"ဒါက မျိုးဆက်စုံ မဟာမိတ်အဖွဲ့က စွမ်းအားကြီးပုဂ္ဂိုလ် မလား... တကယ့်ကို ရဲရင့်လိုက်တာ.." ရွှီယန်သည် သိုင်းတစ်ထောင်ခန်းမဆီမှ ဒီဗိုင်းကိရိယာတစ်ခုကို လုယက်ကာ ထွက်ပြေးခဲ့၏။ ထိုအချိန်၌ ထန်းကျီက နောက်မှလိုက်လံသည့် ဆေဘာသခင်အကြီးအကဲကို တားဆီးခဲ့လေသည်။ ထိုကဲ့သို့သော ရဲရင့်မှုမျိုးက လူအများကို အံ့သြသွားစေ၏။ သူသည် အမှန်တကယ်ကို လေလွင့်သိုင်းသမားတစ်ယောက်အတွက် ရပ်တည်ရဲလေသည်။ ထိုဝင်ပါမှုနှင့်အတူ ရွှီယန်သည် အဝေးသို့ ထွက်ပြေးသွားပြီး ဖြစ်၏။ ဆေဘာသခင် အကြီးအကဲအတွက် လိုက်မှီရန်မှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်နိုင်တော့သည်။ ကောင်းကင်လျှပ်စီးအလင်း၏ အမြန်နှုန်းသည် အထူးသဖြင့် ရွှီယန် မူလဒီဗိုင်းအဆင့်သို့ ရောက်ရှိပြီးချိန်၌ အလွန် ကြောက်စရာကောင်းလာပြီး အသန်မာဆုံးပုဂ္ဂိုလ်တစ်ယောက်ပင် လိုက်မမှီနိုင်တော့ပေ။ ဆေဘာသခင်အကြီးအကဲနှင့် သိုင်းတစ်ထောင်ခန်းမမှလူများ ရွှီယန်ကို ဖမ်းမိနိုင်မည်ဟု ယုံကြည်ချက် မြင့်မားနေခြင်းမှာ ဒီဗိုင်းကိရိယာတစ်ခုကို သိုလှောင်အိတ်အတွင်းသို့ ထည့်မရနိုင်ဟု ယုံကြည်မှုကြောင့် ဖြစ်သည်။ ထို့ကြောင့် အကြွင်းမဲ့ရေခဲဆေဘာကို ကိုင်ဆောင်ထားပါက ရွှီယန်သည် ဘယ်လိုလုပ်ပြီး သူတို့၏ လိုက်လံမှုမှ ပုန်းအောင်းနိုင်မည်နည်း။ ဤသည်မှာ မဖြစ်နိုင်ပေ။ သို့ရာတွင် သိုင်းတစ်ထောင်ခန်းမ အရှင်သခင်နှင့် အကြီးအကဲအုပ်စုတို့ ထင်မှတ်မထားသည်မှာ ဒီဗိုင်းကိရိယာတစ်ခုကို သိုလှောင်အိတ်အတွင်းသို့ ထည့်သွင်းထားလို့ မရပေမယ့် သိုလှောင်လက်စွပ်အတွင်းကိုမူ ထည့်သွင်းလို့ ရပါသည်။ ရွှီယန်က လက်ထဲရှိ အကြွင်းမဲ့ရေခဲဆေဘာကို ကြည့်သည်။ ဒီဓားသည် အမှန်တကယ်ကို ထူးကဲ၏။ အထူးသဖြင့် ၎င်းကိုထုလုပ်ရန် အသုံးပြုထားသည့် ကုန်ကြမ်းများ ဖြစ်သည်။ "ဘယ်လောက်ကောင်းတဲ့ ဆေဘာတစ်ချောင်းလဲ... ဒုတိယညီသာ ဒါကို မကြိုက်ဘူးဆိုရင် စတုတ္ထညီကို အရည်ဖျော်ခိုင်းရမယ်။ ဒီဆေဘာကို ထုလုပ်ဖို့ အသုံးပြုထားတဲ့ ကုန်ကြမ်းတွေက တကယ့်ကိုထူးကဲတယ်.." ဒီဗိုင်းကိရိယာ တစ်ခုသည် သံသယဝင်စရာ မကောင်းလောက်အောင် လင်းနယ်မြေတွင် အမြင့်မားဆုံးသောရတနာ ဖြစ်၏။ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ အဓိက အခြေခံများထဲမှ တစ်ခုလည်းဖြစ်သည်။ "ဒီခရီးစဉ်က တကယ့်ကိုတန်တာပဲ.." ရွှီယန်သည် အလွန် ကျေနပ်တဲ့သွား၏။ သူသည် ဆေဘာကို သိုလှောင်လက်စွပ်အတွင်းသို့ ထည့်လိုက်သည်။ သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးရှေ့တွင် ပိတ်ကာ သူတို့၏ ပါရမီရှင်များစွာတို့ကို သတ်ဖြတ်ခဲ့ပြီး ဒီဗိုင်းကိရိယာတစ်ခုကိုပင် လုယူနိုင်ခဲ့၏။ နောက်ဆုံးတွင် ရွှီယန်သည် လူယုတ်မာ ဟွမ်းလျန်၏ သူ၏ဓားသိုင်းမှာ သိုင်းတစ်ထောင်ခန်းမမှ ခိုးယူထားသည်ဟူသည့် အရှက်မဲ့သည့် စွပ်စွဲချက်ကို ချေပနိုင်ခဲ့လေပြီ။ လက်ကို ဝှေ့ရမ်းလိုက်ပြီးနောက် ဒီဗိုင်းအနှစ်သာရ ကိုယ်ပွားမှာ ပျောက်ကွယ်သွားခဲ့သည်။ ထန်းကျီမှာလည်း ထွက်ပြေးလွတ်မြောက်သွားခဲ့၏။ ဖြစ်နိုင်သည်မှာ သိုင်းတစ်ထောင်ခန်းမသည် မျိုးဆက်စုံမဟာမိတ်အဖွဲ့နှင့် ကြီးမားသည့် စစ်ပွဲကြီးတစ်ခုကို ပြန်လည် စတင်လိုခြင်း မရှိတာ ဖြစ်ပေလိမ့်မည်။ သူ့ကို လိုက်လံခြင်း မပြုတော့ပါ။ 'ဒါဆိုရင်... ပြီးရင် ဘယ်ကိုသွားရမလဲ..' ရွှီယန်က ခဏတာ စဉ်းစား၏။ သူသည် လင်းနယ်မြေတလျှောက် ခြေဆန့်ရန် စီစဉ်ထားခဲ့သည်။ ထို့ကြောင့် ခဏတာ စဉ်းစားမှုပြုအပြီးနောက် လားရာတစ်ခုကို ရွေးချယ်ကာ ထိုလားရာအတိုင်း တည့်မတ်စွာ ထွက်ခွာသွား၏။ 'မြို့တစ်မြို့ကို ရှာပြီးတော့ လင်းနယ်မြေအကြောင်း သတင်းအချက်အလက်အချို့ကို စုစည်းတာပေါ့... ဒုတိယညီရော ဘာတွေလုပ်နေလဲ မသိဘူး..' ရွှီယန်သည် သိုင်းတစ်ထောင်ခန်းမမှ လိုက်လံသတ်ဖြတ်မှုအတွက် ဂရုစိုက်ခြင်း မရှိပါ။ ဒီဗိုင်းကိရိယာကို လုယူခဲ့ခြင်းမှာ သိုင်းတစ်ထောင်ခန်းမက သူ့ကို လိုက်လံစေရန် ရန်စခဲ့ခြင်း ဖြစ်၏။ ထိုကဲ့သို့ ခရီးသွားရခြင်းက ပိုမိုကာ စိတ်လှုပ်ရှားစရာကောင်းကာ စိန်ခေါ်မှုတို့ဖြင့် ပြည့်နက်နေမှာ ဖြစ်သည်။ ရွှီယန်၏ သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးကိုပိတ်ကာ သူတို့၏ ပါရမီရှင်များကို သတ်ဖြတ်ပြီး ဒီဗိုင်းကိရိယာအား လုယူခဲ့မှု အကြောင်းသည် လင်းနယ်မြေတလျှောက် မုန်တိုင်းသဖွယ် ပျံ့နှံ့သွားခဲ့၏။ သွေးနတ်ဆိုး၏ ကပ်ဘေးပြီးကတည်းက လင်းနယ်မြေသည် ယခုကဲ့သို့သော အံ့ဩစရာကောင်းလှသည့် ဖြစ်ရပ်မျိုး မကြုံခဲ့ရတာ ကြာပြီဖြစ်သည်။ ထို့အပြင် ဤသည်မှာ သမိုင်းကြောင်းတလျှောက်တွင် လူတစ်ယောက်က အဆင့်လွန်ဂိုဏ်းတစ်ခု၏ ဒီဗိုင်းကိရိယာကို ပထမဆုံး လုယူခဲ့ခြင်းဖြစ်၏။ ရွှီယန်မှာ ယခုမျှ ကြမ်းတမ်းလှသည့် လူသားဖြစ်သည်။ မိသားစုကြီးတစ်ခု၏ အတွင်းတွင် ထည်ဝါသည့် အသွင်အပြင်ဖြင့် လူကြီးလေးယောက်က အသံပြု၏။ "ငါ့ရဲ့သားကိုလည်း ရွှီယန်လိုပဲ ဖြစ်စေချင်လိုက်တာ.." သူသည် သူ၏ သုံးစားမရသည့် သားဖြစ်သူကို ခေါင်းလှည့်ကြည့်၏။ မျက်နှာ၌ ဒေါသတို့ ပြည့်လျှံလာပြီး လက်ထဲ၌ ကြာပွတ်တစ်ချောင်း ပေါ်လာကာ ရိုက်နှက်လေတော့သည်။ "မင်းသာ ရွှီယန်ရဲ့ အစွမ်း၁%လောက်ရှိရင် ငါ့အတွက်ဂုဏ်ယူစရာ ဖြစ်နေမှာ.." "ချီးပဲ..." မြို့ကြီးတစ်မြို့၏ အတွင်းတွင် သိုင်းသမားတစ်စု စုစည်းကာ သိုင်းတစ်ထောင်ခန်းမ၏ ဒီဗိုင်းကိရိယာတစ်ခု လုယူခံရမှုနှင့် သူတို့၏ တံခါးအား ပိတ်ဆို့ခံရမှုအတွက် အရှက်ကွဲခဲ့ကြောင်းကို ဆွေးနွေးနေကြသည်။ အဘိုးအိုတစ်ယောက်က ရုတ်တရက်ပြော၏။ "လောကကြီးမှာ အံ့သြစရာ ကိစ္စရပ်တွေ အများကြီးရှိတယ်။ ဒါပေမယ့် ရွှီယန်ကတော့ အားလုံးရဲ့စံပြပဲ.." ထိုစကားကို ကြားရပြီးနောက် လူငယ်တစ်ယောက်က ချက်ချင်းပင် အားတက်စွာနှင့် ဂုဏ်ယူစွာပြော၏။ "ခင်ဗျားပြောတာမှန်တယ်... ကျွန်တော်လည်း ရွှီယန်ကို စံနမူနာတစ်ခုအဖြစ် မှတ်ယူထားတယ်။ သူက အဆင့်လွန်ဂိုဏ်းတစ်ခုရဲ့ ဂိတ်တံခါးကို ပိတ်ဆို့ခဲ့တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်လည်း ပထမတန်းစား ဂိုဏ်းတစ်ခုရဲ့ ဂိတ်တံခါးကို သွားပိတ်မယ်.." ပတ်ဝန်းကျင်ရှိ လူများက လူငယ်၏ ဦးခေါင်းကိုမော့ကာ ထွက်ခွာသွားမှုကို ကြည့်နေကြသည်။ သူတို့သည် သေဆုံးတော့မည့် အရူးတစ်ယောက်ကို ကြည့်နေသည့်နှယ် ရှိ၏။ ဒီကောင်သည် ကိုယ့်ကိုယ်ကိုယ် ပထမတန်းစား ဂိုဏ်းတစ်ခုအား စိန်ခေါ်ရလောက်အောင် အစွမ်းရှိသည်ဟု ထင်နေသည်လား။ အသက်ရှင်နေရတာ ပင်ပန်းနေလေပြီလား။ သရွှမ်မြို့တွင် မုန့်ချုံသည် ဆေဘာကိုကိုင်ကာ စင်ပေါ်တွင် ရပ်ရင်းက စောင့်စားနေ၏။ ယခုအချိန်၌ မည်သည့်ပါရမီရှင်မှ တက်ရောက်တိုက်ခိုက်ရဲခြင်း မရှိတော့ပါ။ စိတ်ဝိဉာဉ်ဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်များအားလုံးတို့သည် မဲမှောင်သော မျက်နှာများဖြင့် ရှိနေကြ၏။ အထူးသဖြင့် အံ့ဖွယ်သုံးပါးမျှော်စင် ဖြစ်သည်။ သူတို့သည် မုန့်ချုံကို အရှင်လတ်လတ် အရေခွံဆုတ်ချင်နေကြ၏။ သူသည် တစ်ယောက်တည်းနှင့် စိတ်ဝိဉာဉ်ဂိုဏ်းများမှ ပါရမီရှင် များစွာတို့ကို အနိုင်ယူခဲ့လေသည်။ ပုံမှန်အားဖြင့် မြင့်မားကာ ထည်ဝါကြသည့် စိတ်ဝိဉာဉ်ဂိုဏ်းများမှ ပါရမီရှင်များသည် ယခုအချိန်၌ သူတို့၏ ဂုဏ်ယူနေသည့် အသွင်အပြင်တို့ ပျောက်ဆုံးနေပြီ ဖြစ်၏။ မုန့်ချုံက သက်ပြင်းချသည်။ ဒီစိတ်ဝိဉာဉ်ဂိုဏ်းများမှ လူငယ်များသည် အမှန်တကယ်ကို အားနည်းလွန်းလှ၏။ သူသည် ဒီဗိုင်းဆန္ဒအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိကာ အခြေခံကို စုဆောင်းနေလေသည်။ အဆင့်ချိုးဖျက်ချိန်၌ ပြောင်းလဲမှုတို့ ဖြစ်ပေါ်ရန် ပြင်ဆင်နေ၏။ ယခုအချိန်၌ တက်ရောက်တိုက်ခိုက်သည့် မည်သည့်ပါရမီရှင်မှ မရှိတော့ရာ သူ၏အကြည့်က အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းခေါင်းဆောင်နှင့် အကြီးအကဲများတစ်စုအပေါ်သို့ ကျရောက်သွားသည်။ သူ့တွင် စိတ်ကူးတစ်ခု ရလာခဲ့၏။ "အံ့ဖွယ်သုံးပါးမျှော်စင်ရဲ့ ဂိုဏ်းချုပ်က သေချာတာတော့ အားမနည်းဘူး... ဒါပေမယ့် သူ့ကို အနိုင်မယူနိုင်တာတော့ မဟုတ်ဘူး။ မျှော်စင်သုံးခုရဲ့ အကြီးအကဲတွေကလည်း တစ်ယောက်တစ်ယောက် ဆိုလျှင် ငါ့ကိုဘာခြိမ်းခြောက်မှုမှ မပြုနိုင်ဘူး.." "ဒါကြောင့်မို့လို့ သိုင်းပညာအခြေခံကို စုစည်းတာ ထိရောက်မှုကောင်းမှာ မဟုတ်ဘူး... ငါ့ရဲ့ လက်ရှိမသေခြင်းရွှေခန္ဓာနဲ့ သူတို့တွေ ငါ့ကို ဒဏ်ရာအပြင်းအထန် ရစေဖို့က မဖြစ်နိုင်လုနီးပါးပဲ။ အဲ့လိုဆိုမှတော့ လောင်းကြေးတစ်ခု ထပ်တာပေါ့.." "ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကျင့်ကြံမှုစနစ်က တိုက်ပွဲတွေကို ဆက်တိုက်ဆင်နွှဲပြီး ကိုယ့်ကိုယ်ကိုယ် မြှင့်တင်သင့်တယ်။ ကောင်းကင်တူတစ်ရာ သန့်စင်ခြင်းအတတ်ရဲ့ အကူအညီနဲ့ အခြေခံစုဆောင်းမှုက ပိုပြီးတော့တောင် လျှင်မြန်လာမှာ.." "ဒါကြောင့်မလို့ ငါဆက်ပြီးတော့ အချိန်ဆွဲနေလို့ မရတော့ဘူး... လင်းနယ်မြေက ကြီးမားတယ်။ သရွှမ်မြို့မှာ အချိန်အများကြီး ကုန်နေတာက အဓိပ္ပါယ်မရှိဘူး" "အကိုကြီးရော ဘယ်လိုလုပ်နေလဲ မသိဘူး။ ငါကြားတာတော့ သူသိုင်းတစ်ထောင်ခန်းမကို တံခါးဝမှာပိတ်ထားတာ ရပ်အနည်းငယ်တောင် ကြာပြီးပြီ" "ဖြစ်နိုင်တာက သရွှမ်မြို့မှာ တိုက်ပွဲပြီးရင် ငါလည်း သိုင်းတစ်ထောင်ခန်းမဆီမှာ သွားပိတ်သင့်လား.." မုန့်ချုံသည် ကိုယ့်ကိုယ်ကိုယ် ရေရွတ်၏။ ထိုကဲ့သို့ တွေးမိပြီးနောက် သူသည် အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းချုပ်ကိုကြည့်ကာ ခေါင်းကိုကုပ်ပြီး ပြုံး၏။ "မင်းတို့ အံ့ဖွယ်သုံးပါးမျှော်စင်က အဘိုးကြီးတွေ... အခုအချိန်မှာ သေချာပေါက် ငါ့ကို သေစေချင်နေမှာပဲ။ သတ်ချင်နေကြမှာပဲ... ဟုတ်တယ်မလား..." ကြည့်ရှု့နေကြသည့် ပတ်ဝန်းကျင်ရှိ သိုင်းသမားအားလုံးတို့သည် မျက်စံလှည့်မိကြ၏။ ဤသည်မှာ မသိသာပေဘူးလား။ တစ်ဖက်လူသည် သူတို့ဂိုဏ်းမှ ပါရမီရှင် အားလုံးတို့ကို သတ်ဖြတ်ခဲ့လေသည်။ ခန္ဓာကိုယ်များကိုပင် ရှာမတွေ့တော့ပေ။ ဘယ်လိုလုပ်ပြီး သေစေလောက်အောင် မမုန်းတီးပဲ နေမည်လဲ။ အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲတစ်စုတို့မှာ ညှို့မှိုင်းစွာ ရှိနေကြသည်။ သူတို့၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နက်နေ၏။ သို့ရာတွင် လီကျိုး၏ မျိုးဆက်စုံ မဟာမိတ်ခေါင်းဆောင်နှင့် အထက်ဂိုဏ်းမှ ထုတ်ပြန်ထားသည့် အမိန့်တို့ကို ကြည့်ကာ သူတို့၏ သတ်ဖြတ်လိုစိတ်များကို ဖိနှိပ့်ထားရ၏။
***