“ကြားဖြတ်ဟန့်တားခြင်းဗျူဟာ”
ဂျူဟွာက ခပ်တိုးတိုး ရေရွတ်လိုက်တဲ့ အခါမှာတော့ ထိတ်လန့်ဖွယ် ဓားအလင်းတန်း သုံးခုဟာ မြေကမ္ဘာ ဖင်းဂေါ့ရဲ့ လက်ခြောက်ဖက်နဲ့ ချက်ချင်း ထိပ်တိုက်ဆုံမိသွားပါတယ်။
ဟိန်းဟောက်သံကြီး တစ်ချက် ထွက်ပေါ်လာပြီးနောက်မှာတော့ ဖင်းဂေါ့ရဲ့ လက်ခြောက်ဖက်လုံးမှာ ကြီးမားတဲ့ ဒဏ်ရာတစ်ခုစီ ပေါ်လာသလို၊ ဂျူဟွာရဲ့ အင်မော်တယ်ဓား ကိုးစင်းဟာလည်း အရှိန်နဲ့ လွင့်စင်ထွက်သွားပါတယ်။
“သူက တကယ်ပဲ အင်မော်တယ်ဓားတွေနဲ့ ခုခံနိုင်ခဲ့တာလား”
အဝေးကနေ ကြည့်နေတဲ့ ချင်းမူလင်း ရဲ့ မျက်နှာမှာ အံ့ဩတုန်လှုပ်မှုတွေ ထင်ဟပ်လာပါတယ်။ ဒါပေမဲ့ သူမဟာ တစ်ခုခုကို သတိရသွားပြီး လက်ထဲက အဖြူရောင် ငှက်မွှေးယပ်တောင်ကို မြှောက်ပြီး ပြင်းပြင်းထန်ထန် ယပ်ခတ်လိုက်ပါပြီ။
ဝုန်း
ပြင်းထန်တဲ့ လေပြင်းတွေ တိုက်ခတ်လာတာကြောင့် မြေကမ္ဘာ ဖင်းဂေါ့ဟာ စိတ်တိုတိုနဲ့ပဲ လေပြင်းတွေကို ကာကွယ်ဖို့ သူ့လက်တွေကို ဝှေ့ယမ်းလိုက်ရပါတယ်။
ဒီလေပြင်းတွေက ဖင်းဂေါ့ကို စိတ်အနှောင့်အယှက် ဖြစ်ရုံလောက်ပဲ ပေးနိုင်ပေမဲ့၊ မလှမ်းမကမ်းမှာ ရပ်နေတဲ့ ဂျူဟွာကတော့ သူ့ကို တကယ်ပဲ ဒေါသထွက်စေပါတယ်။ ဂျူဟွာဟာ သူ့ရဲ့ တိုက်စစ်ကို တိုက်စစ်ချင်း ထိပ်တိုက် ရင်ဆိုင်နိုင်ခဲ့တာကြောင့် ဒီလူသားဟာ အစောပိုင်းက သူ့ရဲ့ အစွမ်းအစတွေကို တမင်လျှို့ဝှက်ထားခဲ့တာပဲလို့ ဖင်းဂေါ့ကြီး နားလည်သွားပါပြီ။
ဒီမြေကမ္ဘာ ဖင်းဂေါ့ဟာ တိုက်ပွဲအတွေ့အကြုံ များတာကြောင့် အစောပိုင်း ထိပ်တိုက်တွေ့ဆုံမှုမှာ သူက အသာစီးရခဲ့တယ် ဆိုပေမဲ့လည်း တစ်ဖက်လူဟာ သူ့ကို အချိန်အတော်ကြာအောင် တားဆီးထားနိုင်စွမ်း ရှိတယ်ဆိုတာကို သဘောပေါက်သွားပါတယ်။
“ကောက်ကျစ်လှတဲ့ လူသား။ အခုမှပဲ မင်းရဲ့ အစွမ်းကုန်ကို ထုတ်ပြတော့တယ်ပေါ့လေ။”
ဖင်းဂေါ့ကြီးက ဟိန်းဟောက်ရင်း သူ့လက်တွေကို ဝှေ့ယမ်းကာ ရှေ့ကို တစ်ကျော့ပြန် ထိုးစစ်ဆင်လာပါပြီ။
ဂျူဟွာကို အချိန်တိုအတွင်း အနိုင်ယူဖို့ ခက်ခဲမယ်ဆိုတာ သူသိပေမဲ့ အရှုံးပေးဖို့တော့ စောသေးတာမို့ သူ ထပ်ပြီး ကြိုးစားကြည့်ချင်နေတာပါ။
ဖင်းဂေါ့ရဲ့ ရူးသွပ်စရာကောင်းလှတဲ့ ထိုးစစ်ကို ရင်ဆိုင်ရာမှာ ဂျူဟွာဟာ တုံ့ဆိုင်းမနေဘဲ သူ့ရဲ့ အင်မော်တယ်ဓားတွေကို ပြန်လည် အသက်သွင်းပြီး ခုခံလိုက်ပါတယ်။
ဒါပေမဲ့ ဖင်းဂေါ့ မှားသွားတဲ့ အချက်တစ်ခုကတော့ ဂျူဟွာဟာ အခုထိ သူ့ရဲ့ အစွမ်းကုန်ကို မထုတ်ရသေးဘူး ဆိုတာပါပဲ။
ဒါပိ ဓားသိုင်းရဲ့ ပဥ္စမမြောက် အကွက်ဟာ ထိပ်တန်း လွတ်မြောက်အင်မော်တယ် အဆင့်ထက် ကျော်လွန်နေပြီ ဖြစ်ပေမဲ့လည်း နှစ်သန်းချီ လွတ်မြောက်အင်မော်တယ် အဆင့်နဲ့တော့ အများကြီး ကွာပါသေးတယ်။ ဂျူဟွာရဲ့ အစောပိုင်း တိုက်ကွက်ဟာ စကြဝဠာ မဟာတာအိုနဲ့ ပေါင်းစပ်ထားတဲ့ ဓားတာအို မဟုတ်ဘဲ ဓားတာအို သက်သက်ကိုပဲ အသုံးပြုထားတာပါ။
အဲဒါကြောင့်ပဲ ဂျူဟွာဟာ ဒီဖင်းဂေါ့နဲ့ ထိပ်တိုက်တွေ့ရာမှာ အားနည်းချက် ရှိနေတာပါ။ မဟုတ်ရင် ကျွမ်းရွှေကလန်ရဲ့ စစ်ဝင်္ကပါ အရှိန်အဝါနဲ့ဆိုရင် ဂျူဟွာအနေနဲ့ ဒီဖင်းဂေါ့ကို ဖိနှိပ်ထားနိုင်ပါလိမ့်မယ်။
လေလွင့်တိမ်တိုက်နဲ့ ကျွမ်းရွှေဖင်ချိုးတို့ ထွက်ပြေးသွားတာက ဂျူဟွာရဲ့ အစီအစဉ်ကို အနည်းငယ် ထိခိုက်စေခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့ သူက အစွမ်းကုန် မထုတ်ရသေးတာကြောင့် နောင်မှာ အန္တရာယ် ကြုံလာရင်တောင် နောက်ထပ် တစ်ကြိမ် အစွမ်းပြဖို့ အခွင့်အရေး ရှိနေပါသေးတယ်။
ဂျူဟွာ အစွမ်းအချို့ ထုတ်ပြလိုက်တာကလည်း အကျိုးသက်ရောက်မှု ရှိပါတယ်။ အခုချိန်မှာ ဖင်းဂေါ့ကို အပြတ်အသတ် အနိုင်မယူနိုင်သေးပေမယ့်လည်း သူ့ကို အချိန်နည်းနည်းတော့ ဆွဲထားနိုင်ပါတယ်။
ခဏကြာရင် ဘိုးဘေးထျန်ယန် ရောက်လာတော့မှာပါ။ အဲဒီအချိန်ကျရင်တော့ ဒီဖင်းဂေါ့တွေ ပြေးစရာ မြေရှိမှာ မဟုတ်တော့ပါဘူး။
ဂျူဟွာဟာ ဖင်းဂေါ့ကြီးရဲ့ တိုက်ခိုက်မှုတွေကို တစ်ဆင့်ချင်း ခုခံနေပါတယ်။ ဖင်းဂေါ့ရဲ့ စွမ်းအားက သူ့ထက် သာတယ်ဆိုပေမဲ့ သိပ်အများကြီးတော့ မဟုတ်ပါဘူး။ ဂျူဟွာဘက်က သိသာတဲ့ အားနည်းချက် မပြသရွေ့တော့ တစ်ဖက်က သူ့ကို အလွယ်တကူ အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။
ဖင်းဂေါ့ဟာ တုံးရွှမ် ရွှေရောင်အလင်းနဲ့ ဂျူဟွာကို အလစ်အငိုက် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပေမဲ့ အဲဒီတိုက်ခိုက်မှုအားလုံးကို ဂျူဟွာက ဘေးမှာ အဆင်သင့် ပြင်ထားတဲ့ လီတျန် အင်မော်တယ်ဓားနဲ့ အသာလေး ပယ်ဖျက်နိုင်ခဲ့ပါတယ်။
အဲဒီဓားဟာ အထူးအဆင့် အင်မော်တယ် ရတနာ ဖြစ်သလို ဂျူဟွာရဲ့ ကျင့်စဉ်အဆင့်ကလည်း လေလွင့်တိမ်တိုက်ထက် အများကြီး သာတာကြောင့် ရွှေရောင်အလင်းတွေကို တားဆီးဖို့က မခက်ခဲပါဘူး။
ဖင်းဂေါ့ဟာ ရူးသွပ်စွာ တိုက်ခိုက်နေတာ လက်ဖက်ရည် တစ်ဝက်သောက်စာလောက် ကြာသွားပေမဲ့ ဂျူဟွာကတော့ တောင်ကြီးတစ်လုံးလို ခိုင်ခိုင်မာမာ ရပ်တည်နေဆဲပါ။ ရုတ်တရက် ဖင်းဂေါ့က သူ့ရဲ့ တိုက်ခိုက်မှုတွေကို ရပ်လိုက်ပါတယ်။
“တိုက်ပွဲက အခုမှ စတာပဲရှိသေးတာ၊ ဘာလို့ ရပ်လိုက်တာလဲ။ ဆက်တိုက်လေ။”
ဂျူဟွာက အော်ဟစ်ပြီး လှောင်ပြောင်လိုက်ပါပြီ။
“လူသား... မင်း စောင့်နေလိုက်ဦး၊ မင်းကို တစ်နေ့ကျရင် ငါ့လက်နဲ့ အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်။”
ဒီမြေကမ္ဘာ ဖင်းဂေါ့ဟာ ငတုံး မဟုတ်ပါဘူး။ ဂျူဟွာရဲ့ လှောင်ပြောင်မှုကို သူ တကယ် စိတ်မလိုက်ပါဘူး။ သူဟာ ခြိမ်းခြောက်စကား တစ်ခွန်း ပြောပြီးနောက် ဟိန်းဟောက်သံကြီးနဲ့အတူ ဆောင်းဦးတောင်ကုန်း ရွှံ့နွံအိုင်ကြီးဘက်ကို လှည့်ပြီး တဟုန်ထိုး ထွက်ပြေးသွားပါတော့တယ်။
တစ်ပြိုင်နက်မှာပဲ ကျွမ်းရွှေကလန် တပ်ဖွဲ့နဲ့ တိုက်ခိုက်နေတဲ့ မူလာတာအိုအဆင့် ဖင်းဂေါ့တွေကလည်း မကျေမနပ်နဲ့ပဲ တိုက်ပွဲကို စွန့်ခွာပြီး သူတို့ခေါင်းဆောင်နောက်ကို လိုက်သွားကြပါတယ်။
“ပြေးနေတဲ့ ရန်သူကို အတင်းမလိုက်ကြနဲ့။”
ဂျူဟွာဟာ ကောင်းကင်ယံမှာ ရပ်နေရင်း အဝေးကို ထွက်ပြေးသွားတဲ့ ဖင်းဂေါ့ကြီးတွေကို ကြည့်ပြီး အမိန့်ပေးလိုက်ပါတယ်။
အနက်ရောင် သံချပ်ကာတပ်သားတွေဟာ ဂျူဟွာ့အမိန့်ကို လုံးဝ မဖီဆန်ကြပါဘူး။ အရင်က သူတို့ဟာ ဂျူဟွာကို သေနာပတိမို့လို့ အမိန့်နာခံခဲ့တာဆိုရင်၊ ဒီတိုက်ပွဲအပြီးမှာတော့ ဂျူဟွာအပေါ် လေးစားအားကျတဲ့စိတ်နဲ့ ရင်ထဲကနေ လိုလိုလားလား နာခံကြတာ ဖြစ်ပါတယ်။
ဂျူဟွာဟာ တပ်သားအနည်းငယ်နဲ့အတူ မြေကမ္ဘာ ဖင်းဂေါ့တစ်ကောင်ကို တားဆီးထားနိုင်ခဲ့ပါတယ်။ ဒါဟာ ဘာကို ဆိုလိုသလဲဆိုတာ ဒီနေရာမှာရှိတဲ့ လွတ်မြောက်အင်မော်တယ်တွေနဲ့ မူလတာအို တန်ခိုးရှင်တိုင်း သိကြပါတယ်။
မကြာခင်မှာပဲ ဂျူဟွာဟာ နှစ်သန်းချီ လွတ်မြောက်အင်မော်တယ် အဆင့်၊ ဒါမှမဟုတ် ကောင်းကင်အင်မော်တယ် အဆင့် အစွမ်းမျိုးကို ပိုင်ဆိုင်လာတော့မှာပါ။
စွမ်းအားကြီးသူကို လေးစားတာဟာ လောကသုံးပါး ထဲက တန်ခိုးရှင်တိုင်းရဲ့ သဘာဝပါ။
ဒါ့အပြင် ဂျူဟွာက ဖင်းဂေါ့ကို တားထားပေးလို့သာ ကျန်တဲ့ တပ်သားတွေက စိတ်အေးလက်အေး တိုက်ခိုက်နိုင်ခဲ့တာပါ။ တကယ်လို့သာ ဂျူဟွာက လေလွင့်တိမ်တိုက်နဲ့ ကျွမ်းရွှေဖင်ချိုးတို့လို ထွက်ပြေးသွားမယ်ဆိုရင် ဒီတပ်သားတွေရဲ့ ကံကြမ္မာဟာ တွေးဝံ့စရာ မရှိပါဘူး။
သာမန် လွတ်မြောက်အင်မော်တယ် ဦးဆောင်တဲ့ တပ်သား တစ်ရာဟာ မြေကမ္ဘာ ဖင်းဂေါ့ တစ်ကောင်ရှေ့မှာတော့ အမှုန့်ဖြစ် ပျက်စီးသွားမှာ အသေအချာပါပဲ။ အဲဒီတော့ ဂျူဟွာ တောင့်ခံထားပေးတာဟာ သူတို့ရဲ့ အသက်တွေကို ကယ်တင်ပေးလိုက်တာနဲ့ အတူတူပါပဲ။ ဒါကြောင့်လည်း လူအများက ဂျူဟွာကို ကျေးဇူးတင်နေကြတာပါ။
ဖင်းဂေါ့တွေ ထွက်သွားပြီးနောက် ဂျူဟွာဟာ တပ်ဖွဲ့ကို အနားယူခိုင်းလိုက်ပြီး သူကိုယ်တိုင်ကတော့ ဘိုးဘေးထျန်ယန် ရောက်လာမယ့်အချိန်ကို ကောင်းကင်မှာ စောင့်နေပါတယ်။
ရေနွေးတစ်အိုးကျက်လောက် ကြာတဲ့အခါမှာတော့ အဝေးကနေ ရွှေရောင်အလင်းတန်းတစ်ခု ပျံသန်းလာတာကို ဂျူဟွာ မြင်လိုက်ရပါတယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ အဲဒီအလင်းတန်းဟာ ဂျူဟွာ့ရှေ့ကို ရောက်လာပါပြီ။
ဒါဟာ ရှည်လျားတဲ့ ဆံပင်တွေ၊ ကျောက်စိမ်းလို အသားအရေနဲ့ ချောမောတဲ့ မျက်နှာရှိတဲ့ လူငယ်တစ်ယောက်ပါ။ ဒါပေမဲ့ သူဟာ လူငယ်မဟုတ်ဘူးဆိုတာ ဂျူဟွာ သိပါတယ်။ သူက ကျွမ်းရွှေကလန်ရဲ့ ကောင်းကင်အင်မော်တယ် ဘိုးဘေးတစ်ယောက်ဖြစ်တဲ့ ဘိုးဘေးထျန်ယန်ပါပဲ။
“ကျွမ်းရွှေဂျူဟွာက ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်”
ဂျူဟွာက ဦးညွှတ် နှုတ်ဆက်လိုက်ပါတယ်။
“အားနာစရာ မလိုပါဘူး”
ဘိုးဘေးထျန်ယန်က အောက်က အခြေအနေကို တစ်ချက် ကြည့်လိုက်ပြီး မေးလိုက်ပါတယ်။
“အဲဒီ ဖင်းဂေါ့တွေ ဆုတ်ခွာသွားပြီလား”
“ဟုတ်ကဲ့၊ သူတို့ ဆုတ်ခွာသွားပါပြီ”
“အတော်ဆိုးတာပဲ” ဘိုးဘေးထျန်ယန်က မျက်မှောင်ကြုတ်လိုက်ပြီး ဆက်မေးပါတယ်။
“တပ်ဖွဲ့ဘက်က အကျအဆုံး ဘယ်လောက်ရှိလဲ”
“အကျအဆုံး သိပ်မရှိပါဘူး”
ဂျူဟွာက အမှန်အတိုင်း ပြန်ဖြေလိုက်ပါတယ်။
“အင်း။ မင်းက အဲဒီ မြေကမ္ဘာ အဆင့် ဖင်းဂေါ့ကြီးကို တစ်ယောက်တည်း ဒဏ်ရာမရဘဲ တားဆီးနိုင်ခဲ့တာလား”
ဘိုးဘေးထျန်ယန်ရဲ့ မျက်နှာမှာ စိတ်ဝင်စားတဲ့ အရိပ်အယောင်တွေ ထင်ဟပ်လာပါတယ်။
“ဘိုးဘေး... ဒါကို ကြည့်ပါဦး”
ဂျူဟွာက အင်မော်တယ်ဓားကို ထုတ်ယူပြီး အစွမ်းအချို့ကို သရုပ်ပြလိုက်ပါတယ်။
“ဒါက...”
ဘိုးဘေးထျန်ယန်ဟာ ဓားတာအို လျှောက်လှမ်းသူ မဟုတ်ပေမဲ့လည်း အမြင်တော့ ရှိပါတယ်။ သူက အံ့ဩတကြီးနဲ့ မေးလိုက်ပါပြီ။
“ဒါပိ ဓားသိုင်းရဲ့ ကြားဖြတ်ဟန့်တားခြင်ဗျူဟာလား”
“စစ်မထွက်ခင်မှာ ကျွန်တော် ကံကောင်းထောက်မစွာနဲ့ ဉာဏ်အလင်းတချို့ ရခဲ့ပြီး ဒီအကွက်ကို နားလည်သွားခဲ့တာပါ”
ဂျူဟွာက ရှင်းပြလိုက်ပါတယ်။
“အင်း... ဒါပိ ဓားသိုင်းရဲ့ ပဥ္စမမြောက်အကွက်ကို ကျင့်ကြံနိုင်ပြီး ငါတို့ကလန်ရဲ့ စစ်ဝင်္ကပါ အရှိန်အဝါလည်း ရှိနေရင်တော့ မြေကမ္ဘာ ဖင်းဂေါ့ကို အချိန်ခဏလောက် တားထားဖို့က မခက်ခဲပါဘူး”
ဘိုးဘေးထျန်ယန်က စဉ်းစားရင်းနဲ့ ခေါင်းငြိမ့်ပါတယ်။ ဒါပေမဲ့ သူ တစ်ခုခုကို သတိရသွားသလိုမျိုး သက်ပြင်းချလိုက်ပြီး ပြောလိုက်ပါပြီ။
“ငါ ကလန်နဲ့ ဝေးကွာနေတာ ကြာသွားပြီ ထင်တယ်၊ ကလန်ထဲမှာ မင်းလို အစွမ်းထက်တဲ့ လွတ်မြောက်အင်မော်တယ် တစ်ယောက် ပေါ်ထွန်းလာတာကိုတောင် ငါ မသိခဲ့ဘူးပဲ။”
ဂျူဟွာ
“...”
***