"မိစ္ဆာမိတ်ဆွေ ယောင်လင်"
"ကျွန်မကို လင်းကျီလို့ ခေါ်လို့ ရပါတယ် မိစ္ဆာမိတ်ဆွေ"
"မိစ္ဆာမိတ်ဆွေ လင်းကျီ... ဒီအရာက အဆိပ်ဝိညာဉ် နည်းစနစ်ပါ... ဒါကို တောက်လောင်သရဲကြီး တစ်ကောင်ဆီကနေ ရရှိခဲ့တာပါ… ပြီးတော့ အဆိပ်ကို ကျွမ်းကျင်တဲ့ ဒါမှမဟုတ် အဆိပ်ကို နှစ်သက်တဲ့ ဓမ္မနယ်ပယ်က သတ္တဝါတွေ ကျင့်ကြံဖို့ သင့်တော်ပါတယ်"
အဆိပ်ဝိညာဉ် နည်းစနစ် ပါဝင်သော ဝါးစာလိပ်ကို စားပွဲပေါ်သို့ ချထားလိုက်ပြီးနောက် ဖူရှောင်ကွမ်းက နောက်ထပ် ပစ္စည်းတစ်ခုကို မိတ်ဆက်ပေးလိုက်၏။
"ဒါက ကြောင်ကတိုးတွေကို မူးယစ်စေတဲ့ နံ့သာဘူးရဲ့ ဖော်စပ်နည်းပါ... ကြောင်ကတိုးမိစ္ဆာ မျိုးနွယ်စုက အဲဒါကို အလွန် သဘောကျကြတယ်... လောကမှာ တစ်ခုတည်းသော ဖော်စပ်နည်းလို့ ကျွန်တော် မပြောရဲပေမဲ့ ယွီတောင်တန်း ခရိုင်သုံးခုနဲ့ ပတ်ဝန်းကျင် ဒေသတွေမှာတော့ အဲဒီလိုမျိုး တစ်ခုတည်းပဲ ရှိနိုင်တယ်"
"အကျိုးအမြတ်ကို လေးဆယ် ခြောက်ဆယ် ခွဲဝေယူဖို့အတွက် ဒီဖော်စပ်နည်းကို ထုံပေါက် အလုပ်ရုံနဲ့ ပူးပေါင်းဖို့ ကျွန်တော် ကမ်းလှမ်းချင်ပါတယ်... မိစ္ဆာမိတ်ဆွေ သဘောတူတယ်ဆိုရင် ခင်ဗျား ဖော်စပ်နည်းကို ယူလို့ရပါတယ်... ကျွန်တော်က စိတ်ကူးယဉ် အိပ်မက် ဝိညာဉ်ပုံသွင်းခြင်း နည်းစနစ်နဲ့ လဲလှယ်ဖို့ပဲ တောင်းဆိုတာပါ"
ဖော်စပ်နည်းကို စားပွဲပေါ်တွင် ချထားလိုက်ပြီးနောက် ဖူရှောင်ကွမ်းက ကြောင်ကတိုးတွေကို မူးယစ်စေတဲ့ နံ့သာဘူး တစ်ဘူးကို ထုတ်ယူလိုက်သည်။
"ဒါကို စမ်းသပ်ဖို့ ကြောင်ကတိုးမိစ္ဆာ တစ်ကောင်ကို ခင်ဗျား ရှာကြည့်လို့ ရပါတယ်... ပြီးရင် နံ့သာဘူးရဲ့ အာနိသင်က အစစ်အမှန် ဟုတ်မဟုတ်ဆိုတာကို ခင်ဗျား ချက်ချင်း သိလာပါလိမ့်မယ်"
"ဒီလောက် ရုပ်ချောတဲ့ မိစ္ဆာတွေက စရိုက်မကောင်းတာ မဖြစ်နိုင်ပါဘူး... မိစ္ဆာမိတ်ဆွေကို ကျွန်မ ဘယ်လိုလုပ် မယုံကြည်ဘဲ နေနိုင်မှာလဲ"
"ဘယ်လိုပဲဖြစ်ဖြစ် စစ်ဆေးအတည်ပြုဖို့တော့ လိုအပ်ပါသေးတယ်"
အခြေအနေက ဤအဆင့်သို့ ရောက်လာပြီဖြစ်ရာ ဟူယောင်လင်က ဆက်လက် ယဉ်ကျေးမနေတော့ချေ။ အခြေအနေအရ သူမက မြေခွေးမိစ္ဆာလေး တစ်ကောင်ကို ခေါ်ယူလိုက်ပြီး ဘေးခန်းမှ ကြောင်ကတိုးမိစ္ဆာ မန်နေဂျာကို ဖိတ်ခေါ်လာရန် အမိန့်ပေးလိုက်၏။
ကြောင်ကတိုးမိစ္ဆာ မန်နေဂျာမှာ အရောင်သုံးမျိုးစပ် တောကြောင် တစ်ကောင်ဖြစ်ပြီး လူသားတစ်ပိုင်း အသွင်ပြောင်းထားကာ အနောက်ဘက်တွင် ကြောင်အမြီး တစ်ချောင်းသာ ကျန်ရှိပြီး မျက်နှာပေါ်တွင် ကြောင်နားရွက် နှစ်ဖက် ရှိသည်။ မန်နေဂျာက ဖောင်းကား၊ ဖြူဝင်း၊ ဝဖြိုးနေပြီး ချစ်စဖွယ်ကောင်းသော အသွင်အပြင် ရှိ၏။
အခန်းထဲတွင် အပြည့်အဝ အသွင်ပြောင်းထားသော မိစ္ဆာသခင် နှစ်ပါးကို မြင်သောအခါ ကြောင်ကတိုးမိစ္ဆာ မန်နေဂျာက ချက်ချင်း ဦးညွှတ်လိုက်သည်။ မန်နေဂျာက ရိုသေလေးစားပြီး ကြောက်ရွံ့နေသော အမူအရာဖြင့် ပြောလိုက်၏။
"ဒီမိစ္ဆာငယ်လေးက မိစ္ဆာသခင် နှစ်ပါးကို နှုတ်ခွန်းဆက်ပါတယ်... ကျွန်တော့်ကို ဘာများ ခိုင်းစရာ ရှိလို့လဲ မသိဘူး"
"မန်နေဂျာ မောင်မောင်... စိုးရိမ်စရာ မလိုပါဘူး... ဒီသခင်က မင်းကို ပစ္စည်းတစ်ခု စမ်းသပ်ခိုင်းဖို့ ခေါ်လိုက်တာပါ"
ကြောင်ကတိုးမိစ္ဆာ မန်နေဂျာက အကြောက်တရားကို ဖိနှိပ်ထားလိုက်ပြီး ပြောလိုက်၏။
"ဒီမိစ္ဆာငယ်လေး သေရမယ်ဆိုရင်တောင် အစွမ်းကုန် ကြိုးစားပေးပါ့မယ်"
ကြောက်လန့်နေသော ကြောင်ကတိုးမိစ္ဆာကို ကြည့်ရင်း ဟူယောင်လင်၏ မျက်လုံးများထဲတွင် နောက်ပြောင်လိုစိတ်များ လင်းလက်သွားသည်။ သူမက နှစ်သိမ့်ပေးဟန်ဆောင်၍ ပြောလိုက်၏။
"စိတ်အေးအေးထားပါ... မင်း အသက်မသေပါဘူး"
ကြောင်ကတိုးမိစ္ဆာ မန်နေဂျာ “…”
ခင်ဗျား အဲလို မပြောရင် ပိုကောင်းဦးမယ်... အခု ကျွန်တော် ပိုတောင် ကြောက်သွားပြီ…
ဟူယောင်လင်က ထပ်မံ မရှင်းပြတော့ဘဲ ကြောင်ကတိုးတွေကို မူးယစ်စေတဲ့ နံ့သာဘူးကို ကမ်းပေးလိုက်သည်။ ကြောင်ကတိုးမိစ္ဆာ မန်နေဂျာက တုန်ရီနေသော လက်များဖြင့် နံ့သာဘူးကို လှမ်းယူလိုက်ပြီး ဟူယောင်လင်ကို တစ်ချက်၊ ထို့နောက် ဖူရှောင်ကွမ်းကို တစ်ချက် ကြည့်လိုက်ကာ မျက်ရည်များ စီးကျလျက် ပြောလိုက်၏။
"ကျေးဇူးပြုပြီး မိစ္ဆာသခင် နှစ်ပါး... ကျွန်တော့် မိသားစုကို သေချာ စောင့်ရှောက်ပေးပါနော်"
ထိုစကားများနှင့်အတူ သေမင်းကို ရင်ဆိုင်ရတော့မည့်သူ တစ်ယောက်၏ သန္နိဋ္ဌာန်ဖြင့် ဘူးကို ဖွင့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ကြောင်ကတိုးများကို ရူးသွပ်သွားစေနိုင်သည့် အနံ့တစ်ခုက သူ့ဆီသို့ လွင့်ပျံ့လာ၏။
ကြောင်ကတိုးမိစ္ဆာ မန်နေဂျာ၏ မျက်နှာအမူအရာက အေးခဲသွားပြီး သူ၏ နှာရည်များက ပြုတ်ကျလုဆဲဆဲ တွဲလွဲခိုနေကာ သူ၏ မျက်လုံးများက အဝိုင်းသား ပြူးကျယ်သွားတော့သည်။
သူက မယုံကြည်နိုင်စွာဖြင့် ရှေ့သို့ ကိုင်းညွတ်လိုက်ပြီး သေချာစွာ ထပ်မံ အနံ့ခံကြည့်လိုက်၏။ သူ၏ အနောက်ဘက်တွင် တွဲကျနေသော အမြီးက ချက်ချင်း ထောင်မတ်သွားပြီး ဆံပင်များနှင့် ကပ်နေသော နားရွက်များကလည်း ချက်ချင်း ထောင်တက်သွားသည်။
ကြောင်ကတိုးမိစ္ဆာ မန်နေဂျာ၏ မျက်နှာက နီရဲသွားပြီး စိတ်လှုပ်ရှားမှုကြောင့် သူ၏ အဆီများက တုန်ရီနေ၏။ အားပါးတရ အနံ့ခံနေရင်း သူက ပျော်ရွှင်စွာ မေးလိုက်သည်။
"မိစ္ဆာသခင်ကြီး... ဒါက အတိအကျ ဘာလဲဆိုတာ မေးလို့ရမလား"
ဟူယောင်လင်က သူမ၏ လက်ချောင်းကို ခပ်ဖွဖွ ကွေးလိုက်၏။
ကြောင်ကတိုးမိစ္ဆာ မန်နေဂျာ၏ လက်ထဲတွင် ဆုပ်ကိုင်ထားသော နံ့သာဘူးက အလိုအလျောက် လွင့်ထွက်သွားပြီး စားပွဲပေါ်သို့ ပြန်လည်ရောက်ရှိသွားသည်။ အဖုံးက ပြန်ပိတ်သွားပြီး အနံ့ကို လုံခြုံစွာ ပိတ်လှောင်လိုက်၏။
ထိုမြင်ကွင်းကို မြင်သောအခါ ကြောင်ကတိုးမိစ္ဆာ မန်နေဂျာမှာ အလွန် စိုးရိမ်ပူပန်သွားသည်။ ထိုအခိုက်အတန့်တွင် သူက သူ၏ အကြောက်တရားကိုပင် ခဏတာ မေ့လျော့သွားပြီး အလျင်စလို မေးလိုက်၏။
"မိစ္ဆာသခင်ကြီးက ဒါကို ရောင်းဖို့ ရည်ရွယ်ထားတာလား... ဒီမိစ္ဆာငယ်လေးက အဲဒီအတွက် ပေးဝယ်ဖို့ ဆန္ဒရှိပါတယ်"
ထိုစကားများ ပါးစပ်မှ ထွက်သွားပြီးနောက်မှသာ သူ မည်သူနှင့် ရင်ဆိုင်နေရသည်ကို သတိရသွား၏။ သူက ချက်ချင်း ခေါင်းငုံ့လိုက်ပြီး အတားအဆီးမဲ့ တုန်ယင်နေတော့သည်။
ဟူယောင်လင်က ကြောင်ကတိုးမိစ္ဆာ မန်နေဂျာ၏ ရိုင်းစိုင်းမှုကို အပြစ်မယူဘဲ ထိုနံ့သာဘူးအကြောင်း ယေဘုယျ နားလည်သွားခဲ့ပြီ ဖြစ်၏။ ဤကြောက်တတ်သော ကြောင်ကတိုးကပင် နံ့သာဘူးကို တောင်းဆိုရဲလောက်အောင် သတ္တိမွေးပေးနိုင်ခြင်းကို ကြည့်ခြင်းအားဖြင့် ဤအရာက တကယ့်ကို အလွန် ကောင်းမွန်ပေသည်။
စမ်းသပ်မှု ပြီးဆုံးပြီးနောက် ဟူယောင်လင်က ကြောင်ကတိုးမိစ္ဆာ မန်နေဂျာကို ထွက်သွားရန် လက်အင်္ကျီစကို ဝှေ့ယမ်းပြလိုက်၏။ အသုံးချပြီးနောက် သူ့ကို စွန့်ပစ်လိုက်သော မြေခွေး မိစ္ဆာသခင်မကို ကြည့်ရင်း ကြောင်ကတိုးမိစ္ဆာ မန်နေဂျာ၏ မျက်လုံးများထဲတွင် နာကြည်းချက်များ ပြည့်နှက်နေပြီး သူ ထွက်ခွာသွားစဉ် ခြေလှမ်းအနည်းငယ် လှမ်းတိုင်း အနောက်သို့ ပြန်လှည့်ကြည့်နေခဲ့သည်။
ဖူရှောင်ကွမ်းကတော့ အချိန်တစ်လျှောက်လုံး လက်ဖက်ရည် သောက်ရင်း ပြဇာတ်ကို ကြည့်နေခဲ့၏။
ဟူယောင်လင်၏ နောက်ပြောင် ကျီစယ်မှုဖြစ်စေ၊ ကြောင်ကတိုးမိစ္ဆာ မန်နေဂျာ၏ ရယ်စရာကောင်းသော တုံ့ပြန်မှုဖြစ်စေ သူက စကားတစ်ခွန်းမျှ မဟခဲ့ဘဲ ကြောင်ကတိုးတွေကို မူးယစ်စေတဲ့ နံ့သာဘူးအပေါ် ပို၍ပင် ယုံကြည်မှု ရှိလာခဲ့သည်။
သူ အကြိမ်ကြိမ် ထုတ်လုပ် သန့်စင်ပြီးနောက် ဤနံ့သာဘူး၏ လုပ်ငန်းစဉ်နှင့် အချိုးအစားများက အတော်လေး ပြီးပြည့်စုံနေပြီဖြစ်ရာ ၎င်းကို ဝိညာဉ်ဖော်စပ်နည်း တစ်ခုအဖြစ် ပြောင်းလဲပေးနိုင်ခဲ့၏။ ၎င်းက ခန္ဓာကိုယ်နှင့် စိတ်ကို ပျော်ရွှင်စေနိုင်ရုံသာမက သိမ်မွေ့သော ဝိညာဉ်ပိုင်းဆိုင်ရာ သာယာမှုကိုလည်း ပေးစွမ်းနိုင်ပြီး ပျော်ရွှင်နေသော အခြေအနေတွင် ဝိညာဉ်အာရုံကို ပြုစုပျိုးထောင်ပေးနိုင်သည်။
ဤသည်က ထိုနံ့သာဘူးကို တင်ပြရာတွင် သူ ယုံကြည်မှု ရှိနေခြင်း၏ အရင်းအမြစ်လည်း ဖြစ်ပေသည်။
...
သီးသန့်ခန်းအတွင်းတွင် မိစ္ဆာနှစ်ကောင်သာ ကျန်ရှိတော့၏။
ဟူယောင်လင်က ခွက်အောက်ခြေသို့ ရောက်နေပြီဖြစ်သော လက်ဖက်ရည်ကို ကြည့်လျက် မျက်လုံးလှန်ချင်စိတ်ကို ဖိနှိပ်ထားလိုက်သည်။ သူမက စဉ်းစားဆင်ခြင်စွာဖြင့် မြေခွေးမိစ္ဆာလေးကို ခေါ်လိုက်ပြီး နောက်ထပ် လက်ဖက်ရည် တစ်အိုး ထပ်ဖျော်ရန် ညွှန်ကြားလိုက်၏။
မြေခွေးမိစ္ဆာလေး ပိတောက်က ကြောင်အမ်းအမ်းဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေသည်။ သူက ထူးခြားဆန်းပြားသည့် အရာတစ်ခုခုကို မြင်တွေ့ရမည့်အလား ဖူရှောင်ကွမ်းကို စူးစမ်းလိုစိတ်ဖြင့် ခိုးကြည့်လိုက်ပြီး တတွတ်တွတ် မရေရွတ်ဘဲ မနေနိုင်တော့ချေ။
"မယုံနိုင်စရာပဲ... ပထမဆုံး တစ်ယောက်ပဲ"
"မင်း ဘာကြောင်ငေးနေတာလဲ... မြန်မြန် သွားလေ"
ဟူယောင်လင်က ဆက်မကြည့်နိုင်တော့သဖြင့် သူ့ကို အလျင်စလို တိုက်တွန်းလိုက်၏။
ပိတောက်က လက်ဖက်ရည်အိုးကို ပိုက်ကာ သူ၏ ခြေတိုလေးများဖြင့် ကပျာကယာ ပြေးထွက်သွားပြီး သူ၏ အဒေါ်ဖြစ်သူက ရိုက်မည်ကို ကြောက်သဖြင့် လျင်မြန်စွာ ထွက်ခွာသွားတော့သည်။ တင်ပါးကြီးသည်ဟု အခြား မြေခွေးမိစ္ဆာလေးများ၏ နောက်ပြောင်ခြင်းကို သူ ထပ်မခံချင်တော့ချေ။
"ဒီကလေးက လမ်းစဉ်ထဲကို ဝင်ရောက်လာတာ ငါးနှစ်ပဲ ရှိသေးတယ်... ကျွန်မ သူ့ကို အလိုလိုက်ထားတော့ သူက စည်းကမ်းမဲ့ စကားပြောနေတာပါ... အပြစ်မယူပါနဲ့ မိစ္ဆာမိတ်ဆွေ... နောက်မှ သူ့ကို သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်ပါ့မယ်"
"ကောင်လေး ပြောတာ မမှားပါဘူး... လက်ဖက်ရည် တစ်အိုးလုံးကို ကုန်အောင်သောက်တဲ့ ပထမဆုံး မိစ္ဆာသခင်က ကျွန်တော် ဖြစ်လောက်ပါတယ်"
ဖူရှောင်ကွမ်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။
ထိုစကားက ဟူယောင်လင်ကို စကားမပြောနိုင်အောင် ဖြစ်သွားစေသည်။ သူမရှေ့ရှိ တစ်နေ့တာပိုးမိစ္ဆာက အခြေအနေကို ဖုံးကွယ်ရန်နှင့် အလကား လက်ဖက်ရည် သောက်သည့် သူ၏ လုပ်ရပ်ကို ဖုံးကွယ်ရန် ရေဆာနေလို့ပါဟူသော ဆင်ခြေတစ်ခုခုကို ရှာလိမ့်မည်ဟု သူမ ထင်ထားခဲ့သော်လည်း သူက ဤမျှ ပွင့်ပွင့်လင်းလင်း ပြောလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ဤကဲ့သို့သော တည်ငြိမ်မှုမျိုးက သူမကိုပင် အနည်းငယ် လေးစားသွားစေ၏။
"မိစ္ဆာမိတ်ဆွေက အတော်လေး ပွင့်လင်းပြီး ရိုးသားတာပဲ"
"သိသွားခံရပြီးမှတော့ အမှန်အတိုင်း ပြောရတာပေါ့... အခြေအနေကို ဖုံးကွယ်ဖို့ ဆင်ခြေရှာတာက ဟန်ဆောင်ရာကျလွန်းတယ်"
"အဲဒါ အဓိပ္ပာယ်ရှိတယ်... နောက်မှ အဲဒီကောင်လေးကို နောက်ထပ် နှစ်ချက်လောက် ထပ်ရိုက်လိုက်ဦးမယ်"
"ညင်ညင်သာသာ လုပ်ဖို့တော့ မှတ်ထားပါ မိစ္ဆာမိတ်ဆွေ... သေလုမျောပါး ရိုက်ရုံလောက်ဆို ရပါပြီ"
"မိစ္ဆာမိတ်ဆွေက သေချာပေါက် ယဉ်ကျေးမနေဘူးပဲ"
"ကျွန်တော်သာ ယဉ်ကျေးနေရင် လက်ဖက်ရည် တစ်အိုးလုံး ကုန်အောင် သောက်နိုင်ပါ့မလား"
မိစ္ဆာနှစ်ကောင်က ထိုနံ့သာဘူး ကိစ္စကို ဆွေးနွေးရန် အလျင်စလို မဖြစ်ကြချေ။ သူတို့က ပေါ့ပေါ့ပါးပါး စကားပြောဆိုကြပြီး လေထုက တဖြည်းဖြည်း သက်သောင့်သက်သာ ဖြစ်လာ၏။
သို့သော်လည်း တံခါးဝသို့ လက်ဖက်ရည်အိုး သယ်လာသည့် ပိတောက်ကတော့ သူ၏ စိတ်အခြေအနေ ရုတ်တရက် အကြီးအကျယ် ဆိုးရွားသွားသည်ကို ခံစားလိုက်ရသည်။ နစ်နာမှုကြောင့် သူ ငိုချင်စိတ် ပေါက်သွားပြီး သူ့တင်ပါးအတွက် ရင်နာသွား၏။
"အပြင်မှာ လူအကြီးကြီးလို ဘာရပ်လုပ်နေတာလဲ... အထဲဝင်ခဲ့"
ဟူယောင်လင်၏ ဆူပူသံ ထွက်ပေါ်လာသည်။
ပိတောက်က အခန်းထဲသို့ လေးကန်စွာ ဝင်လာပြီး ဝိညာဉ်လက်ဖက်ရည်ကို ရိုသေလေးစားစွာ တည်ခင်းပေးကာ ဖူရှောင်ကွမ်းကို သနားစရာကောင်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ခေါင်းငိုက်စိုက်ကျလျက် ထွက်သွားသည်။ သူက တံခါးပိတ်ရန်လည်း မမေ့ချေ။
လက်ဖက်ရည် ရနံ့နှင့်အတူ မိစ္ဆာနှစ်ကောင်၏ စကားဝိုင်းက အဓိက အကြောင်းအရာဆီသို့ ပြန်လည် ရောက်ရှိလာ၏။
"ဒီနံ့သာဘူးနဲ့ ပတ်သက်လို့ မိစ္ဆာမိတ်ဆွေ ဘယ်လို ထင်လဲ"
"မဆိုးပါဘူး... ဒါပေမဲ့ ကုန်ပစ္စည်းတွေ ရောင်းဖို့ ငါ့မြေခွေးမျိုးနွယ်စုရဲ့ ကွန်ရက်တွေကို အသုံးပြုချင်နေမှတော့ ရှင့်ရဲ့ ရိုးသားမှုက နည်းနည်း ပိုပြီး ခိုင်မာသင့်တယ် မဟုတ်ဘူးလား"
"ဘယ်လောက်ဆို သင့်တော်မယ်လို့ ခင်ဗျား ထင်လဲ"
"ကိုးဆယ် တစ်ဆယ် ခွဲရင်ကော ဘယ်လိုလဲ... ငါ့မြေခွေးမျိုးနွယ်စုက ထုတ်လုပ်ရေးနဲ့ အရောင်းပိုင်းကို တာဝန်ယူမယ်... ရှင်က ဖော်စပ်နည်း တစ်ခုပဲ ပေးပြီး အေးအေးဆေးဆေး ထိုင်ပြီး ငါတို့ရဲ့ ကြိုးစားအားထုတ်မှု အသီးအပွင့်တွေကို ခံစားနိုင်တယ်... အဲဒါက အတော်လေး များနေပါပြီ"
"ခုနစ်ဆယ် သုံးဆယ် လုပ်ကြရအောင်"
"မရဘူး... ရှစ်ဆယ် နှစ်ဆယ်"
"ကောင်းပြီ... ရှစ်ဆယ် နှစ်ဆယ်ပဲ ထားလိုက်ကြစို့"
ဟူယောင်လင် “…”
သူမ ရုတ်တရက် သဘောပေါက်သွား၏။
"ရှင်က အစကတည်းက ရှစ်ဆယ် နှစ်ဆယ် ခွဲဖို့ ရည်ရွယ်ထားတာလား"
"ခင်ဗျားက အရင် စပြောတာလေ... သဘာဝကျကျပဲ ကျွန်တော်က ပိုရလေ ပိုကောင်းလေပေါ့"
ဟူယောင်လင် “...”
သူမက ပါးနပ်သော်လည်း ဖူရှောင်ကွမ်း၏ ထောင်ချောက်ထဲကို တကယ် ဝင်သွားခဲ့မိပြီ ဖြစ်သည်။
တစ်ခဏအကြာတွင် ဖူရှောင်ကွမ်းက စိတ်ကူးယဉ် အိပ်မက် ဝိညာဉ်ပုံသွင်းခြင်း နည်းစနစ်နှင့်အတူ ထွက်ခွာသွား၏။
ထုံပေါက် အလုပ်ရုံ အဝင်ဝတွင် အဝေးသို့ ထွက်ခွာသွားသော ထိုငွေရောင် ကျောပြင်ကို ကြည့်ရင်း ပိတောက်က သူ့ထက် သုံးဆခန့် အရပ်ရှည်သော ဟူယောင်လင်ကို နားမလည်နိုင်စွာ မော့ကြည့်လိုက်သည်။
"အဒေါ်... ဘာလို့ ဒီမိစ္ဆာသခင်ကို တိမ်လွှာ ဝိညာဉ်လက်ဖက်ရည် နှစ်ကျပ်သား ပေးလိုက်ရတာလဲ... တတိယဦးလေးက အကြိမ်ကြိမ် တောင်းဆိုတာတောင် အဒေါ်က နည်းနည်းလေးမှ မပေးရက်ခဲ့ဘူးလေ... အရင်တုန်းက ထုံပေါက် အလုပ်ရုံကို လာဖူးတဲ့ တခြား မိစ္ဆာသခင်တွေကိုလည်း အဒေါ် မပေးခဲ့ဘူးမလား"
"သူက ကျွန်တော့်ရဲ့ အနာဂတ် ဦးလေးလေးများ ဖြစ်နေမလား"
ဟူယောင်လင်က ဝတုတ်တုတ် မြေခွေးလေး၏ နဖူးကို ခပ်ဖွဖွ တောက်လျက် ပြောလိုက်၏။
"ပေါက်ကရတွေ ပြောမနေနဲ့... ငါလို မြေခွေးတစ်ကောင်က ပိုးကောင်တစ်ကောင်ကို ဘယ်လိုလုပ် သဘောကျနိုင်မှာလဲ"
အဝေးသို့ ရောက်သွားသော ကျောပြင်ကို ငေးကြည့်ရင်း သူမက ခံစားချက် အပြည့်ဖြင့် မှတ်ချက်ချလိုက်သည်။
"သူက ငါ့ထက်တောင် ပိုပြီး တော်တယ်"
"ပိုးကောင်တစ်ကောင်က သားရဲတစ်ကောင်ထက် ဘယ်လိုလုပ် ပိုတော်နိုင်မှာလဲ"
"လောကကြီးက ကျယ်ဝန်းပြီး အံ့သြစရာတွေနဲ့ ပြည့်နှက်နေတာပဲ... ဘာလို့ မဖြစ်နိုင်ရမှာလဲ... အမြဲတမ်း ထူးခြားတဲ့ သတ္တဝါတချို့ ရှိနေတတ်တာပဲလေ"
ပိတောက်က တစ်ချို့တစ်ဝက်သာ နားလည်၏။ အစက်လေး တစ်စက်အဖြစ် ပြောင်းလဲသွားသော ကျောပြင်ကို ကြည့်ရင်း သူက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး မေးလိုက်သည်။
"အဒေါ်... အဒေါ်က သတင်းကို စောစောကတည်းက ရထားပြီး ဒီတစ်နေ့တာပိုးမိစ္ဆာရဲ့ မည်သူမည်ဝါ ဖြစ်ကြောင်းကို သိထားလျက်နဲ့ ဘာလို့ အစက သူ့ကို မသိချင်ယောင် ဆောင်နေခဲ့တာလဲ"
"မင်း ကြီးလာမှပဲ နားလည်နိုင်မယ့် ကိစ္စတချို့ ရှိတယ်"
"ဒါဆို အခန်းထဲမှာတုန်းကတော့ ပြားဝက်လေးကအစ ဈေးဆစ်နေပြီး နောက်ကျတော့ ဘာလို့ လက်ဖက်ခြောက်တွေကို ရက်ရက်ရောရော ပေးလိုက်ရတာလဲ... အဲဒါက ဆန့်ကျင်ဘက် ဖြစ်မနေဘူးလား"
"အဲဒါက သီးခြား ကိစ္စနှစ်ခုလေ"
"အဒေါ်က ညှို့ဓာတ် နည်းစနစ်ကိုတောင် သုံးလိုက်သေးတယ်မလား... ကျွန်တော် အနံ့ရလိုက်တယ်"
"သူက အဲဒီထဲ မကျွံဝင်သွားအောင် ရှောင်နိုင်ခဲ့တယ် မဟုတ်လား"
"အဲဒါကြောင့် သူက အဒေါ်ထက် ပိုတော်တာလား"
"အဲဒါက ရှုထောင့် တစ်ခုတည်းကပဲ ကြည့်တာပါ"
"အဒေါ်..."
"တော်တော့... မင်း စကားတွေ သိပ်များနေပြီ"
"နောက်ဆုံး မေးခွန်းတစ်ခုပါ... အဒေါ် ကျွန်တော့်ကို တကယ် ရိုက်မှာလား"
"မင်း ဆက်ပြောနေရင် တကယ် ရိုက်မှာ... ဒါပေမဲ့ အဲဒါကို ရိုက်တယ်လို့ မခေါ်ဘူး… လူကြီးတစ်ယောက်ရဲ့ ဂရုစိုက်မှုလို့ ခေါ်တယ်"
ပိတောက်မှာ ထိုစကားကို ကြားလျှင် အလွန် ကြောက်လန့်သွားသဖြင့် သူ၏ ပါးစပ်ကို ချက်ချင်း ပိတ်ထားလိုက်တော့၏။
ဟူယောင်လင်နှင့် သူမ၏ တူဖြစ်သူတို့ကြားမှ စကားပြောဆိုမှုကို ဖူရှောင်ကွမ်း လုံးဝ မသိခဲ့ချေ။ သူ ရရှိခဲ့သော တိမ်လွှာ ဝိညာဉ်လက်ဖက်ရည် နှစ်ကျပ်သားကို တွေးမိပြီး သူ၏ စိတ်အခြေအနေက သာယာနေ၏။ မြေခွေးမိစ္ဆာများနှင့် ပတ်သက်သော လမ်းကြောင်းက ကျယ်ပြန့်သွားခဲ့ပြီ ဖြစ်သည်။
ထိုမျိုးနွယ်စုက ရှေးခေတ်မှသည် ယနေ့တိုင်အောင် အမွေအနှစ်များကို လက်ဆင့်ကမ်း သယ်ဆောင်လာနိုင်ခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ကြောင်ကတိုးတွေကို မူးယစ်စေတဲ့ နံ့သာဘူးကို တွေးမိသောအခါ ဖူရှောင်ကွမ်းတွင် နောင်တရစရာ မရှိချေ။
ယွီတောင်တန်းရှိ ကြောင်ကတိုးမိစ္ဆာ အရေအတွက်က အကန့်အသတ် ရှိသည်။ မဟာယုံ မင်းဆက် တစ်ခုလုံးရှိ များပြားလှသော ကြောင်ကတိုးမိစ္ဆာ အရေအတွက်နှင့် မည်ကဲ့သို့ ယှဉ်နိုင်မည်နည်း။
မြေခွေးမျိုးနွယ်စု၏ စီးပွားရေးက မဟာယုံ မင်းဆက် တစ်ဝက်ခန့်အထိ ကျယ်ပြန့်သည်ဟု ကျောင်းအုပ်ကြီး ဂျီမို ပြောသည်ကို သူ ကြားဖူး၏။ သူတို့နှင့် ပူးပေါင်းခြင်းအားဖြင့် သူက နှစ်ဆယ်ရာခိုင်နှုန်းသာ ရရှိမည် ဆိုလျှင်တောင် ယွီတောင်တန်းတွင် ပိတ်မိနေသည်ထက် ပိုမို ရရှိမည်ဖြစ်ပြီး မိစ္ဆာတစ်ကောင်အတွက်လည်း များစွာ ပင်ပန်းမည် မဟုတ်ပေ။
ထို့အပြင် ဤသည်က ငါးကြီးကြီးဖမ်းရန် လိုင်းရှည်ရှည် ချထားခြင်းဟု သူ ခေါ်ဆိုသည့် အရာဖြစ်၏။
ပူးပေါင်းဆောင်ရွက်မှုက သာယာပြီး အဆက်အသွယ်များ တိုးပွားလာကာ ဆက်ဆံရေး ကောင်းမွန်စွာ တည်ဆောက်ပြီးသွားပါက အနာဂတ်တွင် လိုအပ်ချက်များ ရှိလာသည့်အခါ သူ သက်တောင့်သက်သာ မေးမြန်းနိုင်မည် ဖြစ်သည်။ ထိုအခါ မြေခွေးမျိုးနွယ်စုက ပိုမို အားထုတ်လာမည်ဖြစ်ပြီး သူ့ကို လျှော့ဈေးပင် ပေးကောင်း ပေးလာနိုင်၏။
ထို့နောက် ထိုညှို့ဓာတ် နည်းစနစ်ကလည်း ရှိသေးသည်။ ထိုနည်းစနစ်က နာမည်နှင့် လိုက်ဖက်ပါအောင်ပင် တကယ့်ကို အထင်ကြီးစရာ ကောင်းလှ၏။
အကယ်၍ သူ၏ ကိုယ်ပိုင် ဝိညာဉ်အာရုံကသာ အနည်းငယ် မသာလွန်ခဲ့ပါက သူ တကယ် အရှုံးပေးမိသွားနိုင်ပြီး အရူးတစ်ယောက်လို ဖြစ်သွားနိုင်ပေသည်။ အနာဂတ်တွင် မြေခွေးများနှင့် ဆက်ဆံရာ၌ သူ ပို၍ သတိထားရမည် ဖြစ်၏။
နောက်ဆုံးတွင် ဖူရှောင်ကွမ်းက ကွေ့ယွမ် သက်တမ်းတိုး သိုင်းကျင့်စဉ်ကို တွေးလိုက်မိသည်။ စျေးနှုန်းက စိတ်ကူးယဉ် အိပ်မက် ဝိညာဉ်ပုံသွင်းခြင်း နည်းစနစ်ထက် အများကြီး ပိုစျေးကြီး၏။ လောလောဆယ်တွင် သူ မတတ်နိုင်သေးသဖြင့် ဖြည်းဖြည်းချင်း ပြင်ဆင်ရန် အိမ်ပြန်ရုံသာ တတ်နိုင်ပြီး အခြားနည်းလမ်းတစ်ခုကို စဉ်းစားရမည် ဖြစ်သည်။
***