ရွှီယန်သည် အလယ်တွင် အဝိုင်းခံရခြင်းအတွက် ဂရုစိုက်ခြင်း လုံးဝမရှိပေ။ သိုင်းတစ်ထောင်ခန်းမ၏ ရည်ရွယ်ချက်ကို သူနားလည်၏။ ထို့ကြောင့် တစ်ယောက်ချင်းစီ စိန်ခေါ်နေမည့်အစား အကုန်လုံးကို တစ်ပြိုင်တည်း တိုက်ခိုက်ခြင်းက ပိုမိုကောင်းမွန်ပါသည်။ သူသည် သိုင်းတစ်ထောင်ခန်းမရှိ ပါရမီရှင်တို့ကို လုံးဝအနိုင်ယူရန် ဆုံးဖြတ်ထားခဲ့၏။ ဒီတစ်ကြိမ်တွင် သူတို့၏ ပါရမီရှင်များကို ဖိအားပေးကာ ထွက်လာအောင် မစွမ်းဆောင်နိုင်ဟု ယုံကြည်ခြင်းမရှိပေ။ ဒီတိုက်ပွဲအပြီးတွင် လင်းနယ်မြေသို့ ခရီးလှည့်လည်ကာ လောကကြီးနှင့် စကြာဝဠာကြီးကို ပိုမိုနားလည်အောင် ပြုလုပ်မည် ဖြစ်၏။ ပါရမီရှင်များ၏ နောက်ဆုံးတိုက်ပွဲအတွက် စောင့်စားမည်ဖြစ်သည်။ ထို့ကြောင့် သိုင်းတစ်ထောင်ခန်းမမှ အသန်မာဆုံး ပုဂ္ဂိုလ်များက ပါဝင်လှုပ်ရှားလာမည် ဆိုလျှင်တောင် ဂရုမစိုက်ပါ။ "မင်းတို့အရင် စတိုက်ကြ... ဘာပဲဖြစ်ဖြစ် မင်းတို့ရဲ့အသက်တွေက သိုင်းတစ်ထောင်ခန်းမအတွက် ဘာတန်ဖိုးမှ မရှိဘူး.." ရွှီယန်က ထူးမခြားနားစွာ ပြုံးကာပြော၏။ "ရွှီယန်... မင်းရဲ့ရန်တိုက်မှုက မအောင်မြင်ဘူး... ဒီနေ့မှာ ငါတို့ဂိုဏ်းရဲ့ ဂုဏ်သရေအတွက် ငါတို့ မင်းကိုတိုက်ခိုက်မယ်။ ငါတို့တွေ သေသွားလည်း ဂုဏ်ရှိရှိပဲသေမယ်.." ပါရမီရှင်တစ်ယောက်က အေးစက်စွာပြောသည်။ "မဟုတ်ဘူး..." ရွှီယန်က ခေါင်းကိုရမ်းကာ ပြော၏။ "မင်းတို့အတွက် ဂုဏ်ယူစရာသေခြင်းက သိုင်းတစ်ထောင်ခန်းမအတွက် တိုက်ခိုက်ရလို့ မဟုတ်ဘူး။ ငါ့လက်ထဲမှာ သေရလို့သာ ဖြစ်တယ်။ မင်းတို့က လင်းနယ်မြေရဲ့ သိုင်းပညာအထွတ်အထိပ်ကို ငါတက်လှမ်းတဲ့အချိန်မှာ နင်းတုံးတွေ ဖြစ်လာနိုင်ကြတယ်။ ဒါ့ကြောင့် အမှန်တကယ်ကို... မင်းတို့ရဲ့သေဆုံးမှုက ဂုဏ်ရှိတယ်လို့ ဆိုနိုင်တယ်.." "ဒန်း.." လူအုပ်စုမှာ ဒေါသဖြင့် အစိမ်းရောင် ပြောင်းသွားကြ၏။ "လာပြန်ပြီ... ရွှီယန်က တကယ့်ကို အမြဲတမ်း မောက်မာနေတာပဲ.." ချွေဟွားယွီမှာ လေးစားစွာဖြင့် သက်ပြင်းချမိသည်။ ရှိနေကြသည့် သိုင်းသမားများ အားလုံးမှာလည်း ပြောစရာစကား မဲ့သွားကြ၏။ ရွှီယန်က မောက်မာမှုကို နောက်ထပ်တစ်ဖန် ထပ်မံ မြင်တွေ့ခဲ့ရလေသည်။ ရွှီယန်က ထူးမခြားနားစွာ ပြုံးသည်။ "ငါ့ရဲ့နာမည် ဓားနတ်ဘုရားရွှီယန်က လောကရဲ့ အဆုံးသတ်အထိ ပဲ့တင်ထပ်သွားလိမ့်မယ်။ အဲ့ဒီ့အချိန်မှာ ငါ့ရဲ့ မြင့်တက်မှုအတွက် ခြေနင်းကျောက်တုံးတွေ ဖြစ်ခဲ့တဲ့ မင်းတို့ကလည်း ပုံပြင်ထဲမှာ ပါဝင်ကြလိမ့်မယ်.." "အနှိုင်းမဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ခြေနင်းကျောက်တုံးဖြစ်လာရတာ သိုင်းလောကရဲ့ သမိုင်းတစ်လျှောက်မှာ မင်းတို့ရဲ့နာမည်တွေ ကျန်ရစ်နေစေလိမ့်မယ်။ မရေမတွက်နိုင်တဲ့ ခေတ်ပေါင်းများစွာ ကုန်ဆုံးပြီးတဲ့တိုင်အောင် မင်းတို့တွေက ငါဓားနတ်ဘုရားရဲ့ ခြေနင်းကျောက်တုံးတွေ ဖြစ်နေဦးမှာပဲ.." "သိုင်းလောကရဲ့သမိုင်းမှာ မင်းတို့က ငါဓားနတ်ဘုရားရဲ့ လက်ထဲမှာ တောက်ပစွာ သေဆုံးခဲ့ရတဲ့အတွက် မှတ်တမ်းအတင်ခံရလိမ့်မယ်.." အားလုံးမှာ တိတ်ဆိတ်သွားကြ၏... ရှိနေကြသည့် သိုင်းသမားအားလုံးသည် မှင်သက်ကုန်ကြသည်။ ဤသည်မှာ မည်ကဲ့သို့သော လွန်ကျူးလှသည့် စကားဖြစ်သနည်း။ "အရမ်း ကြီးဆိုးလွန်းတယ်... ရွှီယန် သူ့ကိုယ်သူ သိုင်းတစ်ထောင်ခန်းမဆီကနေ အသက်ရှင်ရက် ထွက်ခွာလို့ရမှာ မဟုတ်ဘူးလို့ တစ်ချက်တောင် မတွေးမိဘူးလား.." "လောကကြီးမှာ အရူးသွပ်ဆုံးလူကို ပြောပါဆိုရင် ရွှီယန်သာ နံပါတ်နှစ်ဆို နံပါတ်တစ်ရှိမှာ မဟုတ်တော့ဘူး.." "ဘုရားရေ... ငါတော့ အရမ်းကိုကြိုက်နေမိပြီ... နောက်ထပ် နှစ်ပေါင်းရာဂဏန်း အနည်းငယ်လောက် ကြာပြီးတဲ့အခါ ပြန်လည်မွေးဖွားလို့ရရင် ကောင်းမယ်.." ကြောင်တောင်နေပြီးနောက် သိုင်းသမားများသည် တစ်ယောက်နှင့်တစ်ယောက် စတင် တီးတိုးပြောကြ၏။ ထန်းကျီမှာ လုံးဝ ငိုင်တိုင်နေပါသည်။ ရွှီယန်သည် ယခုမျှအထိ မောက်မာလွန်းသည်လား။ "ငါတို့ မဟာမိတ်အဖွဲ့ခေါင်းဆောင်ကို တော်တော်လေးမောက်မာနေပြီလို့ ထင်ထားခဲ့တာ။ ဒါပေမယ့် ရွှီယန်နဲ့နှိုင်းယှဉ်ရင် သူကတကယ့်ကို နှိမ့်ချတာပဲ.." ယရုံမှာလည်း မျက်မှောင်ကျုံ့နေပြီး ခဏတာအတွင်း ရွှီယန်ကို မည်ကဲ့သို့ သုံးသပ်ချက်ပြုရမည်အား မသေချာစွာ ရှိနေပါသည်။ ရွှီယန်ကို ဝန်းရံနေကြသည့် လူငါးယောက်တို့သည် လုံးဝဒေါသတို့ ပေါက်ကွဲထွက်လာခဲ့၏။ တစ်ဖက်လူသည် သူတို့ကို သူ၏ ခြေနင်းကျောက်တုံး ဖြစ်ရခြင်းအတွက် ဂုဏ်ယူစရာကောင်းလှသည်ဟု ပြောနေသည်လား။ "ရွှီယန်... မင်းကသေသင့်တဲ့ကောင်... ဒီနေ့မှာ ငါတို့မင်းကိုသတ်မယ်.." ငါးယောက်စလုံးသည် လုံးဝအိန္ဒြေတို့ ပျက်ပြားကုန်ကြ၏။ မည်မျှ မောက်မာသည့်လူ ဖြစ်သနည်း။ ပါးစပ်ဖွင့်သည်နှင့် သူတို့ကို ခြေနင်းကျောက်တုံးများအဖြစ် သတ်မှတ်ထားလေသည်။ "တိုက်ကြ.." "ဘုန်း.." ငါးယောက်စလုံးသည် လှုပ်ရှားမှု ပြုကြ၏။ ပြင်းထန်သည့် တိုက်ခိုက်မှုများက အရပ်မျက်နှာ အားလုံးတို့ဆီမှ ရွှီယန်ဆီသို့ ပြေးဝင်သွားသည်။ သူ၏ ဆုတ်ခွာရာလမ်းကြောင်း အားလုံးကို ပိတ်ဆို့ထား၏။ ဓားအလင်းတစ်ခု မြင့်တက်လာပြီး တောင်နှင့်မြစ်တို့ ပေါ်လာခဲ့သည်။ ရွှီယန်ကို ဗဟိုပြုကာ အရပ်မျက်နှာအားလုံးတို့ဆီသို့ ပျံ့နှံ့သွား၏။ တိုက်ခိုက်မှုအားလုံးတို့သည် တောင်နှင့်မြစ်အတွင်းတွင် ပြိုကွဲကြရသည်။ ထိုမြင်ကွင်းက ကြည့်နေကြသည့် လူအားလုံးတို့ကို သွေးဆူစွာ ခံစားရစေ၏။ "သေလိုက်တော့.." ယခုအချိန်၌ တိုက်ခိုက်ခဲ့သူ ငါးယောက်တို့လည်း သူတို့၏ သတ်ဖြတ်ခြင်းဆန္ဒများကို အသုံးမပြုပါက ရွှီယန်ကို မည်သည့်ထိခိုက်မှုမှ ဖြစ်စေနိုင်မည် မဟုတ်ကြောင်းကို နားလည်လိုက်ကြသည်။ တစ်ဖက်လူ၏ ခွန်အားသည် စိတ်ကူးထားသည်ထက် များစွာ ကျော်လွန်နေ၏။ ထို့အပြင် ရွှီယန်သည် မည်မျှအသက်ကြီးသေးလို့နည်း။ သူတို့အားလုံးထက်ပင် များစွာ ပိုမိုငယ်ရွယ်သည်။ ဤသည်မှာ မည်ကဲ့သို့သော မကောင်းဆိုးဝါး ဖြစ်သနည်း။ ဒီအချိန်၌ သူတို့အားလုံးသည် သိုင်းတစ်ထောင်ခန်းမ၏ စစ်မှန်သည့် ပါရမီရှင်ပင်လျှင် ရွှီယန်နှင့် နှိုင်းယှဉ်နိုင်မည်လားဟု စတင် သံသယဝင်လာခဲ့သည်။ "ဘုန်း.." လျှပ်တပြက်အတွင်း သွေးဆာလောင်သည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ထွက်ပေါ်လာခဲ့ပြီး ငါးယောက်လုံး၏ ဆန္ဒအားလုံး ရွှီယန်ဆီသို့ ဦးတည်သွားသည်။ သူ၏ ရှောင်ရှားရန် လမ်းကြောင်းအားလုံးတို့ကို ပိတ်ဆို့လိုက်၏။ အသက်ကိုစတေးခြင်း သတ်ဖြတ်ခြင်း တိုက်ကွက်ကို အသုံးပြုပြီးနောက် ငါးယောက်သားသည် ပြူးကျယ်သော မျက်လုံးများဖြင့် မည်ကဲ့သို့ ရွှီယန်သေဆုံးသွားမည်ကို ကြည့်ရှု့နေကြသည်။ သို့ရာတွင် ထိုအချိန်၌ တောင်နှင့်မြစ်တို့ ပေါ်လာသည်ကို တွေ့လိုက်ရဟန် တူ၏။ သူတို့သည် တောင်နှင့်မြစ်အတွင်းတွင် ရှိနေပြီး ရွှီယန်မှာတော့ အပြင်ဘက်တွင် ရှိနေပါသည်။ "မဟုတ်ဘူး.." ရွှီယန်မှာ တောင်နှင့်မြစ်ကို ထိန်းချုပ်သည့် သခင်ဖြစ်သည်။ ထိုအချိန်အတွင်းတွင် အသက်ဓာတ်လောင်ကျွမ်းခြင်း သတ်ဖြတ်ခြင်းဆန္ဒသည် ဆက်တိုက် ငြိမ်းသတ်ခြင်းခံနေရသည်။ လှုပ်ခါနေသည့် တောင်နှင့်မြစ်အတွင်းတွင် ညင်သာသည့် ဓားအလင်းတစ်ခုက လေညှင်းနှင့်အတူ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများကို ဆက်တိုက် ဆေးကြောသွားခဲ့၏။ "အုန်း.." တိုက်ပွဲပြင်မှာ လှုပ်ခါလာပြီး အားလှိုင်းတစ်ခု ဖြတ်သန်းသွားသည်။ လူငါးယောက်တို့၏ ခန္ဓာကိုယ်များသည် ပြိုလဲကာ ပြာများအဖြစ် ပြောင်းလဲသွားခဲ့၏။ ရွှီယန်မှာတော့ တည်ငြိမ်စွာနှင့် သက်တောင့်သက်သာဖြင့်သာ ဂုဏ်ယူစွာ ရပ်နေပါသည်။ သူ၏လက်ထဲရှိ ဓားမှာ တောက်ပစွာ လင်းလက်နေ၏။ လေညှင်းတစ်ခုက တိုက်ပွဲပြင်ဝန်းကျင်အား တိုက်ခတ်သွားသည်။ ကြောက်စရာကောင်းသည့် သတ်ဖြတ်ခြင်းဆန္ဒ ငါးခုတို့မှာ ပျောက်ကွယ်သွားခဲ့၏။ 'ဒါက ဘယ်လိုဓားတာအိုမျိုးလဲ... ပုံရိပ်ယောင်လား... ဒါက မှော်အတတ်တစ်ခုလား..' တိတ်ဆိတ်နေပြီးနောက် တစ်ယောက်ယောက်က ကိုယ့်ကိုယ်ကိုယ် ရေရွတ်၏။ မည်ကဲ့သို့သော သိုင်းပညာမျိုးသည် တောင်နှင့်မြစ်တို့ကို ပေါ်လာစေနိုင်သနည်း။ လျှပ်တပြက်အတွင်းတွင် ရွှီယန်ကို ဝိုင်းထားသည်ဟု ထင်ရသည့် ပါရမီရှင်ငါးယောက်တို့သည် တောင်နှင့်မြစ်အတွင်းရှိ လူငါးယောက်တို့ ဖြစ်လာခဲ့၏။ ရွှီယန်မှာတော့ တောင်နှင့်မြစ်၏သခင် ဖြစ်နေလေသည်။ ဓားဆန္ဒက အကောင်အထည်မဲ့ကာ ပတ်ဝန်းကျင်တွင် စိမ့်ဝင်နေ၏။ ရွှီယန်သည် နေရာတွင် ဂုဏ်ယူစွာရပ်နေပြီး အစအဆုံး တိုက်ပွဲပြင်မှာ သူ၏ ဓားဆန္ဒအတွင်း၌သာ ရှိနေပါသည်။ သိုင်းတစ်ထောင်ခန်းမ အရှင်သခင်နှင့် အကြီးအကဲအားလုံးတို့မှာ အလွန် ညှို့မှိုင်းနေကြသည်။ ရွှီယန်သည် သူတို့၏ မျှော်လင့်ထားမှုကို အကြိမ်ကြိမ် ကျော်လွန်ခဲ့၏။ အစက ငါးယောက်သား၏ ပူးပေါင်းတိုက်ခိုက်မှုဖြင့် ရွှီယန်အား အနိုင်ရခြင်း မရှိလျှင်တောင် ဒဏ်ရာအချို့ ရရှိစေမည်ဟု တွေးထင်ထားခဲ့၏။ သို့မဟုတ် အခြေအနေဆိုးရွားသွားမည်ဟု တွေးထင်ထားခဲ့၏။ သို့ရာတွင် ရွှီယန်မှာ တည်ငြိမ်စွာနှင့် အေးဆေးစွာသာ ရှိနေပါသည်။ ပါရမီရှင်ငါးယောက်တို့ကို သတ်ဖြတ်ရသည်မှာ ယင်ကောင်တစ်ကောင်အား ရိုက်သတ်လိုက်ရသကဲ့သို့ လွယ်ကူ၏။ ထို့အပြင် သူတို့သည် ရွှီယန်၏ အကန့်အသတ်ကို မမြင်နိုင်သေးပေ။ တစ်ဖက်လူသည် ခွန်အားအားလုံးအား အသုံးပြုပြီးပြီလား ဟူသည်မှာ ပြောရခက်လှ၏။ "ခန်းမအရှင်... သိုင်းတစ်ထောင်ခန်းမရဲ့ ကျွန်တော်တို့ ပါရမီရှင်ကို လှုပ်ရှားခိုင်းရအောင်.." ဆေဘာသခင်အကြီးအကဲက မဲမှောင်သော မျက်နှာဖြင့် ပြောသည်။ သိုင်းတစ်ထောင်အရှင်သခင်က ခေါင်းငြိမ့်၏။ "ဝူယွမ်ကို အဆင်သင့်ပြင်ခိုင်းလိုက်။ အခုဆိုရင် သူ အကြွင်းမဲ့ ရေခဲဆေဘာဓားကို ထိန်းချုပ်နိုင်နေပြီးပြီ။ ပထမဆုံးအကွက်မှာတင် ခွန်အားအားလုံးကို အသုံးပြုခိုင်းလိုက်။ ရွှီယန် ဒဏ်ရာမရဘူးလို့ ငါမယုံဘူး.." ဆေဘာသခင်အကြီးအကဲက သဘောတူစွာ ခေါင်းငြိမ့်၏။ ဝူယွမ်သည် သိုင်းတစ်ထောင်ခန်းမ၏ လူသိများကျော်ကြားသည့် ပါရမီရှင်များထဲမှ တစ်ယောက်ဖြစ်သည်။ ဒီဗိုင်းကိရိယာဖြစ်သည့် အကြွင်းမဲ့ ရေခဲဆေဘာကို အသက်သွင်းနိုင်၏။ သူသည် ရွှီယန်ကို ရင်ဆိုင်ရန်အတွက် သိုင်းတစ်ထောင်ခန်းမက ပြင်ဆင်ထားသည့် အသန်မာဆုံး ပါရမီရှင်လည်း ဖြစ်သည်။ အဓိကပါရမီရှင် ငါးယောက်တို့မှာတော့ သူတို့၏ ကိုယ်ထင်ပြရမည့် အချိန် မရောက်သေးပေ။ သူတို့သည် အလွယ်တကူ လှုပ်ရှားမှုပြုမည် မဟုတ်ပါ။
***