တစ်ဖက်ရှိ အကြီးအကဲ အဖိုးအိုက ဖြေကြားခြင်းမပြုဘဲ မျက်မှောင်ကျုံ့ကာ ပြန်မေး၏။ အကြွင်းမဲ့ရေခဲဆေဘာဓားသည် ရွှီယန်၏ လက်ထဲတွင်မရှိပေ။ လမ်းတွင် လွှတ်ပစ်လိုက်သည်လား။ သို့ပေမယ့် ဤသည်မှာ မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ ဘာပဲဖြစ်ဖြစ် ဒီဗိုင်းကိရိယာတစ်ခု ဖြစ်ပါသည်။ တစ်နေရာတွင် သွားရောက် ဝှက်ထားသည်လား။ "အအေးဓားရဲ့ တည်နေရာကို ငါ့ကိုပြော... အဲ့ဒါဆိုရင် မင်းကို မြန်မြန်သေခွင့်ပေးမယ်.." ထိုအကြီးအကဲက အေးစက်စွာ ပြောသည်။ ရွှီယန်ကပြုံး၏။ လက်တစ်ဝှေ့နှင့်အတူ အကြွင်းမဲ့ရေခဲဆေဘာဓားကို ဆွဲထုတ်လိုက်သည်။ "ခင်ဗျားကိုယ်ခင်ဗျား အစွမ်းရှိတယ်ထင်ရင် လာပြီးတော့ ဒီအသုံးမဝင်တဲ့ ဆေဘာကို လုလှည့်.." ပြောပြီးသည်နှင့် သူသည် အကြွင်းမဲ့ရေခဲဆေဘာကို သိုလှောင်လက်စွပ် အတွင်းသို့ ပြန်ထည့်လိုက်၏။ အကြီးအကဲမှာ လုံးဝ အံ့သြသွားသည်။ သိုလှောင်အိတ်တို့သည် ဒီဗိုင်းကိရိယာတို့ကို ထည့်သွင်းနိုင်ခြင်း မရှိပေဘူးမလား။ "အခု သေလိုက်တော့.." အကြီးအကဲက အသံပြုပြီးနောက် သူ၏ အဖြူရောင်ဆံပင်များသည် လေထဲတွင် လူးလွန့်နေပြီး မျက်နှာက နီရဲလာ၏။ အေးစက်မှုနှင့် သေခြင်းစွမ်းအင်တို့ ရောယှက်နေပုံ ပေါ်သည့် အငွေ့အသက်တစ်ခု လွှမ်းခြုံလာကာ ရွှီယန်ဆီသို့ ပြင်းထန်သည့် လက်သီးချက်တစ်ချက်ကို ထိုးသွင်းလိုက်သည်။ ရွှီယန်က ဓားချက်တစ်ချက်ကို ဖော်ထုတ်လိုက်ပြီးနောက် တောင်နှင့်မြစ်တို့၏ မြေမျက်နှာသွင်ပြင်က ပေါ်လာခဲ့သည်။ "ဘုန်း.." တောင်နှင့်မြစ်မှာ ပြိုလဲပြီး အကြီးအကဲက ရှေ့သို့တက်လာကာ နောက်ထပ် လက်သီးချက်တစ်ချက်ကို ထိုးသည်။ လေထဲတွင် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတို့ဖြင့် ပြည့်နက်နေပြီး သေခြင်းစွမ်းအင်တို့ စိမ့်ဝင်လာ၏။ "ဘာမဟုတ်တဲ့ အစွမ်းလေးနဲ့..." ရွှီယန်က အေးစက်စွာ နှာခေါင်းရှုံ့သည်။ သူသည် ရှည်လျားသည့် တိုက်ပွဲတစ်ခုကို ဆင်နွှဲနိုင်ခြင်း မရှိကြောင်းအား နားလည်၏။ သိုင်းတစ်ထောင်ခန်းမမှ ဆေဘာသခင် အကြီးအကဲသာ ရောက်ရှိလာပါက တစ်ဖက်လူကို ချန်ရစ်ခဲ့နိုင်ရန် အချိန်အတော်ကြာအောင် ပြေးရမှာ ဖြစ်သည်။ "ဘဇ်.." ထိုအချိန်၌ သူသည် ဓားချက်ဖြင့် ခုတ်ပိုင်းလိုက်ပြီးနောက် လျှပ်တပြက်လေ ဓားဆန္ဒအား တောင်နှင့်မြစ်ဓားဆန္ဒအတွင်းသို့ ကွယ်ဝှက်ထားလိုက်သည်။ ကြည့်ရသည်မှာ ဓားချက်တစ်ချက်တည်း ဖြစ်ပေါ်ပုံပြီး ထည်ဝါလှသည့် တောင်နှင့်မြစ်၏ စွမ်းအားသည် တစ်ဖက်လူအပေါ်သို့ ခွန်အားအပြည့်ဖြင့် ကျဆင်းလာခဲ့သည်။ အကြီးအကဲ၏ မျက်နှာက အနည်းငယ် မဲမှောင်သွားပြီး သူ၏ခန္ဓာကိုယ်မှ ငွေမီးခိုးရောင် အလင်းတို့ ထွက်ပေါ်လာ၏။ သေခြင်းစွမ်းအင်က ရစ်ဝဲနေကာ လူတစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ ဒီအချိန်၌ ပတ်ဝန်းကျင်ရှိ အပူချိန်သည် ကျဆင်းသွားခဲ့ပြီး အရိုးကွဲမတတ် အေးစက်လှသည့် သေခြင်း၏ အငွေ့အသက်မှာ လေထဲတွင် ပြည့်နက်လာခဲ့သည်။ "ဝှစ်.." သူသည် နောက်ထပ် လက်သီးချက်ဖြင့် ထိုးလိုက်၏။ အိုမင်းနေသည့် ခန္ဓာကိုယ်သည် ပိုမိုကာပင် ခြောက်သွေ့လာပြီး ဒီဗိုင်းဝိဉာဉ်မှာ စတင်ပြိုလဲလာခဲ့သည်။ အကြီးအကဲ၏ မျက်နှာပေါ်တွင် မည်သည့် နာကျင်သည့် ခံစားချက်မှ မပြပါ။ အဲ့ဒီ့အစား အပြုံးတစ်ခုကို ဆင်မြန်းထားပြီး ထူးမခြားနားစွာ ရှိနေ၏။ ရွှီယန်၏ နှလုံးသားက အခုန်မြန်သွားသည်။ ဒီတိုက်ခိုက်မှုသည် အလွန်ထူးခြား၏။ သေခြင်း၏ အငွေ့အသက်ဖြင့် လွှမ်းခြုံနေပါသည်။ လျှပ်တပြက်အတွင်း အကြီးအကဲ၏ တစ်သက်တာကျင့်ကြံထားသည့် သိုင်းပညာများအား ထုတ်လွှတ်လိုက်သည့်ဟန် ရ၏။ "အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတွေမှာ တကယ်ပဲ အစွမ်းအချို့ ရှိတယ်... သိုင်းတစ်ထောင်ခန်းမမှာလည်း ဒီလိုလျှို့ဝှက်အတတ်မျိုး ပိုင်ဆိုင်ထားတာလား... ဖြစ်နိုင်တာက သူတို့ရဲ့ အသေခံ သိုင်းသမားတစ်ယောက် များလား.." ရွှီယန်၏ရှေ့တွင် သေခြင်းရှင်ခြင်း ဓားစက်ဝန်းက ပေါ်လာခဲ့၏။ သေခြင်းနှင့်ရှင်ခြင်းတို့အား လဲလှယ်နိုင်သည့်နှယ် ရှိပြီး အကြီးအကဲ၏ တိုက်ခိုက်မှုကို ပျက်ပြယ်သွားစေသည်။ သို့ပေမယ့် ဝူယွမ်နှင့် နှိုင်းယှဉ်ပါက လက်ရှိ တိုက်ခိုက်မှုမှာ ပိုမိုကြမ်းကြုတ်လှ၏။ သေခြင်း အငွေ့အသက်သည် အနည်းငယ်ထိမိသည်နှင့် ပြင်းထန်သည့် အဆိပ်ကဲ့သို့ တိုက်စားကာ ဖယ်ထုတ်၍ မရနိုင်အောင် ရှိနေပါသည်။ ရွှီယန်သည် သူ၏ ဒီဗိုင်းအနှစ်သာရကို လှည့်လည်ပြီး ထိုအငွေ့အသက်ကို ခုခံ၏။ 'ဒါက တော်တော်လေး စွမ်းအားကြီးတယ်...' ဒီဗိုင်းအနှစ်သာရ တစ်မျှင်သည် သေခြင်းအငွေ့အသက်၏ ကူးစက်ခြင်းကို ခံလိုက်ရ၏။ ရွှီယန်က ချက်ချင်းပင် ထိုဒီဗိုင်းအနှစ်သာရ အမျှင်ကို ဖြတ်တောက်လိုက်ကာ လေထဲတွင် ပျောက်ကွယ်သွားစေသည်။ သူသည် နောက်ဆုတ်ရင်းက တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်၏။ အကြီးအကဲ၏ တိုက်ခိုက်မှုသည် ပိုမိုပိုမိုကာ နီးကပ်လာပြီး ခုခံရန် မဖြစ်နိုင်အောင် ဖြစ်လာစေခဲ့ဟန် ရသည်။ အထူးသဖြင့် သေခြင်းအငွေ့အသက် ဖြစ်၏။ ၎င်းသည် ကပ်ပါးတစ်ကောင်ကဲ့သို့ လိုက်လံတိုက်စား၏။ "အသက်ဓာတ်စွမ်းအားနဲ့ ဒီဗိုင်းဝိဉာဉ်မှာ ဒီလို သေစေနိုင်တဲ့ အငွေ့အသက်တစ်ခု စုစည်းနိုင်ဖို့ ကြီးမားတဲ့ အချိန်နဲ့ တန်ဖိုးကို ပေးရလောက်တယ်မလား.." "အဲ့ဒီ့အပြင် သက်တမ်းကုန်ခါနီးမှသာ အသုံးပြုနိုင်လိမ့်မယ်.." 'ဒီစွမ်းအားက တကယ့်ကို ပြင်းထန်တာကိုတော့ ဝန်ခံရလိမ့်မယ်... ဒါပေမယ့် ငါ့ရဲ့မျက်လုံးထဲမှာ ဒီလိုလျှို့ဝှက်အတတ်မျိုးက အမှိုက်သရိုက်ထက် မပို့ဘူး..' ရွှီယန်သည် တည်ငြိမ်စွာသာ ရှိနေ၏။ ဒီရင်ဆိုင်တိုက်ခိုက်မှု အတွင်းတွင် သူသည် တစ်ဖက်အကြီးအကဲ၌ ယခုကဲ့သို့သော သေခြင်းစွမ်းအားတို့ မည်ကဲ့သို့ ပိုင်ဆိုင်ထားခြင်းကို သုံးသပ်ချက်ထုတ်နိုင်ခဲ့သည်။ အဘိုးအို၏ မျက်နှာက မဲမှောင်သွား၏။ သူ၏ မျက်လုံးများထဲ၌ ချီးကျူးသည့် အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။ ခဏအတွင်းတွင် ရွှီယန်သည် သူ၏ လျှို့ဝှက်အတတ် အရင်းအမြစ်ကို အကဲခတ်နိုင်၏။ ဒီကောင်လေးသည် အလွန် မကောင်းဆိုးဝါး ဆန်လှသည်။ သူသည် ပြီးခဲ့တုန်းက သွေးနတ်ဆိုးထက်ပင် ကျော်လွန်၏။ ဒီအန္တရာယ်အား သေချာပေါက် ရှင်းလင်းရပေမည်။ "ဘုန်း.." ဒီအချိန်၌ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က စတင် ယိုယွဲလာပြီး တိုက်ခိုက်မှုက ပိုမိုပြင်းထန်လာ၏။ သေခြင်းအငွေ့အသက်တို့သည် လုံးဝ အမဲရောင်ပြောင်းသွားလုမတတ် ရှိလာခဲ့သည်။ ၎င်းသည် အရိုးပေါ်ရှိ လောက်ကောင်ကဲ့သို့ တွယ်ကပ်နေကာ ရွှီယန်၏ တိုက်ခိုက်မှုများကို ဆက်တိုက် တိုက်စားနေသည်။ ဆက်တိုက် ချဥ်းကပ်နေသည်။ ထို့အပြင် ပိုမိုကာလည်း ပြင်းထန်လာခဲ့သည်။ "မင်းနားလည်တော့ရော ဘာဖြစ်လဲ... ထွက်ပြေးနိုင်မှာမှ မဟုတ်တာ.." သူ၏ တိုက်ခိုက်မှုတို့သည် ရွှီယန်၏ တည်ရှိမှုအား ပစ်မှတ်ထားထားပြီး ရွေးချယ်စရာမရှိဘဲ ထိပ်တိုက်ရင်ဆိုင်ရစေသည်။ ရှောင်ကျင်ရန်အတွက် မည်သည့် ဖြစ်နိုင်ချေမှ မရှိပေ။ ထို့အပြင် ရွှီယန်သည် စွမ်းအားနှင့် တိုက်ခိုက်မှုတို့ကို အောင်မြင်စွာ ချေဖျက်နိုင်လျှင်တောင် သေခြင်းအငွေ့အသက်တို့၏ တိုက်စားမှုကို ခံရမှာ သေချာပေါက်ဖြစ်၏။ သိုင်းပညာအခြေခံအား တိုက်စားမည် ဖြစ်သည်။ ဒီဗိုင်းဝိဉာဉ်အား တိုက်စားမည် ဖြစ်သည်။ ထိခိုက်မှုတို့ ကြီးမားစွာ ဖြစ်ပွားမည်မှာ သေချာ၏။ ထို့အပြင် လက်ရှိအခြေအနေကို ကြည့်ရသည်မှာ ရွှီယန်သည် သူ၏ တိုက်ခိုက်မှုများကိုပင် ခံနိုင်ရည်မရှိပေ။ အကြီးအကဲ၏ မျက်လုံးများက အေးစက်သွားသည်။ ရွှီယန်သည် သေချာပေါက် သေဆုံးရန် ကံပါလာခဲ့၏။ သူကိုယ်တိုင်မှာ အကြာကြီး အသက်ရှင်နိုင်တော့မည် မဟုတ်လျှင်တောင် အခြားလူများသည် ဒီနေရာကို မကြာခင်တွင် ရှာတွေ့သွားမှာ ဖြစ်၏။ ဆေဘာသခင် အကြီးအကဲလည်း အမြန်ဆုံး ရောက်ရှိလာလောက်သည်။ ထိုအခါ အကြွင်းမဲ့ ရေခဲဆေဘာကို ပြန်လည်ရယူနိုင်မည် ဖြစ်၏။ ပြီးလျှင် ရွှီယန်၏ခန္ဓာကိုယ်အား သိုင်းတစ်ထောင်ခန်းမ၏ အဝင်ဝတွင် ချိတ်ဆွဲထားကာ လင်းနယ်မြေရှိ သိုင်းသမားအားလုံးတို့အား ထိတ်လန့်စေမည် ဖြစ်သည်။ ဤသည်မှာ သိုင်းတစ်ထောင်ခန်းမကို ဒေါသထွက်စေခြင်း၏ ရလဒ်ဖြစ်၏။ "ငါ့ကို ထွက်မပြေးနိုင်ဘူးလို့ ဘယ်သူပြောလဲ.." ရွှီယန်က အသာပြော၏။ သူ၏ပုံရိပ်သည် မူလနေရာမှ လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားသည်။ နောက်ထပ်နေရာတွင် ပြန်ပေါ်လာခဲ့၏။ "မင်းကိုယ်မင်း..." အကြီးအကဲမှာ စကားမဆုံးခင်တွင် သူ၏မျက်နှာက ရုတ်တရက် ထိတ်လန့်သွားသည်။ "မဟုတ်ဘူး..." သူသည် တိုက်ခိုက်ရန်အတွက် လားရာကို လုံးဝ ဆုံးရှုံးသွားခဲ့၏။ အစက ရွှီယန်၏ အငွေ့အသက်ကို ပစ်မှတ်ထားထားရာ ရှောင်တိမ်းရန် မဖြစ်နိုင်ဟု တွေးထားခဲ့သည်။ သို့ပေမယ့် ရွှီယန်၏ အငွေ့အသက်သည် ယခုအချိန်၌ ပျောက်ကွယ်သွားခဲ့၏။ ထို့အပြင် တစ်ဖက်လူသည် မလှမ်းမကမ်း၌သာ ရှိနေသေးသည်။ "ဒီအချိန်အထိ တိုက်ပွဲတွေ အားလုံးမှာ... ငါ ရန်သူတွေအားလုံးကို ထိပ်တိုက်ရင်ဆိုင်ပြီးတော့ အနိုင်ယူခဲ့တယ်။ ဒါပေမယ့် ငါ့မှာ အခြားပညာရပ်တွေ လစ်ဟင်းနေတယ်လို့ မဆိုလိုဘူး။ ဒီနေ့မှာ ခင်ဗျားကို ပြပေးလိမ့်မယ်.." ရွှီယန်က တောက်ပစွာပြုံးသည်။ အဘိုးအို၏ တိုက်ခိုက်မှုသည် လွဲချော်သွားကာ အဝေးတွင် ပျောက်ကွယ်သွား၏။ သူသည် မည်သည့်လှုပ်ရှားမှုမှ မပြုဘဲ တစ်ဖက်အကြီးအကဲ၏ အကူအညီမဲ့စွာနှင့် ဒေါသတကြီး ဖြစ်နေပုံကိုသာ လှောင်ရယ်သည့် မျက်လုံးများဖြင့် ကြည့်နေလိုက်သည်။ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုတို့ ပေါ်လာကာ မကျေနပ်စွာဖြင့် သေဆုံးသွားသည့် အခြေအနေအထိ ဖြစ်၏။ "မင်းသေရမယ်..." အကြီးအကဲသည် နောက်ဆုံးအကြိမ် အော်ဟစ်ပြီးနောက် လုံးဝ ပျောက်ကွယ်သွားခဲ့၏။ သို့ပေမယ့် ပတ်ဝန်းကျင်တွင် သူ၏တိုက်ခိုက်မှုမှ ကျန်ရစ်ခဲ့သည့် သေခြင်းအငွေ့အသက်များသည် ရစ်ဝဲနေဆဲရှိ၏။ ခဏတာအတွင်း ပျောက်ကွယ်သွားမည် မဟုတ်ပေ။ 'သိုင်းတစ်ထောင်ခန်းမမှာ ဒီလိုပညာရပ်မျိုး ပိုင်ဆိုင်ထားတယ်... ကျန်တဲ့ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းတွေလည်း တူညီတဲ့ ပညာရပ်တွေရှိရမယ်... ငါသူတို့ကို အထင်သေးလို့ မရဘူး..' ရွှီယန်က ကိုယ့်ကိုယ်ကို ရေရွတ်ပြီးနောက် သူ၏ပုံရိပ်သည် လျှပ်တပြက်အတွင်း နေရာမှ ပျောက်ကွယ်သွားခဲ့သည်။ သူထွက်ခွာသွားပြီး ၁၅မိနစ်ပင် မကြာပေ။ အဘိုးအိုတစ်ဦး ပေါ်လာခဲ့၏။ သေခြင်း အငွေ့အသက်တို့ကို ခံစားရပြီးနောက် အဘိုးအို၏မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။ ***