ဓားချက် တစ်ချက်ချင်းစီတိုင်းသည် ထောင်နှင့်ချီသည့် တောင်များသဖွယ် လေးလံပြီး စွမ်းအားမှာ အံ့သြစရာကောင်းလှ၏။ "ဟစ်... အရမ်း စွမ်းအားကြီးလွန်းတယ်.." ထန်းကျီ၏ အရှိန်အဝါတို့ မြင့်တက်လာသည်နှင့် သိုင်းသမားများစွာ၏ မျက်နှာများက လေးလံသွားကြ၏။ သူသည် မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ မဟာစောင့်ရှောက်သူတစ်ယောက် ဖြစ်နိုင်တာ အံ့သြစရာမရှိပေ။ စွမ်းအားမှာ အလွန်သန်မာပြီး ဒီဗိုင်းကိရိယာတစ်ခုကိုပင် ယူဆောင်လာခဲ့၏။ သို့ပေမယ့် တစ်ဖက်လူသည် တစ်ခုခုကို အထင်မှားနေသည်လား။ သိုင်းတစ်ထောင်ခန်းမသည် မည်သည့်လှုပ်ရှားမှုကိုမှ ပြုလုပ်ရသေးခြင်း မရှိသေးဘဲ ရွှီယန်မှာ ထွက်ပြေးသွားခြင်းသာ ဖြစ်သည်။ သိုင်းတစ်ထောင်ခန်းမ အရှင်သခင်နှင့် အကြီးအကဲများမှာ အလွန် ဒေါသထွက်နေကြပါသည်။ တစ်ဖက်လူ၏ မျက်လုံးထဲတွင် သူတို့ သိုင်းတစ်ထောင်ခန်းမသည် ယခုမျှအထိ နာမည်ပျက်နေသည်လား။ အားနည်းသူကို အနိုင်ကျင့်ခြင်းအား ခုံမင်နေသည်ဟု ထင်နေသည်လား။ "ဒန်း.." တစ်ယောက်ချင်းစီတိုင်းသည် ဒေါသဖြင့် အံကြိတ်နေကြပြီး ထန်းကျီကို သတ်ဖြတ်နိုင်ရန် မျှော်လင့်နေကြသည်။ "ဘာလဲ... မင်းတို့က လုပ်တုန်းက လုပ်ရဲပြီး တာဝန်မယူချင်ဘူးလား.." ထန်းကျီက ဒေါသတကြီး ပြော၏။ သိုင်းတစ်ထောင်ခန်းမရှိ ဆေဘာသခင် အကြီးအကဲက အော်သည်။ "ထန်းကျီ... ရပ်စမ်း... ငါတို့ သိုင်းတစ်ထောင်ခန်းမက ဂုဏ်သိက္ခာရှိရှိနဲ့နေတာ။ ဘယ်လိုလုပ်ပြီးတော့ လေလွင့်သိုင်းသမားတစ်ယောက်ကို ဝိုင်းသတ်ရလောက်တဲ့အဆင့်အထိ နိမ့်ကျမှာလဲ။ ဒီကိစ္စမှာ ရွှီယန်က သူ့ဘာသူမလာဘဲနဲ့ ထွက်ပြေးသွားတာ.." ထန်းကျီမှာ မှင်သက်သွားသည်။ ရွှီယန်သည် ပေါ်လာခြင်းမရှိဘဲ ပုန်းအောင်းနေသည်လား။ သူသည် ပတ်ဝန်းကျင်ရှိ လူအုပ်ကို ကြည့်လိုက်ပြီးနောက် သူတို့၏ အသွင်အပြင်များကို အကဲခတ်ကာ အဖြေတစ်ခု ရလာခဲ့သည်။ ခဏတာအတွင်း သူ၏မျက်နှာက အနီရောင် ပြောင်းသွားခဲ့၏။ "ချီး... ရှက်ဖို့ကောင်းလွန်းတယ်.." သူသည် တောင်တစ်သောင်းပုဆိန်ကို ကျောပေါ်သို့ ပြန်တင်ကာ ချောင်းဟန့်ရင်းက ပြော၏။ "လူငယ်တွေက တကယ့်ကို ပေါ့ဆတာပဲ... အရမ်းကြန့်ကြာနေတော့ နားလည်မှုတွေ လွဲကုန်ပြီ.." သိုင်းသမားများမှာ ပြောစရာစကား မဲ့သွားကြ၏။ သို့ရာတွင် ထန်းကျီ၏ တုံ့ပြန်မှုအတွက် သူတို့အနေနှင့် အံ့ဩမိခြင်း မရှိပါ။ ဘာပဲဖြစ်ဖြစ် သိုင်းတစ်ထောင်ခန်းမ၏ အကျင့်စရိုက်နှင့် နားလည်မှုလွဲရန် လွယ်ကူလှ၏။ သိုင်းတစ်ထောင်အရှင်သခင်နှင့် အခြားလူများ၏ မျက်နှာများက မဲမှောင်သွားကြသည်။ ချွေဟွားယွီ၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွား၏။ သူသည် ပြီးခဲ့တုန်းက တိုက်ပွဲကို ကြည့်ရှုခဲ့သည့် သိုင်းသမားများထဲမှ တစ်ယောက်ကို ရွှီယန်ထွက်ခွာသွားခဲ့သည့် အချိန်အား မေးကြည့်သည်။ ထိုသိုင်းသမားက အများကြီး စဉ်းစားမနေဘဲ ချွေဟွားယွီကို ဖြေကြား၏။ "အဲ့ဒါဆိုရင် အချိန်မကျသေးဘူးပဲ... ဘာတွေ လောနေတာလဲ.." ချွေဟွားယွီက နှလုံးသားထဲတွင် ရေရွတ်သည်။ ရွှီယန်သည် ထွက်ပြေးသွားမည်လား။ သူမယုံပေ။ သဘောတူထားသည့် အချိန်မှာ ရောက်ရှိခြင်း မရှိသေးတာသာ ဖြစ်သည်။ ရွှီယန်မှာ အချိန်တိကျသူတစ်ဦး ဖြစ်၏။ ဤတစ်ကြိမ်လည်း ချွင်းချက်မဟုတ်ပေ။ "လူခွဲကြရအောင်... ကြည့်စရာဘာပွဲမှ မရှိတော့ဘူး... ငါတို့တွေ ဘယ်သမိုင်းကိုမှ မမြင်နိုင်တော့ဘူး။ ဒီလောက်ခရီးရှည်ကြီး ဆက်ခဲ့ရတာ ဒါပေမယ့် ရွှီယန်ကတော့ သိုင်းတစ်ထောင်ခန်းမရဲ့ မျက်နှာကို ဖျက်ရိုက်ပြီးတဲ့နောက်မှာ သွားပုန်းနေပြီ.." သိုင်းသမားတစ်ယောက်က စိတ်ပျက်စွာဖြင့် ပြော၏။ ထိုစကားကို ကြားရပြီးနောက် အခြားသိုင်းသမားများကလည်း သဘောတူစွာ ခေါင်းငြိမ့်ကြသည်။ "သိုင်းတစ်ထောင်ခန်းမက တကယ့်ကို အမှားကြီးလုပ်လိုက်တာပဲ... ရွှီယန်က သူတို့ရဲ့ မျက်နှာတွေကို နင်းချခဲ့ပြီး လင်းနယ်မြေရဲ့သမိုင်းမှာ အရဲတင်းဆုံးလူ ဖြစ်လာခဲ့တယ်။ ပြီးတော့ တစ်ခါတည်း သွားပုန်းခဲ့တယ်။ ငါ့အထင်တော့ သိုင်းတစ်ထောင်ခန်းမက လူတွေ သူ့ကိုရှာချင်ရင် လွယ်ကူတော့မှာ မဟုတ်ဘူး.." "ဒီတစ်ကြိမ်တော့ သိုင်းတစ်ထောင်ခန်းမက တကယ့်ကို ဟာသဖြစ်ပြီ.." သိုင်းသမားများက လှောင်ပြောင်သည့် အပြုံးများဖြင့် ပြောကြ၏။ သို့ပေမယ့် အချိန်မကြာလိုက်ပေ။ သူတို့သည် သိုင်းတစ်ထောင်ခန်းမ၏ တံခါးရှေ့တွင် လှောင်ပြောင်နေခြင်း ဖြစ်၏။ ဤသည်က ကိုယ့်သေတွင်းအား ကိုတူးနေပြီပင်။ "ဘုန်း.." သိုင်းတစ်ထောင်ခန်းမ၏ တောင်တံခါးဆီမှ တိုက်ခိုက်မှုတစ်ခု ထွက်ပေါ်လာ၏။ ထိုသိုင်းသမားများ၏ အံ့ဩနေသည့် အကြည့်အောက်တွင် သူတို့သည် လွင့်စင်ကာ ပေါက်ကွဲ သေဆုံးကုန်ကြသည်။ အခြား သိုင်းသမားများလည်း ထိတ်လန့်စွာဖြင့် တိတ်ဆိတ်သွားကြ၏။ မည်သူမှ ဆက်လက်ဆွေးနွေးရဲခြင်း မရှိတော့ပေ။ သူတို့သည် မည်သည့် လှောင်ပြောင်သည့် မျက်နှာရိပ်ကိုမှ ပြသရဲခြင်းပင် မရှိပါ။ ဒီအချိန်၌ သိုင်းတစ်ထောင်ခန်းမသည် အမှန်တကယ်ကို အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုဖြစ်ပြီး သူတို့အနေနှင့် အလွယ်တကူ မှတ်ချက်ပြုနိုင်ခြင်း၊ လှောင်ပြောင်နိုင်ခြင်း မရှိကြောင်းကို နားလည်လာခဲ့သည်။ ရွှီယန်မှာ တစ်ကြောင်းဖြစ်၏။ သူတို့က တစ်ကြောင်းဖြစ်၏။ နိုင်ငံ၃၊ နိုင်ငံဂိုဏ်း၇ဂိုဏ်းနှင့် မိသားစုကြီး၈ခုမှ စွမ်းအားကြီးပုဂ္ဂိုလ်များကလည်း အခြားသိုင်းသမားများကို ကြည့်ကြသည်။ အချိန်မရွေး တိုက်ခိုက်သတ်ဖြတ်တော့မည့်ဟန် ရ၏။ တစ်ယောက်ယောက်သာ မလေးမစားအသွင်အပြင် ပြရဲပါက ကြမ်းကြုတ်စွာ ပြုမူမှာဖြစ်သည်။ သိုင်းသမားအချို့သည် တိတ်ဆိတ်စွာဖြင့် ဆုတ်ခွာကြ၏။ သိုင်းတစ်ထောင်ခန်းမမှာ အလွန်ဒေါသထွက်နေရာ ဆက်လက်ကြည့်ရှု့နေခြင်းက မကောင်းပေ။ တစ်ဖက်လူ၏ ဒေါသပုံချစရာ လူတစ်ယောက် ဖြစ်မလာစေရန် မြန်မြန်လေး ထွက်ခွာသွားတာကောင်း၏။ ဘာပဲဖြစ်ဖြစ် လေလွင့်သိုင်းသမားများမှာ စိတ်ဝိဉာဉ်ဂိုဏ်းများအတွက် မဲစရာ အကောင်းဆုံးဖြစ်သည်။ "နေဝင်ပြီးလို့မှ ရွှီယန်ပေါ်မလာဘူးဆိုရင် လင်းနယ်မြေရဲ့ စိတ်ဝိဉာဉ်ဂိုဏ်းအားလုံးကို အမိန့်ပေးလိုက်။ ရွှီယန်ကို လိုက်ပြီး ဖမ်းဆီးရမယ်။ သူ့လို စကားမတည်ဘဲ စည်းမျဉ်းကို ချိုးဖျက်တဲ့ကောင်က သေသင့်တယ်။ ဒါ့ကြောင့်မလို့ ဒီကိစ္စက ပါရမီရှင်တွေအကြား ပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မသက်ဆိုင်တော့ဘူး.." သိုင်းတစ်ထောင်အရှင်သခင်က ညို့မှိုင်းသည့် မျက်နှာဖြင့် အမိန့်ပေး၏။ "ဟုတ်ကဲ့ပါ ခန်းမအရှင်.." သိုင်းတစ်ထောင်ခန်းမရှိ အကြီးအကဲများ၏ မျက်နှာများက အလွန် ညို့မှိုင်းနေပါသည်။ သူတို့အားလုံးသည် အစော်ကားခံရပြီးနောက် လက်စားချေရန် ပြင်ဆင်ထားကြ၏။ သို့ပေမယ့် တစ်ဖက်လူက မလာတော့ပေဘူးလား။ သူတို့သည် အလကားသက်သက် အစော်ကားခံခဲ့ရသည်လား။ ဤသည်မှာ သိုင်းတစ်ထောင်ခန်းမအား စော်ကားခြင်းဖြစ်သည်။ နောင်တွင် သိုင်းသမား မည်မျှတို့သည် သူတို့၏နောက်ကွယ်၌ လှောင်ရယ်နေကြမည်လည်း မသိပေ။ "အချိန်ရောက်တော့မယ်..." ချွေဟွားယွီက ခေါင်းပြူကာ ပတ်ဝန်းကျင်ကိုကြည့်သည်။ သူသည် အနည်းငယ် စိတ်ပူနေ၏။ သူ၏ခန့်မှန်းချက်မှာ မှားယွင်းပြီး ရွှီယန်သည် ကတိမတည်ပဲ ထွက်ပြေးသွားမှာကို စိုးရိမ်နေပါသည်။ ထိုအချိန်၌ ထန်းကျီမှာလည်း အလွန် နေရခက်နေ၏။ ဆက်လက်နေရမည်လား သို့မဟုတ် ထွက်ခွာသွားရမည်လားကို မသိနိုင်ဘဲ ဖြစ်နေသည်။ ရုတ်တရက် အနီးအနားရှိ သိုင်းသမားတစ်ယောက်က မယုံကြည်နိုင်စွာဖြင့် အသံပြုသည်။ "ကြည့်လိုက်ဦး... အဲ့ဒါကဘာလဲ.." လူတိုင်းသည် ခေါင်းလှည့်ကြည့်လိုက်ပြီးနောက် တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် မှင်သက်သွားကြ၏။ အဝေးတွင် ကောင်းကင်ပေါ်သို့ သစ်ပင် တစ်ပင်ပြီးတစ်ပင်သည် မြင့်တက်လာခဲ့ပြီး ကြီးမားသည့် ဓားကြီးများအဖြစ် ပြောင်းလဲကာ လေထဲတွင် မျောလွင့်နေပါသည်။ အေးစက်သည့် ဓားစွမ်းအင်တို့ဖြင့် ရစ်ဝဲနေ၏။ ပုံရိပ်တစ်ခုသည် စင်မြင့်ဆီသို့ ရွေ့လျားလာခဲ့ပြီး ခြေတစ်လှမ်းချင်းစီတိုင်းသည် မြေပြင်ပေါ်မှ မြင့်တက်လာခဲ့သည့် ဓားကြီးပေါ်သို့ နင်းသွား၏။ ပိုမိုပိုမိုကာ နီးကပ်လာသည်နှင့်အမျှ လေထဲတွင် ပိုမိုပိုမိုကာ များပြားသည့် သစ်ပင်များ မြင့်တက်လာခဲ့သည်။ ဓားကြီးများ ဖြစ်လာခဲ့ကြ၏။ ထိုပုံရိပ် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးနှင့် နီးကပ်လာသည့် အချိန်၌ ဓားများအားလုံးမှာ စက်ဝိုင်းတစ်ခုသဖွယ် ဖွဲ့စည်းလာခဲ့သည်။ ဓားတစ်ချောင်းချင်းစီတိုင်းသည် ဆက်သွယ်ထားကြပြီး ၎င်းတို့၏ ထိပ်ဦးများက မူလက တိုက်ခိုက်ခြင်းစင်မြင့်၏ အစွန်းများတွင် စိုက်ဝင်သွားကြသည်။ ချောမောကာ တောက်ပပြီး ရဲစွမ်းသတ္တိ အားမာန်တို့ဖြင့် လူငယ်တစ်ဦး ရောက်ရှိလာခဲ့၏။ ဤသည်မှာ ရွှီယန်ဖြစ်သည်။ သိုင်းသမားအားလုံးတို့သည် တိတ်ဆိတ်စွာဖြင့် မှင်သက်နေကြ၏။ အပင်များကို ဓားအဖြစ် ပြောင်းလဲခြင်းနှင့် ဓားလမ်းကြောင်းအဖြစ် ထိန်းချုပ်ကာ နင်းတက်ခဲ့ခြင်းသည် မည်ကဲ့သို့သော စွမ်းအားဖြစ်သနည်း။ "ငါသိနေတယ်... ရွှီယန်က အချိန်တိကျတဲ့လူပဲ.." ချွေဟွားယွီက ကိုယ့်ကိုယ်ကိုယ် ရေရွတ်သည်။ ရွှီယန်၏ ရောက်ရှိလာမှုက ပတ်ဝန်းကျင်ရှိ လူအားလုံးတို့ကို ဆွံ့အသွားစေ၏။ ရွှီယန်အား ထွက်ပြေးကာ ပုန်းရှောင်သွားပြီဟု ပြောခဲ့သည့် သိုင်းသမားများမှာ အရှက်ရစွာ ခံစားလိုက်ရသည်။ သူတို့သည် ကိုယ့်ကိုယ်ကိုယ် ဟန်မပျက်ရန် ရုပ်တည်ဖြင့်နေကြပြီး ပြီးခဲ့တုန်းက ပြောခဲ့သည်မှာ သူတို့မဟုတ်သည့်သဖွယ် ရှိနေပါတော့သည်။ "ရွှီယန်... သူကလင်းနယ်မြေရဲ့ စစ်မှန်တဲ့ နံပါတ်တစ်ပါရမီရှင်ပဲ။ သူ့ကို ထွက်ပြေးသွားပြီလို့ ဘယ်သူပြောတာလဲ... ငါ့မှာပဲ တကယ့်ကိုစူးရှတဲ့ မျက်လုံးတွေရှိတယ်။ သူသေချာပေါက် ပေါ်လာမယ်ဆိုတာကို ငါသိနေခဲ့တယ်.." "ရွှီယန် ထွက်ပြေးသွားပြီလို့ ပြောတာ မင်းပဲမဟုတ်ဘူးလား.." "မဟုတ်တာ... ငါပြောတာက ရွှီယန်ထွက်ပြေးဖို့ သေချာပေါက် မဖြစ်နိုင်ဘူးလို့ပဲ.." "နောက်ဆုံးအကြိမ် ရွှီယန် ထွက်ခွာသွားတုန်းကလည်း ဒီအချိန်လောက်ပဲ... သူကတကယ့်ကို အချိန်တိကျတာပဲ.." သိုင်းသမားတစ်ယောက်က လေးစားစွာဖြင့် အသံပြုသည်။ ထန်းကျီမှာ အံ့သြသွား၏။ ပြောကြသည်မှာ ရွှီယန်၏ ဓားပညာသည် အလွန် အံ့သြဖို့ကောင်းလှသည်ဟု ဖြစ်၏။ ထိုကိစ္စတစ်ခုတည်းနှင့်ပင် ကောလဟာလ ဆယ်ခုမက ရှိသည်။ အားလုံးတို့သည် လွန်ကျူးလှကာ ယုံကြည်နိုင်စရာ မရှိပေ။ သို့ပေမယ့် ယနေ့တွင် ကိုယ်ပိုင်မျက်စိနှင့် မြင်တွေ့လာရပြီးနောက် အချို့ ကောလဟာလများမှာ မှားယွင်းနေသည် မဟုတ်ကြောင်းကို နားလည်လာခဲ့သည်။ ရွှီယန်၏ ဓားပညာသည် အံ့သြဖို့ကောင်းလှသည်မှာ စကားလုံးများဖြင့် ဖော်ပြရန်ပင် ခက်ခဲလှပါသည်။ ပြီးခဲ့တုန်းက အမိန့်ပေးကာ ပြန်သွားခဲ့သည့် သိုင်းတစ်ထောင်အရှင်သခင်သည် ဂိတ်တံခါးဆီသို့ ပြန်လည်ရောက်ရှိလာခဲ့၏။ သူ၏မျက်နှာမှာ ပိုမိုကာပင် ညှို့မှိုင်းလာခဲ့သည်။ ရွှီယန်၏ အသွင်အပြင်ကို ကြည့်ရသည်မှာ ပိုမိုကာပင် စွမ်းအားကြီးမားလာပုံ ပေါ်၏။ ယခုအချိန်၌ သိုင်းတစ်ထောင်ခန်းမရှိ ပါရမီရှင်အားလုံးတို့သည် အလွန်လေးလံစွာ ခံစားနေကြရသည်။ ရွှီယန်သည် ရောက်ရှိလာပြီ ဖြစ်၏။ ဆိုလိုသည်မှာ သူတို့သည် အားကုန်တိုက်ခိုက်ရန် လိုအပ်ပေသည်။ ရွှီယန်သည် ရောက်ရှိလာပြီးသည်နှင့် သူ၏ ကြီးစိုးလှသည့် စွမ်းအားဖြင့် ရှိနေကြသည့် လူအားလုံးကို အံ့သြသွားစေ၏။ နက်ရှိုင်းလှသည့် ဓားသိုင်းက အမှန်တကယ်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပါသည်။ ပုံမှန်အခြေအနေမျိုးတွင် တစ်ဖက်လူကို ရင်ဆိုင်ရန် အခွင့်အရေး ရှိမည်မဟုတ်ပေ။ ထို့ကြောင့် အရာအားလုံးကို စတေးကာ... အသက်ကိုပင် စတေးကာ တိုက်ခိုက်ရမှာ သေချာ၏။ ထိုသို့ဆိုပါက ရွှီယန်မှာ အသက်ရှင်နိုင်မည်လား သေမည်လား မသိပေ။ သို့ပေမယ့် သူတို့မှာ သေချာပေါက် သေဆုံးရမှာဖြစ်သည်။ သို့ရာတွင် ယခုအချိန်၌ ရွေးချယ်စရာ မရှိပါ။ ယရုံမှာ သစ်ပင်ကြီး၏ထိပ်တွင် ရပ်ပြီး လူငယ်ကိုကြည့်သည်။ သူမ၏နှလုံးသားထဲ၌ အံ့သြမှုတို့ ပြည့်နက်နေ၏။ 'လောကကြီးမှာ ဒီလောက်အနှိုင်းမဲ့တဲ့ လူငယ်တစ်ယောက် ရှိနေတယ်... အဲ့ဒီ့ ကောင်မလေးနှစ်ယောက်ရဲ့ နှလုံးသားကို ဖမ်းစားထားတာ အံ့သြစရာမရှိဘူး..' မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် ယခုကဲ့သို့သော တပည့်မျိုးကို ပျိုးထောင်ခဲ့သနည်း။ ယခုကဲ့သို့သော အသွင်အပြင်မျိုးကို ပြသနိုင်လေသည်။ ယရုံသည်ရုတ်တရက် ရွှီယန်၏ဆရာဖြစ်သူအား တွေ့ဆုံချင်စိတ်တို့ ပေါ်လာခဲ့၏။ "ဘာပဲဖြစ်ဖြစ်... သူက ငယ်ရွယ်လွန်းသေးတယ်... သိုင်းတစ်ထောင်ခန်းမရဲ့ ဂိတ်တံခါးမှာ စင်မြင့်တစ်ခုကို လူသိရှင်ကြား တည်ဆောက်ပြီး သိုင်းတစ်ထောင်ခန်းမ တစ်ခုလုံးကို ဖိနှိပ့်ဖို့ကြံစည်တာက ဘယ်လိုလုပ်ပြီးတော့ လွယ်ကူနိုင်မှာလဲ။ သူ့ရဲ့ငယ်ရွယ်တဲ့ အသက်အရွယ်ကြောင့် သိုင်းတစ်ထောင်ခန်းမအနေနဲ့ အခွင့်ကောင်းယူနိုင်ခြင်း မရှိရင်တောင် သူ့ကို ရင်ဆိုင်ဖို့ နည်းလမ်းတွေ အများကြီး ရှိသေးတယ်.." ယရုံက နှလုံးသားထဲတွင် သက်ပြင်းချသည်။ ရွှီယန်မှာ အလွန် ငယ်ရွယ်လွန်းပြီး သွေးဆူလွန်းသည်ဟု ခံစားရ၏။ ရွှီယန်သည် စင်မြင့်ပေါ်၌ရပ်ကာ သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးကို ကြည့်သည်။ ဒီတစ်ကြိမ်တွင် သူသည် သိုင်းတစ်ထောင်ခန်းမ၏ ဂုဏ်သိက္ခာအားလုံးကို ခြေထောက်အောက်တွင် နင်းချေမည်ဖြစ်၏။ 'မူလဒီဗိုင်းအဆင့်ကို ရောက်ပြီးတဲ့နောက်မှာ အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်က ဘာမှ သိပ်မဟုတ်တော့ဘူး... သိုင်းတစ်ထောင်ခန်းမရဲ့ ပါရမီရှင်တွေမှာ အရည်အချင်းအချို့ ရှိနေဖို့ ငါမျှော်လင့်တယ်..' ရွှီယန်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ သူသည် လင်းနယ်မြေ၏ အထွတ်အထိပ်သို့ ရောက်ရှိရန် သိုင်းတစ်ထောင်ခန်းမအား ခြေနင်းကျောက်တုံးလုပ်ဖို့ရာ မစောင့်နိုင်တော့ပေ။ သို့ပေမယ့် မူလဒီဗိုင်းအဆင့်၏ အစောပိုင်း၌သာ ရှိနေသေးရာ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုကို ဖိနှိပ့်နိုင်ရန် မလုံလောက်သေးပေ။ 'ဒီတိုက်ပွဲပြီးရင်... သိုင်းတစ်ထောင်ခန်းမက လူအိုကြီးတွေကိုယ်တိုင် လှုပ်ရှားရှား မလှုပ်ရှားရှား... ငါကတော့လင်းနယ်မြေတလျှောက် ခြေဆန့်ပြီး သိုင်းသမားမျိုးစုံကို စိန်ခေါ်ရမယ်..' မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်ပြီးနောက် သူသည် လင်းနယ်မြေသို့ လှည့်လည်သွားလာပြီး သိုင်းသမားအားလုံးကို စိန်ခေါ်မည်ဖြစ်သည်။ လင်းနယ်မြေ၏ တောင်နှင့်မြစ်တို့ကို ကြည့်ရှု့ခံစားကာ သိုင်းပညာ၏ နက်ရှိုင်းသည့် ဆန်းကြယ်မှုတို့ကို လေ့လာမည်ဖြစ်၏။ 'ဆယ်နှစ်အတွင်းမှာ... ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်ကို ချိုးဖျက်ရမယ်..' ရွှီယန်သည် ကိုယ့်ကိုယ်ကိုယ် ပန်းတိုင်တစ်ခုအား သတ်မှတ်ခဲ့၏။ သိုင်းပညာကျင့်ကြံမှုတွင် အဆင့် ပိုမိုမြင့်မားလေလေ ကျင့်ကြံရန် အချိန်ပိုကြာလေ ဖြစ်၏။ သို့ပေမယ့် ဆယ်နှစ်အတွင်းတွင် ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်သို့ ချိုးဖျက်နိုင်မည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပါသည်။ 'ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်ကိုသာ ဝင်ရောက်ပြီးရင်... လင်းနယ်မြေမှာ အနှိုင်းမဲ့ပြီ..' ဆရာဖြစ်သူ၏ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများကို အသုံးချပြခဲ့သည့် မြင်ကွင်းအား တွေးမိလိုက်တိုင်းတွင် ရွှီယန်သည် မနေနိုင်ဘဲ စိတ်လှုပ်ရှားစွာနှင့် ဒီဗိုင်းဆန်းကြယ်စွမ်းအားအပေါ် မျှော်လင့်နေမိ၏။ သူလည်းပဲ ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်သို့ ရောက်ရှိပြီးပါက မည်ကဲ့သို့သော ဒီဗိုင်းဆန်းကြယ်စွမ်းအားများအား ရရှိလာမည်ကို မသိနိုင်ပေ။ "ဓားနတ်ဘုရားရွှီယန်က.. သိုင်းတစ်ထောင်ခန်းမရဲ့ ပါရမီရှင်တွေကို စိန်ခေါ်တယ်.." ရွှီယန်က ဂုဏ်ယူစွာဖြင့် ပြောသည်။ သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးရှေ့တွင် ဆေဘာသခင်အကြီးအကဲက ပါရမီရှင်တစ်ယောက်ကို ကြည့်ကာ တက်ရောက်တိုက်ခိုက်ရန် အချက်ပြသည်။ "သိုင်းတစ်ထောင်ခန်းမရဲ့ ပါရမီရှင်တွေက မင်းစိန်ခေါ်ချင်တိုင်း စိန်ခေါ်လို့ရတဲ့အရာ မဟုတ်ဘူး... အရင်ဆုံး ငါ့ကို ဖြတ်ကျော်နိုင်မလားလို့ ကြည့်ဦးမယ်.." ဓားကိုကိုင်ထားသည့် ပုံရိပ်တစ်ခုသည် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးဆီမှ ပျံသန်းလာပြီး စင်မြင့်ပေါ်သို့ သက်ဆင်း၏။ "အနိုင်အရှုံးပဲ ဆုံးဖြတ်မှာလား။ သေခြင်းရှင်ခြင်း တိုက်ပွဲကို တိုက်ခိုက်မှာလား.." ရွှီယန်က ထူးမခြားနားစွာ မေးသည်။ အနိုင်အရှုံးလားသေခြင်းရှင်ခြင်း ဟူသည်လားကိုတော့ ရွှီယန်သည် တစ်ဖက်လူအတွက် ရွေးချယ်စရာအဖြစ် ထားပေးထား၏။ "သေခြင်းရှင်ခြင်းတိုက်ပွဲ.." ထိုပုံရိပ်က အေးစက်စွာပြောသည်။ သူသည် ရွေးချယ်စရာမရှိပေ။ သေခြင်းရှင်ခြင်း တိုက်ပွဲကိုသာ ဆင်နွှဲရမည်ဖြစ်၏။
***