နဂါးချင်းရွှမ်လေးနှင့် သူတို့ရှေ့မှလူငယ်လေးမှာ ငယ်သူငယ်ချင်းများဖြစ်ကြသည်ဟူသော စကားကိုကြားလိုက်ရသောအခါ တိန်းချွမ်းမှာပို၍ပင်မနာလိုဖြစ်သွားတော့သည်။ သူသည် ရန်ရှောက်ထျန်းကို စိုက်ကြည့်လိုက်ပြီး။
“မင်းက ဘယ်ဂိုဏ်းကလဲ” ဟု မေးလိုက်သည်။
ရန်ရှောက်ထျန်းသည် တစ်ဖက်လူကသူ့ကိုမေးမြန်းနေသည်ကိုမြင်သောအခါ ကြည့်လိုက် ပြီး ..
“ငါ ဘယ်ဂိုဏ်းကလဲဆိုတာ မင်းကို ပြောဖို့ မလိုအပ်ဘူးထင်တယ်” ဟု ပြောလိုက်သည်။
တိန်းချွမ်း၏ မျက်နှာမှာ မှောင်မိုက်သွားတော့သည်။
လေထုမှာ ချက်ချင်းဆိုသလိုပင် အနည်းငယ်တင်းမာသွားခဲ့လေပြီ။
ထိုစဉ်မှာပင် ရန်လင်အာက နဂါးချင်းရွှမ်လေးကို ပြောလိုက်သည်။
“အစ်မ ချင်းရွှမ်... အစ်မကဝိညာဉ်သားရဲတောအုပ်ကို ဘာလို့ရောက်နေတာလဲ။ အစ်မ လည်း ဝိညာဉ်ကွင်းဆက်စုစည်းဖို့လာတာလားဟင်”
နဂါးချင်းရွှမ်လေးက ခေါင်းညိတ်ပြလိုက်ပြီး ပြုံးကာ..
“ဟုတ်တယ်၊ အစ်မလည်း ဝိညာဉ်သားရဲဖမ်းပြီး ဝိညာဉ်ကွင်းဆက်စုစည်းဖို့ လာခဲ့တာပါ”
ရန်ရှောက်ထျန်းသည် နဂါးချင်းရွှမ်လေး၏ဘေးပတ်လည်ရှိ စီနီယာအစ်ကိုများနှင့် စီနီယာ အစ်မများကိုကြည့်ကာမျက်မှောင်ကြုတ်လိုက်မိသည်။ ယေဘုယျအားဖြင့် ပြောရလျှင် နဂါးချင်းရွှမ် လေးကဲ့သို့ ဂိုဏ်းတစ်ခု၏တိုက်ရိုက်တပည့်တစ်ဦးအတွက် ဝိညာဉ်သားရဲဖမ်းရန် သွားမည်ဆိုပါက ဂိုဏ်း၏ အဆင့်မြင့်အရာရှိကြီးများက လိုက်ပါလာလေ့ ရှိကြလေသည်။
အဘယ်ကြောင့် ရောက်လာသောတပည့်များအားလုံးမှာ အစွမ်းကဤမျှအထိ အားနည်းနေ ကြရတာလဲ။
ဤအားနည်းသောတပည့်များမှာ သူတို့ အင်အားစုပေါင်းလျှင်ပင် သက်တမ်းတစ်သောင်းရှိ သော ဝိညာဉ်သားရဲတစ်ကောင်ကိုပင် ဖမ်းနိုင်ကြမည်မဟုတ်ပေ။
သက်တမ်း နှစ်သောင်းရှိသောဝိညာဉ်သားရဲတစ်ကောင်ကို ကိုင်တွယ်ရန်မှာ ပို၍ပင်မဖြစ်နိုင် ပေ။
နဂါးချင်းရွှမ်လေးတွင် အမြင့်မြတ်ဆုံးသိုင်းဝိညာဉ်ရှိနေပြီး သူမသည် သက်တမ်း ကိုးသောင်း ရှိသော ဝိညာဉ်ကွင်းဆက်ကိုအပြည့်အဝ တောင့်ခံနိုင်စွမ်း ရှိလေသည်။
“ဒါဆိုရင်တော့အရမ်းကောင်းတာပဲ။ ညီမလည်းဝိညာဉ်သားရဲဖမ်းပြီး ဝိညာဉ်ကွင်းဆက် စုစည်းဖို့လာတာ” ဟု ရန်လင်အာကဝမ်းသာအားရပြုံးလျက် ပြောလိုက်သည်။
“ဒါဆိုရင် တို့အတူတူ ဝိညာဉ်သားရဲ အတူဖမ်းကြရအောင်”
“ကောင်းပါပြီ”
“မင်းရဲ့ ဆရာက မင်းနဲ့အတူလိုက်မလာဘူးလား” ဟု ရန်ရှောက်ထျန်းက နဂါးချင်းရွှမ်လေး ကို မနေနိုင်ဘဲ မေးလိုက်မိသည်။
နဂါးချင်းရွှမ်လေးက စကားမပြောရသေးမီမှာပင် တိန်းချွမ်းကကြားဖြတ်ပြောလိုက်သည်။
“ဂိုဏ်းချုပ်က ကိစ္စပေါင်းများစွာနဲ့ အလုပ်ရှုပ်နေတာ။ ဒီလိုကိစ္စလေးအတွက် ဂိုဏ်းချုပ်က ဘာလို့ ကိုယ်တိုင်လိုက်လာရမှာလဲ။ အကယ်၍ ငါတို့ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းက တပည့်တိုင်း ဝိညာဉ်ကွင်းဆက်စုစည်းဖို့အတွက် ဂိုဏ်းချုပ်ကကိုယ်တိုင် လိုက်ပေးနေရမယ်ဆိုရင် ငါတို့ ဂိုဏ်းချုပ်ကကျင့်ကြံဖို့ အချိန်ဘယ်ရှိတော့မလား။ သူက ဂိုဏ်းတပည့်တွေနဲ့အတူ ဝိညာဉ် သားရဲ လိုက်ဖမ်းပေးနေရုံပဲ ရှိတော့မှာပေါ့”
နဂါးချင်းရွှမ်လေးကလည်း ရန်ရှောက်ထျန်းကို ရှင်းပြလိုက်သည်။
“ဂျူနီယာမောင်လေး တိန်းချွမ်းပြောတာမှန်ပါတယ်။ ညီမတို့ရဲ့ဆရာက ကိစ္စတစ်ခုနဲ့ အလုပ် ရှုပ်နေလို့ပါ၊ ဒါကြောင့် ညီမတို့ဘာသာပဲ ဝိညာဉ်သားရဲဖမ်းနိုင်ပါတယ်”
နဂါးချင်းရွှမ်လေး၏ ရှင်းပြချက်ကိုနားထောင်ပြီးနောက် ရန်ရှောက်ထျန်း၏ မျက်နှာမှာ မှောင်မိုက်သွားတော့သည်။
နဂါးချင်းရွှမ်လေး၏ စကားများမှာ သေချာပေါက်ပင် သူမ၏ စိတ်ရင်းမှမဟုတ်ပေ။
ပန်းပေါင်းတစ်ရာ အမျိုးသမီးဓားနတ်ဘုရားမက အမှန်တကယ်ပင်အလုပ်ရှုပ်နေလျှင်ပင် သူမသည် ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းမှရှေးဟောင်းဘိုးဘေးအချို့ကို နဂါးချင်းရွှမ်လေးနှင့် အတူ လိုက်ပါသွားရန် ခိုင်းစေနိုင်လေသည်။
နဂါးချင်းရွှမ်လေးမှာ ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းချုပ်၏တိုက်ရိုက် တပည့်တစ်ဦး ဖြစ်ရုံသာမက အမြင့်မြတ်ဆုံးသိုင်းဝိညာဉ်ကိုလည်းပိုင်ဆိုင်ထားခြင်းဖြစ်လေသည်။ သို့သော် သူမကို စီနီယာအစ်ကိုများနှင့် စီနီယာအစ်မဆယ်ယောက်ကျော်နှင့်အတူ ဝိညာဉ်သားရဲဖမ်းရန် စေလွှတ် လိုက်ခြင်းမှာ အတော်လေးအဓိပ္ပာယ်မရှိလှပေ။
၎င်းမှာ အဓိပ္ပာယ်မရှိရုံသာမကဘဲ အတော်လေး လွန်လွန်းနေလေသည်။
ရန်လင်အာက နဂါးချင်းရွှမ်လေးကိုဆွဲခေါ်ပြီး ထိုင်ခိုင်းလိုက်ကာပြုံးလျက် ပြောလိုက် သည်။
“အစ်မ ချင်းရွှမ်... ထိုင်ပါဦး။ ဒါ ညီမအစ်ကိုကိုယ်တိုင်ကင်ထားတဲ့အသားပဲ၊ အရမ်းအရ သာရှိတာ”
နဂါးချင်းရွှမ်လေးသည် မီးပုံပေါ်ရှိရွှေရောင်တောက်နေသောကင်ထားသည့် အသားကို ကြည့်ကာ လမင်းနီတောအုပ်တွင် ရန်ရှောက်ထျန်းနှင့်ပထမဆုံးတွေ့ဆုံခဲ့စဉ်က မြင်ကွင်းကို ပြန်လည် သတိရသွားပြီးပြုံးလိုက်မိလေသည်။ ထိုစဉ်ကသူမသည် အလွန်တရာဆာလောင်နေခဲ့ပြီး ရန်ရှောက် ထျန်းက သူမကိုကင်ထားသည့် အသားများကျွေးခဲ့ခြင်း ဖြစ်လေသည်။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း သူမသည်ထိုကင်ထားသည့်အသားကို မှတ်မိ နေဆဲ ဖြစ်လေသည်။
ရန်လင်အာက သားရဲခြေထောက်ကြီးတစ်ဖက်ကို နဂါးချင်းရွှမ်လေးအတွက် ဖဲ့ပေးလိုက် လေသည်။
နဂါးချင်းရွှမ်လေးက ၎င်းကိုစားကြည့်ရာ အရသာမှာဟိုတုန်းကအတိုင်းပင် ဖြစ်နေလေ သည်။
တိန်းချွမ်းသည် သူ၏ရှေ့မှမွှေးပျံ့နေသောကင်ထားသည့်အသားကိုကြည့်ကာ ရန်ရှောက် ထျန်းကိုမမေးဘဲ အခြားသောသားရဲခြေထောက်ကြီးတစ်ဖက်ကို ဖဲ့ယူရန်လက်လှမ်းလိုက် လေ သည်။ သို့သော်သူ၏လက်မှာရောက်ရှိတော့မည့်ဆဲဆဲတွင် ရန်ရှောက်ထျန်းကသူ၏လက်ထဲရှိ သစ်ခက်ဖြင့် တားဆီးလိုက်လေသည်။
“မင်းမှာ ခြေရှိလက်ရှိသားပဲ။ မင်းစားချင်ရင်မင်းဘာသာမင်းကင်စားပါ” ဟု ရန်ရှောက် ထျန်းက ပြောလိုက်သည်။
တိန်းချွမ်းမှာ မနေနိုင်ဘဲ စိတ်တိုသွားပြီး။
“ကောင်လေး... မင်းက ညီမလေးနဂါးရဲ့ သူငယ်ချင်းမို့လို့ ငါ မင်းကို မထိရဲဘူးလို့ မထင်နဲ့”
အမှောင်နဂါးနှင့် မိစ္ဆာမျောက်ဝံကြီးတို့၏မျက်လုံးများမှာ ချက်ချင်းဆိုသလိုပင် အေးစက် သွားတော့သည်။
ရန်ရှောက်ထျန်းက တိန်းချွမ်းကိုကြည့်လိုက်ပြီး တည်ငြိမ်သောအမူအရာဖြင့်။
“ငါ မင်းကိုအကြံပေးချင်တာကတော့လာမတိုက်ပါနဲ့၊ မဟုတ်ရင် မင်းအကြီးအကျယ် အရိုက်ခံရလိမ့်မယ်” ဟု ပြောလိုက်သည်။
တိန်းချွမ်းက စိုက်ကြည့်လိုက်ပြီး အခြားသောပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းမှ အမျိုးသား တပည့်များမှာလည်း ရန်ရှောက်ထျန်းကို ရန်လိုသော မျက်လုံးများဖြင့် ကြည့်လိုက်ကြလေသည်။
“မင်း...”
တိန်းချွမ်းမှာ အလွန်တရာ ဒေါသထွက်သွားတော့သည်။
“ဂျူနီယာမောင်လေးတိန်းချွမ်း... ပြဿနာ မရှာပါနဲ့” ဟု ထိုအချိန်တွင် ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းမှ အမျိုးသမီးတပည့်တစ်ဦးက ပြောလိုက်သည်။
“သူ ပြောတာမမှားပါဘူး။ ငါတို့မှာ ခြေရှိ လက်ရှိသားပဲ၊ ငါတို့ စားချင်ရင် ငါတို့ဘာသာ ငါတို့ လုပ်နိုင်ပါတယ်”
တိန်းချွမ်းမှာ ထိုအမျိုးသမီးတပည့်ကို အတော်လေးကြောက်ရွံ့နေပုံရလေသည်။ သူမ၏ စကားကို ကြားလိုက်ရသဖြင့် သူသည် ဘာမှထပ်မပြောရဲတော့ပေ။
ထို့ကြောင့် ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းမှ လူဆယ်ယောက်ကျော်မှာ အနီးအနားတွင် မီးပုံတစ်ခုကို ဖော်လိုက်ကြပြီး ဝိညာဉ်သားရဲတစ်ကောင်ကို ဖမ်းကာကင်စားကြတော့သည်။
သို့သော် သူတို့မည်မျှပင်ကင်ပါစေ၊ အရသာမှာရန်ရှောက်ထျန်း၏ အသားကင်လောက် မမွှေးပျံ့လှပေ။
ရန်ရှောက်ထျန်းသည် ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းမှလူများကို လျစ်လျူရှုလိုက်ပြီး နဂါးချင်းရွှမ်လေးကို မေးလိုက်သည်။
“မင်းရဲ့ အဖေနဲ့တခြားသူတွေကောဘယ်မှာလဲ။ သူတို့ဘာဖြစ်လို့ မင်းနဲ့အတူလိုက်မလာ ကြတာလဲ”
ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် နဂါးဝရဇီန်တစ်နှင့် သူ့ဦးလေးနဂါးလန်တို့သည် နဂါးချင်းရွှမ်လေး ဝိညာဉ်သားရဲဖမ်းပြီးဝိညာဉ်ကွင်းဆက်စုစည်းမည့် အလွန်တရာအရေးကြီးသော ကိစ္စကိုသိရှိကြမည်ဆိုပါက သူတို့သည်သေချာပေါက်နဂါးချင်းရွှမ်လေးနှင့်အတူ လိုက်ပါလာ ကြမည်ဖြစ်လေသည်။
နဂါးချင်းရွှမ်လေးက ခေါင်းခါယမ်းလိုက်ပြီး
“အခုရက်ပိုင်း နတ်နဂါးအင်ပါယာမှာ မသေနိုင်သောသေမင်းတွေနဲ့ ယင်တစ္ဆေတွေက ပြဿနာရှာနေကြလို့ပါ။ ညီမရဲ့ခမည်းတော်နဲ့ တခြားသူတွေကအင်ပါယာမြို့တော်ကို စောင့်ကြပ် နေကြရတယ်၊ ဒါကြောင့် ညီမရဲ့ ကိစ္စတွေကြောင့် သူတို့ကို စိတ်အနှောင့်အယှက် မဖြစ်စေချင်လို့ပါ”
ထို့ကြောင့် နဂါးချင်းရွှမ်လေးသည် နဂါးဝရဇိန်တစ်နှင့် နဂါးလန်တို့ကို အသိမပေးခဲ့ခြင်း ဖြစ်လေသည်။
ရန်လင်အာက ပြုံးလိုက်ပြီး
“ဒါဆိုရင် အဆင်ပြေပါတယ်၊ ညီမတို့ဆီမှာအစ်ကိုကြီးရှိတယ်၊ စီနီယာအဖိုးကြီး အမှောင်နဂါးနဲ့ စီနီယာအဖိုးကြီးမျောက်ဝံတို့လည်းရှိတာပဲ” ဟု ပြောရင်း သူမက မိစ္ဆာမျောက်ဝံနှင့် အမှောင်နဂါးတို့ကို နဂါးချင်းရွှမ်လေးအား မိတ်ဆက်ပေးလိုက်သည်။
“ဒါက စီနီယာအဖိုးကြီး နဂါးပါ၊ ဒါကတော့ စီနီယာအဖိုးကြီး မျောက်ဝံပါ”
“အစ်မ ချင်းရွှမ်... အစ်မသက်တမ်းဘယ်လောက်ရှိတဲ့ ဝိညာဉ်သားရဲကို ပေါင်းစပ် ချင်လဲဆိုတာ အစ်ကိုကြီးနဲ့စီနီယာအဖိုးကြီးနဂါးတို့ကိုပြောပြလိုက်၊ သူတို့က အစ်မအတွက်ဖမ်းပေး လိမ့်မယ်”
နဂါးချင်းရွှမ်လေးက အမှောင်နဂါးနှင့် မိစ္ဆာမျောက်ဝံတို့ကို လေးစားစွာဖြင့် ဂါရဝပြုလိုက် သည်။
“စီနီယာ အဖိုးကြီးနဂါးနဲ့ စီနီယာအဖိုးကြီးမျောက်ဝံတို့ကို ဂါရဝပြုပါတယ်”
အမှောင်နဂါးနှင့် မိစ္ဆာမျောက်ဝံကြီးတို့မှာ အမြန်ဆုံးမတ်တပ်ရပ်လိုက်ကြပြီး လက်ကို ဝှေ့ယမ်းကာ ထိုသို့ဂါရဝပြုရန်မလိုကြောင်းပြောလိုက်ကြလေသည်။ သူတို့နှစ်ဦးစလုံးမှာ နဂါးချင်း ရွှမ်လေးနှင့် သူတို့၏သခင်လေးကြားတွင် ထူးခြားသောဆက်ဆံရေးရှိနေကြောင်းကို သိမြင်နိုင် ကြလေသည်။
အနီးအနားတွင်ရှိနေသော တိန်းချွမ်းက ၎င်းကိုကြားလိုက်ရသောအခါ လှောင်ပြောင်လိုက် သည်။
“မင်းက သက်တမ်းဘယ်လောက်ရှိတဲ့ ဝိညာဉ်သားရဲကိုပဲ ပေါင်းစပ်ချင်ပါစေ၊ အစ်ကိုကြီးနဲ့ စီနီယာ အဖိုးကြီးနဂါးတို့ကို ဖမ်းခိုင်းရမယ်ဟုတ်လား။ သူတို့ကသက်တမ်းကိုးသောင်း၊ တစ်သိန်း ရှိတဲ့ ဝိညာဉ်သားရဲတွေကိုတောင် ဖမ်းနိုင်တဲ့ ပုံစံမျိုးနဲ့ ပြောနေတာပဲ”
မိစ္ဆာမျောက်ဝံကြီး၏ မျက်နှာမှာ မှောင်မိုက်သွားတော့သည်။
“မင်း နောက်ထပ် တစ်ခွန်းထပ်ပြောဦးမလား၊ ငါ မင်းရဲ့ ပါးစပ်ကို ဖြဲပစ်လိုက်မယ်”
တိန်းချွမ်းမှာ ဒေါသတကြီးဖြင့် မတ်တပ်ရပ်လိုက်လေသည်။
သို့သော် ခုနက အမျိုးသမီးတပည့်က တိန်းချွမ်းကို တားဆီးလိုက်လေသည်။
အမျိုးသမီး တပည့်မှာ တိန်းချွမ်းကိုတားဆီးပြီးနောက် အမှောင်နဂါးနှင့် မိစ္ဆာမျောက်ဝံတို့ကို အကြိမ်အနည်းငယ်မနေနိုင်ဘဲလှည့်ကြည့်မိလေသည်။ သူမသည်ဧကရာဇ်အဆင့်မျှသာ ရှိသော် လည်း ဤနှစ်ဦးမှာ အလွန်တရာအစွမ်းထက်ကြောင်း သူမခံစားမိနေလေသည်။
နဂါးချင်းရွှမ်လေးက သူတို့ကိုရန်ရှောက်ထျန်းအား စတင်မိတ်ဆက်ပေးလိုက်လေသည်။ ထိုအမျိုးသမီးတပည့်မှာ ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်း၏အမာခံတပည့်များ ခေါင်းဆောင်ဖြစ် ပြီး ဒူမေဟု အမည်ရကြောင်း သိလိုက်ရလေသည်။ တိန်းချွမ်းက သူမကိုအဘယ်ကြောင့် ဤမျှအထိ ကြောက်ရွံ့နေရသလဲဆိုတာ မဆန်းတော့ပေ။
ဒူမေက ရန်ရှောက်ထျန်းကို လက်အုပ်ချီလိုက်ပြီး..
“မောင်လေးနဲ့ ညီမလေးချင်းရွှမ်တို့ကငယ်ငယ်ကတည်းက သိခဲ့ကြတာပေါ့။ မောင်လေးက နတ်နဂါး အင်ပါယာကဘယ်ဂိုဏ်းရဲ့ တပည့်လဲဆိုတာ အစ်မမေးလို့ ရမလားဟင်”
ရန်ရှောက်ထျန်းက လက်အုပ်ချီလိုက်ပြီး..
“ကျွန်တော်နဲ့ ကျွန်တော့ညီမလေးက စစ်မှန်သောနတ်နဂါးနတ်ဘုရားဂိုဏ်းကပါ”
သူသည် လက်ရှိတွင်ချန်ဆန်းစံအိမ်တော်၏တပည့်တစ်ဦးဖြစ်သော်လည်း သူသည် စစ်မှန်သောနတ်နဂါးနတ်ဘုရားဂိုဏ်းမှ လာခဲ့ခြင်းမှာ အမှန်ပင်ဖြစ်လေသည်။
တိန်းချွမ်းမှာ ရန်ရှောက်ထျန်းက စစ်မှန်သောနတ်နဂါးနတ်ဘုရားဂိုဏ်းမှ ဖြစ်ကြောင်း ကြားလိုက်ရသဖြင့် စိတ်ထဲမှ တိတ်တဆိတ် လှောင်ပြောင်လိုက်လေသည်။
စစ်မှန်သောနတ်နဂါးနတ်ဘုရားဂိုဏ်းမှာ နတ်နဂါးအင်ပါယာ၏နံပါတ်တစ် ထိပ်တန်းဂိုဏ်း ဖြစ်သော်လည်း ချန်ဆန်းတိုက်ကြီးပေါ်ရှိပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းကဲ့သို့သော ဧရာမအဖွဲ့ အစည်းကြီးနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ပေ။
“ဒါဆိုရင် မောင်လေးကစစ်မှန်သောနတ်နဂါးနတ်ဘုရားဂိုဏ်းကတပည့်ပေါ့” ဟု ဒူမေက ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီး စိတ်ထဲမှာတော့ သိပ်ပြီး အလေးမထားခဲ့ပေ။
ရန်လင်အာက နဂါးချင်းရွှမ်လေးကိုဆွဲခေါ်ပြီး အတော်နောက်ကျသည်အထိ စကားပြော ခဲ့ကြလေသည်။
ညရောက်သောအခါ ရန်ရှောက်ထျန်းသည်အနီးအနားတွင်ထိုင်ပြီး သူ၏စွမ်းအင်များကို ထိန်းချုပ်ကျင့်ကြံနေလေသည်။
ညတစ်ညလုံး မည်သည့်အဖြစ်အပျက်မျှ မရှိပါဘဲကုန်ဆုံးသွားခဲ့လေပြီ။
နောက်တစ်နေ့တွင် လူတိုင်းမှာ ခရီးကိုဆက်လက်ထွက်ခွာခဲ့ကြပြီး ဝိညာဉ်သားရဲ တောအုပ် ၏ အနက်ရှိုင်းဆုံးနေရာသို့ ပျံသန်းသွားကြလေသည်။
ရန်ရှောက်ထျန်းက လေထဲတွင်ပျံသန်းနိုင်သည်ကိုမြင်သောအခါ ဒူမေမှာ အံ့အားသင့်သွား တော့သည်။ ရန်ရှောက်ထျန်းက လေထဲတွင်ပျံသန်းနိုင်ခြင်းမှာ သူသည်အနည်းဆုံး သိုင်းဧကရာဇ် အဆင့်သို့ရောက်ရှိနေပြီဖြစ်ကြောင်းပြသနေလေသည်။ ရန်ရှောက်ထျန်းနှင့် နဂါးချင်းရွှမ်လေးတို့မှာ အသက်အရွယ် တူညီကြပေလိမ့်မည်။ အသက် ဆယ့်ငါးနှစ်အရွယ်ဖြင့် သိုင်းဧကရာဇ် အဆင့်သို့ ကျင့်ကြံနိုင်ခြင်းမှာ သူမ၏အမြင်တွင် ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းတွင်ပင် အမြင့်ဆုံး ပါရမီရှင် တစ်ဦး ဖြစ်ပေလိမ့်မည်။
ထို့အပြင် ရန်ရှောက်ထျန်း၏ညီမလေးမှာ ပို၍ပင်ငယ်ရွယ်သော်လည်း သူမသည်လည်း သိုင်းဧကရာဇ် အဆင့်သို့ ကျင့်ကြံနိုင်နေသည်တဲ့လား။
မောင်နှမ နှစ်ယောက်စလုံး၏ပါရမီက အမှန်တကယ်ပင် ဤမျှအထိကောင်းမွန်လို့နေရတာ လား။
လူတိုင်း ဆက်တိုက်ပျံသန်းနေစဉ်မှာပင် ရုတ်တရက်ကျားဟိန်းသံတစ်ခု ထွက်ပေါ်လာတော့ သည်။ ဧရာမကျားနက်ကြီးတစ်ကောင်မှာအဝေးမှပျံထွက်လာပြီး ၎င်း၏ပြင်းထန်သောအရှိန်အဝါ ကြောင့် ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းမှ တပည့်များ၏မျက်နှာမှာ ပြောင်းလဲသွားတော့သည်။
ဤကျားနက်ဝိညာဉ်သားရဲ၏အရှိန်အဝါမှာ အလွန်တရာပြင်းထန်လှသည်၊ ၎င်းမှာသေချာ ပေါက် သက်တမ်းနှစ်သောင်းနှင့်အထက်ရှိသော ဝိညာဉ်သားရဲဖြစ်ရပေမည်။
***