ဂျူဟွာတစ်ယောက် မိနစ် ၁၅ မိနစ်ခန့် စောင့်ဆိုင်းပြီးနောက်မှာတော့ အဓိကကလန်ကြီးတွေရဲ့ သေနာပတိတွေအားလုံး စစ်သေတ္တာအတွင်းကို ရောက်ရှိလာကြပါပြီ။
“အားလုံးပဲ...”
ပန်းကိုးပွင့် အင်မော်တယ်က ရုတ်တရက် စကားစလိုက်တာကြောင့် လူတိုင်းရဲ့ အကြည့်တွေဟာ သူ့ဆီကို ချက်ချင်း ရောက်ရှိသွားခဲ့ပါတယ်။ ဂျူဟွာလည်း စိတ်ကို အမြန်တည်ငြိမ်အောင်ထားပြီး အဓိကနေရာမှာ ထိုင်နေတဲ့ ပန်းကိုးပွင့် အင်မော်တယ်ကို ကြည့်လိုက်ပါတယ်။
“ဒီတစ်ခါမှာတော့ ဆောင်းဦးတောင်ကုန်း မဟာရွှံ့နွံအိုင်က ဖင်းဂေါ့တွေဟာ ဆောင်းဦးတောင်ကုန်း အပြင်ဘက်က ကလန်အသီးသီး ဖြတ်သန်းရမယ့် တစ်ခုတည်းသော လမ်းကြောင်းပေါ်မှာ ငါတို့ကို ချောင်းမြောင်း တိုက်ခိုက်ခဲ့ကြတယ်။ အဲဒီအတွက် ငါတို့ဘက်က အကျအဆုံး အတော်လေး များပြားခဲ့တယ်။ ခန့်မှန်းခြေအရဆိုရင် ငါတို့ တပ်မဟာရဲ့ အနည်းဆုံး ၃၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးသွားခဲ့ရပြီ”
ပန်းကိုးပွင့် အင်မော်တယ်ရဲ့ စကားကြောင့် သေနာပတိအများအပြားရဲ့ မျက်နှာတွေဟာ ပျက်သွားခဲ့ကြပါတယ်။ ဆောင်းဦးတောင်ကုန်းကို တိုက်ခိုက်ဖို့ဆိုတာက အစတုန်းကတင် အန္တရာယ် များလှတာပါ။ အခု စစ်မစခင်မှာတင် အင်အား ၃၀ ရာခိုင်နှုန်း ဆုံးရှုံးသွားတယ်ဆိုတာကတော့ အနာပေါ် ဒုတ်ကျသွားသလိုပါပဲ။
“ဒါတင်မကသေးဘူး... ငါရရှိထားတဲ့ သတင်းအရဆိုရင် ဒီချောင်းမြောင်းတိုက်ခိုက်မှုမှာ မြေကမ္ဘာ အဆင့်ရှိတဲ့ ဖင်းဂေါ့ စုစုပေါင်း ၁၃ဦးအထိ ပါဝင်ခဲ့တယ်လို့ သိရတယ်”
ပန်းကိုးပွင့် အင်မော်တယ်က လူတိုင်းကို ထိတ်လန့်သွားစေမယ့် နောက်ထပ် သတင်းတစ်ခုကို ထပ်မံ ပြောကြားလိုက်ပြန်ပါတယ်။ မူလက ဆောင်းဦးတောင်ကုန်းမှာ လူသိရှင်ကြား ရှိနေတာက မြေကမ္ဘာအဆင့် ၈ ဦးပဲ ရှိတာပါ။ အခုတော့ မထင်မှတ်ဘဲ ၅ ဦးတောင် ပိုထွက်လာခဲ့ပါပြီ။
မြေကမ္ဘာအဆင့် ဖင်းဂေါ့တစ်ဦးဟာ ကောင်းကင်အင်မော်တယ်အဆင့် တိုက်ခိုက်ရေးစွမ်းရည် ရှိတာကြောင့် တစ်ဦးတိုးလာတိုင်း သေလောက်အောင် အန္တရာယ်များတာပါ။ အခု ၅ ဦးတောင် ပိုနေတာဆိုတော့ တကယ်ကို မလွယ်ကူတော့ပါဘူး။ အဆိုးဆုံးကတော့ ဒါဟာ ဆောင်းဦးတောင်ကုန်းရဲ့ တကယ့် အင်အားအပြည့် ဟုတ်၊ မဟုတ် ဆိုတာကို ဘယ်သူမှ မသိနိုင်တာပါပဲ။
“တာအိုရောင်းရင်း ပန်းကိုးပွင့်။ အခြေအနေက ဒီလိုဆိုရင် ငါတို့ ဘယ်လိုမျိုး တိုက်ခိုက်ကြမလဲ”
အသံဩဩနဲ့ အဖိုးကြီးတစ်ယောက်က မေးလိုက်ပါတယ်။
“ဆောင်းဦးတောင်ကုန်းထဲက ဖင်းဂေါ့တွေက သူတို့ ရင်းနှီးတဲ့ နယ်မြေထဲကနေ ထွက်လာပြီး အပြင်မှာ တက်တက်ကြွကြွ ချောင်းတိုက်ရဲတယ်ဆိုတာကတော့ တကယ်ပဲ ထင်မှတ်မထားစရာပါပဲ” လို့ ပန်းကိုးပွင့် အင်မော်တယ်က ဆိုလိုက်ပြီးနောက် အနည်းငယ် ပြုံးလိုက်ပါတယ်။
“ဒါပေမဲ့ အားလုံး စိတ်မပူကြပါနဲ့။ ငါတို့ဘက်က အကျအဆုံး များခဲ့တယ်ဆိုပေမယ့် စုစုပေါင်း အင်အားနဲ့ ယှဉ်ရင်တော့ ငါတို့က အဲဒီဖင်းဂေါ့တွေကို အပြတ်အသတ် သာနေပါသေးတယ်။ သူတို့ဘက်မှာ မြေကမ္ဘာအဆင့်တွေ များတယ်ဆိုပေမယ့် ငါတို့ ကလန်တွေဘက်မှာ ကောင်းကင်အင်မော်တယ်တွေက ပိုတောင် များပါသေးတယ်။ ငါ ကောင်းကင်အင်မော်တယ်တွေနဲ့ တိုင်ပင်ပြီးပါပြီ။ သူတို့တွေက အဓိက တပ်မဟာကြီးနဲ့အတူ အနီးကပ် လိုက်ပါလာပါလိမ့်မယ်။ တကယ်လို့ အဲဒီဖင်းဂေါ့တွေသာ ထပ်ပြီး ထွက်လာရဲမယ်ဆိုရင် သူတို့ကို တစ်ဦးမှ ပြန်မလွှတ်တော့ဘူးလို့ ငါ အာမခံတယ်”
“ဒါဆိုရင်တော့ စိတ်အေးသွားပါပြီ”
အဖိုးကြီးက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်ပါတယ်။
“ဒါဆိုရင်လည်း အမိန့်သာ ပေးလိုက်ပါတော့ ပန်းကိုးပွင့် အင်မော်တယ်... ဒီဆောင်းဦးတောင်ကုန်းက တည်ရှိနေခဲ့တာ ကြာလှပါပြီ။ အခုတော့ အဆုံးသတ်ရမယ့် အချိန်ရောက်ပြီ”
ခန္ဓာကိုယ်မှာ တောင်တန်းကြီးတွေရဲ့ ပုံစံ တက်တူးတွေ ထိုးထားတဲ့ လူသန်ကြီးက အေးစက်စက် ပြောလိုက်ပါတယ်။
“တာအိုရောင်းရင်း စန်းရှန်းပြောတာ မှန်ပါတယ်။ အခုလေးတင် အဲဒီဖင်းဂေါ့တွေက ငါတို့ကို အကြီးအကျယ် နစ်နာအောင် လုပ်သွားခဲ့တာ။ အခု ချက်ချင်း လက်စားမချေဘူးဆိုရင် ငါတို့ သူတို့ကို ကြောက်နေတယ်လို့ အဲဒီဖင်းဂေါ့တွေ ထင်သွားကြလိမ့်မယ်”
နတ်ဘုရားနက် ကလန်က အမျိုးသမီးငယ်ကလည်း တည်ငြိမ်စွာ ပြောလိုက်ပါတယ်။
“ဟားဟား... ကောင်းပြီ။ ဒါဆိုရင် ငါ့ရဲ့ ဗျူဟာကို နားထောင်ကြပါ”
ပန်းကိုးပွင့် အင်မော်တယ်ဟာ သူ့ရဲ့ နှစ်ပေါင်း တစ်သိန်းခွဲ သက်တမ်းတစ်လျှောက်မှာ စစ်ရေးဗျူဟာကို ကောင်းကောင်း နားလည်ထားသူပါ။ သူက တပ်မဟာကြီးကို လမ်းကြောင်း ၃ ခု ခွဲပြီး ဆောင်းဦးတောင်ကုန်းထဲကို ဝင်ရောက်ဖို့ စီစဉ်လိုက်ပါတယ်။
တပ်မဟာကြီးက အင်အားကြီးလွန်းတာကြောင့် ၃ လမ်းခွဲလိုက်ရင်တောင် လမ်းကြောင်းတစ်ခုစီဟာ အင်အား အတော်လေး တောင့်တင်းနေဆဲပါ။ တကယ်လို့ ဆောင်းဦးတောင်ကုန်းထဲက ဖင်းဂေါ့တွေက လမ်းကြောင်းတစ်ခုကို အလုံးအရင်းနဲ့ တိုက်မယ်ဆိုရင် အဲဒီတပ်က သူတို့ကို ထိန်းထားနိုင်ပြီး ကျန်တဲ့ တပ် ၂ ခုက ချက်ချင်း ဝိုင်းပတ် ညှပ်ပိတ် သတ်ဖြတ်နိုင်ပါလိမ့်မယ်။ တစ်ချက်တည်းနဲ့ အပြတ်အသတ် အောင်ပွဲခံနိုင်မယ့် နည်းလမ်းပါပဲ။
တကယ်လို့ ဖင်းဂေါ့တွေက ဆောင်းဦးတောင်ကုန်းထဲကနေ မထွက်ဘဲ အခိုင်အမာ တပ်စွဲထားမယ်ဆိုရင်လည်း လမ်းကြောင်း ၃ ခုကနေ တဖြည်းဖြည်းချင်း ဝိုင်းပတ် ဖိအားပေးပြီး သူတို့ရဲ့ အမာခံစခန်းတွေကို တစ်ခုပြီးတစ်ခု ဖျက်ဆီးသွားမှာပါ။ ဒါဟာ ဖားကို ရေနွေးပူထဲ ထည့်ပြုတ်သလိုမျိုး တဖြည်းဖြည်းချင်း အသက်ရှူကျပ်အောင် လုပ်ပြီး နောက်ဆုံးမှာ သူတို့ကို ထွက်ပေါက်မရှိအောင် ပိတ်ဆို့ကာ အဆုံးအဖြတ် တိုက်ပွဲဆီ ဆွဲခေါ်မယ့် မဟာဗျူဟာပါပဲ။
တပ်မဟာ ၃ ခုရဲ့ စုစုပေါင်း အင်အားဟာ ဆောင်းဦးတောင်ကုန်းက ဖင်းဂေါ့တွေထက် အပြတ်အသတ် သာလွန်တာကြောင့် တိုက်ရိုက်ရင်ဆိုင်ရတဲ့ အဆုံးအဖြတ် တိုက်ပွဲမှာ ဖင်းဂေါ့တွေကတော့ ရှုံးနိမ့်ဖို့ သေချာနေပါပြီ။
“တာအိုရောင်းရင်းတို့... ဘာမေးစရာ ရှိကြသေးလဲ”
“တာအိုရောင်းရင်း ဂျူဟွာ... လမ်းကြောင်း ၃ ခုကို ဘယ်လို ခွဲဝေမလဲ”
ချူကော် ကလန်က သေနာပတိက လက်အုပ်ချီပြီး မေးပါတယ်။
“ငါက မိုးနဂါး တပ်မဟာကို ဦးဆောင်ပြီး တစ်လမ်းသွားမယ်။ ကျွမ်းရွှေ ကလန်၊ ပိုင်ကျိ ကလန်နဲ့ ချူကော် ကလန်တို့က တစ်လမ်းသွားကြပါ။ နတ်ဘုရားနက် ကလန်၊ ရှောက်ယန် ကလန် နဲ့ ကျန်တဲ့ မျိုးနွယ်တွေက နောက်ဆုံး တစ်လမ်းကို သွားကြပါ။ ဒီအစီအစဉ်ကို ဘယ်လို သဘောရကြလဲ”
ပန်းကိုးပွင့် အင်မော်တယ်က တုံ့ဆိုင်းမနေဘဲ ပြောလိုက်ပါတယ်။
“ကျွမ်းရွှေ ကလန်အနေနဲ့ ကန့်ကွက်စရာ မရှိပါဘူး”
ဂျူဟွာက ထောက်ခံလိုက်ပါတယ်။
ပန်းကိုးပွင့် အင်မော်တယ်ရဲ့ ဗျူဟာက တကယ်ကို အားကိုးထိုက်ပါတယ်။ အထူးသဖြင့် ဂျူဟွာရဲ့ ကျွမ်းရွှေ ကလန်နဲ့ ရန်ငြိုးကြီးလှတဲ့ ကလန်ကြီးတွေဟာ အခြားလမ်းကြောင်းမှာပဲ ရှိနေပြီး အထူးသဖြင့် ရှောက်ယန် ကလန်နဲ့ လမ်းခွဲပေးထားတာက ဂျူဟွာအတွက်တော့ အတော်လေး ဝမ်းသာစရာပါ။
မဟုတ်ရင်တော့ ရှောက်ယန် ကလန်နဲ့ ရန်မဖြစ်အောင် ကျွမ်းရွှေကလန်ရဲ့ တပ်ကို ဘယ်လို ထိန်းသိမ်းရမလဲဆိုတာ နေ့တိုင်း ပူနေရမှာ ဖြစ်ပါတယ်။
“ရှောက်ယန် ကလန်လည်း ဘာပြဿနာမှ မရှိပါဘူး”
ရှောက်ယန် ကလန်က ဝတ်စုံနီ အဖိုးကြီးကလည်း မလျှော့တမ်း ပြောလိုက်ပါတယ်။
ဂျူဟွာနဲ့ ရှောက်ယန်အဖိုးကြီးက သဘောတူလိုက်တာနဲ့ ကျန်တဲ့ ကလန်သေနာပတိတွေကလည်း ခေါင်းညိတ် လက်ခံလိုက်ကြပါတယ်။ ပန်းကိုးပွင့် အင်မော်တယ်ရဲ့ အစီအစဉ်ဟာ ကလန်ကြီးတွေရဲ့ လိုအပ်ချက်ကို သေသေချာချာ ထည့်သွင်းစဉ်းစားပေးထားတာ သိသာပါတယ်။ အင်အားနည်းတဲ့ ကလန်ငယ်လေးတွေမှာတော့ ဒီလို အစည်းအဝေးမှာ ပြောပိုင်ခွင့် သိပ်မရှိလှပါဘူး။
ရုတ်တရက် နတ်ဘုရားနက် ကလန်က အမျိုးသမီးငယ်က စကားစလိုက်ပါတယ်။
“တာအိုရောင်းရင်း ပန်းကိုးပွင့်... မိုးနဂါး တပ်မဟာကိုတော့ မင်းက အမိန့်ပေးမှာ ဟုတ်ပါပြီ။ ဒါပေမဲ့ ကျန်တဲ့ တပ် ၂ ခုကော။ သူတို့ဘာသာသူတို့ တိုက်ခိုက်နေလို့တော့ မရဘူး မဟုတ်လား”
“တပ်တစ်ခုလုံးကို တညီတညွတ်တည်း ဦးဆောင်နိုင်မယ့် တစ်ယောက်ရှိရင် လုံလောက်ပါပြီ”
ပန်းကိုးပွင့် အင်မော်တယ်က အေးဆေးစွာ ဆိုပါတယ်။
“ငါတို့တွေက ကျင့်ကြံသူတွေပဲလေ။ ကျင့်ကြံသူဆိုတာကတော့ အစွမ်းထက်သူကိုပဲ အသိအမှတ်ပြုကြတာ မဟုတ်လား။ အစွမ်းအထက်ဆုံး လူကပဲ အမိန့်ပေးရမယ်။ ဒါကို ကန့်ကွက်မယ့်သူ ရှိလား”
“ဒါကတော့ ထုံးစံပဲလေ” လို့ အားလုံးက သဘောတူကြပါတယ်။ ဒါဟာ ကျင့်ကြံခြင်းလောကရဲ့ စည်းကမ်းဖြစ်သလို တပ်ဖွဲ့အတွင်းမှာလည်း အမြဲလုပ်နေကျ ကိစ္စပါ။
“ကောင်းပြီ... ငါ့ဆီမှာ မြောက်ပိုင်းအမှောင် ဟင်းလင်းပြင်ကနေ ရရှိခဲ့တဲ့ ထူးခြားတဲ့ သစ်သားတုံး တစ်ခု ရှိတယ်”
ပန်းကိုးပွင့် အင်မော်တယ်က သူ့လက်ထဲက အနက်ရောင် သစ်သားတုံးလေးကို ကိုင်ရင်း ဆက်ပြောလိုက်ပါတယ်။
“သူ့မှာ တခြား ထူးခြားချက် မရှိပါဘူး။ အလွန်မာကျောသလို သူ့အလိုလိုလည်း ပြန်လည် ကောင်းမွန်နိုင်စွမ်း ရှိပါတယ်။ တာအိုရောင်းရင်းတို့ စိတ်ကြိုက် ဒီသစ်သားတုံးကို တိုက်ခိုက်နိုင်ပါတယ်။ ဘယ်သူက ဒီသစ်သားတုံးပေါ်မှာ ဘယ်သူက အနက်ရှိုင်းဆုံး အမှတ်အသား ထားရစ်နိုင်မလဲ။ အဲဒီလူကပဲ ကျန်တဲ့ တပ်မဟာ ၂ ခုရဲ့ သေနာပတိ ဖြစ်လာလိမ့်မယ်။ ဘယ်လိုလဲ”
“ဒီနည်းလမ်းက အတော်ကောင်းတာပဲ”
တောင်တန်းတက်တူးနဲ့ လူသန်ကြီးက ဟားတိုက်ရယ်မောလိုက်ပါတယ်။ ကျန်တဲ့လူတွေကလည်း သဘောတူကြပါတယ်။
“တာအိုရောင်းရင်း ပြောတဲ့ မြောက်ပိုင်းအမှောင် ဟင်းလင်းပြင် ဆိုတာက မြောက်ပိုင်းအမှောင် မဟာပင်လယ် အပေါ်မှာ ရှိတဲ့ ထူးခြားတဲ့ ဟင်းလင်းပြင်ကို ပြောတာလား”
တစ်ယောက်က မေးလိုက်ပါတယ်။
“ဟုတ်ပါတယ်။ တာအိုရောင်းရင်းက ဘာများ သိထားလို့လဲ”
“ဟား ဟား... ကျွန်တော်က ဘာမှ မသိပါဘူး။ အဲဒီနေရာက အန္တရာယ် အလွန်များပြီး ကောင်းကင်အင်မော်တယ် တွေပဲ ဝင်ရဲတဲ့ နေရာလို့ ကြားဖူးလို့ပါ။ တာအိုရောင်းရင်း ပန်းကိုးပွင့်ရဲ့ အစွမ်းက တကယ်ကို ခန့်မှန်းရခက်ပြီး လေးစားစရာ ကောင်းလှပါတယ်”
အဲဒီလူက လက်သီးနှစ်ဖက်ယှက်ပြီး မြှောက်ပင့်လိုက်ပါတယ်။
“တာအိုရောင်းရင်းကလည်း မြှောက်ပင့်လွန်းနေပါပြီ”
ပန်းကိုးပွင့် အင်မော်တယ်က ခေါင်းခါပြပြီး စစ်တဲအပြင်ဘက်ကို ဖြည်းဖြည်းချင်း ထွက်ခွာသွားပါတော့တယ်။ ဂျူဟွာနဲ့ အခြား သေနာပတိတွေလည်း ဘာမှ မပြောတော့ဘဲ နောက်ကနေ လိုက်ပါသွားကြပါတော့တယ်။
***