ကြည့်ရှု့နေသူ အားလုံးတို့မှာ ထိတ်လန့်သွားကြသည်။ ပါဝင်ဆင်နွှဲသူများမှာ ပိုမိုကာပင် အံ့ဩနေပြီး ပြောစရာစကား မဲ့ကုန်ကြ၏။ ဒီအချိန်၌ သိုင်းတစ်ထောင်ခန်းမမှ ပါရမီရှင်ငါးယောက်တို့သည် မျက်လုံးများ ပြူးကျယ်စွာ ပွင့်ဟနေပြီး မျက်နှာ၌ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နက်နေကြသည်။ ရွှီယန်၏ ပုံရိပ်လေးခုတို့သည် ရုတ်တရက် ပေါ်လာခဲ့ပြီး အရပ်မျက်နှာလေးခု၌ နေရာယူထားသည်။ သူတို့သည် သင်္ကေတ တစ်မျိုးမျိုးကို ဖွဲ့စည်းထားပုံပေါ်ပြီး အချို့နက်ရှိုင်းသည့် လျှို့ဝှက်ဆန်းကြယ်မှုတို့ဖြင့် ဆက်နွှယ်နေပုံ ရှိသည်။ အစပိုင်းတွင် သူတို့သည် ငါးယောက်တစ်ယောက် ရင်ဆိုင်ရ၍ အားသာချက် ရခဲ့၏။ သို့ပေမယ့် မျက်စိတစ်မှိတ် အတွင်းတွင် တစ်ယောက်တစ်ယောက် ဖြစ်သွားခဲ့လေပြီလား။ ထို့အပြင် ရန်သူငါးယောက်တို့မှာ ရွှီယန်ငါးယောက် ဖြစ်သည်။ "မင်း မင်း မင်း..." ဆေဘာကို ကိုင်စွဲထားသည့် လူငယ်မှာ စကားမပြောနိုင်ဘဲ ဖြစ်နေ၏။ "ဒါက လှည့်ကွက်အသေးလေးပါ... ဘာလို့ ဒီလောက်တောင် ဖြစ်သွားတာလဲ.." ရွှီယန်တို့ငါးယောက်က တစ်ပြိုင်နက် ပြောလိုက်ကြ၏။ ဤသည်မှာ လှည့်ကွက်လေးတစ်ခု လေလား။ ရွှီယန်သည် စကားတစ်ခွန်း ပြောပြီးနောက် ခဏတာရပ်တန့်သွားရ၏။ ဤသည်မှာ သူ၏ ပထမဆုံးအကြိမ် ဒီဗိုင်းကိုယ်ပွား အတတ်ကို အသုံးပြုခြင်းဖြစ်ရာ အနည်းငယ် အကြမ်းထည်နိုင်သေးသည်။ ထို့ကြောင့် စကားပြောလိုက်သည်နှင့် ကိုယ်ပွားအားလုံးကလည်း တစ်ပြိုင်နက် လိုက်လံ ပြောကြားကြ၏။ အတွေးတစ်ချက်နှင့်အတူ ထိန်းချုပ်ပြီး ဆက်လက်ပြောသည်။ "အရမ်းကြီးအံ့ဩနေဖို့ မလိုပါဘူး... ဒါက သိုင်းပညာရဲ့ ဆန်းကြယ်မှုတစ်ခုလေးပဲ။ ကြည့်ရတာ ငါးယောက်ရှိပုံပေါ်ပေမယ့် တကယ့်တကယ်က ငါတစ်ယောက်တည်း ရှိတာ။ အခြားလေးယောက်က ဒီဗိုင်းအနှစ်သာရ ကိုယ်ပွားတွေပဲ.." ရွှီယန်က ထူးမခြားနားစွာ ပြောသည်။ ဤသည်မှာ ဒီ ရေတွင်းထဲမှ ဖားသူငယ်များ၏ အမြင်များကို ကျယ်ပြန့်အောင် လုပ်ဆောင်ပေးရမည့် အချိန်ဖြစ်၏။ ဒီတစ်ကြိမ်တွင် စကားပြောလိုက်ချိန်၌ သူ၏ အဓိကခန္ဓာသာ ပြောခဲ့ပြီး ကိုယ်ပွားလေးခုလုံးမှာ တိတ်ဆိတ်စွာသာ ရှိနေပါသည်။ "ဒီနေ့မှာ... ငါရွှီယန် ဒီနေရာမှာ သိုင်းတစ်ထောင်ခန်းမကို... ကိုယ့်ကိုယ်ကိုယ် အဆင့်လွန်ဂိုဏ်းတစ်ခုလို့ သမုတ်ထားတဲ့ ဂိုဏ်းတစ်ခုကို.. သိုင်းပညာရဲ့ ဆန်းကြယ်မှုတွေကို မြင်တွေ့ခွင့်ရစေမယ်။ အဲ့ဒီ့အခါမှ သူတို့ကိုယ်သူတို့ အမြင်အရမ်းကျဥ်းနေပြီး သူတို့ရဲ့ ပါရမီရှင်တွေကို အရမ်းကြီး တော်ဝင်ဆန်တယ်လို့ ထင်နေတဲ့အတွေးတွေကို ဖြေဖျောက်နိုင်မှာ။ ငါ့ရဲ့မျက်လုံးထဲမှာ သူတို့က ဘာမှမဟုတ်ဘူး.." ကိုယ်ပွားတစ်ခုက အသာပြော၏။ "တိုက်ခိုက်ရအောင်... ဒီနေ့မှာ ဓားအခင်းအကျင်းက ဘာလဲဆိုတာကို မင်းတို့တွေ သိကြရလိမ့်မယ်.." နောက်ထပ်ရွှီယန်၏ ကိုယ်ပွားတစ်ခုက ထပ်ပေါင်းပြောသည်။ လူတိုင်းမှာ ကြောင်တောင်သွားကြ၏။ ဆေဘာကို ကိုင်စွဲထားသည့် လူငယ်က အသက်ကိုနက်ရှိုင်းစွာရှူပြီး တုန်ခါနေသည့် နှလုံးသားကို အတင်းတည်ငြိမ်စေလိုက်သည်။ အံကိုကြိတ်ကာ အော်၏။ "သတ်ကြ.." ဒီတိုက်ပွဲသည် ရှောင်လွှဲလို့မရပေ။ ရွှီယန်က ယခုမျှ အံ့သြစရာကောင်းလှသည့် ပညာရပ်တို့ကို ထုတ်ပြလာလျှင်တောင် သူတို့အတွက် ဆုတ်ခွာရန် အကြောင်းပြချက် မရှိပါ။ "ဒါက ငါတို့ကို လှည့်ဖြားချင်တာကလွဲပြီး ဘာမှမဟုတ်ဘူး... မင်းအခြားလူတွေကိုပဲ အရူးလုပ်ရင် လုပ်လို့ရမယ်။ မင်းရဲ့ သနားစရာကောင်းတဲ့ ပုံရိပ်ယောင်လေးနဲ့ ငါတို့ကို လိမ်ညာလို့မရဘူး.." လှံကိုကိုင်စွဲထားသည့် လူငယ်က ဒေါသတကြီး အော်လိုက်ပြီးနောက် သူ၏လှံဖြင့် ထိုးစိုက်လိုက်၏။ "အသေအချာပဲ... လူကိုလာပြီးတော့ ပုံရိပ်ယောင်အတတ်နဲ့ လှည့်ဖြားနေတယ် ရယ်စရာပဲ.." သံလက်အိတ်ကို ဝတ်ဆင်ထားသည့် လူငယ်ကလည်း ဝင်ရောက်ပြောကြားသည်။ သူတို့သည် ဤသည်မှာ ပုံရိပ်ယောင် မဟုတ်ကြောင်းကို သိကြပေမယ့် ကိုယ့်ကိုယ်ကိုယ်လှည့်ဖြားကာသာ စိတ်အခြေအနေများကို မြှင့်တင်ရသည်။ နှလုံးသားထဲရှိ ပုန်းအောင်းနေသည့် အကြောက်တရားကို ဖယ်ထုတ်ရပေမည်။ "ဒါဆို ဒါက ပုံရိပ်ယောင်ပေါ့... ဒါပေမယ့် ဒီပုံရိပ်ယောင်တွေက အရမ်းစွမ်းအားကြီးတာပဲ.." "ငါတောင် တော်တော်လန့်သွားတယ်... တကယ်ကို ဆန်းကြယ်တဲ့ ပညာရပ်တစ်ခုလို့ ထင်သွားတာ.." ရှိနေကြသည့် သိုင်းသမားအားလုံးမှာ ထိုစကားကို ကြားရပြီးနောက် စိတ်သက်သာရာ ရသွားကြ၏။ ဖြစ်နိုင်သည်မှာ သူတို့သည် အနည်းငယ် အလှမ်းကွာနေသဖြင့် ပုံရိပ်ယောင်တစ်ခု ဖြစ်သည်ကို နားမလည်ခြင်း ဖြစ်ပေလိမ့်မည်။ လူပေါင်းများစွာတို့သည် ဤသည်မှာ ပုံရိပ်ယောင်မဟုတ်ဟု ခံစားနေရပေမယ့် မည်သူမှ ထုတ်ဖော်ပြောကြားခြင်း မပြုပေ။ မျက်မှောင်ကျုံ့ကာသာ တိတ်ဆိတ်နေကြ၏။ သိုင်းတစ်ထောင်အရှင်သခင်နှင့် အခြားအကြီးအကဲများမှာ မျက်မှောင်ကျုံ့သွားသည်။ ဤသည်မှာ ပုံရိပ်ယောင်လေလား။ ပုံရိပ်ယောင်ဆိုလျှင်တောင် ယခုမျှအထိ လှည့်ဖြားနိုင်ရာ အမှန်တကယ်ကို အံ့သြဖို့ကောင်းနေဆဲဖြစ်သည်။ "ပုံရိပ်ယောင်ပဲ ဖြစ်လောက်မှာမလား... ဒီလိုမျိုးဆန်းကြယ်တဲ့ ပညာရပ်တွေကို ငါတစ်ခါမှ မကြားဖူးဘူး.." အကြီးအကဲတစ်ယောက်က ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်စွာဖြင့်ပြော၏။ အခြားလူများမှာ တိတ်ဆိတ်နေပါသည်။ "ဘုန်း.." "ပုံရိပ်ယောင်လား.." ရွှီယန်က အသာပြုံးကာ လှောင်ပြောင်စွာ ကြည့်သည်။ "မင်းတို့အားလုံး စပြီးတော့ တိုက်သင့်တယ်... ဒါမှမဟုတ်ရင် လှုပ်ရှားဖို့အခွင့်အရေး ရမှာ မဟုတ်တော့ဘူး.." သူက ထူးမခြားနားစွာ ပြော၏။ "သတ်ကြ.." ငါးယောက်သားသည် လှုပ်ရှားမှုပြုလိုက်သည်နှင့် စွမ်းအင်များက ပေါင်းစပ်ကာ သိုင်းပညာများက လိုက်ဖက်ညီစွာဖြင့် တိုက်ခိုက်မှုငါးခုတို့ ထွက်ပေါ်လာခဲ့၏။ သူတို့၏ အသွင်အပြင်များသည် ညီညာနေကာ နေရာယူထားသည်မှာ ပြီးပြည့်စုံ၏။ ပြီးနောက် ဒုတိယတိုက်ခိုက်မှုက နီးကပ်စွာ လိုက်ပါလာခဲ့သည်။ ထိုပူးပေါင်းတိုက်ခိုက်မှု အတတ်သည် အမှန်တကယ်ကို ထူးခြားမှုရှိ၏။ "ဘုန်း.." "ပူးပေါင်းတိုက်ခိုက်မှု အတတ်လေးပါပဲ... ဘာမှ မဟုတ်ဘူး.." ရွှီယန်ကရယ်ကာ ကိုယ်ပွားတစ်ခုက ဓားတစ်ချက်ကို ထုတ်လွှတ်လိုက်သည်။ နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာ၏။ နောက်ထပ် ကိုယ်ပွားတစ်ခု၏ ဓားအလင်းမှာလည်း မိုးကြိုးပစ်ချက်တစ်ခုသဖွယ် ကျဆင်းလာခဲ့သည်။ သူ၏ ပုံရိပ်များက နေရာများပြောင်းလဲနေပြီး ဓားချက်များက ထက်မြစွာ ကူးလူးကာ တိုက်ပွဲပြင်တွင် ဖြတ်သန်းသွားလာနေသည်။ "ဒါက ဓားအခင်းအကျင်းပဲ... သေသေချာချာကြည့်ကြ.." ဓားအလင်းငါးခုတို့သည် အခြား သိုင်းသမားများနားလည်ရန် ခက်ခဲသည့် သင်္ကေတနှင့် စည်းမျဉ်းများအတိုင်း ကန့်လန့်ဖြတ်သွားသည်။ လျှပ်တစ်ပြက်အတွင်းတွင် သူတို့၏ ဓားအလင်းမှာ ပိုမိုကြမ်းကြုတ်လာသည်ဟုသာ ခံစားလိုက်ရ၏။ ဆုတ်ခွာရန် လမ်းကြောင်းအားလုံးတို့ကို ပိတ်ဆို့ကာ လေဟာနယ်အားလုံးတို့ကို တားမြစ်ထားသည်။ ကြက်ခြေခတ် ပျံသွားနေသည့် ဓားအလင်းသာရှိ၏။ ဓားအလင်းတိုင်းသည် ခြားနားသည့် သတ်ဖြတ်ခြင်းနည်းလမ်းတစ်ခုကို သယ်ဆောင်ထားသည်။ ဤသည်မှာ လူငါးယောက်က ဓားတာအို အမျိုးအစားငါးခုတို့ကို အသုံးပြုနေသည့်ဟန် ရှိ၏။ ထက်မြသည့် ဓားချက်တစ်ချက်ဖြင့် ဓားအလင်းတို့ လက်သွားပြီး ပုံရိပ်များက နေရာပြောင်းသွားသည်။ သိုင်းတစ်ထောင်ခန်းမမှ ပါရမီရှင်များ၏ ပူးပေါင်းတိုက်ခိုက်မှုကို ဖျက်ဆီးကာ သူတို့၏ ပူးပေါင်းထားသည့် အရှိန်အဝါကို လျှပ်တပြက်အတွင်း ပြိုလဲသွားစေသည်။ ဤနည်းအားဖြင့် အခြေအနေသည် ရွှီယန်က သူတို့ငါးယောက်ကို ဝန်းရံထားသကဲ့သို့ ဖြစ်လာခဲ့၏။ သူတို့ငါးယောက်က ရွှီယန်ကို ဝန်းရံထားခြင်း မဟုတ်တော့ပေ။ "ဘယ်လိုဖြစ်နိုင်မှာလဲ.." ကြည့်နေသူအားလုံးတို့မှာ မှင်သက်သွားကြသည်။ ရှေ့ရှိမြင်ကွင်းကို ကြည့်ကာ သိုင်းတစ်ထောင်ခန်းမရှိ ပါရမီရှင်ငါးယောက်တို့က ရွှီယန်ကို တိုက်ခိုက်နေခြင်း မဟုတ်ကြောင်းအား တွေ့လိုက်ရသည်။ သူတို့သည် ရွှီယန်ငါးယောက်၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရခြင်းသာ ဖြစ်၏။ ရှင်းလင်းစွာပင် နှစ်ဖက်လုံးတွင် လူငါးယောက်တို့ ရှိနေ၏။ သို့ပေမယ့် သိုင်းတစ်ထောင်ခန်းမ၏ ပါရမီရှင်များမှာ ရွှီယန်၏ တိုက်ခိုက်မှုအောက်တွင် ကျရောက်နေပုံ ပေါ်သည်။ ဤသည်မှာ ဓားအခင်းအကျင်းလေလား။ မည်မျှ အံ့သြစရာကောင်းကာ နက်ရှိုင်းသည့် ပညာရပ် ဖြစ်သနည်း။ "သိုင်းတစ်ထောင်ခန်းမက ပါရမီရှင်တွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုက အရမ်းကို ချိနဲ့လွန်းတယ်... မဟုတ်ဘူး.. စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ ပူးပေါင်းတိုက်ခိုက်မှု အတတ်တွေအားလုံးက ဓားအခင်းအကျင်းအောက်မှာ ချိနဲ့သွားတာ.." "ဒါတောင်မှ ရွှီယန်က လျှို့ဝှက်အတက်ပညာ တစ်ခုနဲ့ ကိုယ့်ကိုယ်ကိုယ်ကိုယ်ခွဲပြီး ဓားအခင်းအကျင်းကို ပြသခဲ့တာပဲ.." "တကယ်လို့ ခြားနားတဲ့ လူငါးယောက်သာ ဒါကို အသုံးပြုလာခဲ့ရင်ရော.." ချွေဟွားယွီမှာ နှလုံးသားထဲတွင် တုန်ခါနေမိ၏။ ဒီဓားအခင်းအကျင်း အတတ်သည် ရှင်းလင်းစွာပင် ... စိတ်ဝိဉာဉ်ဂိုဏ်းများ၏ ပူးပေါင်းတိုက်ခိုက်မှုအတတ် အားလုံးတို့ကို နင်းချေနိုင်လေသည်။ ယရုံမှာ မျက်မှောင်ကျုံ့သွား၏။ ဒီအချိန်၌ သူမသည် ရွှီယန်၏ လျှို့ဝှက်ဆန်းကြယ်သည့် ဆရာဖြစ်သူနှင့် ပတ်သက်ပြီး ပိုမိုကာပင် သိရှိလိုလာခဲ့၏။ "ဖြစ်နိုင်တာက ရွှီယန်ရဲ့ဆရာက ကောင်းကင်အရှင် တစ်ယောက်များလား။ ဒဏ္ဍာရီဆန်တဲ့ ကောင်းကင်အရှင်တောင်မှ ဒီလို အံ့သြစရာကောင်းတဲ့ ပညာတွေ မရှိလောက်ဘူး.." ယရုံမှာ အလွန်အံ့ဩနေ၏။ တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေပြီး ဓားအခင်းအကျင်း၏ နက်နဲမှုတို့သည် ဆက်လက် ပေါ်ပေါက်လာခဲ့သည်။ သိုင်းတစ်ထောင်ခန်းမမှ ပါရမီရှင် ငါးယောက်တို့သည် ပူးပေါင်းတိုက်ခိုက်မှု တစ်ခုကိုပင် ထုတ်လွှတ်၍ မရနိုင်အောင် ရှိနေ၏။ ထို့အပြင် သူတို့အားလုံးသည် ရန်သူ၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ရင်းဖြင့် အားအင်ကုန်ခမ်းနေကြပြီး အန္တရာယ်အတွင်းသို့ အချိန်မရွေး ဝင်ရောက်သွားတော့မည့်နှယ် ရှိသည်။
***