ရှင်းလင်းစွာပင် ရွှီယန်သည် ရန်သူငါးယောက်တို့ကို ခဏအတွင်း သတ်ဖြတ်ရန်အတွက် သူ၏စွမ်းအားအားလုံးတို့ကို ထုတ်လွှတ်ထားခြင်း မရှိပါ။ အဲ့ဒီ့အစား သူတို့ကို အသုံးပြုပြီး လောကကြီးအား ဓားအခင်းအကျင်းဟူသည်မှာ မည်သည်ဖြစ်သည်ကို ဖော်ထုတ်ပြသနေ၏။ သိုင်းတစ်ထောင်အရှင်သခင်နှင့် အကြီးအကဲများမှာ ကြောက်စရာကောင်းလောက်အောင် မဲမှောင်သည့်မျက်နှာများဖြင့် ရှိနေကြသည်။ ဓားအခင်းအကျင်းအောက်တွင် ပူးပေါင်းတိုက်ခိုက်မှုအတတ်သည် သနားစရာကောင်းလောက်အောင် အလွန်အားနည်းလွန်းလှ၏။ "ဝူယွမ်ကို လှုပ်ရှားဖို့အတွက် ပြင်ဆင်ခိုင်းထားလိုက်.." သိုင်းတစ်ထောင်အရှင်သခင်က နက်ရှိုင်းသည့် အသံဖြင့်ပြော၏။ ဒီတိုက်ခိုက်မှုသည် ရှုံးနိမ့်မှာ သေချာနေပြီ ဖြစ်၏။ ငါးယောက်လုံးမှာ အသုံးမဝင်ပေ။ တကယ်တော့ ဒီအချိန်၌ သူသည် နှလုံးသားထဲ၌ စိုးရိမ်စွာ ခံစားလာရ၏။ ဒီဗိုင်းကိရိယာကို အသုံးပြုမည့် ဝူယွမ်ပင်လျှင် ရွှီယန်ကို အမှန်တကယ် ထိခိုက်အောင် တိုက်ခိုက်နိုင်မည်လား။ အမှန်တကယ် သတ်ဖြတ်နိုင်မည်လား။ ဘာပဲဖြစ်ဖြစ် ဝူယွမ်မှာ အသန်မာဆုံးပုဂ္ဂိုလ်တစ်ယောက် မဟုတ်ပေ။ အသက်ကို နက်ရှိုင်းစွာရှူပြီး သူသည် ညွှန်ကြားချက်များကို ထပ်မံပေးလိုက်ပြန်၏။ "မျိုးဆက်ဟောင်းက အဘိုးကြီးတွေကို... အခွင့်အရေးရှာပြီး ရွှီယန်ကို သတ်ခိုင်းလိုက်.." ဓားသခင်အကြီးအကဲနှင့် အခြားလူများမှာ မှင်သက်သွားကြသည်။ ခန်းမသခင်သည် ဝူယွမ်အနေနှင့် ရွှီယန်ကို ဒဏ်ရာအပြင်းအထန်ရရှိအောင် သို့မဟုတ် သေဆုံးအောင် တိုက်ခိုက်နိုင်ခြင်းမရှိဟု အမှန်တကယ် ထင်ထားသည်လား။ "ခန်းမအရှင်... ဝူယွမ်က ဒီဗိုင်းကိရိယာကို အသုံးပြုတဲ့အခါ ရွှီယန်က ခံနိုင်မှာမို့လို့လား.." ဆေဘာသခင်အကြီးအကဲက အံ့သြသည့်မျက်နှာဖြင့် ပြောသည်။ "ရွှီယန်ကရော ခွန်အားအားလုံးကို အသုံးပြုပြီးသေးလို့လား.." ခန်းမသခင်က လေးနက်စွာဖြင့် ပြန်မေး၏။ ဆေဘာသခင်အကြီးအကဲမှာ မှင်သက်သွားသည်။ ဟုတ်ပါသည်။ ရွှီယန်သည် သူ၏ စွမ်းအားအားလုံးတို့ကို ထုတ်ဖော်ပြသပြီးလို့လား။ တစ်ဖက်လူသည် အမြဲတမ်း ဆန်းကြယ်လှသည့် ပညာရပ်များကို သက်တောင့်သက်သာဖြင့်သာ ထုတ်ပြခဲ့သည်။ "ကျွန်တော် နားလည်ပါပြီ.." သူသည် လေးနက်စွာဖြင့် ခေါင်းငြိမ့်၏။ တိုက်ပွဲပြင်ပေါ်တွင် ရွှီယန်သည် ဒီဗိုင်းအနှစ်သာရ ခန္ဓာတို့ကို အသုံးပြုကာ ဓားအခင်းအကျင်းကို ဖော်ထုတ်မှုမှတစ်ဆင့် နောက်ထပ် အသိအမြင်တစ်ခု ရရှိလာခဲ့သည်။ သူသည် လက်ရှိအချိန်၌ သိုင်းတစ်ထောင်ခန်းမရှိ ပါရမီရှင်များကို အသုံးပြုကာ သူ၏ ထိုနားလည်မှုကို အတည်ပြုနေ၏။ မျက်စိတမှိတ်အတွင်းတွင် ဓားအခင်းအကျင်းမှာ တိတ်ဆိတ်စွာဖြင့် ပြောင်းလဲလာခဲ့သည်။ ကိုယ်ပွားတစ်ယောက်က တောင်နှင့်မြစ်၏ ဓားဆန္ဒကို အသုံးပြုသည်။ နောက်ထပ် ကိုယ်ပွားတစ်ယောက်က လျှပ်တပြက်လေ ဓားဆန္ဒကို အသုံးပြု၏။ တတိယတစ်ယောက်မှာတော့ တောင်နှင့်မြစ်ဓားဆန္ဒနှင့် လျှပ်တပြက်လေဓားဆန္ဒတို့ကို တစ်လှည့်စီသုံးသည်။ စတုတ္ထတစ်ယောက်မှာ တောင်နှင့်မြစ်ဓားဆန္ဒနှင့် လျှပ်တပြက်လေ ဓားဆန္ဒတို့ကို ပေါင်းစည်းရန် ကြိုးပမ်း၏။ ရွှီယန်၏ မူလခန္ဓာကိုယ်မှာ မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းစွာဖြင့် ရှိနေပါသည်။ ပတ်ဝန်းကျင်ရှိ လောကကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်တို့သည် ဓားများအဖြစ် ပြောင်းလဲလာခဲ့၏။ မမြင်နိုင်သည့် ဓားများဖြစ်သည်။ တိုက်ခိုက်မှုမှ ထွက်ပေါ်လာသည့် တန်ပြန်အားအကြွင်းအကျန်များသည်လည်း ဓားများအဖြစ် ပြောင်းလဲသွားသည်။ သူသည် ဝင်ရောက်လာနေသည့် စွမ်းအားတို့ကိုပင် သူ၏ဓားအဖြစ် ပြောင်းလဲလို၏။ သို့ပေမယ့် ဤသည်မှာ ခက်ခဲလွန်းလှသည်။ လုပ်ဆောင်နိုင်ခြင်း မရှိပေ။ 'နှလုံးသားဓားအဆင့်မှာ... ငါ့ရဲ့နှလုံးသားက ဓားတစ်ချောင်းပဲ။ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ အရာအားလုံးကို ဓားအဖြစ် ပြောင်းလဲနိုင်တယ်။ ငါ့ရဲ့နှလုံးသားထဲမှာ ဓားဆန္ဒရှိတယ်။ အတွေးတစ်ချက်နဲ့ ဓားဆန္ဒကိုပြောင်းလဲနိုင်တယ်..' 'တောင်နဲ့မြစ် ဓားဆန္ဒပဲဖြစ်ဖြစ် လျှပ်တပြက်လေ ဓားဆန္ဒပဲဖြစ်ဖြစ် နှစ်ခုစလုံးက ငါ့ရဲ့ နားလည်သဘောပေါက်မှုကနေ ပေါက်ဖွားလာခဲ့တယ်..' 'အဲ့ဒါတွေက ငါ့နှလုံးသားထဲက ဓားဆန္ဒတွေဖြစ်ကတည်းက ဘာလို့ အခြားဓားဆန္ဒတွေအဖြစ် မပြောင်းလဲနိုင်ရမှာလဲ။ လေက တောင်နဲ့မြစ်ရဲ့အပေါ်မှာ တိုက်ခတ်သွားတယ်။ လှိုင်းတွေက တစ်သိမ့်သိမ့်လှုပ်ရှားနေတယ်။ ပြီးတော့ ရေတွေက အဆက်မပျက်စီးဆင်းနေတယ်...' အခိုက်အတန့်တစ်ခုတွင် စတုတ္ထမြောက်ကိုယ်ပွားသည် ရှေ့သို့ ဓားချက်တစ်ချက်ကို ထိုးစိုက်လိုက်၏။ ၎င်း၏ ဓားဆန္ဒသည် ညင်သာစွာဖြင့် စီးဆင်းသွား၏။ မည်သည့်ထက်မြခြင်း၊ သတ်ဖြတ်ခြင်း..... ဆန္ဒမှ သယ်ဆောင်ထားခြင်း မရှိပေ။ ရေနှင့် ထိတွေ့သကဲ့သို့ ညင်သာမှုကိုပင် သယ်ဆောင်ထား၏။ သို့ရာတွင် လျှပ်တပြက်အတွင်းတွင် ဆေဘာကို ကိုင်ဆောင်ထားသည့် လူငယ်သည် သူ့ကိုယ်သူ ရေအတွင်းသို့ ကျဆင်းသွားသည်။ လှိုင်းတံပိုးပြင်းထန်သည့် ပင်လယ်အတွင်းသို့ ကျဆင်းသွားသည်ဟု ခံစားလိုက်ရသည်။ မြင်တွေ့နိုင်ခြင်းမရှိဘဲ ကြောက်ဖို့ကောင်းလှ၏။ ညင်သာပုံပေါ်ပေမယ့် ကြောက်စရာကောင်းသည့် သတ်ဖြတ်ခြင်းစွမ်းအားတို့အား ပိုင်ဆိုင်ထားသည်။ "အား.." သူသည် အော်လိုက်ပြီးနောက် ခွန်အားအားလုံးတို့ကို ဆေဘာဓားချက်တစ်ခု အတွင်း၌ စုစည်းလိုက်သည်။ ညင်သာပုံပေါ်ကာ သေစေနိုင်သည့် အလွှာများကို ဖြတ်တောက်၏။ ရွှီယန်က ပြုံးသည်။ သူသည် ဓားဆန္ဒကို စိတ်တိုင်းကျထိန်းချုပ်နိုင်ရန် အလှမ်းကွာနေသေးပေမယ့် သူ၏ဓားတာအိုအဆင့်သည် တိုးမြင့်လာခဲ့၏။ နှလုံးသားဓားအဆင့်၏ အကြီးစားကျွမ်းကျင်မှုသို့ ရောက်ရှိနိုင်ခဲ့လေသည်။ 'ဉာဏ်ပညာဓားအဆင့်က အရမ်းကို နက်ရှိုင်းလွန်းတယ်... ငါ့မှာ ဘာသဲလွန်စမှ မရှိသေးဘူး..' ရွှီယန်သည် သက်ပြင်းချမိ၏။ သူသည် နှလုံးသားဓားအဆင့်ကို ပြီးပြည့်စုံစွာ နားလည်နိုင်ခြင်း မရှိသေးသလို ၎င်း၏ ဆန်းကြယ်မှုများစွာကိုလည်း ဖမ်းဆုပ်နိုင်ခြင်း မရှိသေးပေ။ ထိုထပ် ပိုမိုအလှမ်းကွာနေသည့် ဉာဏ်ပညာဓားအဆင့်ဆိုလျှင် ပိုတောင်ဆိုးသေး၏။ "သတ်.." သိုင်းတစ်ထောင်ခန်းမမှ ပါရမီရှင် ငါးယောက်တို့သည် တိုက်ပွဲသာ ဆက်လက်ဖြစ်ပွားနေပါက သံသယဝင်စရာမကောင်းလောက်အောင် ရှုံးနိမ့်မည်ကို နားလည်လိုက်ကြသည်။ သူတို့သည် အရာအားလုံးအား တိုက်ခိုက်မှုတစ်ခုတည်း အပေါ်တွင် လောင်းကြေးထပ်ရ၏။ လျှပ်တပြက်အတွင်း သတ်ဖြတ်ခြင်းဆန္ဒတစ်ခု မြင့်တက်လာခဲ့သည်။ သွေးနီရောင် သတ်ဖြတ်ခြင်းဆန္ဒသည် ငါးယောက်လုံးဆီမှ ထွက်ပေါ်လာပြီး ပိုမိုကာပင် ကြောက်စရာကောင်းသည့် သတ်ဖြတ်ခြင်းဆန္ဒတစ်ခုအဖြစ် ပေါင်းစပ်လာခဲ့၏။ ထိုသတ်ဖြတ်ခြင်းဆန္ဒသည် သိုင်းပညာငါးခုတို့၏ စွမ်းအားတို့ ပါဝင်နေပုံရပြီး သတ်ဖြတ်ခြင်း စိတ်ဆန္ဒငါးခုတို့က ကြောက်စရာကောင်းစွာ အလွှာလိုက်ထပ်ထားသည်။ ရွှီယန်၏မျက်ခုံးများက မျက်မှောင်ကျုံ့သွား၏။ ဒီသတ်ဖြတ်ခြင်းဆန္ဒသည် ပြီးခဲ့တုန်းက ငါးခုထက် များစွာ ပိုမိုစွမ်းအားကြီးမား၏။ သတ်ဖြတ်ခြင်းဆန္ဒ ငါးခုတို့ ပေါင်းစည်းခြင်းသည် အလွန် ကြောက်စရာကောင်းလာခဲ့သည်။ သူသည်အလွယ်တကူ ရင်ဆိုင်ရဲခြင်း မရှိပေ။ "ဝူ့စ်.." ဒီဗိုင်းကိုယ်ပွားများသည် မူလခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွား၏။ သူ၏ခွန်အားမှာ အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ လက်ကိုမြှောက်ကာ ဓားရှည်ကိုကိုင်စွဲပြီး တောင်နှင့်မြစ်ဓားဆန္ဒနှင့် လျှပ်တပြက်လေဓားဆန္ဒတို့က အတူတူပေါင်းစည်းသွား၏။ တောင်နှင့်မြစ်တို့ပြိုလဲကာ ထောင်ပေါင်းများစွာသော လူများသည် ဓားများကိုကိုင်စွဲပြီး ခုတ်ပိုင်းချလိုက်ကြသည်။ "ဘုန်း.." သွေးနီရောင် သတ်ဖြတ်ခြင်းဆန္ဒသည် ဓားအလင်းနှင့် ထိပ်တိုက်တွေ့ဆုံ၏။ ဓားအလင်းမှာ အရပ်မျက်နှာအားလုံးတို့ဆီသို့ မြင့်တက်လာပြီး သွေးနီရောင်သတ်ဖြတ်ခြင်းဆန္ဒမှာလည်း ဆက်တိုက် တိုးဝင်လာနေ၏။ တစ်ခုနှင့်တစ်ခု တားမြစ်ထားကြသည်။ ထို တိုက်ခိုက်မှုမှ ထွက်ပေါ်လာသည့် အားလှိုင်းတို့သည် သိုင်းတစ်ထောင်ခန်းမှာရှိ ပါရမီရှင် ငါးယောက်တို့၏ ခန္ဓာကိုယ်များကို ဖျက်ဆီးသွားပြီး ဖြစ်၏။ ၎င်းတို့ကို ပြာများအဖြစ် ပြောင်းလဲသွားစေသည်။ သိုင်းသမားများအားလုံး၏ မျက်လုံးများက ပြူးကျယ်သွားပြီး တိုက်ပွဲပြင်အား မျက်တောင်မခက်စွာ စိုက်ကြည့်နေကြသည်။ ဓားအလင်းသည် မြင့်တက်နေသည့် လှိုင်းများသဖွယ် တောက်ပနေပြီး ဆက်တိုက်ဖြန့်ကျက်ကာ သွေးနီရောင် သတ်ဖြတ်ခြင်းဆန္ဒကို ခုခံနိုင်ခြင်း မရှိတော့မည် သကဲ့သို့ ရှိနေ၏။ သို့ပေမယ့် သွေးနီရောင်သတ်ဖြတ်ခြင်းဆန္ဒမှာလည်း တဖြည်းဖြည်းနှင့် စတင် မှေးမှိန်လာခဲ့သည်။ "ဘဇ်.." ဓားအလင်းသည် ရုတ်တရက် ညင်သာလာကာ အားနည်းသည့် စီးကြောင်းတစ်ခုသဖွယ် ပျော့ပြောင်းလာ၏။ သို့ပေမယ့် ထိုအားနည်းသည့် စီးကြောင်းသည်သတ်ဖြတ်ခြင်းဆန္ဒအား ဆက်လက် ရှေ့ဆက်ခြင်းမှ တားဆီးထားသည်။ ၎င်းသည် ဆက်တိုက်ပြိုလဲလာပြီး နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားခဲ့၏။ ရွှီယန်မှာ ထပ်မံ အနိုင်ရရှိခဲ့ပြန်လေသည်။ သိုင်းတစ်ထောင်ခန်းမသည် ဆက်လက်ပြီး မည်သည်ကိုလုပ်ဆောင်မည်နည်း။ သူတို့၏ ပါရမီရှင်သည် ရှေ့ထွက်လာခြင်း မပြုသေးပေဘူးလား။ ရှိနေကြသည့် သိုင်းသမားအားလုံး၏ အကြည့်များသည် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးဆီသို့ ကျရောက်သွားကြသည်။ နိုင်ငံ၃နိုင်ငံ၊ ဂိုဏ်း၇ဂိုဏ်းနှင့် မိသားစုကြီး၈ခုတို့မှ စွမ်းအားကြီးပုဂ္ဂိုလ်များလည်း အပါအဝင်ဖြစ်၏။ ဖြစ်နိုင်သည်မှာ ဂုဏ်သရေရှိ အဆင့်လွန်ဂိုဏ်းတစ်ခုသည် ရွှီယန်နှင့် ယှဉ်ပြိုင်ရန်အတွက် ပါရမီရှင်တစ်ယောက်ကို ထုတ်ဖော်နိုင်ခြင်း မရှိတော့ပေဘူးလား။ ဤသည်မှာ သိုင်းတစ်ထောင်ခန်းမ၏ ဂုဏ်သတင်းနှင့်ချည်း သက်ဆိုင်နေသည် မဟုတ်ပေ။ လင်းနယ်မြေရှိ စိတ်ဝိဉာဉ်ဂိုဏ်းများအားလုံး၏ ဂုဏ်သတင်းနှင့်လည်း သက်ဆိုင်နေ၏။ သူတို့ကိုသာ လေလွင့်သိုင်းသမားတစ်ယောက်က ဖိနှိပ့်သွားပါက စိတ်ဝိဉာဉ်ဂိုဏ်းများသည် မည်ကဲ့သို့ မြင့်မားထည်ဝါစွာ ဆက်လက်နေထိုင်ပြီး အခြား ကျင့်ကြံသူများကို ခေါင်းငုံ့ကြည့်နိုင်မည်နည်း။ ရွှီယန်သည် ဓားကိုကိုင်ဆွဲကာ ရပ်နေပြီး ဓားစွမ်းအင်မှာ ပေတစ်ရာလောက်အထိ ရှည်လျားလေသည်။ ၎င်းသည် သိုင်းတစ်ထောင်ခန်းမ၏ အဝင်ဝဆီသို့ ချိန်ရွယ်ထား၏။ "သိုင်းတစ်ထောင်ခန်းမမှာ တိုက်ခိုက်ရဲတဲ့ ပါရမီရှင်တစ်ယောက်တောင်မှ မရှိတော့ဘူးလား.." ပေတစ်ရာရှည်သည့် ဓားအလင်းသည် သိုင်းတစ်ထောင်ခန်းမအား တိုက်ရိုက် ချိန်ရွယ်ထားပြီး မျက်နှာချင်းဆိုင်ကာ စိန်ခေါ်မှုပြုနေ၏။ ဖြစ်နိုင်သည်မှာ သိုင်းတစ်ထောင့်ခန်းမမှ ပါရမီရှင်သည် ထွက်မလာသေးပေဘူးလား။ ထိုသို့သာဆိုပါက ရွှီယန်ပြောခဲ့သလိုပင် သူတို့သည် အမှန်တကယ်ကို သရဲဘောကြောင်ကြပါသည်။ "ရွှီယန်... လေလွင့်သိုင်းသမားလေးတစ်ယောက် ဖြစ်ပြီးတော့ အရမ်းတွေ မောက်မာရဲနေတယ်ပေါ့... ငါတို့ရဲ့ စီနီယာအစ်ကိုတွေသာ တံခါးပိတ်ကျင့်ကြံနေလို့ ထွက်လာလို့မရတာ မဟုတ်ရင် မင်းရှုံးနိမ့်ပြီးတာ ကြာနေပြီ.." အသံတစ်ခု ရောက်ရှိလာ၏။ သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးဆီသို့ ပုံရိပ်တစ်ခု ချဉ်းကပ်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသည့် ဆေဘာအလင်းတစ်ခု ထိုးတက်သွား၏။ ကြည့်ရှု့နေကြသည့် သိုင်းသမားအားလုံးတို့မှာ ရုတ်တရက် ထိတ်လန့်စွာ ခံစားလိုက်ရသည်။ သိုင်းတစ်ထောင်ခန်းမ၏ ပါရမီရှင်သည် လှုပ်ရှားမှု ပြုတော့လေမည်လား။ သူသည် ဒီဗိုင်းကိရိယာကိုပင် အသုံးပြုတော့မည်လား။ ထို့အပြင် တစ်ဖက်လူ၏ စကားကိုကြည့်ရသည်မှာ သိုင်းတစ်ထောင်ခန်းမရှိ ပါရမီရှင်များ ပေါ်လာမှု မရှိခြင်းမှာ သူတို့သည် တံခါးပိတ်ကျင့်ကြံနေခြင်းကြောင့် ယာယီအချိန်အတွင်း ထွက်ခွာတိုက်ခိုက်ရန် မဖြစ်နိုင်သောကြောင့်သာ ဖြစ်သည်လား။ "ဒါက... သူက သိုင်းတစ်ထောင်ခန်းမရဲ့ ဝူယွမ်များလား.." တစ်ယောက်ယောက်က တီးတိုးစွာပြော၏။ "အရှက်မဲ့လိုက်တာ.." ထန်းကျီက ဒေါသတကြီးဖြင့် မှတ်ချက်ပြုသည်။ သိုင်းတစ်ထောင်ခန်းမသည် ဝူယွမ်အတွက် ဒီဗိုင်းကိရိယာတစ်ခုကို အသုံးပြုရန် ပေးထား၏။ ဤသည်မှာ အားနည်းသူအား ခွန်အားဖြင့် အနိုင်ကျင့်ခြင်းဟု ဆိုလိုနိုင်ခြင်း မရှိပေမယ့် အလွန်အရှက်မဲ့လှပါသည်။ သို့ရာတွင် ပါရမီရှင်များ၏ ပြိုင်ပွဲအတွင်းတွင် ပါရမီရှင်များက မည်သည့် လက်နက်များကို အသုံးပြုရမည်ဟု သတ်မှတ်ထားခြင်း မရှိပေ။ ထို့ကြောင့် သိုင်းတစ်ထောင်ခန်းမသည် မည်သည့်စည်းမျဉ်းကိုမှ ချိုးဖျက်ခြင်း မရှိပါ။ "ဝူယွမ်က သေချင်နေတာလား.." ချွေဟွားယွီမှာ အံ့သြသွား၏။ စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခု၏ အစစ်အမှန် တပည့်တစ်ယောက်အနေနှင့် သူသည် ဒီဗိုင်းကိရိယာအား ကိုင်ဆောင်ကာ အသုံးပြုနိုင်ရန်အတွက် မည်ကဲ့သို့သော တန်ကြေးမျိုးကို ပေးဆပ်ရမည် ဟူသည်အား နားလည်ပါသည်။ ယရုံက မျက်မှောင်ကျုံ့သွား၏။ ရွှီယန်ကို ကြည့်သည်။ ဒီကောင်လေးသည် မည်သည့် ထိတ်လန့်ကြောက်ရွံ့သည့် အသွင်အပြင်ကိုမှ မပြသေးပေ။ သို့ပေမယ့် သူ၏မျက်နှာသည် ရှင်းလင်းစွာပင် ပိုမိုလေးနက်လာ၏။ ရွှီယန်သည် လေးနက်စွာရှိနေပြီး ယခု ပေါ်ပေါက်လာသည့်လူမှာ မုမိသားစုက ပေးခဲ့သည့် စာအုပ်တွင်ပင် ဖော်ပြထားသည့် သိုင်းတစ်ထောင်ခန်းမမှ ပါရမီရှင် ဝူယွမ်ဖြစ်ကြောင်းကို မှတ်မိလိုက်သည်။ ဝူယွမ်သည် ပေါ်ထွက်လာခဲ့ပြီး ဒီဗိုင်းကိရိယာတစ်ခုကိုပင် အသုံးပြုဦးမည် ဖြစ်၏။ ဆေဘာအလင်းမှာ ကောင်းကင်သို့တိုင်အောင် ထိုးတက်သွားရာ ဒီဗိုင်းကိရိယာ၏ စွမ်းအားသည် အထင်သေးလို့ လုံးဝမရပေ။ "ရွှီယန်... ငါ့ရဲ့ ဓားချက်ကို ခံယူကြည့်... အသက်ရှင်မယ်ဆိုရင် မင်းကို အနိုင်ရတယ်လို့ ယာယီ ယူဆပေးလိုက်မယ်။ ဆယ်နှစ်ကြာပြီး ငါ့ရဲ့အစ်ကိုတွေ တံခါးပိတ်ကျင့်ကြံတာက ထွက်လာတဲ့အခါ ငါတို့တွေ နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ကြမယ်.." ဝူယွမ်က အေးစက်စွာ ပြောသည်။ သူသည် သိုင်းတစ်ထောင်ခန်းမ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် ဖြစ်ပေါ်လာနိုင်သည့် ရှုံးနိမ့်မှုအတွက်ပါ အကြောင်းပြချက်တစ်ခုကို ရှာဖွေရန် လိုအပ်သည်။ သိုင်းတစ်ထောင်ခန်းမမှာ ပါရမီရှင်တို့ လစ်ဟင်းနေခြင်းမဟုတ်ပဲ ထွက်ခွာနိုင်ခြင်း မရှိခြင်းသာ ဖြစ်ကြောင်းကို ရှိနေကြသည့် လူအားလုံးအား ပြောကြားလို၏။ ဤသည်မှာ သူတို့သည် ရွှီယန်ကို မနိုင်မယူနိုင်၍ မဟုတ်ပေ။ တံခါးပိတ် ကျင့်ကြံနေသောကြောင့်သာ ဖြစ်၏။ ပါရမီရှင်များအကြား ယှဉ်ပြိုင်ပွဲ၏ နောက်ဆုံး အနိုင်ရသူကို အဆုံးသတ်မှသာ ဆုံးဖြတ်နိုင်ပေလိမ့်မည်။ "သေလိုက်တော့.." ဝူယွမ်၏ ခန္ဓာကိုယ်မှာ ကြောက်စရာကောင်းသည့် သတ်ဖြတ်ခြင်းဆန္ဒတစ်ခု ထွက်ပေါ်လာခဲ့သည်။ သို့ပေမယ့် ဤသည်မှာ သွေးရောင်မဟုတ်ပေ။ ကြည့်ရသည်မှာ အသက်ကိုစတေးခြင်း သတ်ဖြတ်ခြင်းဆန္ဒ မဟုတ်သည့်ပုံ ပေါ်၏။ အဲ့ဒီ့အစား အေးစက်သော သတ်ဖြတ်ခြင်းဆန္ဒတစ်ခုသည် ဆေဘာအတွင်းသို့ စီးဝင်သွားခဲ့သည်။ ဒီအချိန်၌ သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးရှေ့တွင် အေးစက်သည့် ဆေဘာအလင်းတစ်ခုသည် လင်းလက်လာခဲ့၏။ အဝေးမှကြည့်လျှင်ပင် သိုင်းသမားအားလုံးတို့သည် အရိုးတဲ့အထိ အေးစိမ့်မှုတစ်ခုကို ခံစားလိုက်ရသည်။ ထိုအအေးဆေဘာဓားသည် သူတို့၏လည်ပင်းပေါ်တွင် ရစ်ဝဲနေသည့်ဟန် ရ၏။ "ဆုတ်ကြ.." တိုက်ပွဲနှင့် နီးကပ်နေသည့် သိုင်းသမားများ၏ ပုံစံများက ပြောင်းလဲသွားပြီး ချက်ချင်းပင် အဝေးသို့ ဆုတ်ခွာကြသည်။ "အကြွင်းမဲ့ ရေခဲဆေဘာ..." ချွေဟွားယွီ၏ပုံစံက လေးနက်လာခဲ့၏။ ဤသည်မှာ သိုင်းတစ်ထောင်ခန်းမ၏ ဒီဗိုင်းကိရိယာတစ်ခု ဖြစ်ပြီး ကြောက်စရာကောင်းသည့် အဖျက်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ပုံမှန်အားဖြင့် ဆေဘာအသုံးပြုသူ အကြီးအကဲက ကိုင်ဆောင်၏။ ယခုအချိန်တော့ ဝူယွမ်က ထိုဒီဗိုင်းကိရိယာကို အသုံးပြုခဲ့လေသည်။ ကြည့်ရသည်မှာ ထိုအကြီးအကဲ၏ အကူအညီဖြင့် ဖြစ်ပေလိမ့်မည်။ ဒီဓားချက်သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို စုစည်းထားသည့် အသန်မာဆုံးပုဂ္ဂိုလ်များအတွက်ပင် ကာကွယ်ရန် ခက်ခဲမှာဖြစ်၏။ "ရွှီယန်မှာ ဒီဗိုင်းကိရိယာ ရှိနေမှာလား.." ချွေဟွားယွီက ရွှီယန်ကို ကြည့်သည်။ သူသည်အနည်းငယ် ယုံကြည်ချက်ကင်းမဲ့စွာ ခံစားနေရ၏။ ရွှီယန်တွင် ဒီဗိုင်းကိရိယာတစ်ခု ရှိလျှင်တောင် သူ၏ လက်ရှိခွန်အားအဆင့်နှင့် ဒီဗိုင်းကိရိယာ၏ စွမ်းအားကို ထုတ်ဖော်နိုင်မည် မဟုတ်ပေ။ ထိုသို့ဆိုပါက ဝူယွမ်၏ တိုက်ခိုက်မှုကို မည်ကဲ့သို့ ကာကွယ်နိုင်မည်နည်း။ "သူ ဒဏ်ရာအပြင်းအထန်ပဲ ရသွားဖို့ မျှော်လင့်တယ်။ အသက်သာ မသေဘူးဆိုရင် ပြန်ကောင်းနိုင်ဖို့ အခွင့်အရေး ရှိသေးတယ်.." ချွေဟွားယွီက ကိုယ့်ကိုယ်ကို ရေရွတ်သည်။ သူသည် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်း တစ်ခု၏ အစစ်အမှန်တပည့်တစ်ဦး ဖြစ်ပေမယ့် နှလုံးသားထဲ၌ ရွှီယန်အတွက် လေးစားမှုအချို့ ရှိနေဆဲဖြစ်၏။ ယခုကဲ့သို့သော ပါရမီရှင်တစ်ယောက်ကို မမှန်ကန်သည့် ဓားချက်အောက်၌ သေဆုံးသွားစေလိုခြင်း မရှိပေ။
***