ဒီလို အရေးကြီးတဲ့ ကိစ္စမျိုးကို ဂျူဟွာ တစ်ယောက် အကြောင်းမဲ့ နောက်ပြောင်မှာ မဟုတ်ဘူးဆိုတာ ကျာမူလည်း ယုံကြည်ပါတယ်။ ဒါကြောင့် အကျိုးအကြောင်း အနည်းငယ် မေးမြန်းအတည်ပြုပြီးနောက် ဒီတပ်မဟာရဲ့ သေနာပတိချုပ်ဖြစ်တဲ့ ပန်းကိုးပွင့် အင်မော်တယ်ဆီကို ချက်ချင်း သတင်းပို့လိုက်ပါတယ်။
လူသူလေးပါးနဲ့ ဝေးကွာလှတဲ့ ကောင်းကင်အင်မော်တယ် တွေနဲ့ ယှဉ်ရင် ပန်းကိုးပွင့် အင်မော်တယ် ရဲ့ နာမည်က ပိုပြီးတော့တောင် ကျော်ကြားပါသေးတယ်။ ဘာလို့လဲဆိုတော့ သူဟာ နှစ်သန်းချီ သက်တမ်းရှိတဲ့ နာမည်ကျော် လွတ်မြောက်အင်မော်တယ်တစ်ဦး ဖြစ်လို့ပါပဲ။
ပိုပြီး ကြောက်စရာကောင်းတာက ပန်းကိုးပွင့် အင်မော်တယ်ရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၁.၅ သန်းကျော်နေတဲ့ အချက်ပါ။
သက်တမ်း နှစ်ပေါင်း ၁.၅ သန်းကျော်အထိ အေးအေးလူလူ ရှင်သန်နေနိုင်တယ်ဆိုကတည်းက သူဟာ သာမန် နှစ်သန်းချီ လွတ်မြောက်အင်မော်တယ်မဟုတ်ဘူးဆိုတာ သိသာပါတယ်။ သူ့က သာမန် ကောင်းကင်အင်မော်တယ် တွေထက်တောင် ပိုပြီး အစွမ်းထက်နေလောက်ပါပြီ။
ဒီစစ်ဆင်ရေးမှာ ကောင်းကင်အင်မော်တယ်တွေက နောက်ကွယ်မှာပဲ ရှိနေကြပြီး ပန်းကိုးပွင့် အင်မော်တယ်ကတော့ ရှေ့တန်းက အစွမ်းဆုံး ပုဂ္ဂိုလ်ပါ။ ရှအင်ပါရီယာပြည့်ရှင်က သူ့ကို တပ်မဟာဦးစီးဖို့ အထူးတလည် ရွေးချယ်ခဲ့တာဟာ အကြောင်းမဲ့ မဟုတ်ပါဘူး။
ကျာမူက မှော်ရတနာကတစ်ဆင့် သတင်းပို့ပြီး မကြာခင်မှာပဲ အဖြူအမဲ တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာမှာ အပြုံးနုနု ရှိနေတဲ့ အင်မော်တယ် တစ်ဦး ကျွမ်းရွှေကလန်ရဲ့ ယာယီစခန်းထဲမှာ ပေါ်လာပါပြီ။
“မင်းက တာအိုရောင်းရင်း ဂျူဟွာ လား”
ပန်းကိုးပွင့် အင်မော်တယ်က ဂျူဟွာကို ကြည့်ပြီး မေးလိုက်ပါတယ်။
“ကျွမ်းရွှေဂျူဟွာက တာအိုရောင်းရင်း ပန်းကိုးပွင့်ကို ဂါရဝပြုပါတယ်”
ဂျူဟွာက လက်သီးနှစ်ဖက်ယှက် နှုတ်ဆက်လိုက်ပါတယ်။
ဂျူဟွာဟာ သူ့ရှေ့က အင်မော်တယ်ဆီကနေ သိပ်မသိသာပေမဲ့ ထူးခြားတဲ့ အန္တရာယ်အငွေ့အသက်ကို ခံစားမိနေပါပြီ။ ဒီစစ်စခန်းတစ်ခုလုံးမှာ သူ့ကို အန္တရာယ်ပေးနိုင်တဲ့သူဆိုလို့ ပန်းကိုးပွင့် အင်မော်တယ်ပဲ ရှိတာကြောင့် အခုရောက်လာသူရဲ့ အထောက်အထားကို ထပ်ရှင်းပြနေစရာ မလိုတော့ပါဘူး။
“တာအိုရောင်းရင်း ဂျူဟွာ... အစကတော့ ကလန်အားလုံး ရောက်လာမှ ငါတွေ့ဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ ဒီလို မျှော်လင့်မထားတဲ့ အခြေအနေတွေ ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ပန်းကိုးပွင့် အင်မော်တယ်က ရှင်းပြပြီးနောက် ဆက်ပြောပါတယ်။
“စကားအပို မပြောတော့ပါဘူးလေ။ တာအိုရောင်းရင်း ဂျူဟွာ... ဖင်းဂေါ့တွေနဲ့ တိုက်ခိုက်ခဲ့တဲ့ အကြောင်းကို အသေးစိတ် ပြောပြပါဦး”
“ကောင်းပါပြီ”
ဂျူဟွာက ခေါင်းငြိမ့်ပြပြီးနောက် လေလွင့်တိမ်တိုက်နဲ့ ကျွမ်းရွှေဖင်ချိုးတို့ရဲ့ ကိစ္စကလွဲလို့ ကျန်တာအားလုံးကို အသေးစိတ် ပြန်ပြောပြလိုက်ပါပြီ။
“ဪ... ဒီလိုကိုး”
ပန်းကိုးပွင့် အင်မော်တယ်က ခေါင်းငြိမ့်ရင်း စဉ်းစာရင် ဂျူဟွာကို တစ်ချက် ကြည့်လိုက်ပါတယ်။
ဒီစစ်ဆင်ရေးရဲ့ သေနာပတိချုပ်အနေနဲ့ သူဟာ ကလန်အသီးသီးက လွှတ်လိုက်တဲ့ စစ်အင်အားတွေကို ကောင်းကောင်း သိပါတယ်။ သူ မှတ်မိသလောက်ဆိုရင် ဒီကျွမ်းရွှေဂျူဟွာဟာ လွတ်မြောက်အင်မော်တယ်ဖြစ်တာ ၄ နှစ်တောင် မပြည့်သေးဘူး မဟုတ်လား။
ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ စစ်ဝင်္ကပါရဲ့ အကူအညီနဲ့တင် မြေကမ္ဘာ ဖင်းဂေါ့တစ်ဦးကို တောင့်ခံနိုင်တဲ့ အဆင့်အထိ ရောက်နေပြီလား။ ဒီလောက် ပါရမီကောင်းတဲ့သူက ဘယ်လိုဖြစ်ပြီး မိုးကောင်းကင် စမ်းသပ်စစ်ဆေးမှု ကပ်ဘေးကို ရှုံးနိမ့်သွားရတာလဲ။
ပန်းကိုးပွင့် အင်မော်တယ်ဟာ တကယ်ပဲ ဇဝေဇဝါ ဖြစ်သွားပေမဲ့ အခုအခြေအနေက ဒါကို စုံစမ်းနေဖို့ အချိန်မဟုတ်ပါဘူး။ ဆောင်းဦးတောင်ကုန်းက ဖင်းဂေါ့တွေဟာ ကျွမ်းရွှေကလန်ကို ချောင်းမြောင်း တိုက်ခိုက်ခဲ့ရင် တခြားကလန်တွေကိုလည်း တိုက်ခိုက်နိုင်ပါတယ်။ သူ ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းရပါမယ်။
“တာအိုရောင်းရင်း ဂျူဟွာ... နောက်ပိုင်းကျရင် ကျွမ်းရွှေတပ်မဟာကို သေချာ ထိန်းသိမ်းထားပါ။ တိုက်ပွဲကြီးက အချိန်မရွေး ဖြစ်လာနိုင်တယ်”
ပန်းကိုးပွင့် အင်မော်တယ်က လေးနက်တည်ကြည်စွာ ပြောလိုက်ပါပြီ။
“ကျွမ်းရွှေကလန်က အချိန်မရွေး တိုက်ပွဲဝင်ဖို့ အသင့်ပါပဲ”
ဂျူဟွာက အာမခံလိုက်ပါတယ်။
“ကောင်းပြီ၊ တာအိုရောင်းရင်း ဂျူဟွာ့ဆီက ဒီစကားကြားရတော့ ငါ စိတ်အေးသွားပါပြီ”
ပန်းကိုးပွင့် အင်မော်တယ်က ခေါင်းငြိမ့်ပြပြီးနောက် ကျွမ်းရွှေကလန် စခန်းကနေ ထွက်ခွာသွားပါတော့တယ်။
ပန်းကိုးပွင့် အင်မော်တယ် ထွက်သွားတဲ့နေရာကို ကြည့်ရင်း ဂျူဟွာ ခဏလောက် စဉ်းစားပြီး သက်ပြင်းချလိုက်ပါတယ်။
ဒီပန်းကိုးပွင့် အင်မော်တယ်ဟာ မောက်မာရိုင်းစိုင်းတဲ့သူ မဟုတ်ဘဲ အတော်လေး သဘောထားပြည့်၀သူလို့ ထင်ရပါတယ်။ ဒီလို ခေါင်းဆောင်မျိုးအောက်မှာဆိုရင်တော့ ဒီစစ်ပွဲက သိပ်ပြီး ခက်ခဲမှာ မဟုတ်ပါဘူး။ ပန်းကိုးပွင့် အင်မော်တယ် ထွက်သွားပြီးနောက် ဂျူဟွာက ကျာမူကို ပြန်လွှတ်လိုက်ပါတယ်။ ဒါပေမဲ့ သူ ခဏလောက် နားဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ ကျွမ်းရွှေကလန်က လွတ်မြောက်အင်မော်တယ်တစ်ဦး ဝင်လာပါပြီ။
အဲဒီလွတ်မြောက်အင်မော်တယ်က ဂျူဟွာ့ကို အသံတိုးတိုးနဲ့ သတင်းပို့ပါတယ်။ အဲဒါကို ကြားပြီးနောက် ဂျူဟွာကတော့ ဘာမှ မခံစားရသလိုပဲ ခေါင်းငြိမ့်ပြလိုက်ပါပြီ။
ခဏအကြာမှာ သူက ပြောလိုက်တယ်။
“အဲဒီနှစ်ယောက်ကို ငါ့ဆီ လာခဲ့ခိုင်းလိုက်”.
“ဟုတ်ကဲ့။”
အဲဒီလွတ်မြောက်အင်မော်တယ်ထွက်သွားပြီးနောက် ခဏအကြာမှာတော့ အဝတ်အစားတွေ ဖရိုဖရဲ ဖြစ်နေတဲ့ လူနှစ်ယောက် ဝင်လာပါတယ်။ သူတို့ကတော့ တိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ လေလွင့်တိမ်တိုက် အင်မော်တယ်နဲ့ ကျွမ်းရွှေဖင်ချိုးတို့ပါပဲ။
ဂျူဟွာဟာ စစ်စခန်းရဲ့ အဓိကထိုင်ခုံမှာ ထိုင်နေရင်း မျက်နှာပျက်နေတဲ့ လူနှစ်ယောက်ကို တိတ်ဆိတ်စွာ ကြည့်နေပါတယ်။
အတော်ကြာတဲ့အခါမှာတော့ ကျွမ်းရွှေဖင်ချိုးက မနေနိုင်တော့ဘဲ စကားစလိုက်ပါပြီ။
“ဂျူဟွာ... ငါ့ညီနောင်...”
ဒါပေမဲ့ ကျွမ်းရွှေဖင်ချိုး စကားမဆုံးခင်မှာပဲ ဂျူဟွာက မာထန်စွာ ဖြတ်ပြောလိုက်ပါတယ်။
“ကျွမ်းရွှေဖင်ချိုး။ ဒါက စစ်စခန်းပဲ။ ငါက ကျွမ်းရွှေကလန် တပ်မဟာရဲ့ သေနာပတိပဲ။ ကိုယ့်အဆင့်ကိုယ် သိပါ”
ဂျူဟွာမျက်နှာထား အေးစက်တင်းမာနေခဲ့ပါတယ်။
“...ဟုတ်ကဲ့။”
ကျွမ်းရွှေဖင်ချိုးက စိတ်ပျက်လက်ပျက်နဲ့ ပြန်ဖြေပြီးနောက် ဆက်ပြီး တိတ်ဆိတ်သွားပါပြီ။ ဂျူဟွာက သူတို့ကို ခဏလောက် ဖိအားပေးထားပြီးနောက် ဆက်ပြောလိုက်ပါတယ်။
“ငါတို့ ကျွမ်းရွှေကလန်ရဲ့ စည်းကမ်းအရဖြစ်ဖြစ်၊ မဟာရှရဲ့ စစ်စည်းကမ်းအရဖြစ်ဖြစ် တိုက်ပွဲကနေ ထွက်ပြေးတဲ့သူကို နတ်ဘုရားဝိညာဉ်ချေမှုန်းခြင်းနဲ့ အပြစ်ပေးရမယ်ဆိုတာ မင်းတို့ သိတယ်မဟုတ်လား”
ဟင်
ဂျူဟွာ့စကားကြောင့် လေလွင့်တိမ်တိုက် အင်မော်တယ်နဲ့ ကျွမ်းရွှေဖင်ချိုးတို့ရဲ့ မျက်နှာတွေ ချက်ချင်း ပြာနှမ်းသွားပါတော့တယ်။
နတ်ဘုရားဝိညာဉ်ချေမှုန်းခြင်း ဆိုတာ နောက်ဘဝကူးပြောင်းဖို့တောင် အခွင့်အရေး မရှိတော့တာကို ဆိုလိုတာပါ။ လွတ်မြောက်အင်မော်တယ်တွေအတွက် နောက်ဘဝကူးပြောင်းခြင်းဟာ ကောင်းကင်အင်မော်တယ် ဖြစ်လာဖို့ တစ်ခုတည်းသော မျှော်လင့်ချက်ပါ။ ဒီအပြစ်ဒဏ်ဟာ သတ်ပစ်တာထက် အဆပေါင်းများစွာ ပိုပြီး ပြင်းထန်ပါတယ်။
ဒါပေမဲ့ ကျွမ်းရွှေဖင်ချိုးနဲ့ လေလွင့်တိမ်တိုက်တို့ ဘာမှ ပြန်မပြောနိုင်ကြပါဘူး။ ဘာလို့လဲဆိုတော့ ဂျူဟွာ ပြောတာ အမှန်တရားမို့လို့ပါ။
သူတို့ ထွက်ပြေးတုန်းက ဒီလို အကျိုးဆက်တွေ ရှိလာနိုင်တယ်ဆိုတာ တွေးခဲ့ပြီးသားပါ။ ဒါပေမဲ့ အဲဒီအချိန်တုန်းက သူတို့ထဲမှာ ဘယ်သူမှ မြေကမ္ဘာ ဖင်းဂေါ့ကို မယှဉ်နိုင်ဘူးလို့ ထင်ခဲ့ကြသလို၊ ကျွမ်းရွှေတပ်မဟာလည်း အဲဒီဖင်းဂေါ့တွေကို မတားနိုင်ဘူးလို့ တွေးခဲ့ကြတာပါ။ အလဟဿ အသက်သေပြီး တာအိုလမ်းဆုံးသွားမယ့်အစား ထွက်ပြေးတာက ပိုကောင်းတယ်လို့ ဆုံးဖြတ်ခဲ့ကြတာပါ။
တကယ်လို့ ကျွမ်းရွှေတပ်မဟာသာ အရေးနိမ့်သွားမယ်ဆိုရင် သူတို့ဟာ ထွက်ပြေးတဲ့သူတွေ မဟုတ်တော့ဘဲ စစ်ရှုံးတဲ့သူတွေပဲ ဖြစ်သွားမှာပါ။ အားလုံးက ပြေးနေကြတာပဲဆိုရင် စောစောပြေးတာနဲ့ နောက်ကျမှပြေးတာပဲ ကွာခြားမှာ မဟုတ်လား။
ဒါပေမဲ့ သူတို့ မမျှော်လင့်ထားတဲ့အချက်က ဂျူဟွာက သူ့အစွမ်းကို လျှို့ဝှက်ထားခဲ့တာပါ။ ဂျူဟွာဟာ စစ်ဝင်္ကပါရဲ့ အကူအညီနဲ့တင် မြေကမ္ဘာ ဖင်းဂေါ့ကို တစ်ဦးတည်း ရင်ဆိုင်ပြီး တိုက်ပွဲရဲ့ အခြေအနေကို ပြောင်းလဲနိုင်ခဲ့ပါတယ်။
သူတို့ကို လာရှာတဲ့ လွတ်မြောက်အင်မော်တယ်ဆီကနေ ဒီသတင်းကို ကြားလိုက်ရတဲ့အခါ လေလွင့်တိမ်တိုက်နဲ့ ကျွမ်းရွှေဖင်ချိုးတို့ဟာ မယုံနိုင်ခြင်းနဲ့အတူ အကြီးအကျယ် စိတ်ပျက်အားငယ်သွားကြပါပြီ။
ရုတ်တရက် စစ်ပြေး တွေ ဖြစ်သွားတာကြောင့် သူတို့ တပ်မဟာဆီ ပြန်မလာဘဲ ထွက်ပြေးဖို့လည်း စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒါက ပိုပြီး ပြင်းထန်တဲ့ အကျိုးဆက်တွေကို ဖြစ်လာစေမှာပါ။ သစ္စာဖောက်တွေအတွက်ဆိုရင် ကျွမ်းရွှေကလန်က သူတို့ကို ဖမ်းဖို့ တပ်မဟာတွေလွှတ်မှာ အသေအချာပါပဲ။
ကျွမ်းရွှေကလန်ရဲ့ ဖမ်းဆီးခြင်းကို ခံရရင် နတ်ဘုရားဝိညာဉ်ချေမှုန်းခြင်း ဆိုတာတောင် သူတို့အတွက် ဆုလာဘ်တစ်ခု ဖြစ်သွားပါလိမ့်မယ်။ ကလန်က သူတို့အတွက် ငရဲခန်းတစ်ခုကို အထူးပြင်ဆင်ထားမှာဖြစ်ပြီး ဝိညာဉ်တွေ ပြာကျသွားတဲ့အထိ နှစ်ပေါင်းများစွာ နှိပ်စက်ခံရမှာပါ။
ဒါကြောင့်လည်း ဂျူဟွာက သူတို့ရဲ့ အစွမ်းတွေကို လိုအပ်နေဦးမှာမို့လို့ အပြစ်ကို လျှော့ပေါ့ပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်သေးသေးလေးနဲ့ ပြန်လာခဲ့ကြတာပါ။
ဒါပေမဲ့ အခုတော့ ဂျူဟွာက နတ်ဘုရားဝိညာဉ်ချေမှုန်းခြင်း ဆိုတဲ့ စကားကို စပြောလိုက်ပြီဆိုကတည်းက ဒီကိစ္စဟာ အလွယ်တကူနဲ့ ပြီးဆုံးမှာ မဟုတ်ဘူးဆိုတာ သူတို့ သိလိုက်ပါပြီ။
***