ဒီအချိန်၌ မည်သည့် ရွေးချယ်စရာမှ မကျန်တော့ပေ။ စတေးမှုပြုရန်သာ ရှိ၏။ "ဘုန်း.." ဆေဘာတစ်ရာဂိုဏ်းမှ ပါရမီရှင်က ထပ်မံ တိုက်ခိုက်မှု ပြုလိုက်ပြန်၏။ ယခုအချိန်၌ သူ၏ ဆေဘာဓားချက်သည် ပိုမို ကြမ်းကြုတ်လာခဲ့သည်။ ဓားချက် တစ်ချက်ချင်းစီတိုင်းသည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး ဓားချက်တစ်ရာတိုင်းသည် ခုတ်ပိုင်းမှုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ဤသည်မှာ သံသယဝင်စရာ မကောင်းလောက်အောင် စွမ်းအားအကြီးဆုံး သတ်ဖြတ်ခြင်းဓားချက် ဖြစ်၏။ "ဒါဆို... ဒါက ဆေဘာတစ်ရာဂိုဏ်းရဲ့ အထူး သိုင်းပညာပေါ့.." "ဘယ်လောက် စွမ်းအားကြီးလိုက်လဲ.." လူအုပ်မှာ အံ့သြနေကြ၏။ စင်မြင့်၏ အထက်တွင် အုပ်ဆိုင်းနေသည့် ဓားအလင်းလွှာများသည် မျက်စိတစ်မှိတ်အတွင်း၌ ဓားချက်တစ်ခုတည်းအဖြစ် ဖွဲ့စည်းလာခဲ့ပြီး ကောင်းကင်မှ သက်ဆင်းလာခဲ့၏။ ပတ်ဝန်းကျင်ကို ထိန်လင်းသွားစေသည်။ ဤသည်မှာ ဓားချက်တစ်ချက်တည်းဖြစ်ပေမယ့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးအား နှစ်ပိုင်းဖြတ်ပိုင်းတော့မည့်နှယ် ရှိသည်။ "သူက အသက်ကိုစတေးခြင်း သတ်ဖြတ်ခြင်း သိုင်းကွက်ကို အသုံးပြုနေတာပဲ.." သိုင်းတစ်ထောင်အရှင်သခင်နှင့် အခြားလူများ အားလုံးမှာ လေးနက်သွားကြသည်။ ထိုအသက်ကို စတေးသည့် အတတ်ဖြင့် ဆိုပါက ရွှီယန်ကို သတ်ဖြတ်နိုင်လောက်လေမလား... သို့မဟုတ် ဒဏ်ရာအပြင်းအထန် ရရှိစေလောက်လေမလား။ ရွှီယန်မှာလည်း ဓားချက်တစ်ချက်ကို ခုတ်ပိုင်းလိုက်သည်။ တောင်နှင့်မြစ်၏ ပုံရိပ်များက ပေါ်လာခဲ့၏။ ထိုမြေမျက်နှာသွင်ပြင် အတွင်းတွင် အလွှာပေါင်းများစွာထပ်နေသည့် ဓားအလင်းသည် ပြေပျောက်သွားသည့်ဟန်ရသည်။ ပြီးနောက် အသာတကြည် ခုတ်ပိုင်းသည့် ဓားချက်တစ်ချက်က အဆုံးမသတ်နိုင်သည့် သတ်ဖြတ်မှုဆန္ဒများ ကြီးထွားလာခဲ့၏။ "အချိန်ကျပြီ.." ဆေဘာတစ်ရာဂိုဏ်းမှ ပါရမီရှင်မှာ တောင့်တင်းသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်မှ သွေးရောင်အလင်းတို့ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ ကြောက်စရာကောင်းသည့် သတ်ဖြတ်ခြင်းဆန္ဒက ရုတ်တရက် သက်ဆင်းလာခဲ့သည်။ "ဝူ့စ်.." သွေးရောင် ဆေဘာအလင်းသည် အကွာအဝေးနှင့် အတားအဆီးများကို ဖြတ်ကျော်ကာ လျှပ်တပြက်အတွင်း ရွှီယန်၏ရှေ့တွင် ပေါ်လာခဲ့သည်။ ထိုကြောက်စရာကောင်းလှသည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် အကြွင်းမဲ့သော တားမြစ်ခြင်း အသိတစ်ခုကို သယ်ဆောင်ထား၏။ သို့ရာတွင် ထိုဓားချက်ကို ခုတ်ပိုင်းပြီးသည်နှင့် ဆေဘာတစ်ရာဂိုဏ်းမှ ပါရမီရှင်သည် ဒီဗိုင်းဝိဉာဉ်အား ဆုံးရှုံးသွားရသည့်နှယ် ရှိသည်။ သူ၏အသက်ဓာတ်မှာ ခြောက်ခန်းလုမတတ် ဖြစ်သွားပြီး ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှာ မျက်စိဖြင့် တွေ့မြင်နိုင်သည့်အမြန်နှုန်းဖြင့် ညှိုးနွမ်းလာခဲ့သည်။ သို့ပေမယ့် နောက်ဆုံးအချိန်၌ ပြုံး၏။ ရွှီယန်သည် ဒီတိုက်ခိုက်မှုကို ဘယ်လိုလုပ်ပြီး ခုခံနိုင်မည်လဲ။ သတ်ဖြတ်ခြင်းဓားကွက်ကို ထုတ်ဖော်လိုက်သည်နှင့် ရှိနေကြသည့် သိုင်းသမားအားလုံးတို့မှာ မှင်သက်သွားကြသည်။ ဤသည်မှာ မည်မျှ ကြောက်စရာကောင်းသည့် လျှို့ဝှက်အတတ်တစ်ခု ဖြစ်သနည်း။ ထန်းကျီ၏မျက်နှာက မဲမှောင်သွားပြီး ပုဆိန်က သူ၏လက်ထဲသို့ ရုတ်တရက် ကျရောက်လာခဲ့သည်။ သို့ရာတွင် သူ့အနေနှင့် ကူညီချင်လျှင်တောင် အလွန်နောက်ကျနေပြီး ဖြစ်၏။ ထိုတိုက်ခိုက်မှုသည် အလွန်မြန်ဆန်ကာ အလွန် စွမ်းအားကြီးမားလှသည်။ ဆေဘာတစ်ရာဂိုဏ်းမှ ပါရမီရှင်ကို ယခုမျှ ကြောက်စရာကောင်းသည့် ဓားချက်မျိုး ထုတ်ဖော်လာမည်ဟု မည်သူမှ ထင်မထားခဲ့ပေ။ ဤသည်မှာ သူ၏ ခွန်အားအဆင့်နှင့် စွမ်းဆောင်နိုင်သည်ထက် ကျော်လွန်နေသည့် တိုက်ခိုက်မှု ဖြစ်၏။ "ယုတ်မာလိုက်တာ.." ထန်းကျီမှာ အံ့သြမှုနှင့် ဒေါသထွက်မှုတို့ဖြင့် ပြည့်နှက်နေပါသည်။ ထိုကဲ့သို့သော လျှို့ဝှက်အတတ်မျိုးကို သိုင်းတစ်ထောင်ခန်းမက စွမ်းအားအကြီးမားဆုံး ပုဂ္ဂိုလ်များ၏ အကူအညီဖြင့်သာ ကျင့်ကြံနိုင်ပေလိမ့်မည်။ ဤသည်မှာ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ စစ်မှန်သည့် နက်ရှိုင်းမှုနှင့် နည်းလမ်းများလေလား။ အရှက်မဲ့ပေမယ့် ပါရမီရှင်များအကြား စည်းမျဉ်းများအတွင်းတွင်ပါဝင်ပြီး ပြိုင်ပွဲအတွင်းတွင် ကိုယ့်ကိုယ်ကိုယ် သေဆုံးစေသည့် တိုက်ကွက်မျိုးအား မထုတ်ဖော်ရဟု ကန့်သတ်မထားပေ။ ကျင့်ကြံမှုတွင် စွမ်းအားကြီးပုဂ္ဂိုလ်များ၏ ကူညီမှုမှာတော့ သိုင်းတစ်ထောင်ခန်းမအနေနှင့် ဝန်ခံမှုပြုမည်မဟုတ်ပေ။ ထို့အပြင် စည်းမျဉ်းများအတွင်း၌ ထိုကဲ့သို့ မလုပ်ဆောင်ရဟု ကန့်သတ်ချက်လည်း မရှိပါ။ ပါရမီရှင်များ၏ တိုက်ပွဲအတွက် စည်းမျဉ်းများကို ရေးဆွဲရာတွင် မည်သူမှ ထိုကဲ့သို့သော နည်းလမ်းမျိုးကို စိတ်ကူးခြင်း မရှိခဲ့ကြပေ။ မည်သူမှ ဆေဘာတစ်ရာဂိုဏ်းရှိ ပါရမီရှင်ကို ယခုမျှကြောက်စရာကောင်းသည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုအား ထုတ်ဖော်လာမည်ဟု ထင်မထားခဲ့ပေ။ ရွှီယန်လည်း အပါအဝင် ဖြစ်၏။ ထို့ကြောင့် သူသည် တစ်ဖက်လူ၏ ခွန်အားမှာ ထိုမျှသာဖြစ်သည်ဟု တွေးမိလိုက်သည်။ ဓားတစ်ချက်တည်းနှင့် ရန်သူကို သတ်ဖြတ်ရန် ပြုတော့မည့်အချိန်၌ ရုတ်တရက် သတ်ဖြတ်ခြင်းဆန္ဒတစ်ခု သက်ဆင်းလာခဲ့၏။ သွေးရောင်ဆေဘာသည် အလွန်တောက်ပစွာဖြင့် တားမြစ်ခြင်း အသိတစ်ခုကို သယ်ဆောင်ထားသည်။ ဤသည်မှာ ဒီဗိုင်းဝိဉာဉ်နှင့် အသက်ဓာတ်စွမ်းအင်တို့ကို လောင်ကျွမ်းစေခြင်းဖြင့် ထုတ်လုပ်လိုက်သည့် ဓားချက်ဖြစ်၏။ မျက်စိတစ်မှိတ် အတွင်းတွင် အရာအားလုံးတို့သည် တိုက်ခိုက်မှု၏ ဝါးမျိုမှုအား ခံလိုက်ရသည်။ ထိုကဲ့သို့သော လျှို့ဝှက်အတတ်မျိုးသည် ဆေဘာတစ်ရာဂိုဏ်းမှ ပါရမီရှင်တစ်ယောက်တည်း ကျင့်ကြံနိုင်သည့်အရာ မဟုတ်ပေ။ ကျင့်ကြံခဲ့လျှင်တောင် လျှပ်တပြက်အတွင်း ဒီဗိုင်းဝိဉာဉ်နှင့် အသက်ဓာတ်တို့ကို လောင်ကျွမ်းစေကာ ဓားတစ်ချက်တည်း၌ ထည့်ပေါင်းနိုင်မည် မဟုတ်ပေ။ သူ၏ ခွန်အားအဆင့်နှင့် နားလည်မှုအရ ပြုလုပ်နိုင်စွမ်းမရှိပါ။ ထို့အပြင် လူတစ်ယောက်၏ ဒီဗိုင်းဝိဉာဉ်နှင့် အသက်ဓာတ်တို့ကို လောင်ကျွမ်းစေရာတွင် လိုအပ်ချက်အချို့ ရှိနေ၏။ သံသယဝင်စရာ မကောင်းလောက်အောင် အသန်မာဆုံးပုဂ္ဂိုလ်တစ်ယောက်က သူ့ကို ကူညီပြီး ကျင့်ကြံစေခဲ့တာ ဖြစ်ပေလိမ့်မည်။ ထိုအခါမှသာ ကြိုတင်ပြင်ဆင်ထားမှုဖြင့် လျှပ်တပြက်အတွင်း ဓားချက်ကို ထုတ်ဖော်နိုင်မည် ဖြစ်၏။ အသက်ဓာတ်လောင်ကျွမ်းခြင်း သတ်ဖြတ်ခြင်းဓားကွက်က ရုတ်တရက်ရောက်လာခဲ့ရာ မျက်စိတစ်မှိတ်အတွင်း အန္တရာယ်အတွင်းသို့ ကျရောက်သွားသည်ဟု ဆိုနိုင်ပါသည်။ သို့ပေမယ့် ရွှီယန်သည် ဒီဗိုင်းဆန္ဒအဆင့် သိုင်းသမားတစ်ယောက် မဟုတ်တော့ပေ။ မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်သွားပြီး ဖြစ်၏။ သူ၏ သိုင်းပညာအတွေ့အကြုံတို့မှာလည်း ကြွယ်ဝနေပြီး ဖြစ်သည်။ အန္တရာယ်ကို ကိုင်တွယ်နိုင်သည့် အရည်အချင်းမှာ နိမ့်ကျခြင်း မရှိပါ။ ထိုကဲ့သို့သော ရုတ်တရက်ဆန်လှသည့် အန္တရာယ်မျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်လျှင်တောင် ကြောက်ရွံ့သွားခြင်း သို့မဟုတ် ပုံပျက်သွားခြင်းတို့ မရှိပေ။ "ဝူ့စ်.." လျှပ်တပြက်အတွင်း ရွှီယန်သည် နေရာမှ ပျောက်ကွယ်သွား၏။ ခြားနားသည့် နေရာတစ်ခုစီသို့ ရွေ့လျားသွားသည်။ "တယ်လီပို့ခြင်း..." သို့ရာတွင် သူ၏မျက်နှာက အနည်းငယ် ပြောင်းလဲသွား၏။ သူ၏ ရှောင်ရှားမှုကြောင့် သွေးနီရောင်ဆေဘာအလင်းသည် အခြားနေရာသို့ ထိမှန်သွားခြင်း မရှိပါ။ အဲ့ဒီ့အစား သူ့ဆီသို့ ထပ်မံ တိုးဝင်လာခဲ့၏။ "ဟန့်.." ရွှီယန်က နှာခေါင်းရှုံ့သည်။ သွေးနီရောင်ဆေဘာအလင်းသည် သူ့ကိုပစ်မှတ်ထားကာ ဒီဗိုင်းဝိဉာဉ်အား လောင်ကျွမ်းစေခဲ့သည့် တိုက်ခိုက်မှုဖြစ်၏။ ထို့ကြောင့် တိမ်းရှောင်လိုပါက အသုံးမဝင်ပေ။ ခွန်အားဖြင့် အနိုင်ယူခြင်းကသာလျှင် ထိုတိုက်ခိုက်မှုကို ဖယ်ရှားနိုင်၏။ "ဝူ့စ်.." သွေးနီရောင်အလင်းသည် လျှပ်တပြက်အတွင်း အလွန်နီးကပ်လာခဲ့၏။ ရွှီယန်မှာ ရှောင်ထွက်သွားခြင်း မရှိပါ။ သူ၏ လက်နှစ်ချောင်းကို ရှေ့သို့ ညွှန်လိုက်၏။ ဒီဗိုင်းစွမ်းအင်ကို လှည့်လည်လိုက်ချိန်၌ ဆေဘာအလင်းက ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို လင်းလက်သွားစေသည်။ ကျယ်ပြောလှသည့် မှန်ကန်ခြင်း အသိတစ်ခုအား သယ်ဆောင်ထား၏။ "ရွှင်.." သိုင်းသမားအားလုံးတို့သည် သူတို့၏နားထဲ၌ ဓားညည်းသံတစ်ခုကို ကြားလိုက်ရသည်။ ပြီးနောက် ရွှီယန်ကသူ၏ဓားချက်အား ထုတ်လိုက်၏။ ထိုဓားသည် လေထဲ၌ လျှပ်စီးမိုးကြိုးတစ်ခုအား ပေါ်လာစေသည့်ဟန် ရသည်။ ကောင်းကင်၏ အပြစ်ပေးသကဲ့သို့ ရှိနေ၏။ "မိုးကြိုးဓားချက်..." "ဘုန်း.." မိုးကြိုးဓားချက်သည် နတ်ဘုရား၏ အပြစ်ပေးမှုသဖွယ် ထွက်ပေါ်လာပြီး သွေးနီရောင် ဆေဘာအလင်းနှင့် ထိပ်တိုက်တွေ့ဆုံ၏။ ကျယ်လောင်သောအသံတစ်ခုနှင့်အတူ ပတ်ဝန်းကျင်အား ဆူညံသွားစေသည်။ လေထဲတွင် မိုးကြိုးနှင့် သွေးနီရောင်အလင်းတို့ ပေါက်ကွဲထွက်လာပြီး သွေးနီရောင် မီးတောက်တစ်ခုသဖွယ် ပျံ့နှံ့သွားသည်။ ၎င်းတို့က ဝါးမြိုသွားသည့် အရာအားလုံးတို့သည် ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားခဲ့၏။ "အုန်း.." တိုက်ပွဲ၏ အားလှိုင်းတို့က လွင့်စင်သွားပြီး အသက်ဓာတ်လောင်ကျွမ်းခြင်း သတ်ဖြတ်ခြင်းဆန္ဒကို အသုံးပြုခဲ့သည့် ဆေဘာတစ်ရာဂိုဏ်းမှ ပါရမီရှင်သည် ရုပ်ပိုင်းဆိုင်ရာခန္ဓာမှာ သုတ်သင်ခြင်းခံလိုက်ရပြီး ပြာအဖြစ်ပြောင်းလဲသွားခဲ့သည်။ အားလုံးတို့သည် တိတ်ဆိတ်သွားခဲ့၏။ ထိုကဲ့သို့သော ကြောက်စရာကောင်းသည့် ဓားချက်သည် ရွှီယန်အား ဒဏ်ရာအပြင်းအထန် ရစေခြင်းပင် မရှိခဲ့ပေ။ အဲ့ဒီ့အစား အလွယ်တကူ ကာကွယ်လိုက်နိုင်၏။ ဒီအချိန်၌ ရွှီယန်သည် လက်ထဲတွင် ဓားကိုကိုင်ထားပြီး ထက်မြသည့် အကြည့်ဖြင့် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးဆီသို့ ကြည့်လိုက်သည်။ ပြောကြသည်မှာ သိုင်းတစ်ထောင်ခန်းမရှိ လူများသည် အရှက်အမဲ့ဆုံးဖြစ်၏။ ဒီတစ်ကြိမ်တွင် ထိုစကားအား နက်ရှိုင်းစွာ သက်သေပြခဲ့လေသည်။ "ဒီလောက် နိမ့်ကျတဲ့လှည့်ကွက်... မင်းတို့တွေ အသက်ဓာတ်ကိုလောင်ကျွမ်းပြီး ဒီဗိုင်းဝိဉာဉ်ကို ပျက်စီးစေလည်း ဒီလောက်ထက်ပိုပြီး ဘားမှမဟုတ်ပါဘူး.." ရွှီယန်၏ လှောင်ပြောင်သည့်အသံက ပဲ့တင်ထပ်လာ၏။ သိုင်းတစ်ထောင်အရှင်သခင်နှင့် အကြီးအကဲ အားလုံးတို့မှာ ညှို့မှိုင်းသွားကြသည်။ ဆေဘာတစ်ရာဂိုဏ်းရှိ ပါရမီရှင်သည် ရုတ်တရက်သူ၏ သတ်ဖြတ်ခြင်းဆန္ဒကို အသုံးပြုခဲ့ပေမယ့် ရွှီယန်ကို မသတ်နိုင်ရုံမက ဒဏ်ရာရရှိခြင်းကိုပင် မဖြစ်စေခဲ့ပေ။ ရွှီယန်၏ခွန်အားသည် မျှော်လင့်ထားတာထက် ထပ်မံကျော်လွန်နေပြန်၏။ ဒီကောင်သာ မသေပါက သူတို့အနေနှင့် စိတ်ပြေနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အတိတ်တုန်းက သွေးနတ်ဆိုး၏ ပုံရိပ်ကို ပြန်လည်မြင်တွေ့ရသကဲ့သို့ရှိ၏။ သူတို့၏ အထင်သေးမှုနှင့် ဂရုမစိုက်မှုက သွေးနတ်ဆိုး၏ ကပ်ဘေးကို ဖြစ်ပေါ်လာခဲ့စေသည်။ "ကြောက်ဖို့ ကောင်းလွန်းတယ်... လုံးဝ ကြောက်ဖို့ကောင်းလွန်းတယ်.." ချွေဟွားယွီက နဖူးမှချွေးများကိုသုတ်ကာ သူ၏အကြည့်သည် ဓားကိုကိုင်ဆွဲထားသည့် မောက်မာသည့် လူငယ်အပေါ်သို့ ကျရောက်သွားသည်။ မျက်လုံးများ၌ လေးစားမှုတို့ ပြည့်နှက်လာခဲ့၏။ လင်းနယ်မြေတွင် မကောင်းဆိုးဝါးပါရမီရှင် တစ်ယောက် ထွက်ပေါ်လာခဲ့လေပြီ။ သူသည် အတိတ်တုန်းက သွေးနတ်ဆိုးထပ်ပင် ပိုမိုကာ ကြောက်စရာကောင်း၏။ "အသက်ဓာတ်ကို လောင်ကျွမ်းစေပြီး သတ်ဖြတ်ဖို့လုပ်ခဲ့တယ်... သိုင်းတစ်ထောင်ခန်းမက ဒီလောက်တောင်မှ ပြင်ဆင်ထားတာပဲ...ဒါပေမယ့် ရွှီယန်ကို ကာလိုက်နိုင်မယ်လို့ ထင်မထားခဲ့ဘူး။ ကြောက်ဖို့ကောင်းလိုက်တာ.." ယွီလင့်စံအိမ်၏ အစစ်အမှန် ဆက်ခံသူများထဲမှ တစ်ယောက်ဖြစ်သည့် အလျောက် ချွေဟွားယွီသည် သိုင်းတစ်ထောင်ခန်းမ၏ နည်းလမ်းများအကြောင်းကို သိရှိပါသည်။ သစ်ပင်ကြီးပေါ်တွင် ရပ်နေသည့် ယရုံသည် ခုနကတုန်းက ရွှီယန်ကို သေဆုံးရတော့မည်ဟု လုံးဝထင်ထားခဲ့၏။ သို့ပေမယ့် ရလဒ်အနေနှင့် သူသည် အသက်ရှင်ရုံမက မည်သည့်ဒဏ်ရာမှပင် မရခဲ့ပေ။ "ဒီတစ်ကြိမ် ရင်ဆိုင်ပြီးတဲ့အခါမှာ သူသတိရှိနေမှာပဲ။ နောက်တစ်ကြိမ်မှာ ဘာထိခိုက်မှုမှ ဖြစ်စေနိုင်တော့မှာ မဟုတ်လောက်ဘူး.." ဆေဘာသခင်အကြီးအကဲက လေးနက်စွာပြောသည်။ ကျန်ရှိနေသည့် ပါရမီရှင်များအကြားတွင် အများစုတို့သည် ဆေဘာတစ်ရာဂိုဏ်းမှ ပါရမီရှင်နှင့် ခွန်အားတူညီ၏။ အသက်ဓာတ်လောင်ကျွမ်းခြင်း သတ်ဖြတ်ခြင်း အတတ်၏ စွမ်းအားမှာလည်း အများကြီး ခြားနားနေမည်မဟုတ်ပါ။ ရွှီယန်အနေနှင့် ယခုဓားချက်ကို ကာနိုင်လိုက်ရာ အခြားလူများ၏ ဓားချက်များကိုလည်း ကာနိုင်မှာဖြစ်၏။ သိုင်းတစ်ထောင်အရှင်သခင်က အသက်ကိုနက်ရှိုင်းစွာရှူသည်။ "အဲ့ဒါဘာဖြစ်လဲ... ငါတို့တွေ ရွှီယန်ရဲ့ခွန်အားကို စမ်းသပ်ပြီး ဘယ်လိုရင်ဆိုင်ရမလဲလို့ စဉ်းစားတာပေါ့.." ဂိုဏ်းကြီး၇ဂိုဏ်း၊ မိသားစု၈ခုနှင့် နိုင်ငံ၃နိုင်ငံတို့မှ ပါရမီရှင်များသည် အသေခံများသာ ဖြစ်၏။ သူတို့ကိုအသုံးပြုကာ ရွှီယန်၏ တုံ့ပြန်မှုတို့အား စမ်းသပ်ကြည့်ရပေမည်။ သိုင်းတစ်ထောင်ခန်းမမှ စစ်မှန်သည့် ပါရမီရှင်သည် လှုပ်ရှားမှုပြုသည်နှင့် ရန်သူကို ပိုမိုထိရောက်စွာ နားလည်နေပြီးဖြစ်မှာ ဖြစ်သည်။ "ရွှီယန်က ဆက်ပြီးတော့ စိန်မခေါ်တော့ရင်ရော.." "ဟန့်... ဒါဆိုလည်း ငါတို့တွေသူ့ကို စိန်ခေါ်တာပေါ့။ လူတိုင်းကို သူအနိုင်ယူနိုင်မယ်လို့ ငါမယုံဘူး.." သိုင်းတစ်ထောင်အရှင်သခင်က မဲမှောင်သောမျက်နှာဖြင့် ပြောသည်။ ဆက်တိုက်တိုက်ခိုက်ရမည်ဆိုလျှင်တောင် သူတို့အနေနှင့် ရွှီယန်ကို ဒီနေရာတွင် ပိတ်နှောင်ထားရပေလိမ့်မည်။ မဟုတ်ပါက သိုင်းတစ်ထောင်ခန်းမ၏ မျက်နှာကို မည်သည့်နေရာသို့ သွားထားရမည်နည်း။ "သိုင်းတစ်ထောင်ခန်းမက အမှိုက်တွေ...မင်းတို့မှာလောင်ကျွမ်းနိုင်တဲ့အသက် ဘယ်လောက်ရှိလဲလို့ ငါကြည့်တာပေါ့.." ရွှီယန်က အေးစက်စွာပြောပြီးနောက် သူ၏ဓားဖြင့် ချိန်ရွယ်ပြီး မောက်မာစွာပြောသည်။ "လာခဲ့... နောက်ဆုံးအကြိမ်တုန်းကလိုပဲ ငါးယောက်အတူတူလာကြ... ငါမင်းတို့ ငါးယောက်ကို တစ်ယောက်တည်းစိန်ခေါ်တယ်.." ထိုစကားထွက်ပေါ်လာသည်နှင့် သိုင်းသမားအားလုံးတို့သည် ထိတ်လန့်သွားကြ၏။ ခုနက အသုံးပြုခဲ့သည့် တိုက်ခိုက်မှုသည် အလွန် ကြောက်စရာကောင်းနေပြီးဖြစ်၏။ ရွှီယန်ကတော့ ထိုသို့သော တိုက်ကွက်ကို လူငါးယောက်တစ်ပြိုင်နက်အသုံးပြုမည်အား ကြောက်ရွံ့ခြင်းမရှိပေဘူးလား။ ဖြစ်နိုင်သည်မှာ သူသည် ယုံကြည်ချက်လွန်ကဲနေသည်လား။ လူငါးယောက်၏ တိုက်ခိုက်မှုကို ခံနိုင်မည်လား။ 'မောက်မာတာတော့တကယ်ပဲ..' ယရုံက ကိုယ့်ကိုယ်ကိုယ်ရေရွတ်သည်။ "လူငယ်တွေများ စိတ်လိုက်မာန်ပါ နိုင်လိုက်တာ.." ထန်းကျီက ခေါင်းကိုရမ်းကာ သက်ပြင်းချသည်။ ချွေဟွားယွီမှာ အလွန်စိတ်လှုပ်ရှားနေ၏။ သူသည် စိတ်ဝိဉာဉ်ပဲစေ့ကို ပါးစပ်အတွင်းသို့ ဆက်လက်ထည့်ကာ ကျယ်လောင်စွာဝါး၏။ စိတ်လှုပ်ရှားနေသည့် မျက်နှာက နီရဲလာပြီး ကိုယ့်ကိုယ်ကိုယ်ရေရွတ်သည်။ "မယုံနိုင်စရာပဲ မယုံနိုင်စရာပဲ... ဒါကစိတ်လှုပ်ရှားဖို့ကောင်းလွန်းတယ်.." "သူပြောတဲ့အတိုင်း တိုက်ပေးလိုက်ကြစမ်း... ရွှီယန်ရဲ့ မောက်မာမှုတွေ ဘယ်နေရာကနေ လာတယ်ဆိုတာကို ငါကြည့်ချင်သေးတယ်.." ဆေဘာသခင်အကြီးအကဲက ဒေါသတကြီး ပြော၏။ ပါရမီရှင်ငါးယောက်တို့ကိုကြည့်ကာ အမိန့်ပေးသည်။ "အားကုန်သာတိုက်... အသက်ဓာတ် လောင်ကျွမ်းခြင်း သတ်ဖြတ်ခြင်းသိုင်းပညာကို အတူတူအသုံးပြုကြ.." "ဟုတ်ကဲ့ပါ အကြီးအကဲ.." ဂိုဏ်း၇ဂိုဏ်း၊ မိသားစုကြီး၈ခုနှင့် နိုင်ငံ၃နိုင်ငံတို့မှ ပါရမီရှင်များက ပျက်သားသည့် မျက်နှာများဖြင့် ခေါင်းငြိမ့်ကြသည်။ တိုက်ခိုက်ရန်အတွက် အဆင်သင့်ဖြစ်နေ၏။ "ဝူ့စ်.." သူတို့ငါးယောက်သည် လေထဲသို့ မြောက်တက်သွားပြီး ရွှီယန်ကို တစ်ခါတည်း ဝန်းရံလိုက်ကြသည်။ သူတို့၏ ရည်ရွယ်ချက်မှာ ပြင်းထန်ကြမ်းကြုတ်စွာ သတ်ဖြတ်ရန်ဖြစ်၏။ အနီးကပ်ကြည့်ရှု့နေသည့် သိုင်းသမားများသည် မျက်လုံးများမှာ စူးစိုက်နေပြီး နှလုံးသားတို့ အခုန်မြန်လာခဲ့၏။ ပါရမီရှင်ငါးယောက်တို့သည် ရွှီယန်ကို အလယ်တွင်ဝန်းရံထားကြပြီး ကြောက်စရာကောင်းလှသည့် သတ်ဖြတ်ခြင်း အတတ်ကို လျှပ်တပြက်အတွင်း ဖော်ထုတ်ရန် အဆင်သင့် ဖြစ်နေပါပြီ။ ရွှီယန်သည် ပုန်းအောင်းရန်အတွက် မည်သည့်နေရာမှ မရှိတော့ပေ။
***