ဒူမေသည် ကျားနက်ဝိညာဉ်သားရဲ၏ပြင်းထန်သောအရှိန်အဝါကို ခံစားလိုက်ရသဖြင့် သူမ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး အော်ဟစ်လိုက်သည်။
“အားလုံး... မြန်မြန်ဆုတ်ကြစမ်း”
ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းမှ တပည့်များမှာထိတ်လန့်တကြား ထွက်ပြေးခဲ့ကြလေ သည်။
သို့သော် သူတို့ထွက်ပြေးနေစဉ်မှာပင် မိစ္ဆာမျောက်ဝံကြီးက ဟင်းလင်းပြင်ကိုလက်ဖြင့် ဆုပ်နယ်လိုက်သည်ကိုမြင်တွေ့လိုက်ရပြီး အနည်းဆုံးသက်တမ်းနှစ်သောင်းရှိသော ထိုကျားနက် ဝိညာဉ်သားရဲမှာ မမြင်နိုင်သော ဧရာမလက်ဝါးကြီးတစ်ခု၏ဖိသိပ်မှုကြောင့် ချက်ချင်းဆိုသလိုပင် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားခဲ့လေပြီ။
“ဘုန်း...” ဟူသော အသံနှင့်အတူ သွေးများမှာဟိုမှသည်ပျံဝဲသွားပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များနှင့် မြေပြင်များပေါ်သို့ စင်သွားတော့သည်။
ထွက်ပြေးနေကြသော ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းမှတပည့်များမှာ ဆွံ့အသွားကြ တော့သည်။
ဒူမေပင်လျှင် မိစ္ဆာမျောက်ဝံကြီးကို အံ့အားသင့်စွာ ကြည့်လိုက်မိလေသည်။
အရပ်ရှည်ရှည်နှင့် ဤလူလတ်ပိုင်းအမျိုးသားမှာ အလွန်တရာအစွမ်းထက်လှသည်၊ သက်တမ်းနှစ်သောင်းရှိသောဝိညာဉ်သားရဲတစ်ကောင်ကို ချေမှုန်းပစ်ခြင်းမှာခြင်တစ်ကောင်ကို သတ်လိုက်သကဲ့သို့ပင်။
တိန်းချွမ်း၏ မိစ္ဆာမျောက်ဝံအပေါ် ကြည့်သောအကြည့်မှာ ယခုအခါတွင်မူ ကြောက်ရွံ့မှုများ သိသိသာသာ ပါရှိနေတော့သည်။
မနေ့ညက မိစ္ဆာမျောက်ဝံကြီးက သူ၏ပါးစပ်ကိုဖြဲပစ်မည်ဟုပြောစဉ်က သူ အလွန်တရာ စိတ်တိုခဲ့ခြင်း ဖြစ်လေသည်။
ထိုစဉ်က သူသည်ပင်လျှင် ရှေ့သို့ပြေးထွက်သွားပြီးမိစ္ဆာမျောက်ဝံ၏ ပါးစပ်ကိုပြန်လည် ချေမှုန်းပစ်ချင်ခဲ့ခြင်း ဖြစ်လေသည်။
ယခုအခါတွင်မူ သူ့ကိုသတ္တိတွေဘယ်လောက်ပဲ ပေးပေး၊ ထိုသို့သော အတွေးမျိုး သူ ထပ်မံ၍ မတွေးရဲတော့ပေ။
ရန်ရှောက်ထျန်း၏ မျက်နှာအမူအရာမှာမူ ပုံမှန်အတိုင်းပင်ဖြစ်နေပြီး သူသည်ရန်လင်အာ၊ နဂါးချင်းရွှမ်လေးတို့နှင့်အတူ ရှေ့သို့ ဆက်လက်ပျံသန်းသွားလေသည်။
လမ်းတောက်လျှောက်တွင် အားနည်းသောဝိညာဉ်သားရဲများနှင့်တွေ့ဆုံရပါက ရန်ရှောက် ထျန်းသည် ရန်လင်အာနှင့် နဂါးချင်းရွှမ်လေးတို့ကိုသာ ကိုင်တွယ်ခိုင်းလေသည်။
ရက်အနည်းငယ် ကြာပြီးနောက်တွင် သူတို့နှစ်ဦး၏ လက်တွေ့ တိုက်ခိုက်ရေး စွမ်းရည်များမှာ သိသိသာသာ တိုးတက်လာခဲ့လေပြီ။
ဤအချိန်တွင် လူတိုင်းမှာဝိညာဉ်သားရဲတောအုပ်၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိလာ ခဲ့ကြပြီ ဖြစ်လေသည်။
ဤနေရာတွင် ဝိညာဉ်သားရဲအားလုံးနီးပါးမှာ သက်တမ်းတစ်သောင်းနှင့်အထက် ရှိကြပြီး သက်တမ်း လေးသောင်း၊ ငါးသောင်းရှိသော ဝိညာဉ်သားရဲများကိုပင် တွေ့မြင်နိုင်လေသည်။
ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းမှတပည့်များမှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေကြ တော့သည်။
ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းမှတပည့်များ၏ ဘေးကင်းလုံခြုံရေးအတွက် ဒူမေသည် ရန်ရှောက်ထျန်းနှင့် တခြားသူများနှင့်အတူ ရှေ့သို့ဆက်လက်မပျံသန်းတော့ဘဲ သူတို့အတွက် စခန်းချပြီး အပြင်ဘက်တွင် စောင့်ဆိုင်းနေရန် ဆုံးဖြတ်လိုက်လေသည်။
ဒူမေနှင့် တခြားသူများနှင့်အချိန်ချိန်းဆိုပြီးနောက် ရန်ရှောက်ထျန်းသည် ရန်လင်အာ၊ နဂါးချင်းရွှမ်လေးတို့နှင့်အတူ အနက်ရှိုင်းဆုံးနေရာသို့ ဆက်လက်ပျံသန်းသွားလေသည်။
ဤအချိန်တွင် သက်တမ်းတစ်သောင်းကျော်ရှိသောဝိညာဉ်သားရဲများမှာ ရန်လင်အာနှင့် နဂါးချင်းရွှမ်တို့ကိုင်တွယ်နိုင်သော အဆင့်တွင်မရှိတော့ပေ၊ မိစ္ဆာမျောက်ဝံကြီးကသာ သူတို့ကို တိုက်ရိုက် ရိုက်ခွဲပစ်လိုက်လေသည်။
အမှောင်နဂါးမှာမူ လှုပ်ရှားရန် ပျင်းနေပုံရလေသည်။
သက်တမ်း လေးသောင်း၊ ငါးသောင်းရှိသော ဤဝိညာဉ်သားရဲများမှာ သူ၏ စိတ်ဝင်စားမှုကို မဆွဲဆောင်နိုင်ကြပေ။
နောက်ဆုံးတွင် ရန်ရှောက်ထျန်းနှင့် တခြားသူများမှာဝိညာဉ်သားရဲတောအုပ်၏ အစစ်အမှန် အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိလာခဲ့ကြလေသည်။
ဤဒေသမှာ သက်တမ်းကိုးသောင်းနှင့်တစ်သိန်းရှိသော ဝိညာဉ်သားရဲများ နေထိုင်ရာ နေရာ ဖြစ်ပြီး သက်တမ်း နှစ်သိန်း၊ သုံးသိန်းရှိသော ဝိညာဉ်သားရဲများကိုပင်တွေ့မြင်နိုင်လေသည်။
အကယ်၍ သူတို့သည်ဤဒေသကိုဖြတ်ကျော်သွားမည်ဆိုပါက ၎င်းမှာဟိုတုန်းက အနက် ရှိုင်းဆုံး ပင်လယ်အရှင်သခင်၏ ငရဲတွင်းနက်ကြီးသို့ ရောက်ရှိသွားမည် ဖြစ်လေသည်။
အသေအချာစဉ်းစားပြီးနောက် ရန်ရှောက်ထျန်းသည် သူ၏ညီမလေးနှင့် နဂါးချင်းရွှမ်လေး တို့အတွက် သက်တမ်းတစ်သိန်းရှိသောဝိညာဉ်သားရဲများကိုသာဖမ်းပေးရန် ဆုံးဖြတ်လိုက်လေ သည်။
ဘာပဲဖြစ်ဖြစ် ဝိညာဉ်ကွင်းဆက်ဆိုသည်မှာ အလွန်တရာအရေးကြီးလှပေသည်။
သူတို့၏ အခြေခံစွမ်းအားဖြင့် သက်တမ်းတစ်သိန်းရှိသော ဝိညာဉ်ကွင်းဆက်ကိုပေါင်းစပ် ရန်မှာ အန္တရာယ်များနိုင်သော်လည်း သူ၊ အမှောင်နဂါးနှင့်မိစ္ဆာမျောက်ဝံတို့ရှိနေသရွေ့ မည်သည့် ပြဿနာမျှ ရှိလိမ့်မည်မဟုတ်ပေ။
သေချာပေါက်ပင် ရန်ရှောက်ထျန်းသည် သူ၏ညီမလေးနှင့် ချင်းရွှမ်လေးတို့၏ သဘောထား ကိုလည်းမေးမြန်းခဲ့ရာ နှစ်ယောက်စလုံးမှာသက်တမ်းတစ်သိန်းရှိသော ဝိညာဉ်ကွင်းဆက်ကိုသာ စုစည်းချင်ကြလေသည်။
ရန်ရှောက်ထျန်းနှင့် တခြားသူများအနက်ရှိုင်းဆုံးဒေသသို့ ရောက်ရှိလာသည်နှင့် ဖီးနစ်ငှက်၏ ဟစ်အော်သံတစ်ခုပဲ့တင်ထပ်သွားပြီး ဧရာမ ရေခဲမီးလျှံ ဖီးနစ်တစ်ကောင်သည် အဝေးမှပျံဆင်း လာ ခဲ့လေသည်။
ဤရေခဲမီးလျှံဖီးနစ်မှာသက်တမ်း တစ်သိန်းတစ်သောင်းရှိသောဝိညာဉ်သားရဲ ဖြစ်လေ သည်။
ဒါပဲ။
ရန်ရှောက်ထျန်းသည် ထိုရေခဲမီးလျှံ ဖီးနစ်ကို ချက်ချင်းပင်ပစ်မှတ်ထားလိုက်လေသည်။
သူ၏ ညီမလေးရန်လင်အာတွင် ကိုးရောင်ခြယ်ဖီးနစ်သိုင်းဝိညာဉ်ရှိနေသည်ဖြစ်ရာ အကယ် ၍သူမသည်ဤသက်တမ်းတစ်သိန်းတစ်သောင်းရှိသောရေခဲမီးလျှံဖီးနစ်၏ ဝိညာဉ်ကိုပေါင်းစပ်နိုင် မည်ဆိုပါက ၎င်းမှာ သူမ၏သိုင်းဝိညာဉ်ကို ပိုမိုအထောက်အကူပြုပြီး သူမ၏စွမ်းအားကို ပိုမို ထိရောက်စွာ ထုတ်ဖော်နိုင်ပေလိမ့်မည်။
ချက်ချင်းဆိုသလိုပင် မိစ္ဆာမျောက်ဝံကြီးသည် လေထဲသို့ပျံတက်လိုက်ပြီး သူ၏ ပေတစ် သောင်းရှည်သော သံကြိုးကြီးကို ရေခဲမီးလျှံဖီးနစ်ဆီသို့ ဝှေ့ယမ်းကာ တိုက်ခိုက်လိုက်လေသည်။
အမှောင်နဂါးမှာမူ လှုပ်ရှားခြင်းမပြုခဲ့ပေ၊မိစ္ဆာမျောက်ဝံကြီးမှာ သက်တမ်းတစ်သိန်းတစ် သောင်းရှိသော ရေခဲမီးလျှံဖီးနစ်ကိုကိုင်တွယ်နိုင်သည်ဖြစ်ရာ သူသည် ရေခဲမီးလျှံဖီးနစ်ထွက်ပြေး မသွားစေရန်အတွက် အနီးအနားတွင်သာစောင့်ကြည့်နေလေသည်။
ရန်ရှောက်ထျန်းနှင့် တခြားသူများ ရေခဲမီးလျှံဖီးနစ်ကို ဖမ်းဆီးနေစဉ်တွင် ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းမှ လူများသည်ရန်ရှောက်ထျန်းနှင့် သူ၏အဖော်များအကြောင်းကို ဆွေးနွေးနေ ကြလေသည်။
“စီနီယာအစ်မ... အစ်မရဲ့ အမြင်အရဆိုရင် အဲဒီလူလတ်ပိုင်းအမျိုးသားနဲ့ အဲဒီ အဖိုးကြီးရဲ့ အစွမ်းက ဘယ်လောက်အထိရှိမလဲ” ဟု ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းမှ အမျိုးသမီး တပည့် တစ်ဦးက ဒူမေကို မေးလိုက်သည်။
ဒူမေက ခေါင်းခါပြလိုက်သည်။
“ပြောရခက်တယ်”
အဘယ်ကြောင့်ဆိုသော် လမ်းတောက်လျှောက်တွင်မိစ္ဆာမျောက်ဝံကြီးသည် သူ၏ အစွမ်းအကုန်ကို တစ်ခါမျှ အသုံးမပြုခဲ့ဘဲ သက်တမ်းတစ်သောင်း၊ နှစ်သောင်းနှင့် သုံးသောင်းရှိသော ဝိညာဉ်သားရဲများကို ပေါ့ပေါ့ပါးပါးသာ ရိုက်ခွဲပစ်ခဲ့သောကြောင့် ဖြစ်လေသည်။
အမှောင်နဂါးမှာမူ တစ်ခါမျှပင် လှုပ်ရှားခြင်း မပြုခဲ့ပေ။
အမှောင်နဂါး၏ အစွမ်းမှာမိစ္ဆာမျောက်ဝံထက်ပင် ပို၍ကြီးမားနိုင်ကြောင်း သူမ ခံစားနေ ရလေသည်။
“သူတို့ ညီမလေးနဂါးအတွက် သက်တမ်းဘယ်နှစ်သောင်းရှိတဲ့ ဝိညာဉ်သားရဲကို ဖမ်းပေး မလဲဆိုတာ ကျုပ်သိချင်မိတယ်” ဟု တိန်းချွမ်းက ပြောလိုက်သည်။
“ငါးသောင်းလောက် ဖြစ်မလား”
“ငါ မထင်ဘူး၊ ခြောက်သောင်း သို့မဟုတ် ခုနစ်သောင်းလောက် ဖြစ်နိုင်တယ်”
ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းမှတပည့်များ ဆွေးနွေးနေကြစဉ်တွင် အမျိုးသမီး တပည့် တစ်ဦးက ရုတ်တရက်ပြောလိုက်သည်။
“ငါ့အထင်တော့ ဂိုဏ်းချုပ်ကညီမလေးနဂါးအပေါ်မှာ နည်းနည်းမတရားဘူးလို့ ခံစားရ တယ်”
ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းမှ တပည့်များ အားလုံး တိတ်ဆိတ်သွားကြလေသည်။
မည်သူမျှ စကားမပြောကြတော့ပေ။
ဒူမေလည်း သက်ပြင်းချလိုက်မိသည်။
သူမ၏ ဆရာမှာသူမ၏ညီမလေးအပေါ် အမှန်တကယ်ပင်မတရားကြောင်း သူမလည်း ခံစားမိနေလေသည်။
ထိုကိစ္စတွင် ညီမလေးကသူမ၏ဆန္ဒကိုဆန့်ကျင်ခဲ့လျှင်ပင် ဆရာကသူမအပေါ် ဤသို့ မဆက် ဆံသင့်ပေ။
ညီမလေးတွင် အမြင့်မြတ်ဆုံးသိုင်းဝိညာဉ်ရှိနေသည်ဖြစ်ရာ သူမဝိညာဉ်ကွင်းဆက် ပေါင်းစပ် မည့်အချိန်တွင် သူမ၏ဆရာမှာဝိညာဉ်သားရဲဖမ်းရန်အတွက် သူမနှင့်အတူလိုက်ပါလာသင့်ခြင်း ဖြစ်လေသည်။
သို့သော် သူမ၏ဆရာမှာ အရေးကြီးသောကိစ္စများကိုင်တွယ်ရန် ရှိသည်ဟူသော အကြောင်း ပြချက်ကို အသုံးပြုခဲ့လေသည်။
အမှန်တကယ်တွင်မူ မည်သည့် အရေးကြီးကိစ္စမျှ မရှိခဲ့ပေ။
“ရှေးဟောင်းဘိုးဘေးကြီးက ရှေးဟောင်းနဂါးမျိုးနွယ်ကျင့်စဉ်တစ်ခုကို ရရှိခဲ့တယ်လို့ ငါ ကြားတယ်” ဟု ခုနက အမျိုးသမီး တပည့်က ထပ်လောင်းပြောကြားလိုက်သည်။
ဒူမေက ကြားဖြတ် ပြောလိုက်သည်။
“ရှေးဟောင်းဘိုးဘေးကြီးရဲ့ ကိစ္စတွေကို ငါတို့က ပေါ့ပေါ့ဆဆ ဆွေးနွေးလို့ မရဘူး”
ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းမှ တပည့်များမှာ နှုတ်ဆိတ်သွားကြတော့သည်။
အပြင်းအထန် တိုက်ခိုက်ပြီးနောက်တွင် မိစ္ဆာမျောက်ဝံကြီးသည် နောက်ဆုံး၌ ရေခဲမီးလျှံ ဖီးနစ်ကို အောင်မြင်စွာဖမ်းဆီးနိုင်ခဲ့လေပြီ။
ရန်လင်အာသည် ရေခဲမီးလျှံဖီးနစ်၏ဘေးတွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး ၎င်း၏ ဝိညာဉ်ကို စတင် ပေါင်းစပ်လိုက်လေသည်။
တစ်ရက် ကြာပြီးနောက်...။
ရန်လင်အာ၏ ကိုးရောင်ခြယ်ဖီးနစ်ပတ်လည်တွင် ခရမ်းနီရောင်ဝိညာဉ်ကွင်းဆက်တစ်ခုမှာ နောက်ဆုံး၌ အောင်မြင်စွာ စုစည်းသွားခဲ့လေပြီ။
ရန်ရှောက်ထျန်းမှာ ၎င်းကို မြင်သောအခါ အသက်ပြင်းပြင်း ရှူထုတ်နိုင်လိုက်လေသည်။
ထို့နောက်တွင် လူအုပ်ကြီးမှာနဂါးချင်းရွှမ်လေးအတွက် ဝိညာဉ်ရှာဖွေရန်စတင်ခဲ့ကြလေ သည်။
လဝက်ခန့် ကြာပြီးနောက်တွင် သူတို့သည်သက်တမ်းတစ်သိန်းတစ်သောင်းရှိသော ကိုးလက် သည်းရွှေနဂါးတစ်ကောင်ကို နောက်ဆုံး၌ရှာတွေ့ခဲ့ကြလေသည်။
နဂါးချင်းရွှမ်လေးတွင် နဂါးသွေးကြောနှင့်နဂါးမျိုးနွယ်သိုင်းဝိညာဉ် ရှိနေသည်ဖြစ်ရာ ကိုးလက်သည်းရွှေနဂါး၏ဝိညာဉ်ကို ပေါင်းစပ်ရန်မှာ အသင့်တော်ဆုံးဖြစ်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက်ကုန်ဆုံးသွားခဲ့ပြီး ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းမှ တပည့်များမှာ အနည်းငယ်စိတ်မရှည်ဖြစ်လာကြချိန်တွင် ရန်ရှောက်ထျန်းနှင့် သူ၏ အဖော်များမှာ အတွင်းပိုင်းမှ ပျံထွက်လာခဲ့ကြလေပြီ။
ဒူမေမှာ စိတ်အေးသွားပြီး ရှေ့သို့ တိုးလာကာ..
“ညီမလေး နဂါး... ဘယ်လိုလဲ” ဟု မေးလိုက်သည်။
နဂါးချင်းရွှမ်လေးက ခေါင်းညိတ်ပြလိုက်ပြီး သူမ၏မျက်နှာတွင်အပြုံးများပြည့်နှက် နေ တော့သည်။
“အောင်မြင်သွားပါပြီ”
ဒူမေက ပြုံးလိုက်ပြီး ။
“ဒါဆိုရင် ကောင်းတာပေါ့။ ညီမလေးက ဝိညာဉ်ကွင်းဆက်ကို အောင်မြင်စွာ စုစည်းနိုင်ခဲ့ပြီ ဆိုတော့ ငါတို့ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းကို ပြန်ကြရအောင်လေ” ဟု ပြောရင်း သူမက ရန်ရှောက်ထျန်းနှင့် အမှောင်နဂါးတို့ကို နှုတ်ဆက်ရန်အတွက် လက်အုပ်ချီလိုက်လေသည်။
ဒူမေ ထွက်ခွာတော့မည့်ဆဲဆဲတွင် ရန်ရှောက်ထျန်းက ရုတ်တရက် ပြောလိုက်သည်။
“စီနီယာအစ်မ ဒူ... ကျုပ်မှာ မင်းတို့ဂိုဏ်းချုပ်ကိုပြောခိုင်းချင်တဲ့ စကားတစ်ခွန်း ရှိပါတယ်၊ ကျေးဇူးပြုပြီး ကျုပ်အတွက်ကူညီပြီး ပြောပေးပါဦး”
ဒူမေမှာ အံ့အားသင့်စွာဖြင့်ရပ်တန့်သွားသည်၊ ရန်ရှောက်ထျန်းက သူမတို့ဂိုဏ်းချုပ်ကို ဘာပြောချင်သလဲဆိုတာ သူမမသိပေ။
“ချင်းရွှမ်လေးကို ကောင်းကောင်းဆက်ဆံဖို့ မင်းတို့ဂိုဏ်းချုပ်ကိုပြောလိုက်စမ်းပါ။ အကယ်၍ နောင်ကျရင်ချင်းရွှမ်လေးကမင်းတို့ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းမှာ တစ်ခုခု မတရား ခံရတာမျိုးရှိခဲ့ရင် ကျုပ်ကိုယ်တိုင်မင်းတို့ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းကိုလာပြီး ရှင်းပြချက် တောင်းမယ်လို့ဆိုတာကို ပြောလိုက်ပါ”
ရန်ရှောက်ထျန်း၏ အသံမှာတည်ငြိမ်လှသော်လည်း ဒူမေ၏ကျောရိုးထဲအထိ စိမ့်တက် သွားသလို ခံစားလိုက်ရလေသည်။
အကယ်၍ နောင်ကျရင်နဂါးချင်းရွှမ်လေးက ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းမှာ အမှန် တကယ်မတရားခံရမည်ဆိုပါက ရန်ရှောက်ထျန်းသည်ရှင်းပြချက်တောင်းရုံသာလုပ်မည် မဟုတ် ကြောင်း ဒူမေနားလည်သွားခဲ့လေပြီ။
“အစ်ကို ရှောက်ထျန်း...ကျေးဇူးတင်ပါတယ်”
နဂါးချင်းရွှမ်လေးမှာ အလွန်တရာစိတ်လှုပ်ရှားသွားပြီး ရန်ရှောက်ထျန်းကို ချစ်ခင်စွာ ကြည့် လိုက်လေသည်။ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အစ်ကိုရှောက်ထျန်းမှာ သူမကို ကာကွယ်ပေးခဲ့သည့် ထိုအစ်ကို ရှောက်ထျန်းအတိုင်းပင် ဖြစ်နေဆဲဖြစ်လေသည်။
“နောက်ရက်အနည်းငယ်ကြာရင် ကျုပ်ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းကိုလာပြီး မင်းဆီ လာလည်မယ်” ဟု ရန်ရှောက်ထျန်းက နဂါးချင်းရွှမ်လေးကို ပြုံးလျက် ပြောလိုက်သည်။
သူသည် ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ဘဏ္ဍာတိုက်ကိုရှာတွေ့ပြီး၊ ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကို ရှာတွေ့ကာ ထာဝရကောင်းကင်ခေါင်းတလားကို သန့်စင်ပြီးသည်နှင့် ပန်းပေါင်းတစ်ရာ နတ်ဘုရား ဂိုဏ်းသို့ သွားပေလိမ့်မည်။
ရန်ရှောက်ထျန်း၏ အကြည့်အောက်တွင် နဂါးချင်းရွှမ်လေးနှင့် ပန်းပေါင်းတစ်ရာ နတ်ဘုရား ဂိုဏ်းမှ တပည့်များမှာ နောက်ဆုံး၌ကမ္ဘာ့အစွန်းသို့ ပျောက်ကွယ်သွားကြတော့သည်။
“မိစ္ဆာအိုကြီးကို ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းအကြောင်းစုံစမ်းခိုင်းလိုက်စမ်း” ဟု ရန်ရှောက်ထျန်းက မိစ္ဆာမျောက်ဝံကြီးကို အေးစက်သောအသံဖြင့်ပြောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ချင်းရွှမ်လေးက ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းမှာ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ ငါ သိချင်တယ်”
“ဟုတ်ကဲ့ပါ သခင်လေး”
***