အနက်ရှိုင်းဆုံး ပင်လယ်အရှင်သခင်၏ အတိုင်းအဆမဲ့သောစွမ်းအားကို ခံစားလိုက်ရသဖြင့် လူတိုင်း ထိတ်လန့်သွားကြလေသည်။
“ဒါ ဘယ်လို ဝိညာဉ်ကွင်းဆက်မျိုးလဲ”
ရှေးဟောင်းဘိုးဘေးများ တစ်ယောက်ပြီးတစ်ယောက် တုန်ယင်နေကြလေသည်။
ဆေးနတ်ဘုရား ဖုန်းယီမင်သည်အတိုင်းအဆမဲ့သောအမှောင်ရိပ်ကြီးကို ကြည့်ကာ တစ် ကိုယ်လုံးတုန်ယင်နေပြီး ဟိုတုန်းကနတ်ဘုရားဆေးပင်ကိုရှာဖွေရန် ဝိညာဉ်သားရဲတောအုပ်၏ အနက်ရှိုင်းဆုံးနေရာသို့ သွားရောက်ခဲ့စဉ်က မြင်တွေ့ခဲ့ရသည့် မြင်ကွင်းကို သတိရသွားတော့သည်။
“ဒါက... အနက်ရှိုင်းဆုံးပင်လယ်ထဲကအဲဒီတစ်ယောက်လား” ဟု ဖုန်းယီမင်က တုန်ယင် စွာ ပြောလိုက်သည်။
အနက်ရှိုင်းဆုံး ပင်လယ်ထဲက အဲဒီတစ်ယောက်လား။
၎င်းကို ကြားလိုက်ရသောအခါ ရှေးဟောင်းဘိုးဘေးများမှာ တစ်စုံတစ်ခုကိုသဘောပေါက် သွားသလိုပင် အကုန်လုံးအညီအမျှ တုန်လှုပ်သွားကြသည် -
“အနက်ရှိုင်းဆုံး ပင်လယ်အရှင်သခင်လား”
အနက်ရှိုင်းဆုံး ပင်လယ်အရှင်သခင်။
အင်ပါယာ မြို့တော်တစ်ခုလုံး တုန်လှုပ်သွားတော့သည်။
သူတို့ရှေ့ရှိ အတိုင်းအဆမဲ့သောအမှောင်ရိပ်ကြီးမှာအနက်ရှိုင်းဆုံး ပင်လယ်အရှင်သခင် ဖြစ်နေသည်တဲ့လား။
အလွန်အမင်း ထိတ်လန့်သွားကြသဖြင့် အင်ပါယာမြို့တော်တစ်ခုလုံးမှာ မည်သူမျှ စကားမ ပြောနိုင်ဘဲ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ရန်ရှောက်ထျန်းသည် သူ၏နဂါးနက်သိုင်းဝိညာဉ်နှင့် အနက်ရှိုင်းဆုံးပင်လယ်အရှင်သခင် ဝိညာဉ်ကွင်းဆက်ကိုဆင့်ခေါ်လိုက်ပြီး သူ၏တစ်ကိုယ်လုံးတွင် နတ်ဘုရားအလင်းများတောက်ပနေ ရင်း လက်သီးနှစ်ဖက်ဖြင့် ပြင်းထန်စွာထိုးနှက်လိုက်လေသည်။
“ဘုန်း...”
မိုးကောင်းကင်ကိုးလွှာမှ နတ်ဘုရားမိုးကြိုးသံများကဲ့သို့ပင် ဟင်းလင်းပြင်မှာတုန်ခါသွားပြီး အနက်ရှိုင်းဆုံး ပင်လယ်အရှင်သခင်၏နှစ်သန်းနီးပါးသက်တမ်းရှိသော ဝိညာဉ်ကွင်းဆက် စွမ်းအား မှာ ဟိန်းဟောက်ထွက်ပေါ်လာကာ မရေမတွက်နိုင်သောသေမင်းများနှင့်မိစ္ဆာများကို လုံးဝချေမှုန်း ပစ်လိုက်လေသည်။
ရန်ရှောက်ထျန်း၏ လက်သီးစွမ်းအားမှာ အဆုံးမရှိသလိုပင်ဆက်တိုက်တိုးဝင်သွားတော့ သည်။
သေမင်းများ မည်မျှပင်အစွမ်းထက်ပါစေ၊ တစ္ဆေသရဲဘုရင်များမည်မျှပင် ပြင်းထန်ပါစေ၊ သူတို့အားလုံးမှာအနက်ရှိုင်းဆုံး ပင်လယ်အရှင်သခင်၏စွမ်းအားအောက်တွင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကြတော့သည်။
ရန်ရှောက်ထျန်း၏လက်သီးစွမ်းအားမှာ အင်ပါယာမြို့တော်၏မြို့ရိုးအစွန်းအထိ ရောက်ရှိ သွားပြီးမှသာရပ်တန့်သွားတော့သည်။ ရန်ရှောက်ထျန်းသည်လေထဲသို့ နောက်တစ်ကြိမ် ပျံတက် လိုက်ပြီး နောက်ထပ်လက်သီးတစ်ချက်ကို ထပ်မံထိုးနှက်လိုက်ပြန်လေသည်။
လက်သီးစွမ်းအားမှာ အင်ပါယာ မြို့တော်၏ မြို့ရိုးအစွန်းသို့နောက်တစ်ကြိမ် ရောက်ရှိသွား ပြန်သည်။
အခြားသူများ၏လက်သီးချက်များမှာ ရန်သူ၏ခန္ဓာကိုယ်ကို ထိမှန်ကြသော်လည်း ရန်ရှောက် ထျန်း၏လက်သီးချက်များမှာမူ အင်ပါယာမြို့တော်၏မြို့ရိုးအစွန်းအထိ ပေါက်ကွဲထွက်သွားခြင်း ဖြစ်လေသည်။
နဂါးနက် သိုင်းဝိညာဉ်မှာအတိုင်းအဆမဲ့သောအမှောင်ထုအတွင်း တည်ရှိနေသော်လည်း ရန်ရှောက်ထျန်း၏တစ်ကိုယ်လုံးမှာမူ ရွှေရောင်အလင်းများ တောက်လောင်နေလေသည်။
အနက်ရှိုင်းဆုံး ပင်လယ်အရှင်သခင်၏စွမ်းအားမှာ လူအုပ်ကြီးကို ဆက်တိုက်တုန်လှုပ်စေ နေတော့သည်။
အင်ပါယာ မြို့တော်မြို့ရိုးပေါ်တွင်ရှိနေသော မိသားစုအသီးသီးမှ အမျိုးသမီးငယ်တပည့် အမြောက်အမြားမှာ သူတို့၏နှလုံးသားများ မထိန်းချုပ်နိုင်အောင်တုန်ယင်နေကြတော့သည်။
“နတ်ဘုရားရန်... ရှင်ကတကယ်ကို အစွမ်းထက်တာပဲ” ဟု အမျိုးသမီး တပည့်တစ်ဦးက စိတ်လှုပ်ရှားလွန်းသဖြင့် မနေနိုင်ဘဲအော်ဟစ်လိုက်လေသည်။
သူမမှာ ယန်မိသားစုမှ အမျိုးသမီးငယ်ဖြစ်လေသည်။
သူမသည် ယန်လုံ၏ အစ်မလည်းဖြစ်လေသည်။
“နတ်ဘုရားရန်... ကျွန်မတို့ကိုကာကွယ်ပေးလို့ကျေးဇူးတင်ပါတယ်” ဟု ရှန်မိသားစုမှ အမျိုးသမီးငယ်တစ်ဦးကလည်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြန်သည်။
အခြားသော မိသားစုများမှအမျိုးသမီးငယ်အမြောက်အမြားမှာလည်း စိတ်လှုပ်ရှားစွာ အော်ဟစ်လာကြတော့သည်။
“နတ်ဘုရားရန်... ကျေးဇူးတင်ပါတယ်”
အချို့သော အမျိုးသမီးငယ်များကမူ လွှတ်ခနဲပင် အော်ဟစ်လိုက်ကြသည် -
“နတ်ဘုရားရန်... ရှင့်ကို ကျွန်မ တကယ်ချစ်တယ်”
“နတ်ဘုရားရန်... ကျွန်မ ရှင့်ကို နေ့တိုင်း ရူးမတတ်လွမ်းနေတာ”
ပုံမှန်အားဖြင့် သိက္ခာရှိလှသောထိပ်တန်းမိသားစုများမှအမျိုးသမီးငယ်များမှာ ထိုသို့ အော်ဟစ်နေကြသည်ကို ကြည့်ကာ ပညာရှင်အမြောက်အမြားမှာ ဆွံ့အသွားကြတော့သည်။
လူတိုင်းကို အံ့အားသင့်စေသည်မှာ ယန်မိသားစုနှင့် ရှန်မိသားစုတို့မှ ရှေးဟောင်းဘိုးဘေး များမှာ ပြုံးရယ်နေကြပြီး သူတို့ကိုတားဆီးခြင်း မပြုကြခြင်းဖြစ်လေသည်။
ရှေးဟောင်းဘိုးဘေးကြီး ဝမ်ရှိဝေမှာမူမျက်လုံးပြူးသွားပြီး ထိုအဖိုးကြီးများ၏ စိတ်ထဲမှ အကြံအစည်များကို ကောင်းကောင်းနားလည်နေလေသည်။ သူတို့က သူ့ရဲ့မြေးသမက်လောင်းကို လုယူဖို့ ကြိုးစားနေကြတာပဲ။
“တောက်... ငါ့ရဲ့ မြေးသမက်လောင်းကို လုချင်တယ် ဟုတ်လား။ မရဘူး။”
ရန်ရှောက်ထျန်း၏နဖူးပေါ်တွင် အနက်ရောင်မျဉ်းများပေါ်လာတော့သည်၊ သူသည် ထိုအမျိုးသမီးငယ်များ၏စကားကိုမကြားချင်ယောင်ဆောင်လိုက်ပြီး အနက်ရှိုင်းဆုံး ပင်လယ်အရှင် သခင်၏စွမ်းအားကို ဆက်တိုက်ထုတ်ဖော်ကာ အရပ်မျက်နှာအနှံ့သို့ထိုးနှက်နေသဖြင့် မြေပြင်မှာ အဆက်မပြတ် တုန်ခါနေတော့သည်။
ယခင်က သူသည် ဟွန်ယွမ်ကောင်းကင်ကံကြမ္မာနှင့် ထာဝရနတ်ဘုရားခန္ဓာကိုယ် စွမ်းအား များကိုအသုံးပြုပြီး အတော်ကြာအောင်တိုက်ခိုက်ခဲ့သော်လည်း သေမင်းများနှင့်မိစ္ဆာအရေ အတွက် မှာလျော့နည်းမသွားခဲ့ပေ။ သို့သော်ယခုအခါ အနက်ရှိုင်းဆုံးပင်လယ်အရှင်သခင်၏ စွမ်းအား အောက်တွင်မူ သူ၏ပတ်ဝန်းကျင်ရှိ သေမင်းများနှင့်မိစ္ဆာများမှာ နောက်ဆုံး၌လျော့နည်းလာခဲ့ပြီ ဖြစ်လေသည်။
အနက်ရှိုင်းဆုံး ပင်လယ်အရှင်သခင်၏စွမ်းအားမှာ အလွန်တရာပြင်းထန်ကြောင်း ဝန်ခံရပေ လိမ့်မည်။
သို့သော် ထိုတစ္ဆေအသံမှာအလွန်တရာစိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှပြီး သူ့ဆီသို့ ဆက်တိုက် ဦးတည်နေလေသည်။
သူသည် ငရဲနတ်ဘုရား၏သားတော်ယန်ဖျင်ရှိရာ တောင်ကုန်းဆီသို့ ရုတ်တရက် ခေါင်းလှည့် ကြည့်လိုက်လေသည်။
ထိုအကြည့်ကြောင့် ယန်ဖျင်၏နှလုံးသားမှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားတော့သည်။
သေချာပေါက်ပင် ရန်ရှောက်ထျန်းသည် သူ၏ဆီသို့ ဦးတည်လာနေပြီ ဖြစ်လေသည်။
ရန်ရှောက်ထျန်းသည် လက်သီးတစ်ချက်ထိုးနှက်လိုက်၊ ခြေတစ်လှမ်းလှမ်းလိုက်နှင့် ခြေတစ်လှမ်းတိုင်းမှာ မိုင်ပေါင်းများစွာကိုကျော်ဖြတ်ပြီး ယန်ဖျင်ရှိရာတောင်ကုန်းဆီသို့ တဖြည်း ဖြည်း ချဉ်းကပ်လာတော့သည်။
လက်သီးတစ်ချက်၊ ခြေတစ်လှမ်းဖြင့်ချဉ်းကပ်လာသော ရန်ရှောက်ထျန်းကိုကြည့်ကာ ယန်ဖျင်၊ အလောင်းမိစ္ဆာနှင့် တခြားသူများမှာ အလွန်အမင်း ထိတ်လန့်နေကြတော့သည်။
“သခင်လေး... ကျွန်တော်တို့ အရင်ထွက်သွားသင့်လား” ဟု မိစ္ဆာဗုဒ္ဓက မနေနိုင်ဘဲ ယန်ဖျင် ကို မေးလိုက်မိသည်။
ပြီးခဲ့သည့် အကြိမ်ကဆေးနံ့သာအိုး၏ရိုက်နှက်မှုကိုခံခဲ့ရသည့် ဒဏ်ရာများမှာ လုံးဝ ပြန်လည် မသက်သာသေးပေ။
အကယ်၍ ယခုအကြိမ်တွင်လည်းဆေးနံ့သာအိုး၏ရိုက်နှက်မှုကို ထပ်မံခံရမည်ဆိုပါက သူတို့ အိပ်ရာထဲမှပင် ထနိုင်တော့မည်မဟုတ်ပေ။
ယန်ဖျင်၏မျက်နှာမှာ ဒေါသ၊ အရှက်ရမှု၊ သတ်ဖြတ်လိုစိတ်နှင့် မကျေနပ်မှုများကြောင့် အမျိုးမျိုးပြောင်းလဲနေတော့သည်။
သို့သော် မည်မျှပင်မကျေမနပ်ဖြစ်နေပါစေ၊ ရန်ရှောက်ထျန်းရှိနေသရွေ့ နတ်ဘုရားပေါင်း တစ်သောင်းအင်ပါယာမြို့တော်ကိုတိုက်ခိုက်ရန် မျှော်လင့်ချက်မရှိတော့ကြောင်း သူသိထားလေ သည်။
“ဆုတ်ခွာမယ်”
ယန်ဖျင်၏ အသံမှာအလွန်တရာခါးသီးနေတော့သည်။ ထိုသို့ပြောပြီးနောက် သူသည် အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး အတိုင်းအဆမဲ့သောတစ္ဆေချီစွမ်းအင်များအတွင်း ပုန်းအောင်းကာ ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
အလောင်းမိစ္ဆာ၊ သွေးမိစ္ဆာနှင့် မိစ္ဆာဗုဒ္ဓတို့လည်းအသက်ပြင်းပြင်း ရှူလိုက်ကြပြီး သူတို့၏ အရှိန်အဝါများကို ဖျောက်ကွယ်ကာ ထွက်ပြေးသွားကြတော့သည်။
ယန်ဖျင်နှင့် တခြားသူများထွက်ခွာသွားပြီးနောက် တစ္ဆေအသံမှာလည်း ပျောက်ကွယ်သွား တော့သည်။
သန်းပေါင်း ရာနဲ့ချီသောသေမင်းများနှင့်မိစ္ဆာစစ်တပ်များမှာလည်း ဒီရေအလားဆုတ်ခွာသွား ကြတော့သည်။
ချန်ဆန်းစံအိမ်တော် စစ်တပ်မှာရောက်ရှိလာချိန်တွင်ဆုတ်ခွာသွားသော စစ်တပ်များကို မြင်တွေ့လိုက်ရသည်။ အကြောင်းရင်းကိုမသိရှိကြသော်လည်း ချန်ဆန်းစံအိမ်တော် စစ်တပ်မှာ သူတို့ကို အစွမ်းကုန်သတ်ဖြတ်နေကြဆဲ ဖြစ်လေသည်။
နတ်ဘုရားပေါင်းတစ်သောင်းအင်ပါယာမြို့တော်မှ လူများမှာလည်း စစ်တပ်များဆုတ်ခွာ သွားသည်ကို မြင်သောအခါ အခွင့်အရေးကို လက်မလွှတ်ဘဲ လိုက်လံတိုက်ခိုက်ကြလေသည်။
မြေပြင်ပေါ်တွင် သေမင်းများနှင့် မိစ္ဆာများ၏အလောင်းအမြောက်အမြား ကျန်ရှိနေခဲ့လေ သည်။
နောက်ဆုံးတွင် သေမင်းများနှင့်မိစ္ဆာစစ်တပ်များမှာ ကမ္ဘာ့အစွန်းသို့ပျောက်ကွယ်သွားကြ တော့သည်။
“အစ်ကိုကြီး”
ရန်ရှောက်ထျန်း အသက်ပြင်းပြင်းရှူလိုက်စဉ်မှာပင် မွှေးပျံ့သောအနံ့တစ်ခုက သူ့ဆီသို့ လွင့်ပျံလာတော့သည်။ ရန်လင်အာလေးမှာ ဝမ်းသာအားရပြေးလာသည်ကို သူ မြင်လိုက်ရသည်၊ သူမ၏မျက်နှာတွင် ရန်ရှောက်ထျန်းအပေါ်အားကျသည့်အမူအရာများ ပြည့်နှက်နေတော့သည်။
“အစ်ကိုကြီးက တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ”
ရန်ရှောက်ထျန်းက ပြုံးလိုက်ပြီး
“မင်းတို့အားလုံး အဆင်ပြေကြတာ ကောင်းပါတယ်”
ထိုအချိန်တွင် ဝမ်ကွမ်ဖုန်း၊ ရှေးဟောင်းဘိုးဘေးကြီး ဝမ်ရှိဝေ နှင့် ဆေးနတ်ဘုရား ဖုန်းယီမင် တို့လည်း လမ်းလျှောက်လာကြသည်။
ရန်ရှောက်ထျန်းက ရှေ့သို့ လှမ်းတက်လိုက်ပြီး လက်အုပ်ချီကာ..
“ဧကရာဇ်မင်းကြီးနဲ့ စီနီယာနှစ်ဦးကို ဂါရဝပြုပါတယ်” ဟု ပြောလိုက်သည်။
နတ်ဘုရားပေါင်းတစ်သောင်း ဧကရာဇ်ဝမ်ကွမ်ဖုန်းက လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး
“ရန်ရှောက်ထျန်း... မင်းစိတ်မရှိရင်နောင်ကျရင်ငါ့ကိုဦးလေးလို့ပဲခေါ်ပါ” ဟု ပြောလိုက် သည်။
ဦးလေး ဟုတ်လား။
၎င်းကို ကြားလိုက်ရသောအခါ ရန်လင်အာကချစ်စဖွယ်ပြုံးလိုက်ပြီး သူမ၏အစ်ကိုကို မျက်စိတစ်ဖက် မှိတ်ပြလိုက်လေသည်။
ရန်ရှောက်ထျန်းက ထိုမိန်းကလေးငယ်ကိုစိုက်ကြည့်လိုက်သည်၊ သူမကတကယ့်ကို မြောက် မလေးပဲ။
ထိုသို့ဖြင့် လူအုပ်ကြီး၏ကြိုဆိုမှုအောက်တွင် ရန်ရှောက်ထျန်းနှင့် ချန်ဆန်းစံအိမ်တော် စစ်တပ်တို့မှာ နတ်ဘုရားပေါင်းတစ်သောင်းအင်ပါယာမြို့တော်အတွင်းသို့ ဝင်ရောက်လာကြတော့ သည်။
ဝမ်ကွမ်ဖုန်းနှင့် ဝမ်ရှိဝေတို့က လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်ခဲ့ကြသော်လည်း ရန်ရှောက်ထျန်း မှာမူ နတ်အိမ်တော်သို့သာပြန်သွားခဲ့လေသည်။ နတ်ဘုရားပေါင်းတစ်သောင်း အင်ပါယာ မြို့တော်မှာ သေမင်းနှင့် မိစ္ဆာစစ်တပ်များ၏တိုက်ခိုက်မှုကို ခံခဲ့ရသည်ဖြစ်ရာ သူသည်သူ၏ မိသားစုနှင့်အတူ နေထိုင်ချင်သောကြောင့် ဖြစ်လေသည်။
ရန်ရှောက်ထျန်းက အမှောင်နဂါးကိုမိစ္ဆာမျောက်ဝံ၊ မိုးကြိုးပြာနဂါးစပါးအုံးမြွေတို့နှင့် တခြားသူများကိုပါ မိတ်ဆက်ပေးလိုက်လေသည်။
မိစ္ဆာမျောက်ဝံနှင့် တခြားသူများမှာသူတို့ရှေ့ရှိ မျက်နှာဖုံးစွပ်အဖိုးကြီးမှာ လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းကျော်က ပြိုင်ဘက်ကင်းပညာရှင်ကြီးအမှောင်နဂါး ဖြစ်နေသည်ကို သိရှိသွားကြ သဖြင့် အံ့အားသင့်သွားကြပြီး အမြန်ဆုံးဂါရဝပြုလိုက်ကြလေသည်။
နောက်ရက်များတွင် ရန်ရှောက်ထျန်းသည်နတ်အိမ်တော်တွင်သာနေထိုင်ပြီး သူ၏ မိသားစု ကို အဖော်ပြုပေးနေလေသည်။
ရံဖန်ရံခါတွင် မင်းသမီးဝမ်နင်းနှင့် ကျန်းချန်ချန်တို့လည်း နတ်အိမ်တော်ရှိ ရန်မိသားစုဆီသို့ လာရောက်လည်ပတ်တတ်ကြလေသည်။
ထိုအမျိုးသမီးနှစ်ဦးမှာ ခဏခဏလာရောက်လည်ပတ်သဖြင့် ရန်လင်အာနှင့်ရင်းနှီးသွားကြ တော့သည်။ အကြိမ်တိုင်းတွင်ရန်လင်အာကထိုအမျိုးသမီးနှစ်ဦးကိုဆွဲခေါ်သွားပြီး မရပ်မနား စကားပြောနေတတ်လေသည်။
မင်းသမီးဝမ်နင်းနှင့် ကျန်းချန်ချန်တို့အပြင် ယန်မိသားစုခေါင်းဆောင်နှင့် ရှန်မိသားစု ခေါင်းဆောင်တို့ကလည်း သူတို့၏သမီးများကိုခေါ်ဆောင်လာပြီး ရန်ရှောက်ထျန်းဆီသို့ နေ့တိုင်း လာရောက်လည်ပတ်ကြလေသည်။ နောက်ဆုံးတွင် ရန်ရှောက်ထျန်းသည် သူ တံခါးပိတ်ကျင့်ကြံ တော့မည်ဟုသာ ပြောလိုက်ရတော့သည်။
ရန်ရှောက်ထျန်းသည် အမှန်တကယ်ပင်ကောင်းကင်ကံကြမ္မာနတ်ဘုရားကျောက်တုံး များကို သန့်စင်ရန်အတွက် အလုပ်များနေရခြင်း ဖြစ်လေသည်။
ယခုအကြိမ် နတ်ဘုရားနယ်မြေ မဟာပြိုင်ပွဲတွင် ဆုအဖြစ်ရရှိခဲ့သော ကောင်းကင်ကံကြမ္မာ နတ်ဘုရားကျောက်တုံး သုံးဆယ့်ခုနစ်တုံးမှာ သူ၏နတ်ဘုရားပင်လယ်ကမ္ဘာကို အပြည့်အဝ ခိုင်မာအောင် လုပ်ရန်အတွက်လုံလောက်လေသည်။
ရန်ရှောက်ထျန်းသည် ဟွန်ယွမ်ကောင်းကင်ကံကြမ္မာကို ကျင့်ကြံထားကြောင်း၊ အမြင့်မြတ် ဆုံး ဘုရင်သိုင်းဝိညာဉ်နှင့် အနက်ရှိုင်းဆုံးပင်လယ်အရှင်သခင်ဝိညာဉ်ကွင်းဆက်တို့ကို ပိုင်ဆိုင်ထား ကြောင်းသတင်းများမှာ ချန်ဆန်းတိုက်ကြီးတစ်ခုလုံးသို့ပျံ့နှံ့သွားခဲ့ပြီး တစ်ကမ္ဘာလုံးကို တုန်လှုပ် စေခဲ့လေသည်။
ချန်ဆန်းတိုက်ကြီးပေါ်ရှိ မရေမတွက်နိုင်သောဂိုဏ်းများနှင့်မိသားစုများ၊ တပည့်များမှာ ရန်ရှောက်ထျန်းကို အလွန်အမင်းအားကျနေကြတော့သည်။ တပည့်အမြောက်အမြားမှာ ရန်ရှောက် ထျန်းကို တစ်ကြိမ်မျှမြင်တွေ့ခွင့်ရရန်အတွက်နတ်ဘုရားပေါင်းတစ်သောင်းအင်ပါယာ မြို့တော် ဆီသို့ မိုင်ပေါင်း ထောင်ချီ ခရီးနှင်လာကြလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လဝက်ကုန်ဆုံးသွားခဲ့လေပြီ။
ရန်ရှောက်ထျန်းသည် နောက်ဆုံး၌ကောင်းကင်ကံကြမ္မာ နတ်ဘုရားကျောက်တုံး သုံးဆယ့် ခုနစ်တုံးစလုံးကို အပြည့်အဝသန့်စင်ပြီးသွားခဲ့ပြီး သူ၏နတ်ဘုရားပင်လယ်ကမ္ဘာမှာလည်း အံ့ဩဖွယ်ကောင်းလောက်အောင် ခိုင်မာသွားခဲ့လေပြီ။
“နောက်ဆုံးတော့ ငါ ဒုတိယမြောက်ဟွန်ယွမ်ကောင်းကင်ကံကြမ္မာကို တောင့်ခံနိုင်ခဲလေပြီ”
သို့သော် အင်ပါယာမြို့တော်အတွင်း၌ ကမ္ဘာဦးဖျက်ဆီးခြင်းဘေးဒုက္ခကိုလှုပ်ခတ်ခြင်းမှာ ရုတ်ရုတ်သဲသဲဖြစ်စေနိုင်လေသည်။ ထို့ကြောင့်ထိုညတွင်ရန်ရှောက်ထျန်းသည် အင်ပါယာ မြို့တော်မှ တိတ်တဆိတ်ထွက်ခွာလာခဲ့ပြီး မြို့တော်နှင့်လုံလောက်အောင်ဝေးကွာသော လူသူကင်းမဲ့သည့် တောင်ကုန်းတစ်ခုဆီသို့ ရောက်ရှိလာခဲ့လေသည်။
***