သရွှမ်မြို့ရှိ တိုက်ပွဲကြီးသည် မုန့်ချုံ၏ အံ့ဖွယ်သုံးပါးမျှော်စင်မှ ဂိုဏ်းချုပ်နှင့် အကြီးအကဲများကို တစ်ယောက်တည်း သတ်ဖြတ်ခဲ့မှုဖြင့် အဆုံးသတ်ခဲ့၏။ အံ့ဖွယ်သုံးပါးမျှော်စင်မှာ သိုင်းတစ်ထောင်ခန်းမ၏ လက်အောက်ရှိ ထိပ်တန်း စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုဖြစ်သည်။ သို့ပေမယ့် ယခုအချိန်၌ ၎င်းသည် စွမ်းအားကြီးပုဂ္ဂိုလ်အားလုံး နီးပါးတို့ သတ်ဖြတ်ခြင်း ခံခဲ့ရပြီး ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်း တစ်ခု၏ ဂုဏ်သိက္ခာတို့ ဆုံးရှုံးသွားခဲ့၏။ မုန့်ချုံ၏ ခြောက်မီတာမြင့်မားသည့် ခန္ဓာကိုယ်နှင့် ရွှေရောင်ချပ်ဝတ်တို့ အကြောင်းသည်လည်း လင်းနယ်မြေ၏ ဒေသအသီးသီးဆီသို့ မုန်တိုင်းတစ်ခုနှယ် ပျံ့နှံ့သွားသည်။ သူသည် ရွှီယန်၏ အပြုအမူလောက် ထည်ဝါခြင်း မရှိပေမယ့် မရေမတွက်နိုင်သည့် စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် သိုင်းသမားများစွာတို့ကို အံ့သြသွားစေဆဲ ရှိ၏။ မုန့်ချုံသည် ဆေဘာအရှင်သခင်ဟု အမည်တွင်ပြီး သရွှမ်မြို့၌ စိတ်ဝိဉာဉ်ဂိုဏ်းများ၏ ပါရမီရှင်အားလုံးတို့ကို အနိုင်ယူကာ အံ့ဖွယ်သုံးပါးမျှော်စင်ကို တစ်ယောက်တည်း ပြိုလဲသွားစေခဲ့သည်။ "သိုင်းတစ်ထောင်ခန်းမက ကံတွေ ဆိုးနေတာလား..." "ဟုတ်မယ်... သူတို့က အရမ်းအရှက်မဲ့လွန်းလို့ ဝဋ်ပြန်လည်တာ ဖြစ်လိမ့်မယ်.." စိတ်ဝိဉာဉ်နယ်မြေရှိ သိုင်းလောကတွင် သိုင်းတစ်ထောင်ခန်းမနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများစွာ ပေါ်လာခဲ့၏။ ဓားဂိုဏ်းရှိ ပါရမီရှင်နှင့် ဂိုဏ်းချုပ်တို့ကို ရွှီယန်က သတ်ဖြတ်ခဲ့သည်။ ဤသည်မှာလည်း သိုင်းတစ်ထောင်ခန်းမ၏ လက်အောက်ခံဂိုဏ်းတစ်ခု ဖြစ်၏။ အံ့ဖွယ်သုံးပါးမျှော်စင်ရှိ ပါရမီရှင်တို့ကို မုန့်ချုံက သတ်ဖြတ်ခဲ့သည်။ ဂိုဏ်းချုပ်နှင့် အကြီးအကဲများလည်း အပါအဝင်ဖြစ်၏။ ဤသည်က သူတို့၏ ခွန်အားကို ကြီးစွာ လျော့ကျသွားစေသည်။ ဤသည်မှာလည်း သိုင်းတစ်ထောင်ခန်းမ၏ လက်အောက်ခံ အင်အားစုတစ်ခု ဖြစ်၏။ သိုင်းတစ်ထောင်ခန်းမ ကိုယ်တိုင်မှာလည်း ပါရမီရှင်များ သတ်ဖြတ်ခြင်းခံရကာ ဒီဗိုင်းကိရိယာပင် လုယူခြင်းခံခဲ့ရ၏။ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများ အကြားတွင် သိုင်းတစ်ထောင်ခန်းမသည် ပထမဆုံး အရှုံးပေါ်ကာ အထိနာခဲ့ခြင်း ဖြစ်သည်။ မုန့်ချုံနှင့် ရွှီယန်တို့ကြောင့် စိတ်ဝိဉာဉ်နယ်မြေရှိ သိုင်းလောကသည် စိတ်လှုပ်ရှားစရာ ကောင်းမှုတို့ဖြင့် ပိုမိုအုံကြွလာခဲ့၏။ ပါရမီရှင်များအကြား တိုက်ပွဲကို ပိုမိုကာပင် စည်ကားလာစေသည်။ "သူတို့တွေ ရွှီယန်ကို ဖမ်းမမိသေးဘူးလား..." "မမိသေးဘူး.." "သိုင်းတစ်ထောင်ခန်းမရဲ့ ဂုဏ်သတင်းတော့ ကုန်ပြီထင်တယ်.." "ရွှီယန်ကလည်း တကယ့်ကောင်ပဲ... သိုင်းတစ်ထောင်ခန်းမရဲ့ ဒီဗိုင်းကိရိယာကို လုယူပြီးတော့ လိုက်ဖမ်းတာကိုတောင်မှ ရှောင်ပြေးနိုင်ခဲ့တယ်.." အစက လူတိုင်းသည် ရွှီယန်ကို အကြာကြီး ပြေးနိုင်ခြင်းမရှိဘဲ သိုင်းတစ်ထောင်ခန်းမရှိ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ သတ်ဖြတ်ခြင်းကို ခံရမည်ဟု ထင်ထားခဲ့၏။ သို့ရာတွင် ရွှီယန်သည် လွတ်လွတ်လပ်လပ် လှည့်လည်သွားလာနေပုံ ရသည်။ သိုင်းတစ်ထောင်ခန်းမရှိ ဆေဘာသခင် အကြီးအကဲသည် အသဲအသန် လိုက်နိုင်ရှာဖွေနေဆဲရှိပြီး ယခုအချိန်အထိ မတွေ့နိုင်သေးပေ။ "ရွှီယန်ပေါ်လာတယ်.. ရွှီယန်ပေါ်လာတယ်..." "တကယ်လား...သူ အသတ်ခံလိုက်ရပြီလား.." "မဟုတ်ဘူး... သူသိုင်းတစ်ထောင်ခန်းမရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကို သတ်ဖြတ်ပြီး ထွက်ပြေးသွားပြန်ပြီ.." ရံဖန်ရံခါ၌ ရွှီယန်၏သတင်းတို့ ပေါ်လာလေ့ရှိ၏။ သူ၏ တည်နေရာများမှာ လျှို့ဝှက်မနေပေ။ ထိုကဲ့သို့ အကြိမ်ကြိမ် ဖြစ်ပွားပြီးနောက် လူတိုင်းသည် ရွှီယန်မှာ သူ၏တည်နေရာအား တမင် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်မည်ဟု သံသယဝင်လာခဲ့၏။ သိုင်းတစ်ထောင်ခန်းမ၏ စွမ်းအားကြီးပုဂ္ဂိုလ်များ လိုက်လံသတ်ဖြတ်မှုကို ဖြစ်ပေါ်အောင် ဖန်တီးနေဟန်ရသည်။ "ဒန်ဆေးနတ်သမီး အကြောင်းကို မင်းကြားပြီးပြီလား... အံ့ဖွယ်သမားတော်လေ... ပြောကြတာက.. သူမက အခြေခံထိခိုက်ထားတဲ့ သိုင်းပညာရှင်တစ်ယောက်ကိုတောင်မှ ပြန်ကောင်းအောင် ကုသနိုင်တယ်တဲ့.." "ငါလည်းကြားတယ်... သူမရဲ့ဆေးပညာက တကယ့်ကို အံ့သြဖို့ကောင်းလွန်းတယ်.." "ဟုတ်တယ်... ငါနဲ့ ဘယ်နှစ်ဝမ်းခွဲလဲမသိ တော်တဲ့ အမျိုးတစ်ယောက်ရဲ့ သားရဲ့ သွေးသောက်ညီအကိုရဲ့ ညီ စိတ်ဝိဉာဉ်ဂိုဏ်းက ယုတ်မာတဲ့ကောင်တွေကြောင့် အခြေခံ လုံးဝ ပျက်စီးသွားခဲ့ရတယ်။ ပြီးတော့ ဒုက္ခိတတစ်ယောက် ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် အခု ပြန်လည်ကောင်းမွန်နေပြီး သူ့ရဲ့ခွန်အားတောင် ကောင်းကင်လူသားငယ်အဆင့်ကို ရောက်နေပြီ.." "တကယ်ပဲ အဲ့လောက်ကြီး အံ့သြဖို့ကောင်းလို့လား.." "ဒါပေါ့.." "ဒန်ဆေးနတ်သမီးက ဘယ်နေရာမှာလဲ..." "လော့ဒေသမှာ... ချန်ချင်းစံအိမ် ဆိုပြီးတော့ တည်ထားတယ်။ အစက ချီမင်ဂိုဏ်းရဲ့နေရာပဲ.." လင်းနယ်မြေတလျှောက်တွင် ရွှီယန်နှင့် မုန့်ချုံတို့၏ သတင်းများမှာ ခြိမ့်ခြိမ့်သဲသဲ ပျံ့နှံ့နေပြီး သိုင်းသမားတိုင်းသည် သူတို့၏ အကြောင်းကို ဆွေးနွေးနေကြသကဲ့သို့ နောက်ထပ် သတင်းသစ်တစ်ခုလည်း စတင်ပျံ့နှံ့လာခဲ့သည်။ ချန်ချင်းစံအိမ်၏ ဒန်ဆေးနတ်သမီး စုလင်းရှုံသည် အံ့ဖွယ်ကောင်းသည့် ကုသခြင်း စွမ်းအားတို့ကို ပိုင်ဆိုင်ထားပြီး သေသူကိုပင် ပြန်ရှင်အောင်လုပ်နိုင်၏။ မည်သည့် ပြင်းထန်လှသည့် ဒဏ်ရာကိုမဆို လူသာ မသေပါက ပျောက်ကင်းအောင် ကုသပေးနိုင်သည်။ သို့ပေမယ့် ကုသမှုစရိတ်ကို တတ်နိုင်ရန်လိုအပ်၏။ စရိတ်မှာ စိတ်ဝိဉာဉ်ဆေးပင်များ ဖြစ်သည်။ လူအချို့မှာ အလွန်အံ့သြနေကြပြီး လင်းနယ်မြေတွင် ယခုကဲ့သို့သော လျှို့ဝှက်ဆန်းကြယ်သည့် အတတ်ပညာတစ်ခု မည်ကဲ့သို့ ပေါ်လာသနည်းဟု တွေးတောမိကြ၏။ အချို့မှာတော့ မယုံကြပေ။ သို့ပေမယ့် မည်သို့ပင် ဆိုစေကာမူ ဒန်ဆေးနတ်သမီး စုလင်းရှုံ၏ အမည်သည် လင်းနယ်မြေတလျှောက် စတင်ပျံ့နှံလာခဲ့၏။ "စီနီယာအစ်ကိုကြီးက အရမ်းကို စွမ်းအားကြီးလွန်းတယ်.." မြို့ကြီးတစ်မြို့တွင် ဦးခေါင်းပေါ်၌ ဆံပင်အတုကို ဝတ်ဆင်ထားသည့် မုန့်ချုံက မနေနိုင်ဘဲ ရေရွတ်၏။ အစက သူသည် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးဆီသို့ သွားရောက်လိုခဲ့သည်။ သို့ပေမယ့် ရရှိလာသည့် သတင်းများအရ သူ၏ စီနီယာအကိုကြီးသည် သိုင်းတစ်ထောင်ခန်းမရှိ ပါရမီရှင်အားလုံးတို့ကို သတ်ဖြတ်ခဲ့သည့်အပြင် ဒီဗိုင်းကိရိယာကိုပါ လုယက်ပြီး ထွက်ပြေးသွားသည်ဟု ကြားရ၏။ ယခုအချိန်၌ သိုင်းတစ်ထောင်ခန်းမသည် ရူးသွပ်နေပါသည်။ ထို့ကြောင့် ဂိတ်တံခါးကို သွားရောက်ပိတ်ပင်မည့် စိတ်ကူးကို ဖယ်ထုတ်လိုက်ရ၏။ သူသာ ဒီအချိန်၌ သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးဆီသို့ သွားရောက်သောင်းကြမ်းပါက သိုင်းတစ်ထောင်ခန်းမ၏ စွမ်းအားကြီးပုဂ္ဂိုလ်များ အားလုံးကို ပေါက်ကွဲသွားစေမှာဖြစ်သည်။ "ဒါမှမဟုတ်ရင်... ငါ လိင်ယွင်တောင်စံအိမ်ရဲ့ ဂိတ်တံခါးကို သွားပြီးပိတ်သင့်လား.." မုန့်ချုံသည် အတွေးနက်သွား၏။ သူနှင့် လိင်ယွင်တောင်စံအိမ်တို့ အကြားတွင် တိုက်ရိုက်ရန်ငြိုးတို့ ရှိမနေရာ တံခါးဝ၌ သွားပိတ်ကာ သောင်းကြမ်းခြင်းသည် မကောင်းလောက်ပါ။ ထို့အပြင် သိုင်းတစ်ထောင်ခန်းမ၏ သင်ခန်းစာအပြီးတွင် လိင်ယွင်တောင်စံအိမ်သည် တိုက်ရိုက်ဆန်စွာ တုံ့ပြန်မည် မဟုတ်လောက်ပေ။ သူ့အနေနှင့် ကြောက်ရွံ့ခြင်း မရှိပေ။ ဆရာပေးထားသည့် ဒီဗိုင်းဆန်းကြယ်စွမ်းအား ကျောက်စိမ်းအဆောင် ဆောင်ထား၏... သို့ရာတွင် သိုင်းလောကတွင် နာမည်တစ်ခုကို တည်ဆောက်ရာ၌ ကိုယ့်ကိုယ်ကိုယ်သာ မှီခိုသင့်ပေသည်။ 'အရင်ဆုံး နေရာတစ်ခုရှာပြီး အချိန်တစ်ခုတော့ တံခါးပိတ်ကျင့်ကြံရမယ်... မသေခြင်းရွှေခန္ဓာရဲ့ ဒုတိယအဆင့်ကို အမြန်ချိုးဖျက်ရမယ်.." မုန့်ချုံသည် အတွေးနက်သွား၏။ သူသည် မသေခြင်းရွှေခန္ဓာ၏ ဒုတိယအဆင့်သို့ ချိုးဖျက်မှုအပြင် မသေခြင်းရွှေခန္ဓာ၏ တတိယအဆင့်ရှိ ကျင့်စဉ်တို့ကိုလည်း နားလည်သဘောပေါက်ရန် လိုအပ်သေးသည်။ ဒီအချိန်သည် ၎င်းတို့ကို လေ့လာရန် အချိန်ဖြစ်၏။ သူသည် ဒုတိယအဆင့်သို့ ချိုးဖျက်ခါနီး ရှိနေပါပြီ။ ထို့ကြောင့် တတိယအဆင့်ရှိ ကျင့်စဉ်သဘောတရားတို့ကို ကြိုတင်နားလည်အောင် ပြုလုပ်ရမည် ဖြစ်၏။ 'ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် သိုင်းပညာစနစ်သာ ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်ကို ချိုးဖျက်ပြီးရင် ဘယ်လို ဒီဗိုင်းဆန်းကြယ် စွမ်းအားတွေ ရရှိလာလောက်မလဲ..' မုန့်ချုံသည် မျှော်လင့်နေမိ၏။ 'အဆင့်ချိုးဖျက်ပြီးတဲ့ အခါကျရင် ငါလည်း လင်းနယ်မြေတလျှောက် အတွေ့အကြုံ လိုက်ယူသင့်တယ်။ နေရာတိုင်းမှာ အခြားသိုင်းသမားတွေနဲ့ သိုင်းပညာဖလှယ်ရမယ်။ လောကကြီးကို အရပ်မျက်နှာ အားလုံးမှာ နားလည်အောင် လုပ်ရမယ်။ အတွေ့အကြုံတွေကို စုဆောင်းရမယ်..' မုန့်ချုံသည် နှလုံးသားထဲတွင် အစီအစဉ်တစ်ခုအား ချမှတ်ပြီးနောက် မြို့ထဲမှထွက်ကာ တံခါးပိတ်ကျင့်ကြံရန် နေရာတစ်ခုကို ရှာဖွေသည်။ 'အခုအချိန်မှာ ဂျူနီယာ ညီမလေးလည်း နာမည်ကျော်ကြားနေပြီ..' သိုင်းသမားများ၏ ဒန်ဆေးနတ်သမီး အကြောင်းကို ဆွေးနွေးနေပုံကို ကြားရပြီးနောက် သူသည် မနေနိုင်ဘဲအံ့သြသွား၏။ 'ဒါပေမယ့်... နှိုင်းယှဉ်ကြည့်မယ်ဆိုရင် စတုတ္ထညီရဲ့ ဂုဏ်သတင်းက နည်းနည်း နိမ့်ပါးနေသေးတယ်..' ဖန်းဟောင်မှာ ယွီကျိုး၏ မျိုးဆက်စုံမဟာမိတ်အဖွဲ့ခွဲခေါင်းဆောင်ဖြစ်ပေမယ့် ဂုဏ်သတင်းအနည်းငယ်သာ ရှိသည်ဟု ဆိုနိုင်၏။ သူသည် ယွီကျိုး၏ အုပ်ချုပ်ပုံစနစ်ကို ပထမဆုံး ချိုးဖျက်ခဲ့သူ ဖြစ်ကာ လင်းနယ်မြေ၏ အုပ်ချုပ်ပုံစနစ်ကို ပထမဆုံး စိန်ခေါ်ခဲ့သူဖြစ်လျှင်တောင် ယွီကျိုးမှာ အလွန် အားနည်းလွန်းလှသည်။ ထို့ကြောင့် အာရုံအများကြီးကို ဆွဲဆောင်နိုင်ခြင်း မရှိပေ။ ရွှီယန်သည် သူ၏ လမ်းကြောင်းပေါ်တွင် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရပ်နေသည့် အဘိုးအိုကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကျုံ့သွား၏။ ထိုအဘိုးအို၏ အငွေ့အသက်တို့သည် အလွန် ထူးဆန်းနေပြီး သူ့ကို အန္တရာယ်အငွေ့အသက်အား ရေးတေးတေး ပေးစွမ်းနေ၏။ "ရွှီယန်... အနှိုင်းမဲ့တဲ့ ပါရမီရှင်လား... ဒီနေ့မှာတော့ မင်းသေရမယ်.." အဘိုးအို၏ အက်ကွဲနေသည့်အသံက လွင့်ပျံလာခဲ့၏။ "သိုင်းတစ်ထောင်ခန်းမက လူလား.." ရွှီယန်သည် မျက်မှောင်ကျုံ့သွား၏။ ဒီအဘိုးအိုသည် မူမှန်ခြင်း မရှိပေ။ ဒီတစ်ကြိမ်တွင် သူသည် အရိပ်အယောင်အချို့ကိုသာ ဖော်ပြခဲ့ခြင်း ဖြစ်၏။ ဘယ်လိုလုပ်ပြီး ဒီအဘိုးကြီးကို ရောက်ရှိလာစေခဲ့သနည်း။ "ရေခဲဆေဘာဓား ဘယ်မှာလဲ.."
***