သုံးရက်ကြာပြီးနောက်မှာတော့ ဂျူဟွာ ဟာ စစ်သေနာပတိတဲကြီးဆီ လာခဲ့ဖို့ အကြောင်းကြားစာ ရရှိခဲ့ပါတယ်။ သူဟာ ခဏတာ စဉ်းစားလိုက်ပြီးနောက် လုပ်လက်စတွေကို ရပ်နားကာ ကျွမ်းရွှေကလန်ရဲ့ စစ်စခန်းကနေ ထွက်ခွာပြီး စစ်သေနာပတိတဲကြီးဆီကို လျှောက်လှမ်းလာခဲ့ပါတယ်။
သူတွက်ထားတာ မမှားဘူးဆိုရင်တော့ ပန်းကိုးပွင့် အင်မော်တယ်ဟာ အဓိကမျိုးနွယ်စုကြီးတွေရဲ့ အကြီးအကဲတွေကို စုဝေးပြီး စစ်ကောင်စီအစည်းအဝေး ကျင်းပဖို့ ဖိတ်ခေါ်လိုက်တာပဲ ဖြစ်ရပါမယ်။
စစ်သေနာပတိတဲကြီးဟာ စခန်းရဲ့ အလယ်ဗဟိုမှာ တည်ရှိပြီး မိုးနဂါးတပ်မဟာ စစ်သည် ငါးသောင်းခန့်က အရပ်မျက်နှာအနှံ့ကနေ ဝိုင်းပတ်စောင့်ကြပ်နေပါတယ်။ ဂျူဟွာဟာ မိုးနဂါးတပ်မဟာရဲ့ တဲအမြောက်အမြားကို ဖြတ်ကျော်လာပြီးနောက်မှာတော့ စစ်သေနာပတိတဲကြီးရဲ့ အတွင်းထဲကို ရောက်ရှိသွားပါပြီ။
ဒီအချိန်မှာတော့ တဲကြီးအတွင်းမှာ လူသုံးယောက်ပဲ ရှိပါသေးတယ်။ အဓိကနေရာမှာ ထိုင်နေတဲ့ ပန်းကိုးပွင့် အင်မော်တယ်၊ ဘေးတစ်ဖက်မှာ ထိုင်နေတဲ့ ဝတ်ရုံနီနဲ့ အဘိုးကြီးတစ်ယောက်၊ ပြီးတော့ တည်ကြည်ပြတ်သားတဲ့ မျက်နှာထားရှိတဲ့ အမျိုးသမီးငယ်တစ်ယောက်တို့ပါပဲ။
"အို... တာအိုရောင်းရင်း ဂျူဟွာပါလား၊ လာပါ... နေရာယူပါဦး"
ဂျူဟွာကို မြင်တာနဲ့ ပန်းကိုးပွင့် အင်မော်တယ်က ပြုံးရွှင်စွာနဲ့ အနားက စားပွဲနဲ့ ကုလားထိုင်ဆီကို ညွှန်ပြပြီး နှုတ်ဆက်ပါတယ်။
"ဒါဆိုရင်တော့ ကျွန်တော် အားမနာတော့ဘူးနော်"
ဂျူဟွာက လက်နှစ်ဖက်ယှက် နှုတ်ဆက်ပြီး ခပ်သွက်သွက် လျှောက်သွားကာ ဘေးတစ်ဖက်မှာ ဝင်ထိုင်လိုက်ပါတယ်။
ဂျူဟွာ ထိုင်လိုက်ပြီးနောက်မှာတော့ အမျိုးသမီးငယ်က သူ့ကို ခေါင်းငြိမ့်ပြပြီး ဂျူဟွာကလည်း ပြန်လည်နှုတ်ဆက်လိုက်ပါတယ်။ ဒါပေမဲ့ ဝတ်ရုံနီနဲ့ အဘိုးကြီးကတော့ ဂျူဟွာကို လှည့်တောင်မကြည့်ပါဘူး။ ဂျူဟွာကလည်း သူ့ကို ဂရုမစိုက်ပါဘူး။ အစကနေ အဆုံးထိ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် မတွေ့သလိုမျိုး နေနေခဲ့ကြတာပါ။
ဝတ်ရုံနက်နဲ့ အမျိုးသမီးကတော့ နတ်ဘုရားနက်ကလန်ရဲ့ အမှတ်အသားကို ဝတ်ဆင်ထားတာကြောင့် သူဟာ အဲဒီကလန်ရဲ့ အကြီးအကဲပဲ ဖြစ်ရပါမယ်။ နတ်ဘုရားနက်ကလန်ရဲ့ အင်အားက တော်တော်လေး တောင့်တင်းပြီး မဟာရှကမ္ဘာရဲ့ ထိပ်သီးကလန်ကြီးတွေထဲက တစ်ခုပါ။ ဒါပေမဲ့ ကျွမ်းရွှေကလန်နဲ့ သူတို့ရဲ့ ဆက်ဆံရေးကတော့ ကောင်းတယ်လည်း မဟုတ်၊ ဆိုးတယ်လည်း မဟုတ်ပါဘူး။ သမိုင်းတစ်လျှောက်မှာ ပူးပေါင်းခဲ့တာတွေရှိသလို တိုက်ခိုက်ခဲ့တာတွေလည်း ရှိခဲ့တာကြောင့် သူတို့ရဲ့ ပတ်သက်မှုက တော်တော်လေးကို ရှုပ်ထွေးလှပါတယ်။
တကယ်တော့ ဒါဟာ မဟာရှကမ္ဘာထဲက ကလန်ကြီးတွေအကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေပါပဲ။ ထူးခြားတဲ့ အခြေအနေမျိုးဆိုတာကတော့ အကြွင်းမဲ့ မိတ်ဆွေဖြစ်တာ ဒါမှမဟုတ် အကြွင်းမဲ့ ရန်သူဖြစ်တာမျိုးပါ။ အကြွင်းမဲ့ မိတ်ဆွေဆိုတာ ရှားပေမယ့် အကြွင်းမဲ့ ရန်သူဆိုတာကတော့ အခု သူတို့ရှေ့မှာတင် သက်သေရှိနေတယ်လေ။
ဂျူဟွာ တွက်တာမမှားဘူးဆိုရင်တော့ ဝတ်ရုံနီနဲ့ အဘိုးကြီးဟာ ရှောက်ရန်ကလန်က ဖြစ်ရပါမယ်။ ရှောက်ရန်ကလန်နဲ့ ကျွမ်းရွှေကလန်ဟာ တစ်ဖက်နဲ့တစ်ဖက် အလွန်အမင်း မုန်းတီးကြတဲ့ ရန်ဘက်ကြီးတွေပါ။ သူတို့ ရန်ဖြစ်ခဲ့ရတဲ့ ကိစ္စက ဘာလဲဆိုတာ မရှင်းလင်းတော့ပေမယ့် ဂျူဟွာရဲ့ အမှတ်ရချက်အရတော့ ဒီကလန်ကြီး နှစ်ခုဟာ နှစ်ပေါင်း ကုဋေကုဋာ ချီပြီး တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်နှိပ်ကွပ်လာခဲ့ကြတာပါ။
ဒါကြောင့်လည်း ဝတ်ရုံနီအဘိုးကြီးဟာ ဂျူဟွာကို မြင်တဲ့အခါမှာ မရှိသလိုမျိုး အေးစက်စက် ဆက်ဆံနေတာပါပဲ။ ဂျူဟွာကလည်း သူ့ကို ရှောက်ရန်ကလန်ကမှန်း သိသလို၊ အဘိုးကြီးကလည်း ဂျူဟွာကို ကျွမ်းရွှေကလန်ကမှန်း တန်းသိပါတယ်။ ကလန်အသီးသီး တက်ရောက်တဲ့ ဒီလို အစည်းအဝေးမျိုးမှာ လူတိုင်းဟာ ကိုယ့်ကလန်နဲ့ ပတ်သက်တဲ့ အမှတ်အသားတွေကို ဆောင်ထားကြတာကိုး။ ဥပမာ - ဂျူဟွာရဲ့ အခု ဝတ်ဆင်ထားတဲ့ အဝတ်အစားမှာ ကျွမ်းရွှေကလန်ကို ကိုယ်စားပြုတဲ့ ကျွမ်းရွှေ ဆိုတဲ့ စာလုံးကို ပန်းထိုးထားတာမျိုးပါ။
ဂျူဟွာ ခဏလောက် ထိုင်စောင့်နေရင်း သူ့ရဲ့ အကြည့်တွေက ရှောက်ရန်ကလန်က အဘိုးကြီးဆီကို တစ်ဖန် ပြန်ရောက်သွားပါတယ်။ ဒါပေမဲ့ သူက အဘိုးကြီးကို စိတ်ဝင်စားလို့ မဟုတ်ပါဘူး၊ အဘိုးကြီးရဲ့ အသွင်က သူ့ကို တချို့အရာတွေ သတိရစေလို့ပါ။
မဟာရှကမ္ဘာထဲက တခြားကလန်တွေဟာ ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီဇာတ်လမ်းထဲမှာ တွေ့ရခဲပေမယ့် ရှောက်ရန်ကလန်ကတော့ အဓိက ဗီလိန်တွေအဖြစ်နဲ့ အကြိမ်ကြိမ် ပါဝင်လေ့ရှိပါတယ်။ ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ ရဲ့ ဇာတ်ကွက်က တော်တော်လေး စိတ်ဝင်စားစရာ ကောင်းပေမယ့် ဂျူဟွာကတော့ အဲဒါတွေကို အခု မတွေးသေးပါဘူး။ သူ တွေးနေတာက ရှောက်ရန်ကလန်ရဲ့ ဘိုးဘေးကြီးအကြောင်းပါ။
ရှောက်ရန်ချုံ ဆိုတာ အဆိပ်ပြင်းရုပ်ဆိုး အင်မော်တယ် လို့ လူသိများတဲ့ ကောင်းကင်အင်မော်တယ် တစ်ဦးပါ။ သူ့ရဲ့ အဆင့်အတန်းက အစစ်အမှန်အင်မော်တယ် (သန့်စင်သောယန်အင်မော်တယ်) တွေနဲ့တောင် ယှဉ်နိုင်နေပါပြီ။ ထူးချွန်ထက်မြက်တဲ့ ပါရမီရှင် အနည်းငယ်ကလွဲရင် ကောင်းကင်အင်မော်တယ် အဆင့်နဲ့ ဒီလို ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ အဆိပ်ပြင်းရုပ်ဆိုး အင်မော်တယ်ကတော့ ဒါကို လုပ်နိုင်ခဲ့တယ်။ သူက ပါရမီ အရမ်းထူးလို့ မဟုတ်ဘဲ တကယ့်ကို ကံကောင်းလွန်းလို့ပါ။
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ မှာ ဖော်ပြထားတာကတော့ ရှောက်ရန်ချုံဟာ ရှေးဟောင်းမျိုးနွယ်စုဖြစ်တဲ့ မီးနတ်ဘုရားမျိုးနွယ် မှာ မွေးဖွားခဲ့ပေမယ့် ဖင်းဂေါ့တစ်ဦးနဲ့ လူသားအမျိုးသမီးတစ်ဦးတို့ရဲ့ ဖောက်ပြန်မှုကနေ မွေးဖွားလာခဲ့တာပါ။ သူဟာ ရုပ်ဆိုးပြီး ထူးဆန်းတဲ့ ရုပ်ရည်ကြောင့် မျိုးနွယ်စုရဲ့ ဝိုင်းပယ်ခြင်းကို ခံခဲ့ရပြီး မီးနတ်ဘုရားမျိုးနွယ်ကနေ ထွက်ခွာလာပြီးနောက်မှာ ရှောက်ရန်ကလန်ကို တည်ထောင်ခဲ့တာပါ။
ရှောက်ရန်ချုံရဲ့ အတိတ်က ဂျူဟွာအတွက် စိတ်ဝင်စားစရာ ပုံပြင်တစ်ပုဒ်မျှသာ ဖြစ်ပေမယ့် ရှောက်ရန်ချုံဆီမှာ ရှိတဲ့ ရတနာကတော့ ဂျူဟွာကို တော်တော်လေး စိတ်လှုပ်ရှားစေပါတယ်။ ရှောက်ရန်ချုံဟာ မိုးကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ ရတနာတစ်ခုကို ကံကောင်းထောက်မစွာ ရှာဖွေတွေ့ရှိခဲ့လို့သာ ကောင်းကင်အင်မော်တယ် အဆင့်နဲ့ အင်ပါရီယာ နတ်ဘုရားတွေလို ကျော်ကြားမှု ရခဲ့တာပါ။
အဲဒီရတနာရဲ့ နာမည်က ကိုးကွက်စတုရန်း ပျက်စီးခြင်း ကျောက်စာချပ်ပါ။ ဒါဟာ လောကသုံးပါးရဲ့ အပြင်ဘက်က ဂျူဖန်းပျက်စီးခြင်း နိုင်ငံတော်လာတာပါ။ ဒါဟာ ကမ္ဘာ့နတ်ဘုရားတစ်ပါးက ပျက်စီးခြင်း အမြုတေ ဝတ်ရည်တွေကို ထုတ်ယူဖို့နဲ့ ရာဇဝတ်သားတွေကို ချုပ်နှောင်ဖို့ အသုံးပြုခဲ့တဲ့ အကျဉ်းထောင်ကြီးတစ်ခုဆိုရင်လညည်း မမှားပါဘူး။ တစ်ချိန်တည်းမှာပဲ အဲဒီကျောက်စာချပ်ပေါ်မှာ အံ့ဩစရာ ကောင်းလှတဲ့ မဟာဓမ္မစွမ်းအား ခုနစ်မျိုးကိုလည်း မှတ်တမ်းတင်ထားပါသေးတယ်။
(စာကြွင်း။ စာရေးသူ အနေနဲ ဂျိနင်ထဲမှာတော့ ပျက်စီးခြင်း ကျောက်စာချပ် အဖြစ်သာ ဘာသာပြန်ခဲ့ပါတယ်။ ဒီမှာတော့ နာမည် အရှည်ပါတာကြောင့် အဲဒီအတိုင်း ဘာသာပြန်ပေးထားပါတယ်။ မဟာနတ်ဘုရားသိုင်းပညာဆိုပြီး ဂျိနင်ထဲမှ ဘာသာပြန်ခဲ့ပေမယ့်လည်း ဒီမှာတော့ဓမ္မ စွမ်းအားဆိုပြီး သုံးနှုန်းထားတာ တွေ့တာကြောင့် မဟာဓမ္မ စွမ်းအားဆိုပြီး အသုံးပြုထားပါတယ်။ အသုံးအနှုန်းများကို အဆင်ပြေသလို စာရေးသူ ပြောင်းလဲသွားပါမယ်။)
ကမ္ဘာ့နတ်ဘုရားတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေက ဂျူဟွာအတွက်တော့ အရမ်းကို အလှမ်းဝေးလွန်းပါသေးတယ်။ ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ ဇာတ်လမ်းပါ အချက်အလက်တွေအရ ဒါဟာ အမှန်လား၊ အမှားလားဆိုတာ သူ မဝေခွဲနိုင်ပေမယ့် တကယ်လို့သာ ဒီကျောက်စာချပ်ကြီး ရှိနေတာ အမှန်ဆိုရင်တော့ ဒါဟာ လက်ရှိ လောကသုံးပါးထဲမှာ အကြီးမားဆုံး အခွင့်အလမ်းကြီးတွေထဲက တစ်ခု ဖြစ်မှာ သေချာနေပါပြီ။
ရှောက်ရန်ချုံဟာ ကောင်းကင်အင်မော်တယ် တစ်ဦးအနေနဲ့ ဒီလောက် ကျော်ကြားနိုင်တာဟာ ဒီကျောက်စာချပ်ထဲက မဟာဓမ္မစွမ်းအား နှစ်မျိုးဖြစ်တဲ့ တောက်၀ူ ၁၈ပါး ဖင်းဂေါ့ ကျင့်စဉ်နဲ့ အင်းဆက်သားရဲ ကိုးပါးကျင့်စဉ်တို့နဲ့ ဆက်စပ်နေတာကြောင့်ပါ။
မဟာဓမ္မစွမ်းအားတွေကို ခဏထားဦး။၊ ဒီကျောက်စာချပ်ရဲ့ တကယ့်တန်ဖိုးကတော့ အထဲမှာ ပါဝင်တဲ့ ပျက်စီးခြင်း အမြုတေ ဝတ်ရည်တွေ၊ အထဲမှာ အကျဉ်းကျနေတဲ့ ဘိုးဘေးအင်မော်တယ် (လောကသုံးပါးထဲတွင် တာအိုဖခင်ကြီး)တွေနဲ့ ဘိုးဘေးနတ်ဘုရား (အကြီးအကဲ နတ်ဘုရား)တွေပါပဲ။ လောကသုံးပါးမှာ ဘိုးဘေးနတ်ဘုရား (အကြီးအကဲ နတ်ဘုရား)တွေဆိုတာ လူသားမျိုးနွယ်ရဲ့ မဟာဧကရာဇ်သုံးပါး၊ တာအိုနဲ့ မဟာယာနဗုဒ္ဓလမ်းစဉ် ဂိုဏ်းချုပ်ကြီးတွေနဲ့ တန်းတူ တန်ခိုးကြီးလှတဲ့ ပုဂ္ဂိုလ်ကြီးတွေပါ။ လက်ရှိ ဂျူဟွာအနေနဲ့တော့ အင်ပါရီယာ နတ်ဘုရားတွေတောင် မော့ကြည့်နေရတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတာမို့ ဒီလို ဂိုဏ်းချုပ်ကြီးတွေရဲ့ အဆင့်အတန်းမျိုးဆိုတာ ပြောနေစရာတောင် မလိုတော့ပါဘူး။
ဒီကျောက်စာချပ်ထဲမှာ အကျဉ်းကျနေတဲ့ သူတွေဟာ ဂျူဖန်း ပျက်စီးခြင်းနိုင်ငံတော်မှာ ထူးခြားတဲ့ အဆင့်အတန်း ရှိခဲ့သူတွေမို့ သူတို့ဆီမှာ အံ့မခန်း ရတနာတွေနဲ့ လျှို့ဝှက်ကျင့်စဉ်တွေလည်း အများကြီး ရှိနေဦးမှာပါ။ ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ ရဲ့ ဇာတ်လိုက် ဂျိနင်တောင်မှ ဒီကျောက်စာချပ်ထဲက ကောင်းကင်အင်မော်တယ် တစ်ယောက်ကို အနိုင်ယူပြီး သန့်စင်သောယန် အဆင့်မြင့်အင်မော်တယ်ဓား ၃၆၀ စင်းကို ရရှိခဲ့တာလေ။ နောက်ပိုင်းမှာ အချိန်ကုန်ဆုံးမှုကို မြန်စေတဲ့ မိုးကောင်းကင်မျှော်စင် ဆိုတဲ့ ပျက်စီးခြင်း ကမ္ဘာဦးရတနာကိုတောင် ရခဲ့သေးတာ။
(စာကြွင်း။ စာရေးသူအနေနဲ့ မိုးကောင်းကင်မျှော်စင်ကို ဂျိနင်မှာ ဘယ်လို ဘာသာပြန်ခဲ့သလဲ မေ့သွားပါပြီ။ စာဖတ်သူတို့ တစ်ချက်ပြန်စဉ်းစားကြည့်ကြပါ။)
လျှို့ဝှက်ကျင့်စဉ်တွေဆိုရင်လည်း ပိုတောင် အံ့သြဖို့ ကောင်းပါသေးတယ်။ ဒဏ္ဍာရီလာ ရွှေရောင်နေမင်းသက်တန့် စွမ်းအားနဲ့ ယှဉ်နိုင်တဲ့ မိုးကြိုးကိုးပါးမြွေနဂါး ကိုယ်ဖော့သိုင်း ရယ်၊ ကျင့်စဉ်အဆင့်ကို မြှင့်တင်ပေးနိုင်တဲ့ ရေခဲနှင့်မီး အင်မော်တယ်ဆေးလုံး ဖော်စပ်နည်းရယ်၊ ရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေကတော့ ရေတွက်လို့တောင် မကုန်နိုင်ပါဘူး။
"တကယ်လို့ ဒါတွေအားလုံးသာ အမှန်ဆိုရင်တော့ ဒါဟာ တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ အခွင့်အလမ်းကြီးပဲ”
ဂျူဟွာဟာ စိတ်ထဲကနေ တိတ်တဆိတ် ရေရွတ်လိုက်ပြီး တခြားကလန်တွေက စစ်သေနာပတိတွေ ရောက်လာမှာကိုပဲ အေးအေးဆေးဆေး စောင့်နေလိုက်ပါတယ်။
ဂျူဟွာက ဒီအခွင့်အလမ်းကို မလိုချင်တာ မဟုတ်ပါဘူး၊ သူ့မှာ အခွင့်အရေး မရှိသေးလို့ပါ။ ပြီးတော့ အကယ်၍ အဆိပ်ပြင်းရုပ်ဆိုး အင်မော်တယ်က ဒီကျောက်စာချပ်ကို သူ့ဘာသာ လာပေးရင်တောင် ဂျူဟွာဟာ အထဲက ရတနာတွေကို ထုတ်ယူနိုင်စွမ်း မရှိသေးပါဘူး။ ဘာလို့လဲဆိုတော့ ဒီကျောက်စာချပ်ကို အပြည့်အ၀ ထိန်းချုပ်ဖို့ ဆိုရင် ကောင်းကင်အင်မော်တယ်တွေရော အင်ပါရီယာ နတ်ဘုရားတွေရော မတတ်နိုင်ပါဘူး။ အနည်းဆုံး အင်ပါရီယာ နတ်ဘုရား ဒါမှမဟုတ် သန့်စင်သောယန်အင်မော်တယ်အဆင့် ရှိမှသာ တကယ်တမ်း အပြည့်အ၀ ချုပ်ကိုင်နိုင်မှာ ဖြစ်လို့ပါပဲ။
လောကသုံးပါးမှာ အင်ပါရီယာ နတ်ဘုရားနဲ့ အစစ်အမှန်အင်မော်တယ် (သန့်စင်သောယန်အင်မော်တယ်)တို့ရဲ့ တိုက်ခိုက်စွမ်းရည်က တူညီပေမယ့် နတ်ဘုရားတွေရဲ့ စွမ်းအားဟာ သန့်စင်သောယန်အင်မော်တယ်တွေရဲ့ သန့်စင်သောယန်မဟာဓမ္မစွမ်းအား ကိုတော့ မမီနိုင်ပါဘူး။
(စာကြွင်း - လောကသုံးပါးမှာတော့ ဖင်းဂေါ့လမ်းစဉ်ရဲ့ မိုးကောင်းကင် စမ်းသပ်စစ်ဆေးမှုကပ်ဘေးကို ကျော်ဖြတ်ပြီးရင် အင်ပါရီယာ နတ်ဘုရားဖြစ်ပါတယ်။ အပြင်ဘက် စကြ၀ဠာမှာတော့ကောင်းကင် အင်မော်တယ်တွေနဲ့ အင်ပါရီယာ နတ်ဘုရားတွေဟာ အဆင့်တူကြပါတယ်။ လောကသုံးပါးမှာတော့ ကောင်းကင် အင်မော်တယ်တွေက အင်ပါရီယာ နတ်ဘုရားတွေကို မယှဉ်နိုင်ပါဘူး။ အင်ပါရီယာ နတ်ဘုရားတွေရဲ့ ခန္ဓာကိုယ်ကအလွန်ကို အစွမ်းထက်တာကြောင့် လောကသုံးပါးမှာ တစ်ဆင့်ပိုမြင့်တဲ့ သန့်စင်သောယန် အင်မော်တယ်တွေနဲ့ ယှဉ်နိုင်နေခဲ့ပါတယ်။ ကီစွမ်းအင်ဖြစ်တဲ့ သန့်စင်သောယန် မဟာဓမ္မစွမ်းအားတွေမှာတော့ သန့်စင်သောယန် အင်မော်တယ်တွေက ပိုသာပါတယ်။)
ရှောက်ရန်ချုံဟာ ဒီကျောက်စာချပ်ကို ရထားတာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်ပေမယ့် မဟာဓမ္မစွမ်းအား နှစ်မျိုးပဲ သင်ယူနိုင်သေးပြီး ကျောက်စာချပ်ကို ပိုင်စိုးဖို့ဆိုတာကတော့ မိုင်ပေါင်း သန်းချီ ဝေးနေပါသေးတယ်။ ဒါကြောင့် ဂျူဟွာကတော့ အခုလောလောဆယ် စောင့်ကြည့်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတော့တယ်ဗျာ။
***