သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးရှေ့တွင် ပါရမီရှင်များ၏ တိုက်ပွဲမှာ ထပ်မံစတင်ခဲ့၏။ သိုင်းသမားအားလုံးတို့မှာ သမိုင်းတစ်ခုကို ထပ်မံကြုံတွေ့ရတော့မည်ဖြစ်၍ စိတ်လှုပ်ရှားနေကြသည်။ 'အရင်တုန်းက သွေးနတ်ဆိုးကို အရမ်းရဲတင်းပြီး မောက်မာလွန်းလှပြီလို့ တွေးထားခဲ့တာ... အခုအချိန်အထိ အသက်ရှင်နိုင်ခဲ့ပြီး လူတစ်ယောက်ရဲ့အထက်မှာ သူ့ထက်ပိုကောင်းတဲ့လူ အမြဲတမ်းရှိနေတယ် ဆိုတာကို ကံကောင်းပြီး နားလည်နိုင်ခဲ့တယ်... ရွှီယန်က သွေးနတ်ဆိုးထက်ကို ပိုပြီးတော့ ရူးသွပ်တယ်..' အကြီးအကဲတစ်ယောက်က သက်ပြင်းချစွာ ပြော၏။ ရွှီယန်သည် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးရှေ့တွင် ပထမဆုံး စိန်ခေါ်ခဲ့သူ ဖြစ်သည်။ "ဒါက အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းလွန်းတယ်.." ချွေဟွားယွီလည်း နန်းတော်၏ ပြတင်းပေါက်ကိုမှီကာ စိတ်ဝိဉာဉ်ပဲစေ့ လက်တစ်ဆုပ်ကို ကိုင်ရင်းက ပွဲကြည့်နေ၏။ သူသည် ပဲစေ့များကို တစ်စေ့ပြီးတစ်စေ့ ပါးစပ်အတွင်းသို့ ပစ်ထည့်ကာ ဖြစ်ပေါ်လာတော့မည့် တိုက်ပွဲကို စိတ်အားထက်သန်မှုအပြည့်ဖြင့် ကြည့်ရှု့နေပါသည်။ တိုက်ခိုက်ခြင်း စင်မြင့်ပေါ်တွင် ရွှီယန်က လေပေါ်သို့ မြင့်တက်သွား၏။ သိုင်းတစ်ထောင်ခန်းမမှ ပါရမီရှင်လည်းတူညီစွာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူတို့သည် စင်မြင့်ပေါ်တွင် တိုက်ခိုက်ပါက စင်တစ်ခုလုံး လျှပ်တပြက်အတွင်း ပျက်စီးသွားပြီး မည်သည့်ခံနိုင်ရည်မှ ရှိမည်မဟုတ်ပေ။ သိုင်းတစ်ထောင်ခန်းမ၏ ပါရမီရှင်မှာ စင်မြင့်၏ ပြိုပျက်ခြင်းအတွက် ဂရုစိုက်ခြင်း မရှိပေ။ သို့ပေမယ့် စင်မြင့်မှာ သိုင်းတစ်ထောင်ခန်းမ၏ အဝင်ဝနှင့် နီးကပ်လွန်းရာ တိုက်ပွဲ၏ ရိုက်ခတ်မှုများ ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် ရွှီယန်နှင့်အတူ လေထဲသို့လိုက်ကာ ကောင်းကင်ထက်တွင် တိုက်ပွဲကိုဆင်နွှဲ၏။ "ရွှီယန်... မင်းကများ သိုင်းတစ်ထောင်ခန်းမလို အဆင့်လွန်ဂိုဏ်းတစ်ခုကို စိန်ခေါ်ရတယ်လို့.. ဘယ်က သတ္တိတွေ ရလာတာလဲ...ဒီနေ့မှာ မင်း သေချာပေါက် သေရမယ်.." ထိုပါရမီရှင်၏ အရှိန်အဝါက မြင့်တက်လာပြီး ဆေဘာဓားမှာ လင်းလက်လာခဲ့သည်။ သူ၏ခွန်အားသည် ပြီးခဲ့တုန်းက ပါရမီရှင်၅ယောက်တို့ထက် များစွာ ပိုမိုသာလွန်၏။ "ဒါက ဂိုဏ်း၇ဂိုဏ်းထဲက တစ်ဂိုဏ်းဖြစ်တဲ့ ဆေဘာတစ်ရာဂိုဏ်းက ပါရမီရှင်တစ်ယောက်မလား.." "ဟုတ်တယ်.. သူပဲ... သူ့ရဲ့ခွန်အားကို ဒီလောက်အထိ ကြီးမားလာမယ်လို့ ထင်မထားခဲ့ဘူး.." လူအုပ်အတွင်းရှိ သိုင်းသမားများစွာတို့သည် တိုက်ပွဲအတွင်းရှိ ပါရမီရှင်ကို မှတ်မိလိုက်ကြ၏။ ဤသည်မှာ ဆေဘာတစ်ရာဂိုဏ်းမှ ဖြစ်သည်။ သူသည် သိုင်းတစ်ထောင်ဒေသတွင် နာမည်ကျော်ကြား၏။ ဆေဘာတစ်ရာဂိုဏ်းမှ ဂိုဏ်းချုပ်နှင့် အကြီးအကဲများသည် သူတို့၏ပါရမီရှင်အား စိတ်အားထက်သန်စွာ ကြည့်ရှု့နေကြသည်။ ရွှီယန်ကိုသာ သတ်ဖြတ်နိုင်ပါက သူတို့ဂိုဏ်း၏ ဂုဏ်သတင်းမှာ ကြီးစွာ တိုးတက်လာမှာဖြစ်၏။ နိုင်ငံ၃နိုင်ငံ၊ ဂိုဏ်း၇ဂိုဏ်းနှင့် မိသားစုကြီး၈ခုတို့တွင် သိုင်းတစ်ထောင်ခန်းမသို့ ဝင်ရောက်သွားခဲ့သည့် ပါရမီရှင်များ ရှိကြသည်။ သူတို့သည် လဝက်ကြာအောင် စွမ်းအားကို မြှင့်တင်ပြီး လျှို့ဝှက်အတတ်များကို ကျင့်ကြံခဲ့ကြ၏။ ထို့ကြောင့် တိုတောင်းလှသော အချိန်အတွင်းတွင် သူတို့၏ခွန်အားသည် ယခုမျှ ကြီးမားစွာ တိုးတက်လာခဲ့လေသည်။ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ နက်ရှိုင်းမှုနှင့် နည်းလမ်းများသည် အမှန်တကယ်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှ၏။ လင်းနယ်မြေကို မရေမတွက်နိုင်သည့် ခေတ်များစွာ အုပ်စိုးလာခဲ့သည့် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများမှာ အမှန်တကယ်ကို အထင်ကြီးစရာကောင်းလှသည်။ ရွှီယန်သည် ထူးမခြားနားစွာ ရှိ၏။ တစ်ဖက်လူ၏ ခွန်အားသည် များစွာ ပိုမိုသန်မာလာခဲ့ပေမယ့် သူသည် ဒီဗိုင်းဆန္ဒအဆင့်၌ မဟုတ်တော့ပေ။ မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်ပြီး ဖြစ်၏။ မကြာသေးခင်ကမှ အဆင့်တက်ခဲ့ခြင်း ဖြစ်လျှင်တောင် စုစုပေါင်းခွန်အားသည် လွန်ခဲ့သည့်လဝက်က အခြေအနေနှင့် နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်တော့ပေ။ သူသည် လက်ညှိုးနှင့် လက်ခလယ်တို့ကို ထောင်ကာ ကောင်းကင်သို့ ချိန်ရွယ်ပြီးနောက် ၎င်းတို့သည် ဒီဗိုင်းစွမ်းအင်ဖြင့် ဓားရှည်တစ်ချောင်းအဖြစ်သို့ ပြောင်းလဲလာခဲ့၏။ "မောက်မာတဲ့ကောင်.." ဆေဘာတစ်ရာဂိုဏ်းမှ ပါရမီရှင်မှာ ဒေါသတကြီး ဖြစ်သွားသည်။ ရွှီယန်သည် သူ့ကို အလွန်စော်ကားလွန်းလှ၏။ ဓားကိုပင် ထုတ်ခြင်းမပြုခဲ့ပေ။ သူသည် မာန်ဖီပြီးနောက် ဆေဘာဖြင့် ခုတ်ပိုင်းချလိုက်သည်။ တစ်ဖက်လူ၏ စော်ကားမှုနှင့် မောက်မာမူအတွက် ဒေါသထွက်မိပေမယ့် တိုက်ခိုက်သည့် အရာတွင် အသန်မာဆုံးတိုက်ခိုက်မှုကို အသုံးပြုခဲ့၏။ မုန်တိုင်းထန်သည့် ဆေဘာအလင်းသည် ပြင်းထန်စွာ ထွက်ပေါ်လာခဲ့၏။ ဤသည်မှာ ဆေဘာတစ်ရာဂိုဏ်း၏ အစွမ်းထက်ဆုံး သိုင်းပညာဖြစ်ကာ သိုင်းတစ်ထောင်ခန်းမမှ သက်ဆင်းလာသည့် စွမ်းအားကြီး ဆေဘာဓားသိုင်းတစ်ခုလည်း ဖြစ်သည်။ ဓားချက်တစ်ရာဆေဘာဟု ခေါ်၏။ ဓားချက်တစ်ခုတည်းတွင် ဓားချက်အခုတစ်ရာတို့ ထပ်ဆင့်ထားလေသည်။ "မပြောပလောက်တဲ့ စကေးလေးနဲ့..." ရွှီယန်က အေးစက်စွာရယ်သည်။ သူသည် လက်နှစ်ချောင်းကို ချိန်ရွယ်လိုက်ချိန်၌ ဒီဗိုင်းစွမ်းအင်ဖြင့် ဖွဲ့စည်းထားသည့် ဓားရှည်ကြီးက ထိုးစိုက်သွားသည်။ ကြည့်ရသည်မှာ သာမန်ဆန်ကာ အထင်ကြီးစရာမရှိဘဲ လက်လှုပ်လိုက်ရုံဖြစ်ပေမယ့် ဓားစွမ်းအင်မှာတော့ ဆေဘာတစ်ရာ ဂိုဏ်း၏ ပါရမီရှင်၏ တိုက်ခိုက်မှုကို လျှပ်တပြက်အတွင်း ပြိုလဲသွားစေခဲ့သည်။ "ဘုန်း.." ဆေဘာအလင်းမှာ ပေါက်ကွဲထွက်ကာ ပျောက်ကွယ်သွားခဲ့၏။ တစ်ဖက်လူသည် နောက်သို့ ဆုတ်ခွာသွားရကာ မျက်နှာမှာ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နက်နေပါသည်။ ရွှီယန်က လက်ကိုမြှောက်ကာ ဖမ်းဆုပ်လိုက်ချိန်၌ ဒီဗိုင်းစွမ်းအင်ဖြင့် ဖွဲ့စည်းထားသည့် ဓားရှည်တစ်ချောင်းသည် လက်ဝါးအတွင်းသို့ ရောက်ရှိလာခဲ့သည်။ ဓားဆန္ဒက တိတ်တဆိတ် ပျံ့နှံ့သွားကာ ပတ်ဝန်းကျင်ကို ထိုးဖောက်သွားပြီး အရာအားလုံးနှင့် ပေါင်းစပ်၏။ ဆေဘာတစ်ရာဂိုဏ်းရှိ ပါရမီရှင်မှာ ၎င်းကို သတိထားမိခြင်း လုံးဝမရှိပေ။ "ကြည့်ရတာ ရွှီယန်က ပိုပြီးတော့ စွမ်းအားကြီးလာတာပဲ.." "သူ ဒီလဝက်ကို အချိန်ဆွဲလိုက်တာ ခွန်အားကို သွားပြီး မြှင့်တင်ဖို့များလား.." ကြည့်ရှု့နေကြသည့် သိုင်းသမားများ အကြားတွင် ပြီးခဲ့တုန်းက တိုက်ပွဲကို ကြုံတွေ့ခဲ့သည့် လူများမှာ အံ့သြမှုတို့ဖြင့် ပြည့်နက်လာခဲ့သည်။ ဒီလဝက်အတွင်းတွင် ရွှီယန်သည် အလွန်သန်မာလာခဲ့၏။ "မင်းတို့တွေ သတိထားမိလား... ရွှီယန်ရဲ့ သိုင်းပညာမှာ ခြားနားချက်အချို့ ရှိနေတယ်... သူ့ရဲ့သိုင်းပညာ စွမ်းအားက တကယ့်ကိုမူမမှန်ဘူး.." "ငါလည်းသတိထားမိတယ်... ကြည့်ရတာ ငါနားလည်ထားတဲ့ သိုင်းပညာစွမ်းအားနဲ့ အများကြီး ကွာခြားတယ်။ ပိုပြီးတော့ မြင့်မြတ်နေသလိုပဲ.." "ရွှီယန်ရဲ့ သိုင်းအဆင့်ကို မင်းတို့သိကြလား... ကြည့်ရတာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားနဲ့မတူဘူး.." သိုင်းသမားများစွာမှာ ပဟေဠိဖြစ်သွားကြ၏။ ရွှီယန်၏ သိုင်းပညာသည် သူတို့၏ ဗဟုသုတများထက် ကျော်လွန်နေပါသည်။ စိတ်ဝိဉာဉ်နယ်မြေ၏ သိုင်းပညာစံနှုန်းနှင့် မတူညီဟန်ရ၏။ "ရွှီယန် ဒီလောက်အထိ စွမ်းအားကြီးနေတာ အံ့သြစရာမရှိဘူး... သူကျင့်ကြံတဲ့ သိုင်းပညာကလည်း တကယ့်ကိုထူးကဲတာပဲ... ကြည့်ရတာ အဲ့ဒါက သူ့ရဲ့ယုံကြည်ချက် အရင်းအမြစ်လည်း ဖြစ်လိမ့်မယ်.." "ဟုတ်တယ်... သူကျင့်ကြံတဲ့ သိုင်းပညာရဲ့အဆင့်က အရမ်းကို ထိပ်တန်းကျနေမှာ။ အဲ့ဒါကြောင့် မို့လို့သာ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းရဲ့ ပါရမီရှင်တွေကို လာပြီးစိန်ခေါ်ရဲတာ.." သိုင်းသမားအချို့မှာ အများကြီး စဉ်းစားမနေပါ။ ရွှီယန်၏ သိုင်းပညာကျင့်စဉ်သည် အလွန် နက်ရှိုင်းလွန်းခြင်း ဖြစ်မည်ဟုသာ တွေးကြ၏။ "အတိတ်တုန်းက အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီက သိုင်းပညာတွေကို သုတေသနပြုဖို့အတွက် အဓိကထားလုပ်ဆောင်ခဲ့ကြတယ်... ပြီးတော့ အထူးသီးသန့် သိုင်းပညာကျင့်စဉ် တစ်ခုကိုလည်း ဖန်တီးနိုင်ခဲ့တယ်လို့တောင် ပြောကြတယ်။ ရွှီယန်ကရော သူတို့ရဲ့သိုင်းပညာသဘောတရားတွေကို ကျင့်ကြံထားတာများလား.." "ဒီဖြစ်နိုင်ခြေက မဖြစ်နိုင်တာ မဟုတ်ဘူး.." ပြီးခဲ့တုန်းက အဆုံးမဲ့ ကြယ်တာရာအကယ်ဒမီ၏ ခေတ်အခါကို မှီခဲ့ကြသည့် သိုင်းသမားအချို့တို့မှာ အံ့ဩစွာဖြင့် ခေါင်းငြိမ့်ကြသည်။ ဂိတ်တံခါးရှိ သိုင်းတစ်ထောင်ခန်းမ အရှင်သခင်နှင့် အခြားလူများမှာ ညှို့မှိုင်းစွာ ရှိလာကြ၏။ "ရွှီယန်က ပိုပြီးတော့တောင်မှ သန်မာလာတယ်... ပြီးတော့ သူကျင့်ကြံတဲ့ သိုင်းပညာက..." သူတို့၏ အသိအမြင်နှင့်ပင် ရွှီယန်၏ သိုင်းပညာမှာ သာမန်မဟုတ်ကြောင်းကိုသာ တွေ့မြင်နိုင်ပါသည်။ ထို့အပြင် သူတို့သည် ရွှီယန်၏ ခွန်အားအဆင့်ကိုပင် တိကျစွာ ဆုံးဖြတ်နိုင်ခြင်း မရှိကြပေ။ သူသည် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်လာပြီးပြီလား။ ထို့အပြင် သိုင်းတစ်ထောင်ခန်းမရှိ စွမ်းအားကြီး ပုဂ္ဂိုလ်များသည် ပြီးခဲ့တုန်းက အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီရှိ ဝူထန်းနန်နှင့် အခြားလူများသည် သုတေသနပြုလုပ်ကာ ထူးကဲသည့် သိုင်းကျင့်စဉ်တစ်ခုကို ဖန်တီးခဲ့ခြင်း ဖြစ်မည်ဟုလည်း ယုံကြည်ကြ၏။ "မင်းက စွမ်းအားကြီးပါတယ်... ဒါပေမယ့် ဒီလောက်အထိပဲ.." ဆေဘာတစ်ရာဂိုဏ်းရှိ ပါရမီရှင်၏မျက်နှာက အေးစက်ကာ ခက်ထန်လာခဲ့သည်။ ရွှီယန်၏ ဓားချက်တစ်ချက်က သူ၏ တိုက်ခိုက်မှုတို့ကို ပျက်စီးသွားစေခဲ့၏။ထို့ကြောင့် မည်မျှပင် တိုက်ခိုက်စေကာမူ တစ်ဖက်လူ၏ ပြိုင်ဖက်မဟုတ်သည်ကို နားလည်လိုက်သည်။ သူ့အနေနှင့် လုပ်ဆောင်နိုင်သည်မှာ အသက်ဓာတ်လောင်ကျွမ်းခြင်း သတ်ဖြတ်ခြင်းအကွက်ကို အသုံးပြုရန်သာ ရှိ၏။ သို့ရာတွင် ၎င်းကို အသုံးပြုလိုက်သည်နှင့် သူသည် သေချာပေါက် သေဆုံးရမှာ ဖြစ်သည်။ အချိန်အကြာကြီး အသက်ရှင်နိုင်မည် မဟုတ်တော့ပေ။
***