည်။
"ဒီအပေးအယူက ဘုရင်ကြီးကို သစ္စာဖောက်ရမယ့် ကိစ္စဆိုရင်တော့ ပြောတောင် မပြောနဲ့"
ဖူရှောင်ကွမ်းက လေးနက်စွာ ကတိပေးလိုက်၏။
"စိတ်ချပါ… မင်းရဲ့ ဘုရင်ကြီးနဲ့ မပတ်သက်ပါဘူး"
ထိုစကားကို ကြားလျှင် တောက်လောင်သရဲကြီးမှာ စိတ်သက်သာရာ ရသွားသည်။ သရဲနှင့် မိစ္ဆာတို့က ငရဲကိုးထပ် မဟာနတ်ဘုရားနှင့် ထျန်းယီ မိစ္ဆာနတ်ဘုရားတို့ ရှေ့မှောက်တွင် အသီးသီး သစ္စာဆိုလိုက်ကြ၏။
"ပြောလေ... အပေးအယူက အတိအကျ ဘာလဲ"
"မင်းသိတဲ့ နည်းစနစ်တိုင်းကို ဝန်ခံရမယ်"
ဒုက္ခပါပဲ... ငါ ထောင်ချောက်ဆင်ခံလိုက်ရပြီ
တောက်လောင်သရဲကြီးမှာ အစကတည်းက ဤမိစ္ဆာ၏ တွင်းထဲသို့ ဆွဲခေါ်ခြင်း ခံလိုက်ရပြီး သူ၏ စည်းချက်အတိုင်း တဖြည်းဖြည်း လိုက်ပါသွားကာ သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားကြောင်းကို ယခုမှသာ သဘောပေါက်သွားတော့၏။ ထိုသို့မဟုတ်လျှင် အပေးအယူ၏ အသေးစိတ် အချက်အလက်များကိုပင် ရှင်းရှင်းလင်းလင်း မသိရသေးဘဲနှင့် သူက ဘာကြောင့် အလျင်စလို သစ္စာဆိုခဲ့မည်နည်း။
ငရဲကိုးထပ် မဟာနတ်ဘုရားက သက်သေအဖြစ် ရှိနေပြီဖြစ်ရာ ယခု မည်သည့်အရာအတွက်မဆို နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
အိပ်မက်မှ နိုးထလာသကဲ့သို့ တောက်လောင်သရဲကြီးမှာ အကြီးအကျယ် ဒေါသထွက်သွား၏။
"မင်း ငါ့ကို ထောင်ချောက်ဆင်တာလား"
ပါးရိုက်သံ နောက်ထပ် တစ်ချက် ထွက်ပေါ်လာသည်။
ဆူးများကြောင့် ယင်မြူခိုးများ အမြောက်အမြား လွင့်စင်ထွက်လာသည်။
ဖူရှောင်ကွမ်းက တည်ငြိမ်စွာပင် ပြောလိုက်၏။
"ဒီမေးခွန်းက မိုက်မဲနေတုန်းပဲ"
သူက မကျေမနပ် ဖြစ်နေသော တောက်လောင်သရဲကြီးကို လျစ်လျူရှု၍ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"အချိန်ဖြုန်းမနေနဲ့... စလိုက်ကြရအောင်… အချိန်ကြာသွားရင် ဒီသခင်က မင်းရဲ့ မိုက်မဲမှုတွေ ကူးစက်ခံရမှာ စိုးလို့"
တောက်လောင်သရဲကြီးမှာ ဒေါသထွက်နေသော်လည်း နောက်ထပ် ပါးရိုက်ခံရမည်ကို ကြောက်သဖြင့် ပြန်မပြောရဲတော့ချေ။ နောက်ဆုံးတွင် သူက သင်ယူခဲ့သမျှ နည်းစနစ် အားလုံးကို ရိုးသားစွာ ဝန်ခံလိုက်တော့သည်။
ဖူရှောင်ကွမ်းက ဝါးစာလိပ်တစ်ခုကို ထုတ်ယူလိုက်ပြီး သူ၏ ဓားငယ်လေးက လျင်မြန်စွာ ရွေ့လျားကာ အလျင်အမြန် မှတ်တမ်းတင်လိုက်၏။ တောက်လောင်သရဲကြီး၏ ရင်ထဲတွင် ယုတ်မာသော အကြံအစည်များ ကြီးထွားလာပြီး သူ၏ စကားပြောနှုန်းက ပို၍ပို၍ မြန်လာကာ သူက ပြောဆိုပြီးသွား၍ သစ္စာဆိုချက် ပြည့်စုံသွားသည်နှင့် ဤမိစ္ဆာ၏ ချုပ်ကိုင်မှုအောက်တွင် ရှိနေတော့မည် မဟုတ်ဟု တွေးလိုက်သည်။
ဤမိစ္ဆာယုတ်က အားလုံးကို မှတ်တမ်းတင်နိုင်ခြင်း ရှိမရှိကတော့ သူ၏ ပြဿနာ မဟုတ်ပေ။ ဖူရှောင်ကွမ်းက အပိုင်းအစများကိုသာ မှတ်တမ်းတင်နိုင်မည်ဟု သူက မျှော်လင့်နေ၏။
သို့သော်လည်း မကြာမီမှာပင် တောက်လောင်သရဲကြီးမှာ သူ၏ ခန္ဓာကိုယ်က သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ကြောင်း တွေ့ရှိလိုက်ရသဖြင့် မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။ သူ၏ စကားပြောနှုန်းက ပို၍ပို၍ နှေးကွေးလာ၏။
ထိုအခိုက်အတန့်တွင်မှ ဤမိစ္ဆာက အချိန်ကို ကြိုးကိုင်ခြယ်လှယ်နိုင်ကြောင်း မေ့သွားသဖြင့် သူ ထပ်မံ မိုက်မဲသွားခဲ့ပြီ ဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားတော့သည်။
တောက်လောင်သရဲကြီးကို အကုန်အစင် ညှစ်ထုတ်ပြီးနောက် ဖူရှောင်ကွမ်းက ဝါးစာလိပ်ကို အေးအေးဆေးဆေး သိမ်းဆည်းလိုက်သည်။ သူက လက်ညှိုးတစ်ချောင်း ဆန့်ထုတ်၍ ခါးဆွဲတံဆိပ်ပြားကို တစ်ချက် ပုတ်လိုက်ရာ ဝိညာဉ်အလင်းစက်လေးတစ်ခု ထွက်ပေါ်လာ၏။
သံကြိုးများက တောက်ပလာပြီး တောက်လောင်သရဲကြီးမှာ ချက်ချင်း မလှုပ်မယှက်နိုင် ဖြစ်သွားသည်။ ဖူရှောင်ကွမ်းက လက်ကို မြှောက်လိုက်ပြီး တောက်လောင်သရဲကြီး၏ ကြောက်လန့်တကြား အကြည့်များအောက်တွင် သူ့ကို ပြင်းထန်သော ပါးရိုက်ချက် နှစ်ချက် ဆက်တိုက် ပေးလိုက်၏။
"မင်း ထပ်ပြီး မိုက်မဲသွားပြန်ပြီ"
ရိုက်နှက်ပြီးနောက် သူက လက်အိတ်များကို ချွတ်လိုက်သည်။
ထို့နောက် သူက ရေစီးကြောင်းတစ်ခုကို ခေါ်ယူရန် လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏ရှေ့တွင် ရေဘောလုံးတစ်ခုအဖြစ် စုစည်းကာ အလွန်အမင်း ရွံရှာစက်ဆုပ်သည့် အမူအရာဖြင့် သူ၏ လက်များကို ဆေးကြောလိုက်၏။
ထိုအပြုအမူက ကြီးမားသော ထိခိုက်မှု မဖြစ်စေသော်လည်း အလွန်အမင်း စော်ကားမှုတော့ ဖြစ်စေသည်။
ထိုမြင်ကွင်းကို မြင်သောအခါ တောက်လောင်သရဲကြီးက အော်ဟစ် ငိုကြွေးတော့၏။ သို့သော်လည်း နောက်ထပ် အရိုက်ခံရမည်ကို ကြောက်သဖြင့် သူက ကျိန်ဆဲရန်တော့ မရဲတော့ချေ။
ဖူရှောင်ကွမ်းက မျက်ခုံးတစ်ဖက်ကို အနည်းငယ် ပင့်လိုက်ပြီး ချီးကျူးလိုက်သည်။
"နောက်ဆုံးတော့ မင်း တစ်ခါလောက် ဉာဏ်ပြေးသွားပြီပဲ"
ဒီလို ချီးကျူးတာက စော်ကားတာထက်တောင် ပိုဆိုးသေးတယ်
***