"ဟုန်မိတ်ဆွေ... မင်းက ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့် ဖြစ်ချင်နေတာလား ဒါက အရမ်းခက်ခဲလွန်းတယ်နော်၊ အနိမ့်ဆုံးသတ်မှတ်ချက်ကတင် အဆင့် ၁ မသေမျိုး ဖြစ်နေတာ"
လင်းယွမ်က ခေါင်းခါယမ်းလိုက်သည်။
သူ့အမြင်အရတော့ သူတို့တစ်သိုက်သည် တစ်သက်တာအတွင်း အဆင့် ၁ မသေမျိုးအဆင့်သို့ တက်လှမ်းနိုင်လျှင်ပင် ကံတရား၏ အလွန်အမင်း စောင့်ရှောက်မှုကို ခံရခြင်းပင် ဖြစ်ပေလိမ့်မည်။
ထိုထက် ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းရန်မှာ ပါရမီသက်သက်ဖြင့် မလုံလောက်တော့ချေ။
ကျွယ်မင်နန်းတော်၏ အမာခံတပည့် ဖြစ်လာရန်မှာ ပို၍ပင် ခက်ခဲလှသည်။
သတ်မှတ်ချက်များအပြင် အခြားသော စည်းကမ်းချက်များစွာ ရှိနေသေးရာ နောက်ကွယ်မှ ကူညီမည့်သူမရှိဘဲနှင့် အောင်မြင်ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
ကြာနီနတ်မိမယ်ငယ်ကတော့ ပြုံးရုံသာ ပြုံးနေပြီး လင်းယွမ်၏ စကားကို ပြန်လည် မချေပခဲ့ချေ။
လအနည်းငယ် ကြာပြီးနောက်... မုံချင့်လင်သည် ကြယ်ပုံပြမြေပုံကို တစ်ချက်ကြည့်လိုက်ရာ မသေမျိုးလှေသည် နံပါတ် (၁၅၇) ရှေးဟောင်းတားမြစ်နယ်မြေအတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
"အဖွဲ့ခေါင်းဆောင်... ကျမတို့ တားမြစ်နယ်မြေထဲ ရောက်နေပြီ။ နောက်ပိုင်းမှာ တခြားအင်အားစုတွေရဲ့ ရှေ့ပြေးအဖွဲ့တွေကို သတိထားရမယ်၊ ပြီးတော့ ဟင်းလင်းပြင်သားရဲ လို့ ခေါ်တဲ့ အရာကိုလည်း သေချာ ဂရုစိုက်ရမယ်"
မုံချင့်လင်သည် ဖန့်ချန်အနားသို့ တမင်တကာ တိုးကပ်သွားပြီး ဆိုလိုက်သည်။
သူမ၏ စကားပြောသံနှင့်အတူ ထွက်ပေါ်လာသော လေငွေ့နွေးနွေးလေးမှာ ဖန့်ချန်၏ နားထင်မှ ဆံပင်စလေးများကိုပင် လွင့်ခါသွားစေသည်။
ကြာနီနတ်မိမယ်ငယ်သည် ဤမြင်ကွင်းကို မြင်သောအခါ မသိမသာပင် သူတို့နှစ်ဦးကြားထဲသို့ တိုးဝင်လာပြီး တည်ငြိမ်သော မျက်နှာထားဖြင့် ဆိုလိုက်သည်
"ကျမ မထွက်ခွာခင်က အချက်အလက်တွေ ရှာကြည့်ခဲ့တယ်။ ဟင်းလင်းပြင်သားရဲတွေက တားမြစ်နယ်မြေထဲမှာပဲ လှုပ်ရှားတတ်ပြီး သူတို့ ပေါ်လာရင် ဘာအရိပ်အယောင်မျှ မပြဘူး။ သူတို့ရဲ့ အစွမ်းက အရမ်းထူးခြားတယ်၊ အင်အားကြီးတဲ့ ကောင်တွေဆိုရင် မသေမျိုးလှေရော ကျင့်ကြံသူကိုပါ တစ်ပြိုင်နက်တည်း ဝါးမြိုပစ်နိုင်တယ်"
"ကျုပ်တို့ ဒီလောက်တော့ ကံမဆိုးလောက်ပါဘူးဗျာ။ များသောအားဖြင့် ကုန်းမြေပေါ် ဆင်းသက်ခါနီးမှသာ ဟင်းလင်းပြင်သားရဲတွေနဲ့ ကြုံတတ်တာ၊ လမ်းခုလတ်မှာ ကြုံရဖို့ အခွင့်အရေးက သိပ်မရှိပါဘူး"
လင်းယွမ်က ဝင်ပြောသည်
"တားမြစ်နယ်မြေရဲ့ တကယ့်အန္တရာယ်က ထူးဆန်းတဲ့ နေရာတွေပဲ။ တချို့နေရာတွေဆိုရင် ဝိညာဉ်စွမ်းအားတွေကို ချက်ချင်း စုပ်ယူပစ်တာမျိုး ရှိတတ်တော့ ကျုပ်တို့မှာ ဘာအစွမ်းမျှ ထုတ်သုံးလို့ မရတော့ဘူး။ အဲဒီလို နေရာမျိုးကို မတော်တဆ ရောက်သွားရင် ပြန်ထွက်ဖို့တောင် မလွယ်ဘဲ အဲဒီမှာတင် အားအင်ကုန်ခမ်းပြီး သေသွားနိုင်တယ်"
သူသည် ပြောပြောဆိုဆိုဖြင့် ကြယ်ပုံပြမြေပုံပေါ်ရှိ အနီရောင် အမှတ်အသားအချို့ကို ညွှန်ပြလိုက်သည်
"ဒီနေရာတွေက လုံးဝ ခြေမချသင့်တဲ့ နေရာတွေပဲ။ အဖြူရောင်ကတော့ ဘေးကင်းမှုနဲ့ အန္တရာယ် ထက်ဝက်စီရှိတာကို ပြတယ်၊ အစိမ်းရောင်ကတော့ အခြေခံအားဖြင့် ဘေးကင်းတယ်၊ အနီရောင်ကတော့ အလွန်အမင်း အန္တရာယ်များတဲ့ နေရာပဲ"
ခေတ္တရပ်ပြီးနောက် သူသည် ဖန့်ချန်ကို ကြည့်ကာ အားနာဟန်ဖြင့် မေးလိုက်သည်
"အဖွဲ့ခေါင်းဆောင်... ကျုပ်တို့ အခု သွားမယ့်နေရာက ဘယ်လောက်ဝေးသေးလဲ ပြီးတော့ အဲဒါက ဘာအရောင်လဲဗျ "
"အဖြူရောင်ပဲ"
ဖန့်ချန်က ပြုံးလျက် ဖြေလိုက်သည်။
"ဒါဆိုရင်တော့ တော်သေးတာပေါ့"
လင်းယွမ် စိတ်သက်သာရာ ရသွားသည်။
အဖြူရောင်ဆိုသည်မှာ အန္တရာယ်နှင့် ဘေးကင်းမှု ထက်ဝက်စီရှိသည်ဟု ဆိုလိုရာ သူတို့အတွက် လက်ခံနိုင်သော အခြေအနေပင်။
ရက်အနည်းငယ် ကြာပြီးနောက်... မသေမျိုးလှေသည် ယခင်က နန်ချင်းကြယ်တာရာနယ်မြေထက် မငယ်သော ဂြိုဟ်တစ်လုံးအနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားသည်။
လမ်းခုလတ်တွင် ဖန့်ချန်သည် ထိုဂြိုဟ်ပေါ်သို့ ဆင်းသက်ရန် ပြင်နေသော အခြားမသေမျိုးလှေ အချို့ကိုလည်း တွေ့ရှိခဲ့ရသည်။
သို့သော် သူတို့သည် မိမိတို့ဘက်တော်သားများလား သို့မဟုတ် ပြင်ပလူများလားဆိုသည်ကိုတော့ အတည်မပြုနိုင်ချေ။
သို့သော် ထိုဂြိုဟ်၏ နယ်မြေမှာ အလွန်ကျယ်ပြောလှသဖြင့် တစ်ပြိုင်နက်တည်း ဆင်းသက်လျှင်ပင် ထိပ်တိုက်တိုးရန် အလားအလာ သိပ်မရှိလှပေ။
"ချက်ချင်း ဆင်းသက်ဖို့ မလောကြနဲ့ဦး၊ ငါ ဝိညာဉ်စွမ်းအား ခဏ ပြန်ဖြည့်ဦးမယ်"
ဖန့်ချန်က မှာကြားပြီးနောက် တင်ပလ္လင်ခွေ ထိုင်ကာ အသက်ရှူနှုန်းကို ညှိလိုက်သည်။
ကြည့်ရသည်မှာ ဝိညာဉ်စွမ်းအား ပြန်ဖြည့်နေပုံရသော်လည်း တကယ်တမ်းတွင်မူ သူ၏ ဝိညာဉ် ကို ထိုဂြိုဟ်ပေါ်သို့ စေလွှတ်လိုက်ခြင်း ဖြစ်သည်။
မှန်လေး ပေးထားသော အသေးစိတ် လမ်းကြောင်းအတိုင်း လိုက်ပါသွားရာ မကြာမီမှာပင် အရိုးဖြစ်တည်စေသော ကြာစိမ်း ရှိသည့် နေရာသို့ ရောက်ရှိသွားသည်။
ထိုနေရာသည် အရိုးစုပင်လယ်ပြင် နှင့် တူလှသည်။
တောင်ပမာ ပုံနေသော ဧရာမ သတ္တဝါကြီးများ၏ အရိုးစုများစွာ ရှိနေသည်။
တိုက်ပွဲဖြစ်ထားတဲ့ အမှတ်အသားတွေ မရှိဘူး။
ကြည့်ရတာ ထူးခြားတဲ့ သတ္တဝါအချို့က သူတို့ မသေခင်မှာ ဒီနေရာကို လာခဲ့ကြတာပဲ။
သူတို့က ဒီမှာ သေဆုံးရတာကို ယုံကြည်ချက် တစ်ခုခုလို့ သတ်မှတ်ထားကြတာလား
အရိုးဖြစ်တည်စေသော ကြာစိမ်းသည် ထိုအရိုးစုပင်လယ်ပြင်၏ အောက်ခြေတွင် ရှိနေသည်။
ဖန့်ချန်၏ ဝိညာဉ်သည် လွယ်ကူစွာပင် ထိုးဖောက်ဝင်ရောက်သွားပြီးနောက် ကြာစိမ်းကို မြင်လိုက်ရသည်။
၎င်းသည် အချင်းမီတာ ၂၀ ခန့်ရှိသော ဧရာမ အရိုးကြီးတစ်ချောင်းပေါ်တွင် ပေါက်ရောက်နေပြီး လက်ဝါးခန့် အရွယ်အစားသာ ရှိသော်လည်း ရံဖန်ရံခါတွင် ယင်ဓာတ် အအေးအငွေ့များကို ထုတ်လွှတ်နေသည်။
ပတ်ဝန်းကျင်တွင် အရိုးစုများစွာ ရှိနေသဖြင့် ထိုအအေးအငွေ့များမှာ မကြာမီမှာပင် ပြယ်လွင့်သွားလေ့ရှိသည်။
ဝိညာဉ်သည် ကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်လာပြီးနောက် ဖန့်ချန်သည် မသေမျိုးလှေကို အရိုးစုပင်လယ်ပြင်ဆီသို့ အရှိန်အဟုန်ဖြင့် မောင်းနှင်လိုက်သည်။
ခဏချင်းအတွင်းမှာပင် မသေမျိုးလှေသည် အရိုးစုပင်လယ်ပြင်၏ ကောင်းကင်ယံထက်တွင် တည်ရှိနေလေပြီ။
"ဒါတွေက ဟင်းလင်းပြင်သားရဲတွေရဲ့ အရိုးတွေ ဖြစ်နိုင်မလား"
ယွီဝူရှီးက တွေးတောစွာ မေးသည်။
"ဟင်းလင်းပြင်သားရဲတွေမှာ အရိုးမရှိဘူး၊ သူတို့ သေသွားရင်တောင် ရုပ်အလောင်း ကျန်ရစ်ခဲ့တာမျိုး မရှိဘူး"
ကြာနီနတ်မိမယ်ငယ်က အေးစက်စွာ ဆိုသည်
"ဒါက ကျမတို့ ခေတ်ကာလထက် အများကြီး စောတဲ့ အရာတွေ ဖြစ်လိမ့်မယ်လို့ ကျမ သံသယရှိတယ်"
"ဒါကတော့ ဟုတ်တာပေါ့၊ ကျမတို့ထက် စောမှာပေါ့၊ ကျမတို့က အခုမှ ဘယ်လောက်ရှိသေးလို့လဲ"
မုံချင့်လင်က အလိုက်သင့် ပြောလိုက်သည်။
ဖန့်ချန်သည် ကြာနီနတ်မိမယ်ငယ်၏ စကားထဲမှ နက်နဲသော အဓိပ္ပာယ်ကို ရိပ်မိလိုက်သဖြင့် အတွေးတစ်ခု ဝင်လာသည်။
သို့သော် ထိုအတွေးကို အတည်ပြုရန်အတွက် ဟင်းလင်းပြင်သားရဲတစ်ကောင်ကို တကယ်တမ်း တွေ့မြင်ရမှသာ ဖြစ်ပေလိမ့်မည်။
"မင်းတို့ ဒီမှာ စောင့်ပြီး အခြေအနေကို ကြည့်ထားကြ၊ ငါ သွားပြီး ချက်ချင်း ပြန်လာခဲ့မယ်"
ဖန့်ချန်က မှာကြားလိုက်ပြီးနောက် စိမ်းပြာရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အရိုးစုပင်လယ်ပြင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
"အဖွဲ့ခေါင်းဆောင်က ပစ်မှတ်ကို အတိအကျ သိနေသလိုပဲ။ သူ ဘယ်ကနေ ဒီလောက် တိကျတဲ့ သတင်းကို ရတာပါလိမ့် "
လင်းယွမ်က သိချင်စိတ်ဖြင့် မေးသည်။
"လင်းတုန်း စီနီယာနဲ့ ပတ်သက်လိမ့်မယ်လို့ ကျုပ် ထင်တယ်"
ယွီဝူရှီးက ခန့်မှန်းလိုက်သည်။
"ဒီအရိုးစုတွေထဲမှာ တကယ့် ရတနာတွေ ရှိနေတာလား "
မုံချင့်လင်က စိတ်ဝင်တစားဖြင့်
"ကျမလည်း အဖွဲ့ခေါင်းဆောင်နဲ့အတူ လိုက်သွားရင် ကောင်းမလား "
"ကျမတို့ရဲ့ စည်းကမ်းကို မေ့သွားပြီလား အဖွဲ့ခေါင်းဆောင်က မခေါ်ဘဲနဲ့ မင်း သဘောနဲ့မင်း ဆုံးဖြတ်လို့ မရဘူး"
ကြာနီနတ်မိမယ်ငယ်က မုံချင့်လင်ကို တစ်ချက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။
လင်းယွမ်နှင့် ယွီဝူရှီးတို့ကလည်း ခေါင်းညိတ်ကြသည်
"စည်းကမ်းဆိုတာ စည်းကမ်းပဲ။ မုံမိတ်ဆွေ အနေနဲ့ စည်းကမ်းကို မဖောက်ဖျက်တာ အကောင်းဆုံးပဲ၊ မဟုတ်ရင် ကျုပ်တို့ ဝါရင့်မဲ သုံးမဲနဲ့ မင်းကို အဖွဲ့ထဲက ထုတ်ပစ်ဖို့ လုံလောက်တယ်"
"ကျမက ပြောကြည့်တာပါ၊ ဘာလို့ ဒီလောက် အသည်းအသန် ဖြစ်နေကြတာလဲ ဟုန်မိတ်ဆွေ... မင်းနဲ့ အဖွဲ့ခေါင်းဆောင်က ဘယ်လို ပတ်သက်မှုမျိုးလဲ"
"မင်းတို့ကို တာအိုအဖော် တွေလို့ ပြောရအောင်လည်း အဲဒီလောက်အထိ ရင်းနှီးပုံမရဘူး၊ မဟုတ်ဘူးလို့ ပြောရအောင်လည်း အဖွဲ့ခေါင်းဆောင်က မင်းနဲ့ပဲ အတူနေချင်နေသလိုပဲ၊ ကျမ နည်းနည်းလေး ကပ်လိုက်တာနဲ့ မင်းက ချက်ချင်း ဝင်နှောင့်ယှက်တာပဲ"
မုံချင့်လင်က ပြုံးစိစိဖြင့် ဆက်ပြောသည်
"တကယ်လို့ တာအိုအဖော်တွေ မဟုတ်ဘူးဆိုရင်တော့ ကျမ တကယ်ပဲ လက်စွမ်းပြတော့မှာနော်"
"ဖန့်မိတ်ဆွေက မင်းနဲ့ မသင့်တော်ဘူး"
ကြာနီနတ်မိမယ်ငယ်က ခေါင်းခါပြလိုက်သည်။
"ဘာလို့လဲ"
မုံချင့်လင်က ခပ်ပြုံးပြုံး မေးသည်။
"မင်းက ကြည့်ရတာတင် တာအိုအဖော်တွေ အများကြီး ရှိခဲ့ပုံရတယ်၊ ဒါကြောင့် ဖန့်မိတ်ဆွေနဲ့ မသင့်တော်ဘူး"
ကြာနီနတ်မိမယ်ငယ်က တည်ငြိမ်စွာ ဆိုသည်။
မုံချင့်လင် ဒေါသထွက်သွားတော့သည်။
လင်းယွမ်နှင့် ယွီဝူရှီးတို့မှာတော့ အမျိုးသမီးနှစ်ဦး၏ တိုက်ပွဲကြားထဲ မဝင်ချင်သဖြင့် တစ်ခုခုပြောကာ ဖျန်ဖြေရန် ပြင်လိုက်သော်လည်း... ရုတ်တရက် ခေါင်းပေါ်သို့ အရိပ်ကြီးတစ်ခု ကျရောက်လာသည်ကို ခံစားလိုက်ရသည်။
သူတို့ မော့ကြည့်လိုက်သောအခါ မျက်နှာရိပ်များ ချက်ချင်းပင် လေးလံသွားကြသည်။
မည်သည့်အချိန်က ရောက်ရှိလာမှန်းမသိဘဲ ယွမ်လုံနံပါတ်လှေ ထက်ပင် တစ်ပတ်ခန့် ပိုကြီးသော မသေမျိုးလှေတစ်စင်းသည် သူတို့၏ တည့်တည့်တွင် ရပ်တန့်နေလေပြီ။
၎င်းပေါ်ရှိ အမှတ်အသားများအရ ကျွယ်မင်နန်းတော်မှ မသေမျိုးလှေဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။
မုံချင့်လင်နှင့် ကြာနီနတ်မိမယ်ငယ်တို့မှာလည်း ချက်ချင်းပင် ပါးစပ်ပိတ်သွားကြသည်။
တစ်ဖက်လူမှာ စေတနာဖြင့် လာခြင်းမဟုတ်ကြောင်း သိသာလှသည်၊ မဟုတ်လျှင် မသေမျိုးလှေကို လူတိုင်း၏ ဦးခေါင်းတည့်တည့်သို့ ရောက်သည်အထိ မောင်းနှင်လာမည် မဟုတ်ချေ။
"မင်းတို့က အခုမှ ရောက်လာတဲ့ လူသစ်တွေလားမင်းတို့ အဖွဲ့ခေါင်းဆောင်ရဲ့ နာမည်က ဖန့်ချန် မဟုတ်လား "
ထိုမသေမျိုးလှေပေါ်မှ ကျင့်ကြံသူ ဆယ်ဂဏန်းခန့် ပျံသန်းဆင်းသက်လာကြသည်။
သူတို့သည် ယွမ်လုံနံပါတ်လှေ၏ အကာအကွယ် အစီရင်ကို မြင်သော်လည်း ဂရုမစိုက်ဟန်ဖြင့် ခေါင်းဆောင်ဖြစ်သူက ပြုံးလျက် ဆိုလိုက်သည်။
"ခွင့်ပြုပါ စီနီယာ... စီနီယာတို့က ဘယ်သူတွေလဲဗျ "
ယွီဝူရှီးက လက်အုပ်ချီ မေးမြန်းလိုက်သည်။
"ငါလား ငါက ရွှမ်ဝမ်ရှေ့ပြေးအဖွဲ့ က ရှောင်ချန်ဟယ် ပဲ"
"ခင်ဗျားတို့က ရွှမ်ဝမ်ရှေ့ပြေးအဖွဲ့လား"
လူတိုင်း အံ့အားသင့်သွားကြသည်။
"သေချာတာပေါ့၊ ဒါပေမဲ့ ဒီအဖွဲ့ကတော့ ရွှင်ယိုရှေ့ပြေးအဖွဲ့ ပဲ။ ငါကတော့ သူတို့နဲ့အတူ လိုက်ပါပြီး လိုက်ပါခငွေ နည်းနည်းပါးပါး ရှာနေတာပါ"
ရှောင်ချန်ဟယ်က ပြုံးစိစိဖြင့် ပြောရင်း၊ မသေမျိုးလှေပေါ်တွင် ဖန့်ချန်ကို မတွေ့ရသဖြင့်
"မင်းတို့ အဖွဲ့ခေါင်းဆောင် ဘာသွားလုပ်တာလဲ၊ ဒီနေရာမှာ ဘာထူးခြားတဲ့ ရတနာတွေ ရှိလို့လဲ "
သူ၏ အကြည့်မှာ အရိုးစုပင်လယ်ပြင်ဆီသို့ ဝဲလှည့်သွားသည်။
ထိုစဉ်မှာပင် ဖန့်ချန်သည် အရိုးစုများကြားမှ ပြန်လည် ထွက်ပေါ်လာသည်။
ထို့နောက်တွင်တော့... ရှောင်ချန်ဟယ်၏ ကိုယ်ပေါ်ရှိ ထူးခြားသော ကျောက်စိမ်းပြားတစ်ခုမှာ လက်မခံနိုင်လောက်အောင် ပူလောင်လှသော အရှိန်အဝါများ စတင် ထွက်ပေါ်လာလေတော့သည်။
"နတ်ဆေးပင် "
***