လီယန်ချူနှင့် ဖန့်ချင်းလန်တို့ တည်းခိုခန်းသို့ ပြန်ရောက်သောအခါ အရုဏ်ဦး အလင်းရောင်ပင် ခပ်ဖျော့ဖျော့ သန်းနေပြီ ဖြစ်သည်။
ကြက်ဖတွန်သံက နံနက်ခင်းကို ကြိုဆိုလိုက်ပြီး လောကကြီးတစ်ခုလုံး ဖြူလွလွ အလင်းတန်းများအောက်တွင် ပေါ်လွင်လာတော့သည်။
ယန်ချွမ်းနယ်မြေ၏ ရွှေကြက်ဖ များသည်လည်း တစ်လောကလုံးတွင် နာမည်ကျော်လှသည်။
၎င်းတို့သည် ပြင်းထန်ပြီး ခက်ထန်သော စရိုက်ရှိခြင်းကြောင့် လူသိများကြ၏။
လီယန်ချူသည်လည်း ယန်ချွမ်းနယ်မြေရှိ ထိုရွှေကြက်ဖများကို သတိပြုမိသည်။
၎င်းတို့သည် သွားနှင့်ခြေသည်းများ ထက်မြက်ကာ ခန့်ညားထည်ဝါလှသဖြင့် အမှန်တကယ်ပင် သာမန်နှင့် မတူပေ။
၎င်းတို့သည် မိစ္ဆာအဖြစ် မပြောင်းလဲသေးသလို နတ်စွမ်းအားများ ကိန်းဝပ်ခြင်း မရှိသေးသော်လည်း ကြက်ဖတစ်ချက်တွန်လျှင် တစ်လောကလုံး လင်းစေရမည် ဟူသော စကားအတိုင်းပင် ဖြစ်သည်။
ထိုရွှေကြက်ဖများသည် မကောင်းဆိုးဝါးများကို နှိမ်နင်းနိုင်သော မင်္ဂလာရှိသည့် သတ္တဝါများ ဖြစ်ကြသည်။
သူသည် ရွှေကြက်ဖတစ်ကောင် ဝယ်ယူသွားရန် စဉ်းစားခဲ့သော်လည်း ခဏအကြာတွင်မူ ထိုစိတ်ကူးကို လက်လျှော့လိုက်သည်။
ယခုအခါ သူသည် ထိုငါးကြင်းစိမ်းကြီးကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပြီး နတ်ကလောင်တံဖြင့် ပိတ်ပင်ထားလိုက်သည်။
လီယန်ချူသည် ကုလားထိုင်ပေါ်တွင် ဟန်ပါပါ ထိုင်လိုက်ရင်း ထိုငါးမိစ္ဆာအား ချူကျန်းမြစ် နဂါးနန်းတော်အကြောင်းကို စတင်မေးမြန်းတော့သည်။
ဖန့်ချင်းလန်သည်လည်း ဘေးနားမှနေ၍ နားထောင်နေ၏။
သို့သော်လည်း ငါးမိစ္ဆာ သိရှိထားသည့် အချက်အလက်များမှာ အပေါ်ယံသာ ဖြစ်သည်။
နဂါးမင်းကြီး၏ နောက်ခံသမိုင်းကြောင်းကိုမူ သူ လုံးဝ မသိရှိချေ။
နဂါးမင်းကြီးသည် လူသားကို စားသောက်ရသည်ကို နှစ်သက်ပြီး မြစ်အတွင်း ဖြတ်သန်းသွားလာသော လှေများကို မကြာခဏ တိုက်မှောက်ကာ ရေထဲသို့ ကျလာသူများကို စားသောက်လေ့ရှိသည်။
ချူကျန်းမြစ်သည် လှိုင်းတံပိုး ပြင်းထန်လှသဖြင့် လှေမှောက်ခြင်းမှာ သာမန်ကိစ္စဟု လူအများက ထင်မှတ်နေကြခြင်း ဖြစ်သည်။
မိစ္ဆာတစ်ကောင်က နောက်ကွယ်မှ ဖျက်ဆီးနေသည်ဟု မည်သူမျှ မတွေးမိခဲ့ကြချေ။
မကြာသေးမီ နှစ်များအတွင်း နဂါးမင်းကြီးသည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေသဖြင့် မြစ်အတွင်း၌ လှိုင်းတံပိုး ထကြွစေခြင်းမျိုး မပြုလုပ်တော့ဘဲ နဂါးနန်းတော်၏ အရေးကိစ္စအဝဝကို မင်းသားလေးထံသို့သာ လွှဲအပ်ထားခဲ့သည်။
သူ့တွင် သားသုံးယောက်နှင့် သမီးတစ်ယောက် ရှိသည်။
ပုံမှန်အားဖြင့် ကောင်းကင်ဘုံ၏ ဒေါသကို မဆွမိစေရန် လူသားစားခြင်းကို တိတ်တဆိတ်သာ ပြုလုပ်လေ့ရှိပြီး ရွာသားများကို လှည့်ဖြားကာ ကလေးသူငယ်များကို ယဇ်ပူဇော်ခိုင်းလေ့ရှိသည်။
သို့သော်လည်း မကြာသေးမီက နဂါးမင်းကြီး၏ စရိုက်မှာ ရုတ်တရက် ကူးပြောင်းသွားပြီး ချူကျန်းမြစ်တွင် လှိုင်းတံပိုးများ အကြီးအကျယ် ထကြွစေခဲ့သည်။
ထိုစဉ်က ယန်ချွမ်းမြို့တော်ကြီးတစ်ခုလုံး ရေလွှမ်းမိုးတော့မည့် ဘေးဒုက္ခနှင့် ကြုံတွေ့ခဲ့ရသော်လည်း နောက်ပိုင်းတွင် ထိုအရေးမှာ မိမိဘာသာ ပြန်လည် ငြိမ်သက်သွားခဲ့သည်။
ထို့ကြောင့် ယန်ချွမ်းမြို့သူ မြို့သားများက နဂါးမင်းကြီး ကိုယ်ထင်ပြသည် ဟုပင် အံ့ဩတကြီး ပြောဆိုခဲ့ကြသည်။
အမှန်တကယ်တော့ ထိုဘေးဒုက္ခ၏ တရားခံမှာ ချူကျန်းနဂါးမင်းကြီးပင် ဖြစ်သည်ကို မည်သူမျှ မသိကြပေ။
နဂါးမင်းကြီးသည် တစ်ကြိမ်တစ်ခါ သောင်းကျန်းပြီးနောက် နဂါးနန်းတော်ထဲတွင် တံခါးပိတ် ကျင့်ကြံနေပြန်သည်။
မင်းသားလေး အောက်အန် ကမူ မည်သည့်အကြောင်းကြောင့် စိတ်မကြည်မလင် ဖြစ်နေသည် မသိရဘဲ သူ၏ နတ်ဆေးဝါးများဖြင့် မြို့တော်မှ သူဌေးကြီး စုန့်ဟန်ကို လှည့်ဖြားကာ ငယ်ရွယ်နုပျိုသော မိန်းကလေးများကို သတို့သမီးအဖြစ် ယဇ်ပူဇော်ခိုင်းခဲ့သည်။
ထိုမိန်းကလေးများကို နဂါးနန်းတော်သို့ ပို့ဆောင်ကာ မင်းသားလေး၏ ကစားစရာအဖြစ် အသုံးပြုခဲ့ကြသည်။
နဂါးမင်းသား အောက်အန်သည် တန်ခိုးစွမ်းအား နက်နဲလှသလို စရိုက်ကလည်း ရက်စက်ကြမ်းကြုတ်လှသည်။
သူသည် သတို့သမီးလောင်းများကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး အလောင်းများကို စိတ်အလိုရှိသလို စွန့်ပစ်တတ်သည်။
ထိုအလောင်းများ ရေပေါ်သို့ ပေါ်လာရခြင်း၏ အကြောင်းရင်းမှာလည်း ဤသို့ပင် ဖြစ်သည်။
လီယန်ချူသည် ထိုအချက်ကို ကြားလိုက်သောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။
ဤကိစ္စက ရိုးရှင်းမည်ဟု သူ မထင်ပေ။
အကယ်၍ ချူကျန်းနဂါးမင်းသားက ရက်စက်ရုံသက်သက်သာ ဆိုလျှင် အလောင်းများပေါ်ရှိ မိစ္ဆာဓာတ်များကို ဖျောက်ဖျက်ထားစရာ အကြောင်းမရှိပေ။
ထိုအထဲတွင် အခြားသော လျှို့ဝှက်ချက် တစ်စုံတစ်ရာ ရှိနေနိုင်သည်ဟု သူ တွေးမိလိုက်သည်။
ဒီနဂါးမင်းသားက ဘာတွေ ကြံစည်နေတာလဲ မသိဘူး
ငါးမိစ္ဆာသည် နဂါးနန်းတော်၏ အတွင်းရေးများ၊ အပြင်အဆင်များ၊ လူအင်အားနှင့် ရတနာသိုက် အခြေအနေများကို အကုန်အစင် ထုတ်ဖော်ပြောပြလိုက်တော့သည်။
လီယန်ချူသည် အကြမ်းဖျင်းအားဖြင့် နားထောင်လိုက်သော်လည်း ဤချူကျန်းနဂါးမင်းကြီးမှာ အလွန်ပင် စွမ်းအားကြီးပုံရသည်။
သို့သော်လည်း သူသည် နဂါးစစ်စစ် မဟုတ်ဘဲ မိမိဘာသာ ဘွဲ့နှင်းအပ်ထားသည့် နဂါးဖြစ်ရန် ၈၀ ရာခိုင်နှုန်းခန့် သေချာနေသည်။
သူသည် နဂါးစစ်စစ် မဟုတ်ဘဲ မြွေနဂါး မျှသာ ဖြစ်နိုင်ချေရှိသည်။
သို့သော်လည်း ချူကျန်းမြစ်ကဲ့သို့သော ရေပြင်ကျယ်ကြီးကို သိမ်းပိုက်ကာ နဂါးနန်းတော် တည်ထောင်နိုင်သည်ဆိုပါက ဧကန်မလွဲ ကျင့်ကြံမှု အလွန်မြင့်မားသော မိစ္ဆာအိုကြီး တစ်ကောင်ဖြစ်ရပေမည်။
၎င်းမှာ ကိုင်တွယ်ရ အလွန်ခက်ခဲပေလိမ့်မည်။
လီယန်ချူသည် မူလက ခန့်ညားထည်ဝါလှသော မြစ်စောင့်ဗိုလ်ချုပ်အား မူလရုပ်သွင်ဖြစ်သည့် ငါးကြင်းစိမ်းကြီးအဖြစ် ပြန်လည်ပြောင်းလဲလိုက်သည်။
သူ၏ မိစ္ဆာစွမ်းအားများကို ချိပ်ပိတ်လိုက်ပြီးနောက် မေးမြန်းစရာများကို အကုန်မေးပြီးမှ ထိုငါးမိစ္ဆာကို သတိလစ်သွားအောင် ပြုလုပ်လိုက်သည်။
အလုပ်လုပ်ပုံမှာ အလွန်ပင် ပြတ်သားကျစ်လျစ်လှသည်။
"ဒီကလောင်တံက တကယ်သုံးလို့ကောင်းတာပဲ "
လီယန်ချူသည် လက်ထဲမှ နတ်ကလောင်တံကို ကြည့်ရင်း ရင်ထဲမှ အံ့ဩမိသည်။
လက်ရှိတွင် ၎င်း၌ ချိပ်ပိတ်နှိမ်နင်းခြင်း စွမ်းရည်တစ်ခုကိုသာ တွေ့ရှိထားသော်လည်း ၎င်း၏ စွမ်းဆောင်ရည်မှာ အလွန်မြင့်မားသဖြင့် အစွမ်းကုန် အသုံးမပြုရသေးဟု ခံစားနေရသည်။
ဖန့်ချင်းလန်သည် သူမ၏ အခန်းသို့ ပြန်သွားပြီးနောက် လီယန်ချူသည် တစ်ဦးတည်း စဉ်းစားခန်း ဝင်နေတော့သည်။
ထိုချူကျန်းနဂါးမင်းကြီး၏ အခြေအနေမှာ ပုံမှန်မဟုတ်ချေ။
လွန်ခဲ့သောရက်များက မြစ်အတွင်း၌ လှိုင်းတံပိုး ထကြွစေခဲ့ခြင်းမှာ စိတ်ဖောက်ပြန်ခြင်း မဟုတ်ပါက ကျင့်ကြံရာတွင် သွေးကြောဖောက်ပြန်ခြင်း ဖြစ်နေခြင်းပင်။
လွန်ခဲ့သောတစ်ကြိမ်က ဘေးဒုက္ခကြီး မဖြစ်ပွားခင် ထိန်းချုပ်နိုင်ခဲ့သော်လည်း ဤမိစ္ဆာအိုကြီး နောက်တစ်ကြိမ် မည်သည့်အချိန်တွင် ရူးသွပ်လာမည်ကို မည်သူမျှ အာမမခံနိုင်ပေ။
ထို့အပြင် ထိုနဂါးမင်းသား အောက်အန်သည်လည်း အပြစ်မဲ့ မိန်းကလေးများကို သတ်ဖြတ်နေခြင်းမှာ တစ်စုံတစ်ရာသော မိစ္ဆာပညာကို ကျင့်ကြံနေခြင်း ဖြစ်နိုင်သဖြင့် လွယ်ကူသော ရန်သူမဟုတ်ချေ။
ကျန်ရှိသည့် နဂါးသားနှစ်ဦးနှင့် သမီးတစ်ဦးမှာလည်း ကျင့်ကြံမှု မြင့်မားသော မိစ္ဆာကြီးများ ဖြစ်ကြသဖြင့် ထိုကိစ္စကို သေချာမကိုင်တွယ်ပါက အဆုံးသတ်လှမည် မဟုတ်ပေ။
သူသည် မိမိပိုင်ဆိုင်ထားသည့် နည်းလမ်းများကို သေချာ ပြန်လည်သုံးသပ်ကြည့်သည်။
လက်ရှိ အခြေအနေတွင် ရေရှောင်အဆောင် ကသာလျှင် အသင့်တော်ဆုံး ဖြစ်သည်။
ဖို အဆောင် သည် ရေထဲတွင် တိုက်ခိုက်ရာ၌ မရှိမဖြစ် လိုအပ်သော အရာပင်။
လက်ရှိတွင် သူ့ထံ၌ တစ်ကြိမ်သာ အဆင့်မြှင့်တင်ခြင်း ပြုလုပ်ထားသည့် ရေရှောင် အဆောင် တစ်ရွက်သာ ရှိပြီး ၎င်းမှာ စွမ်းအားမလုံလောက်သေးချေ။
သူသည် ရေရှောင် အဆောင်ကို ထုတ်ယူလိုက်ပြီး စိတ်ထဲတွင် တာအိုအသံကို ပုံဖော်လိုက်သည်။
"အဆင့်မြှင့်တင်စမ်း "
ကုသိုလ်အမှတ် ၂၀၀၀ ကုန်ဆုံးသွားသည်။
အဆောင်ပေါ်ရှိ နတ်စွမ်းအားများ ပိုမိုပြင်းထန်လာပြီး နတ်အလင်းများ တောက်ပလာတော့သည်။
ကုသိုလ်အမှတ် ၃၀၀၀ ကုန်ဆုံးသွားသည်။
ကုသိုလ်အမှတ် ၄၀၀၀ ကုန်ဆုံးသွားသည်။
"အဆင့်မြှင့်တင်စမ်း"
ကုသိုလ်အမှတ် ၅၀၀၀ ကုန်ဆုံးသွားသည်။
အဆောင် ပေါ်မှ နတ်အလင်းတန်းများသည် တစ်ခန်းလုံးကို လင်းထိန်သွားစေကာ နတ်အရှိန်အဝါများမှာလည်း မှင်သက်စရာ ကောင်းလှသည်။
စုစုပေါင်း ကုသိုလ်အမှတ် ၁၅၀၀၀ ဖြင့် အဆင့်မြှင့်တင်ထားသော ထို ရေရှောင် အဆောင် ကို ကြည့်ရင်း လီယန်ချူ၏ စိတ်မှာ အနည်းငယ် တည်ငြိမ်သွားရသည်။
ထ်ု အဆောင် မှာ နတ်ဘုရားအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော် ၎င်းမှာ တိုက်ခိုက်ရေး မဟုတ်ဘဲ အထောက်အကူပြု အဆောင်သာ ဖြစ်သဖြင့် သူ ဆက်လက် အဆင့်မမြှင့်တော့ပေ။
ထို့နောက်တွင်မူ သူသည် အမြဲတစေ ဆောင်ထားသည့် ကျန့်ကျောင်းဓား ကို ထုတ်ယူလိုက်သည်။
ထိုဓားမှာ သုံးကြိမ်တိုင် အဆင့်မြှင့်ထားသဖြင့် အလွန်ထက်မြက်လှသည့်အပြင် ထူးဆန်းသော အတတ်ပညာများကို နှိမ်နင်းနိုင်စွမ်းလည်း ရှိသည်။
သူသည် ထိုဓားကို အလွန် လက်ယဉ်နေပြီ ဖြစ်သည်။
သူသည် ဖန့်ချင်းလန်၏ စိတ်ကမ္ဘာထဲတွင်ရော၊ ကျန်းထင်ရှန်း၏ ဂူအတွင်းမှာပါ နဂါး များကို သတ်ဖြတ်ဖူးခဲ့သည်။
သူသည် ကျန့်ကျောင်းဓားမကို ထပ်မံ အဆင့်မြှင့်လိုက်သည်။
စတုတ္ထအကြိမ် အဆင့်မြှင့်တင်ခြင်း
သို့သော် သူ မကျေနပ်သေးဘဲ တစ်ဆက်တည်းမှာပင် ပဉ္စမအကြိမ် အထိ အဆင့်မြှင့်လိုက်တော့သည်။
ဓားမပေါ်တွင် အလွန်အေးစိမ့်လှသော ဓားရောင်များ တောက်ပလာပြီး လီယန်ချူ၏ ကျင့်ကြံမှုအဆင့်နှင့်ပင် တိုက်ရိုက် ကြည့်ရန် မဝံ့မရဲ ဖြစ်ရသည်။
မျက်ဝန်းများမှာပင် ကျိန်းစပ်သလို ခံစားလိုက်ရ၏။
လက်ကို အသာအယာ အနီးသို့ ကပ်လိုက်ရုံနှင့်ပင် ပြင်းထန်လှသော ဓားစွမ်းအားများကြောင့် လက်ဖဝါးမှာ ပြတ်ရှတော့မည့်အလား ခံစားလိုက်ရသည်။
"ကောင်းလိုက်တဲ့ ဓား "
သူ၏ မျက်ဝန်းများ တောက်ပသွားသည်။
နောက်တစ်ခုမှာမူ သူ၏ ကိုယ်ပေါ်တွင် အမြဲရှိနေသည့် အစီရင်ဝတ်စုံ ပင် ဖြစ်သည်။
ထိုတာအို နတ်ပစ္စည်းသည် သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးသည့် အဓိက လက်နက်ဖြစ်သည်။
သူသည် စိတ်အာရုံကို တစ်ချက်လှုံ့ဆော်လိုက်ရာ ရှေးဟောင်း မန္တန်တစ်ခုမှာ သူ၏ လက်ဖဝါးမှ ထွက်ပေါ်လာပြီး ရှေ့တွင် ငြိမ်သက်စွာ ရပ်တန့်နေသည်။
ဤအရာမှာ အဆင့်မြင့်လှသော ပစ္စည်းတစ်ခုဖြစ်သည်။
၎င်းမှာ မန္တန်လည်းဖြစ်သလို သံချပ်ကာ ဝတ်ရုံလည်း ဖြစ်သည်။
အသုံးပြုရန် လွယ်ကူသော်လည်း ကျင့်ကြံသူ၏ ခန္ဓာကိုယ် သန်မာမှုနှင့် သွေးစွမ်းအားအပေါ်တွင် မူတည်သည်။
ထို့ကြောင့်ပင် လီယန်ချူသည် ယခင်က ဤအရာကို အဆင့်မြှင့်ရန် တွန့်ဆုတ်နေခဲ့ခြင်း ဖြစ်သည်။
ထိန်းချုပ်ရန် ခက်ခဲလှသဖြင့် အဆင့်မြှင့်လိုက်ပါက ပို၍ ခက်ခဲသွားမည်ကို စိုးရိမ်ခဲ့သည်။
ယခုအခါတွင်မူ သူ၏ ခန္ဓာကိုယ်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာနေပြီဖြစ်သလို သွေးစွမ်းအားမှာလည်း နဂါးကဲ့သို့ ဟန်ပါနေပြီဖြစ်ရာ ထိုပစ္စည်းကို အဆင့်မြှင့်ပြီး အသုံးပြုရန် လုံလောက်နေပြီ ဖြစ်သည်။
လီယန်ချူ၏ မျက်ဝန်းများ ပြောင်းလဲသွား၏။
တာအိုနတ်ပစ္စည်းပီပီ အခြေခံဂုဏ်သတ္တိများမှာ အလွန်ပင် မြင့်မားလှသည်။
သူသည် ဆက်လက်၍ အဆင့်မြှင့်ရန် ဆုံးဖြတ်လိုက်သည်။
ကုသိုလ်အမှတ် ၆၀၀၀ ကုန်ဆုံးသွားသည်။
၎င်းမှာ ဒိုချန်ပုတီး ပြီးနောက် တစ်ကြိမ်လျှင် ၆၀၀၀ ကုန်ဆုံးသည့် ဒုတိယမြောက် နတ်ပစ္စည်း ဖြစ်လာသည်။
အစီရင် ဝတ်စုံ ပေါ်တွင် ပြင်းထန်လှသော ယန်စွမ်းအား များသည် တောက်လောင်နေသော နေမင်းကြီးကဲ့သို့ ထွက်ပေါ်နေတော့သည်။
တည်းခိုခန်းအတွင်းရှိ ဖန့်ချင်းလန်ပင်လျှင် အံ့ဩသွားပြီး လီယန်ချူ၏ အခန်းဘက်သို့ လှည့်ကြည့်လိုက်မိသည်။
ဘယ်လောက်တောင် ပြင်းထန်တဲ့ နေစွမ်းအား အရှိန်အဝါလဲ
လီယန်ချူသည် အစီရင်ဝတ်စုံ ကို ပြန်သိမ်းလိုက်ပြီး ဝမ်းသာအားရ ပြုံးလိုက်တော့သည်။
ထိုပစ္စည်းပေါ်ရှိ ယန်စွမ်းအားများကြောင့် သူ၏ ခန္ဓာကိုယ် စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
ထို့နောက်တွင်မူ လင်ကွမ်းဖိတ်ခေါ် အဆောင်ကို ထုတ်ယူလိုက်သည်။
ကုသိုလ်အမှတ် ၅၀၀၀ ကုန်ဆုံးသွားသည်။
ပဉ္စမအကြိမ် အဆင့်မြင့်တင်ခြင်း
ထို အဆောင်မှာ သူ၏ မိတ်ဟောင်းဆွေဟောင်းပင် ဖြစ်သည်။
မိမိထက် အဆင့်မြင့်သော ရန်သူကို သတ်ဖြတ်ရန်အတွက် မရှိမဖြစ် လိုအပ်သည့် နောက်ဆုံးဝှက်ဖဲပင် ဖြစ်တော့သည်။
***