ရန်ရှောက်ထျန်းက သူ၏သိုင်းဝိညာဉ်နှင့်ဝိညာဉ်ကွင်းဆက်ကို ပြန်လည်ရုပ်သိမ်းလိုက် သည် ကိုမြင်သောအခါ ချန်ဆန်းစံအိမ်တော်မှရှေးဟောင်းဘိုးဘေးများအားလုံးမှာ ဘေးဒုက္ခတစ်ခုမှ လွတ်မြောက်သွားသလိုပင် သူတို့၏တစ်ကိုယ်လုံးမှာ ပြေလျော့သွားကြတော့သည်။
ဧကရာဇ်အဆင့်ရှိသော တပည့်တစ်ဦးက သူတို့ကို ဘေးဒုက္ခတစ်ခုမှ လွတ်မြောက်သွားသလို ခံစားရအောင် အမှန်တကယ်ပင်လုပ်ဆောင်နိုင်ခဲ့သည်တဲ့လား။
ရန်ရှောက်ထျန်းသည် သူ၏ဟွန်ယွမ်ကောင်းကင်ကံကြမ္မာကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး နောက် ကျန်းယုံကျန်း၏ရှေ့သို့လာကာ လက်အုပ်ချီလျက်…
“စံအိမ်တော်အရှင်သခင်... ကျွန်တော်ဒီစိန်ခေါ်ပွဲမှာနိုင်သွားပြီမဟုတ်လား” ဟု ပြော လိုက်သည်။
ကျန်းယုံကျန်းသည် သူ၏နှလုံးသားအတွင်းမှလှိုင်းတံပိုးများကိုငြိမ်သက်အောင် လုပ်ရင်း တံတွေးတစ်ချက် မျိုချလိုက်မိသည်။ သူသည်ရန်ရှောက်ထျန်းကိုကြည့်ကာ သူ၏မျက်လုံးများတွင် အမျိုးမျိုးသော ခံစားချက်များဖြစ်ပေါ်နေတော့သည်၊ သူက ခါးသက်စွာ ပြုံးလိုက်ပြီး..
“မင်း နိုင်ပါတယ်” ဟု ပြောလိုက်သည်။
ရန်ရှောက်ထျန်းက နတ်ဘုရားနယ်မြေမှ အမာခံတပည့်အားလုံးကို စိန်ခေါ်ခြင်း၏ ရလဒ်ကို သူ တွေးတောခဲ့ဖူးသော်လည်း ယခုကဲ့သို့ရလဒ်မျိုးထွက်ပေါ်လာလိမ့်မည်ဟု သူ တစ်ခါမျှမမျှော်လင့် ထားခဲ့ပေ။
ဓားနတ်ဘုရားရှီးလုံ၊ လက်သီးနတ်ဘုရားကျန်းဝမ်လီနှင့် တခြားသူများအားလုံးသည် ရန်ရှောက်ထျန်းကို အမျိုးမျိုးသောအမူအရာများဖြင့် ကြည့်နေကြလေသည်။
လူတိုင်း၏ အကြည့်အောက်တွင် ကျန်းယုံကျန်းသည်ယခုအကြိမ် ဆုအဖြစ်ပေးအပ်မည့် ကောင်းကင်ကံကြမ္မာနတ်ဘုရားကျောက်တုံးများ၊ ဝိညာဉ်ဆေးပင်များနှင့် ထိပ်တန်းအဆင့်ဝိညာဉ် ကျောက်တုံးများအားလုံးကို ရန်ရှောက်ထျန်းထံသို့ လွှဲပြောင်းပေးအပ်လိုက်လေသည်။
ရန်ရှောက်ထျန်းသည် ကောင်းကင်ကံကြမ္မာနတ်ဘုရားကျောက်တုံးများကို လက်ခံရရှိလိုက် သဖြင့် အလွန်တရာဝမ်းသာသွားတော့သည်။
ဤမျှလောက်များပြားသော ကောင်းကင်ကံကြမ္မာနတ်ဘုရားကျောက်တုံးများဖြင့် သူသည် ဟွန်ယွမ်ကောင်းကင်ကံကြမ္မာများကို ပိုမို၍ပင်တောင့်ခံနိုင်တော့မည် ဖြစ်လေသည်။
သူသည် ကောင်းကင်ကံကြမ္မာနတ်ဘုရားကျောက်တုံးများ၊ ဝိညာဉ်ဆေးပင်များနှင့် ဝိညာဉ် ကျောက်တုံးများအားလုံးကို သေချာစွာသိမ်းဆည်းလိုက်လေသည်။
သို့သော် ယခုအကြိမ် သူသည်အနက်ရှိုင်းဆုံးပင်လယ်အရှင်သခင်၏ ဝိညာဉ်ကွင်းဆက် ကိုပင်ဆင့်ခေါ်ခဲ့သော်လည်း မိုးပြာရောင်ဝက်ဝံမှာလန့်နိုးမလာခဲ့ပေ။ မိုးပြာရောင်ဝက်ဝံမှာ ချန်ဆန်း စံအိမ်တော်ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာသို့ဝင်ရောက်သွားပြီး အသေအလဲတံခါးပိတ် ကျင့်ကြံနေခြင်းဖြစ်နေမလား။
ထိုစဉ်မှာပင် ရုတ်တရက်ချန်ဆန်းစံအိမ်တော်မှ ရှေးဟောင်းဘိုးဘေးတစ်ဦးမှာ ထိတ်လန့် တကြားပျံသန်းလာပြီး ကျန်းယုံကျန်းကိုပြောလိုက်သည်။
“စံအိမ်တော်အရှင်သခင်... နတ်ဘုရားပေါင်းတစ်သောင်းအင်ပါယာမြို့တော်ကနေ သတင်း ရောက်လာပါတယ်၊ မိစ္ဆာဂိုဏ်းကြီးလေးခုကပညာရှင်တွေက စစ်သည်တော်သန်းပေါင်းရာနဲ့ချီပြီး နတ်ဘုရားပေါင်းတစ်သောင်း အင်ပါယာ မြို့တော်ကို တိုက်ခိုက်နေပါတယ်”
“ဘာ...”
လူတိုင်း အကြီးအကျယ် တုန်လှုပ်သွားကြလေသည်။
မိစ္ဆာဂိုဏ်းကြီးလေးခုကပညာရှင်တွေက အမှန်တကယ်ပင်စစ်သည်တော် သန်းပေါင်းရာနဲ့ချီ ပြီး နတ်ဘုရားပေါင်းတစ်သောင်း အင်ပါယာ မြို့တော်ကို တိုက်ခိုက်နေသည်တဲ့လား။
နတ်ဘုရားပေါင်းတစ်သောင်း အင်ပါယာမှာ ချန်ဆန်းတိုက်ကြီးပေါ်ရှိ နံပါတ်တစ် အင်ပါယာ ဖြစ်သလို၊ နတ်ဘုရားပေါင်းတစ်သောင်းအင်ပါယာမြို့တော်မှာလည်း ချန်ဆန်းတိုက်ကြီးအတွက် အလွန်တရာ အရေးပါသောနေရာ ဖြစ်လေသည်။
အကယ်၍ နတ်ဘုရားပေါင်းတစ်သောင်းအင်ပါယာမြို့တော်သာ ကျဆုံးသွားမည်ဆိုလျှင် ၎င်းမှာ ချန်ဆန်းတိုက်ကြီးရှိ ပြည်သူများအတွက် ကပ်ဘေးတစ်ခုဖြစ်လာပေလိမ့်မည်။
မိစ္ဆာဂိုဏ်းကြီးလေးခုက စစ်သည်တော်သန်းပေါင်းရာနဲ့ချီပြီး နတ်ဘုရားပေါင်းတစ်သောင်း အင်ပါယာမြို့တော်ကိုတိုက်ခိုက်နေသည်ကိုကြားလိုက်ရသောအခါ ရန်ရှောက်ထျန်း၏မျက်နှာအမူ အရာမှာ ပြောင်းလဲသွားတော့သည်။ သူသည် လေထဲသို့ပျံတက်လိုက်ပြီး နတ်ဘုရားပေါင်းတစ် သောင်း အင်ပါယာမြို့တော်ဆီသို့ အစွမ်းကုန်အရှိန်ဖြင့် ပြန်သွားလေတော့သည်။
၎င်းကို မြင်သောအခါ ကျန်းယုံကျန်းကလည်းဓားနတ်ဘုရားရှီးလုံနှင့် ဓားနတ်ဘုရား ကျောက်ဖုန်းတို့ကို အရေးတကြီးပြောလိုက်သည် -
“မြန်မြန်... အင်ပါယာ စစ်တပ်ကိုချက်ချင်းစုစည်းပြီး မြို့တော်ကို သွားပြီး ကူညီကြစမ်း”
“ဒါ့အပြင် ပတ်ဝန်းကျင်အင်ပါယာတွေနဲ့ ပတ်ဝန်းကျင်မြို့တွေက ပညာရှင်တွေကိုလည်း နတ်ဘုရားပေါင်းတစ်သောင်း အင်ပါယာမြို့တော်ကို သွားပြီးကူညီဖို့ အမိန့်ပေးလိုက်”
“နတ်ဘုရားပေါင်းတစ်သောင်း အင်ပါယာ မြို့တော်ကို လုံးဝ အကျဆုံး မခံနိုင်ဘူး”
ဓားနတ်ဘုရား ရှီးလုံ၊ ဓားနတ်ဘုရားကျောက်ဖုန်းနှင့် တခြားသူများမှာလည်း အခြေအနေ၏ အရေးတကြီးဖြစ်မှုကို သိရှိထားကြသဖြင့် မိုးပြာရောင်နတ်ဘုရား စံအိမ်တော် စစ်တပ်ကို အစွမ်းကုန် လှုံ့ဆော်လိုက်ကြလေသည်။
ချက်ချင်းဆိုသလိုပင် ချန်ဆန်းစံအိမ်တော်တစ်ခုလုံးတွင် ခရုသင်းမှုတ်သံများ ဟိန်းဟောက် သွားတော့သည်။
ချန်ဆန်းစံအိမ်တော် တစ်ခုလုံးမှမရေမတွက်နိုင်သော စစ်တပ်များမှာထိုအရပ်မျက်နှာဆီသို့ စုစည်းသွားကြလေသည်။
“ဘိုးဘိုးကျန်း... ကျွန်မလည်း သွားချင်ပါတယ်”
ကျန်းချန်ချန်သည် ကျန်းယုံကျန်း၏ ရှေ့သို့လာကာစိုးရိမ်တကြီး ပြောလိုက်သည်။
ကျန်းယုံကျန်းသည် အလွန်တရာစိုးရိမ်နေသော ကျန်းချန်ချန်၊ ဝမ်နင်းနှင့်တခြားသူများကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီ... တိုက်ခိုက်နိုင်စွမ်းရှိပြီး သွားချင်တဲ့ချန်ဆန်းစံအိမ်တော်တပည့်မှန်သမျှ သွားနိုင်ပါတယ်”
သေခြင်းရှင်ခြင်းကြားတွင် လေ့ကျင့်မှုခံယူရမှသာ ဤချန်ဆန်းစံအိမ်တော်တပည့်များမှာ အမှန်တကယ် လျင်မြန်စွာကြီးထွားလာနိုင်မည် ဖြစ်လေသည်။
ထို့ကြောင့် ရန်ရှောက်ထျန်းချန်ဆန်းစံအိမ်တော်မှထွက်ခွာပြီး မကြာမီမှာပင် ချန်ဆန်းစံအိမ် တော်အတွင်းမှ တွင်းနက်ကြီးပျံသန်းရေးအာကာသယာဉ်များတစ်စင်းပြီးတစ်စင်း ပျံသန်းထွက် ခွာလာကြပြီး နတ်ဘုရားပေါင်းတစ်သောင်းအင်ပါယာမြို့တော်ဆီသို့ အရှိန်အဟုန်ဖြင့်ဦးတည် သွားကြတော့သည်။
ရန်ရှောက်ထျန်းသည် အမှောင်နဂါးနှင့် ချိန်းဆိုထားသောနေရာသို့ ရောက်ရှိလာပြီး
“နဂါးအိုကြီး... နတ်ဘုရားပေါင်းတစ်သောင်းအင်ပါယာမြို့တော်မှာ တစ်ခုခုဖြစ်နေပြီ၊ ယာဉ်ပေါ်တက်၊ သွားကြစို့” ဟု အော်ဟစ်လိုက်လေသည်။
ချက်ချင်းဆိုသလိုပင် အမှောင်ရိပ်တစ်ခုသည်လေထဲသို့ပျံတက်လာပြီး တွင်းနက်ကြီး ပျံသန်းရေးယာဉ်ပေါ်သို့ ဆင်းသက်လိုက်လေသည်၊ ၎င်းမှာ အမှောင်နဂါး ဖြစ်လေသည်။
ရန်ရှောက်ထျန်းသည် တွင်းနက်ကြီးပျံသန်းရေးယာဉ်ကို အစွမ်းကုန်အရှိန်မြှင့်လိုက်ပြီး နတ်ဘုရားပေါင်းတစ်သောင်း အင်ပါယာ မြို့တော်ဆီသို့ ပြန်သွားလေတော့သည်။
တွင်းနက်ကြီး ပျံသန်းရေးယာဉ်မှာအလင်းတန်းတစ်ခုအလား ပြောင်းလဲသွားပြီး ဟင်းလင်း ပြင်ကို ဆက်တိုက်ဖောက်ထွက်ကာ နတ်ဘုရားပေါင်းတစ်သောင်းအင်ပါယာ မြို့တော်ဆီသို့ ချဉ်းကပ် သွားလေသည်။
ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများဖြင့်မောင်းနှင်ထားသဖြင့် တွင်းနက်ကြီး ပျံသန်း ရေးယာဉ်၏အရှိန်မှာ အံ့မခန်းမြန်ဆန်လှသော်လည်း ယာဉ်အတွင်း၌ ရပ်နေသော ရန်ရှောက်ထျန်း မှာမူ အလွန်အမင်း စိုးရိမ်နေဆဲဖြစ်ပြီး ယာဉ်မှာနှေးလွန်းနေသည်ဟု ခံစားနေရဆဲ ဖြစ်လေသည်။
ဤအချိန်တွင် နတ်ဘုရားပေါင်းတစ်သောင်းအင်ပါယာမြို့တော်၏ တံခါးပြင်ပတွင်မူ မသေနိုင်သော သေမင်းနတ်ဘုရားစစ်တပ်နှင့် ယင်တစ္ဆေစစ်တပ်များမှာ မျက်စိတစ်ဆုံးအထိ ရှိနေပြီး လှိုင်းလုံးကြီးများအလား ကမ္ဘာ့အစွန်းအထိ ဖုံးလွှမ်းနေတော့သည်။
နတ်ဘုရားပေါင်းတစ်သောင်းအင်ပါယာမြို့တော်မှာ အတိုင်းအဆမရှိ ကျယ်ဝန်းလှပြီး မြို့ရိုးများမှာ မိုင်ပေါင်းများစွာရှည်လျားလှသော်လည်း ယခုအခါသန်းပေါင်းရာနဲ့ချီသော မသေနိုင် သောသေမင်းများနှင့် ယင်တစ္ဆေ စစ်တပ်များမှာ နတ်ဘုရားပေါင်းတစ်သောင်း အင်ပါယာ မြို့တော်၏ မြို့ရိုးတစ်လက်မချင်းစီကို လုံးဝပိတ်ဆို့ဝိုင်းရံထားကြသဖြင့် ကြွက်တစ်ကောင်ပင် တိုးမပေါက် နိုင်သော အခြေအနေဖြစ်နေလေသည်။
မရေမတွက်နိုင်သော သေမင်းများနှင့်ယင်တစ္ဆေများမှာ မြို့ရိုးများကိုအပြင်းအထန် တိုက်ခိုက်နေကြလေသည်။
မြို့တော်အတွင်း၌မူ သန်းပေါင်းရာနဲ့ချီသောနတ်ဘုရားပေါင်းတစ်သောင်း အင်ပါယာ စစ်တပ် များမှာ သေမင်းများနှင့် ယင်တစ္ဆေများ၏ လှိုင်းလုံးများကို အပြင်းအထန်တားဆီးနေကြလေသည်။
သို့သော် သေမင်းများနှင့်ယင်တစ္ဆေများမှာများပြားလွန်းလှသည်၊ လှိုင်းတစ်ခုကို တားဆီး လိုက်လျှင် နောက်ထပ်လှိုင်းတစ်ခုက တက်လာပြန်လေသည်။
မြို့တော်၏ ကာကွယ်ရေးတားမြစ်ချက်များရှိနေသော်လည်း သန်းပေါင်းရာနဲ့ချီသော နတ်ဘုရားပေါင်းတစ်သောင်းအင်ပါယာစစ်တပ်များမှာ အဆုံးမရှိသောသေမင်းများနှင့် ယင်တစ္ဆေ များကိုကြည့်ကာ ထိတ်လန့်နေကြလေသည်။
ဤအချိန်တွင် မြို့တော်အတွင်းရှိကုန်သည်အသင်းအဖွဲ့များ၊ ဂိုဏ်းများနှင့် မိသားစုများမှ ပညာရှင်များအားလုံးမှာလည်း မြို့ရိုးပေါ်သို့ရောက်ရှိလာကြပြီး သန်းပေါင်းရာနဲ့ချီသော သေမင်း များနှင့် ယင်တစ္ဆေများကို အတူတကွ ခုခံနေကြလေသည်။
မြို့တံခါးကျိုးပေါက်သွားလျှင်မြို့တော်အတွင်းရှိ မည်သူမျှလွတ်မြောက်နိုင်မည် မဟုတ် ကြောင်း လူတိုင်းသိထားကြလေသည်။
ထို့ကြောင့် လူတိုင်းမှာသူတို့၏အသက်များကိုရင်းနှီးပြီး ဟိန်းဟောက်နေသော သေမင်းများ နှင့် ယင်တစ္ဆေများကို အပြင်းအထန်တိုက်ခိုက်နေကြလေသည်။
ဧကရာဇ် ဝမ်ကွမ်ဖုန်းနှင့် နတ်ဘုရားပေါင်းတစ်သောင်းနန်းတော်မှ ရှေးဟောင်းဘိုးဘေးများ အားလုံးလည်း မြို့တံခါးဆီသို့ရောက်လာကြပြီး တိုက်ခိုက်မှုများကိုပြုလုပ်နေကြလေသည်။
နတ်အိမ်တော်မှ လူများလည်းထွက်လာကြပြီး အခြားသောမိသားစုများနှင့်အတူ နတ်ဘုရား ပေါင်းတစ်သောင်း အင်ပါယာစစ်တပ်ကိုကူညီပေးနေကြလေသည်။
မိစ္ဆာမျောက်ဝံကြီးမှာလည်းရန်မိသားစုဝင်များကိုတင်းကျပ်စွာကာကွယ်ထားပြီး သူ၏ ပေတစ်သောင်းရှည်သောသံကြိုးကြီးကို အဆက်မပြတ်ဝှေ့ယမ်းကာ မရေမတွက်နိုင်သော သေမင်း များနှင့် ယင်တစ္ဆေများကို ရိုက်ခွဲပစ်နေလေတော့သည်။
လူသူအတွေ့ရနည်းသော နတ်ဘုရားပေါင်းတစ်သောင်း နန်းတော်မှ ရှေးဟောင်းဘိုးဘေးကြီး ဝမ်ရှိဝေနှင့် ဆေးနတ်ဘုရားဖုန်းယီမင်တို့ပင်ထွက်လာခဲ့ကြလေသည်။ သူတို့နှစ်ဦးမှာ ဟင်းလင်း ပြင်၏အနက်ရှိုင်းဆုံးနေရာတွင်ရှိနေကြပြီး လက်ဝါးတစ်ချက်ရိုက်လိုက်တိုင်း သေမင်းစစ်တပ် အမြောက်အမြားကို ဖျက်ဆီးပစ်နေကြလေသည်။
လူတိုင်းက ဟိန်းဟောက်နေသောသေမင်းများနှင့်ယင်တစ္ဆေများကို အပြင်းအထန် သတ်ဖြတ်နေစဉ်မှာပင် ရုတ်တရက်နတ်ဘုရားပေါင်းတစ်သောင်းနန်းတော်မှ ပညာရှင်တစ်ဦးက ဝမ်ကွမ်ဖုန်းဆီသို့ ထိတ်လန့်တကြား ပြေးလာပြီး သတင်းပို့လိုက်သည် -
“အရှင်မင်းကြီး... မသိရတဲ့အကြောင်းရင်းကြောင့် ဟယ်မိသားစုခေါင်းဆောင်က ရုတ်တရက်ရူးသွပ်သွားပြီး ဟယ်မိသားစုဝင်တွေကိုဦးဆောင်ပြီး ကျွန်တော်တို့နန်းတော် ပညာရှင် တွေကို ပြန်တိုက်ခိုက်နေပါတယ်”
ဝမ်ကွမ်ဖုန်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားတော့သည်။
ဟယ်မိသားစုမှာလည်း နတ်ဘုရားပေါင်းတစ်သောင်းအင်ပါယာ မြို့တော်အတွင်းရှိ ထိပ်တန်း မိသားစုကြီးတစ်ခု ဖြစ်လေသည်။
အကယ်၍ ဟယ်မိသားစုကပုန်ကန်ပြီးမြို့တော်အတွင်း၌ ဖရိုဖရဲ ဖြစ်အောင် လုပ်မည်ဆိုလျှင် ၎င်းမှာ သေချာပေါက် ကြီးမားသော ဘေးအန္တရာယ်တစ်ခု ဖြစ်လာပေလိမ့်မည်။
“ဟယ်မိသားစု ပညာရှင်တွေရဲ့ရင်ဘတ်ထဲကနေ အနက်ရောင်မိစ္ဆာချီစွမ်းအင်တွေ ထွက်နေ ပါတယ်” ဟု နန်းတော်ပညာရှင်က ထပ်လောင်းပြောကြားလိုက်သည်။
“တာအိုနှလုံးသားမိစ္ဆာမျိုးစေ့ ချခံလိုက်ရတာပဲ”
ဝမ်ကွမ်ဖုန်း၏ မျက်နှာမှာ မှောင်မိုက်သွားတော့သည်။
ဤဟယ်မိသားစု ပညာရှင်များ အဘယ်ကြောင့် ရူးသွပ်သွားရသလဲဆိုတာကို သူ နောက်ဆုံး၌ နားလည်သွားခဲ့လေပြီ။
ထိုစဉ်မှာပင် နောက်ထပ်နန်းတော်ပညာရှင်တစ်ဦးက ကျန်းမိသားစုပညာရှင်များလည်း ရူးသွပ်သွားကြပြီး နန်းတော်ပညာရှင်များကိုပြန်တိုက်ခိုက်နေကြောင်းနှင့် သူတို့၏ ရင်ဘတ်ထဲ မှလည်း အနက်ရောင်မိစ္ဆာချီစွမ်းအင်များ ထွက်နေကြောင်း လာရောက် သတင်းပို့ပြန်လေသည်။
ကျန်းမိသားစု။
နောက်ထပ် ထိပ်တန်း မိသားစုကြီးတစ်ခု။
“သတ်ကြစမ်း... တာအိုနှလုံးသားမိစ္ဆာမျိုးစေ့ချခံထားရတဲ့သူအားလုံးကို အကုန်သတ် ပစ်ကြစမ်း” ဟု ဝမ်ကွမ်ဖုန်းက အေးစက်စွာ အမိန့်ပေးလိုက်သည်။
ဟယ်မိသားစုနှင့် ကျန်းမိသားစုတို့မှာပုံမှန်အားဖြင့် မင်းသမီးဝမ်နင်းနှင့် ရင်းနှီးသော ဆက်ဆံ ရေး ရှိကြသော်လည်း ယခုအခါသူတို့ကိုမနှိမ်နင်းလျှင် မြို့တော်မှာဖရိုဖရဲ ဖြစ်သွားနိုင်ပြီး ၎င်းမှာ ကြီးမားသော ဘေးအန္တရာယ်တစ်ခု ဖြစ်လာမည် ဖြစ်လေသည်။
ထို့ကြောင့် သူသည် လုံးဝ တုံ့ဆိုင်းမနေခဲ့ပေ။
နတ်ဘုရားပေါင်းတစ်သောင်း နန်းတော်ပညာရှင်များက ဟယ်မိသားစုနှင့်ကျန်းမိသားစု ပညာရှင်များကို နှိမ်နင်းနေစဉ်မှာပင် ရုတ်တရက်ထူးဆန်းသောပုလွေသံတစ်ခုထွက်ပေါ်လာ တော့ သည်။
ပုလွေသံတွင် မမြင်နိုင်သောစွမ်းအားတစ်ခုပါရှိနေပြီး မြို့တော်၏တားမြစ်ချက်များကိုပင် ဖောက်ထွက်ကာ မြို့တော်အတွင်းရှိ လူတိုင်း၏နားထဲသို့ ရောက်ရှိသွားတော့သည်။
လူတိုင်းမှာ ပြင်းထန်သောခေါင်းကိုက်မှုကိုခံစားလိုက်ရပြီး အပ်ပေါင်းထောင်ချီဖြင့် အထိုးခံ ရသလိုပင် ခံစားလိုက်ရလေသည်။
“ဒါ ယင်တစ္ဆေစိတ်ဝိညာဉ် အသံပဲ”
ဝမ်ကွမ်ဖုန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားတော့သည်။
ယင်တစ္ဆေ စိတ်ဝိညာဉ်အသံမှာ ရှေးဟောင်းယင်တစ္ဆေ စိတ်ဝိညာဉ်ဂိုဏ်း၏ အမြင့်မြတ်ဆုံး သော ထူးခြားသည့် စွမ်းရည်တစ်ခု ဖြစ်လေသည်။
ဤမိစ္ဆာအသံမှာ ပုံသဏ္ဌာန်မရှိ၊ အတိုင်းအဆမရှိဘဲ အလွန်တရာကြောက်မက်ဖွယ် ကောင်း လှသည်။ ဤအသံကိုဖျက်ဆီးရန်အတွက် ထိုသူကိုရှာတွေ့ပြီး သတ်ပစ်ရန်သာ တတ်နိုင်လေသည်။
သူသည် ယင်တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းမှ ပညာရှင်များပင်မိစ္ဆာဂိုဏ်းကြီးလေးခုနှင့် ပူးပေါင်း လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ယင်တစ္ဆေ စိတ်ဝိညာဉ်အသံမှာ ဆက်လက်ထွက်ပေါ်နေလေသည်။ ထိုအသံ၏ သက်ရောက် မှုကြောင့် လူတိုင်း၏တိုက်ခိုက်မှုများမှာနှေးကွေးသွားခဲ့ပြီး မရေမတွက်နိုင်သော သေမင်းများနှင့် ယင်တစ္ဆေများမှာ မြို့ရိုးပေါ်သို့ တက်လာကြတော့သည်။
***