"ကျရှုံးခဲ့တာလား..." သူသည် ယုံကြည်ရန် ခက်ခဲနေ၏။ ရွှီယန်ကို တားဆီးထားရန်ပင် မစွမ်းဆောင်နိုင်ခဲ့ပေဘူးလား။ ဖြစ်နိုင်သည်မှာ ရွှီယန်သည် ယခုမျှအထိ စွမ်းအားကြီးမားနေ ပြီးပြီလား။ ထိုကောင်လေးသည် အမှန်တကယ်ကို အန္တရာယ်တစ်ခုဖြစ်သည်။ ပြီးခဲ့တုန်းက သွေးနတ်ဆိုးထက်ပင် ပိုမိုကြီးမားသည့် အန္တရာယ်ဖြစ်၏။ "ရွှီယန် ဘယ်မှာလဲ..." ဒေါသဖြင့် ပြည့်နက်နေသည့် အသံတစ်ခု ပျံလွင့်လာ၏။ ဆေဘာသခင် အကြီးအကဲသည် ရောက်ရှိလာပြီးနောက် သူ၏မျက်နှာက ချက်ချင်းပင် ညှို့မှိုင်းသွားသည်။ "ကျွန်တော်တို့တွေ ရွှီယန်ကို မတားဆီးထားနိုင်လိုက်ဘူး... ဒါပေမယ့် သူ ဒဏ်ရာရသွားလား မသိဘူး.." အဘိုးအိုက လေးနက်စွာဖြင့် ပြော၏။ "ဆက်ပြီးတော့လိုက်.." ဆေဘာသခင် အကြီးအကဲက အမိန့်ပေးသည်။ သို့ရာတွင် နောက်ရက်များအတွင်းတွင် ရွှီယန်၏ မည်သည့်သတင်းအစအနမှ ပေါ်လာခြင်းမရှိပါ။ သူသည် လေထဲ၌ ပျောက်ကွယ်သွားသည့်ဟန် ရ၏။ ဆေဘာသခင် အကြီးအကဲတို့လည်း အံ့ဩသွားကြသည်။ ရွှီယန်သည် ဒဏ်ရာရရှိကာ ပုန်းအောင်းနေပြီး ထွက်ပေါ်လာရဲခြင်း မရှိတော့ဘူးလားဟု တွေးမိ၏။ "ရွှီယန်ရဲ့ ပုန်းအောင်းတဲ့ ပညာရပ်တွေက အတိတ်တုန်းက သွေးနတ်ဆိုးထက်တောင်မှ ပိုပြီးတော့ နက်ရှိုင်းတယ်။ ဒီကောင်လေးက သေကိုသေရမယ်.." ဆေဘာသခင် အကြီးအကဲ၏ စိတ်ထဲတွင် အေးစက်မှုတစ်ခု ဖြတ်သန်းသွား၏။ အဝေးတွင် တိမ်ခွင်း သိန်းငှက်တစ်ကောင်သည် ပျံသန်းနေ၏။ သိန်းငှက်၏ ကျောပေါ်တွင် နန်းတော်ငယ်တစ်ခု ရှိသည်။ ဒီအချိန်၌ အရောင်စုံသည့် ငှက်မွှေးဝတ်စုံကို ဝတ်ဆင်ထားသည့် ချွေဟွားယွီသည် လေးနက်စွာနှင့် လေးစားစွာရှိနေ၏။ ရွှီယန်က နန်းတော်၏ ပတ်ဝန်းကျင်ကို ကြည့်ကာ ရေရွတ်သည်။ "မင်းတို့ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းက ကောင်တွေ... တကယ့်ကို ဘဝကို စံစားတတ်တာပဲ.." "ဒီလိုပါပဲ... ငါက ငယ်ငယ်လေးကတည်းက အားနည်းပြီးတော့ ချူချာတယ်လေ။ လေအေးတိုက်တာကို မခံနိုင်ဘူး။ အဲ့ဒ့ါကြောင့်မို့လို့ ဒီနည်းနဲ့ပဲ နေရတာ.." နာမကျန်းဖြစ်ကာ ဖြူရော်နေသည့် မျက်နှာနှင့် ချွေဟွားယွီက ခြောက်သွေ့စွာ ရယ်ရင်းက ဖြေကြားသည်။ သူသည် ရွှီယန်နှင့် တွေ့ဆုံပြီးနောက် မနေနိုင်ဘဲ သွားရောက်နှုတ်ဆက်ခဲ့၏။ ပြီးနောက် ရွှီယန်က သူ့ကို မိတ်ဆွေဟောင်းများသဖွယ် ပြောဆိုကာ နန်းတော်ငယ်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ကံကောင်းစွာပင် ဒီခရီးစဉ်တွင် အဖော်လိုက်ပေးနေသည့် မည်သည့် မိန်းမလှလေးမှ ပါလာခြင်းမရှိပေ။ မဟုတ်ပါက အလွန်နေရခက်မှာ ဖြစ်၏။ "မင်းက အားနည်းပြီးတော့ ချူချာတာလား..." ရွှီယန်က ချွေဟွားယွီကို သိလိုစွာ ကြည့်သည်။ တစ်ဖက်လူ၏ အသားအရေမှာ ဖြူရော်နေကာ အားနည်းသည့် ခံစားချက်တစ်ခုကို ပေးစွမ်းနေ၏။ သို့ရာတွင် သူသည် နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်သည်။ "ယွီလင့်စံအိမ်ကလည်း အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတွေထဲက တစ်ခုပဲမလား... အစစ်အမှန် တပည့်တစ်ယောက်ဖြစ်ပြီး မင်းရဲ့သိုင်းအဆင့်က ဘယ်လိုလုပ်ပြီး နိမ့်နေရတာလဲ.." ရွှီယန်က အံ့ဩစွာ ပြော၏။ ချွေဟွားယွီမှာ နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စေခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်သာ ဖြစ်ပြီး သိုင်းတစ်ထောင်ခန်းမရှိ ဝူယွမ်နှင့် အခြား ပါရမီရှင်များနှင့် နှိုင်းယှဉ်ပါက တော်တော်လေး လိုအပ်နေပါသေးသည်။ "ရွေးချယ်စရာမရှိဘူး... အားနည်းပြီးတော့ ချူချာနေတာ။ ဒီအဆင့်အထိကို ရောက်နိုင်တာတင် တော်တော်လေး အောင်မြင်မှုလို့ ဆိုနိုင်နေပြီ.." ချွေဟွားယွီက သက်ပြင်းချသည်။ "အဲ့လိုဆိုရင်... မင်းက ဘယ်လိုလုပ်ပြီး ယွီလင့်စံအိမ်ရဲ့ အစစ်အမှန် တပည့်တစ်ယောက် ဖြစ်လာခဲ့တာလဲ.." ရွှီယန်က တစ်ဖက်လူ၏ စကားများကို ယုံကြည်ခြင်း မရှိပါ။ "ဘာလို့လဲဆိုတော့ ငါ့မှာ အဆက်အသွယ် ရှိလို့ပေါ့... ငါ့ရဲ့ဆရာက အသန်မာဆုံးပုဂ္ဂိုလ် တစ်ယောက်ပဲ... ငါ့ရဲ့ဆရာဦးလေးကလည်း အသန်မာဆုံးပုဂ္ဂိုလ် တစ်ယောက်ပဲ.." ချွေဟွားယွီက အပြုံးတစ်ခုဖြင့် ဖြေ၏။ "မင်းက ဒီလောက်အားနေတာ... မင်းရဲ့ဆရာက ဘယ်လိုလုပ်ပြီး မင်းကို တပည့်အဖြစ် လက်ခံခဲ့တာလဲ.." ရွှီယန်မှာ ယုံကြည်ခြင်း မရှိသေးဆဲပင်။ "အင်း..." ချွေဟွားယွီက နေရခက်စွာ ပြုံးသည်။ ပြီးနောက် အသံနိမ့်စွာ ပြော၏။ "ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့... တကယ်တော့ ငါက ငါ့ဆရာရဲ့ တရားမဝင် သားတစ်ယောက်ပဲ... မင်းနားလည်ပြီလား.." "မင်းရဲ့ဆရာက အသန်မာဆုံးပုဂ္ဂိုလ် တစ်ယောက်ပဲ... သူ့ရဲ့သားကိုတောင်မှ အသိအမှတ် မပြုရဲဘူးလား... သူ့မိန်းမက အရမ်းကြီး ကြီးစိုးလို့လား.." ရွှီယန်က အံ့သြစွာမေးသည်။ ချွေဟွားယွီက ခေါင်းကိုကုပ်ကာ ရှက်ရွံ့စွာပြော၏။ "သူ့မိန်းမက လက်ရှိ ယွီလင့်စံအိမ် ခေါင်းဆောင်ရဲ့ ညီမပဲ..." ရွှီယန်သည် ရုတ်တရက် နားလည်သွား၏။ ချွေဟွားယွီ၏ ဖခင်ဖြစ်သူသည် သူ့ကို တပည့်အဖြစ်သာ လက်ခံပြီး သားအဖြစ် အသိအမှတ်မပြုခဲ့ခြင်းမှာ အံ့သြစရာမရှိပေ။ "စိတ်မပူနဲ့... ဒီလျှို့ဝှက်ချက်ကို ငါဘယ်သူ့ကိုမှ လျှောက်မပြောဘူး။ အထူးသဖြင့် မင်းရဲ့ဆရာရဲ့ မိန်းမကိုပေါ့.." ရွှီယန်က စိတ်အားထက်သန်စွာ ပြော၏။ "အကိုရွှီ... အဲ့လောက်ကြီး သတိထားစရာ မလိုပါဘူး... တကယ်တော့ ဆရာမိန်းမကလည်း ငါ့ရဲ့ တကယ့်မွေးမိခင်ဖြစ်တယ်.." ချွေဟွားယွီက နေရခက်စွာဖြင့် ဆက်လက်ပြော၏။ "မင်းငါ့ကို လာပြီး ကစားနေတာလား..." ရွှီယန်က သူ့ကိုစူးရဲစွာ ကြည့်သည်။ "မဟုတ်ပါဘူး မဟုတ်ပါဘူး... အထင်မလွဲနဲ့... ငါက အမှန်ကိုပြောနေတာ.." ချွေဟွားယွီမှာ ချွေးစေးများ ထွက်လုမတတ် ဖြစ်သွား၏။ ဘာပဲဖြစ်ဖြစ် ရွှီယန်မှာ အလွန်ရက်စက်ကြမ်းတမ်းသူ ဖြစ်သည်။ သူသည် မည်သူကိုမှ သနားညှာတာခြင်း မရှိပေ။ နောက်ခံကိုလည်း ကြည့်ခြင်းမရှိပေ။ စိတ်နှောက်အယှက်ဖြစ်စေပါက အန္တရာယ်များမည်ဖြစ်၏။ "ငါ့ရဲ့ မိဘတွေက ပုံမှန်မဟုတ်တဲ့ပုံပဲ... ငါ့ကို သူတို့ရဲ့တပည့်အဖြစ်ပဲ အတင်းလက်ခံဖို့ လုပ်နေတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း ဆရာတပည့်လို့ပဲ ခေါ်ရတယ်။ ငါလည်း အဲ့ဒီ့အတွက် အကူအညီမဲ့နေတာ.." ချွေဟွားယွီ၏ မျက်နှာပေါ်၌ အကူအညီမဲ့သည့် အကြည့်တစ်ခု ပေါ်လာခဲ့၏။