အနီရောင်မေပယ် တောင်ကြားသခင် သည် ရိုသေစွာ ဦးညွှတ်လိုက်၏။
အနောက်ပိုင်းဟုန်မှ ကျင့်ကြံသူတစ်ဦးအနေဖြင့် သူသည်လည်း တစ်ချိန်က နဂါးဖြူရေချိုးသည်ကို ကြည့်ရှုရန်ပင်လယ်စပ်တွင် စုရုံးခဲ့ကြသော လူငယ်ကျင့်ကြံသူများထဲတွင် ပါဝင်ခဲ့ဖူးသည်။
ထိုမြင့်မြတ်ပြီး လှပလွန်းသော မျက်နှာကို တစ်ကြိမ်မြင်ရုံမျှဖြင့် မည်သူမျှမေ့လျော့နိုင်မည် မဟုတ်ပေ။
အခြားသော အကြီးအကဲများလည်း စိတ်လှုပ်ရှားသွားကြ၏။ ဤကဲ့သို့ အရေးကြီးသော အချိန်တွင် မိမိတို့ အနီရောင်မေပယ် တောင်ကြား အနေဖြင့် ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူ တစ်ကောင်နှင့် ဆုံတွေ့ခွင့်ရလိမ့်မည်ဟု သူတို့ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။
“နတ်သမီး ရောက်လာပြီဆိုတော့ ကျွန်တော်တို့အတွက် မျှော်လင့်ချက် ရှိသွားပါပြီ”
ဝဖိုင့်ဖိုင့်အကြီးအကဲတစ်ဦးက သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ၏တင်းမာနေသော စိတ်အစဉ်မှာ သိသိသာသာ လျော့ပါးသွားခဲ့သည်။ ယခုအချိန်အထိကျဆုံးသွားသူအားလုံးမှာ အကြီးအကဲများသာဖြစ်သဖြင့် နောက်တစ်ယောက် မည်သူဖြစ်မည်နည်းဟူသော ဖိအားအောက်တွင် သူသည် တပည့်များကြောက်ရွံ့သွားမည်ကိုသာ မစိုးရိမ်ပါက စိတ်ဓာတ်များပင် ပြိုလဲနေလောက်ပြီ ဖြစ်သည်။
နတ်သမီး ကျစ်လန် သည် သူတို့ သူမကို မှတ်မိသည်ကို မြင်သောအခါ ခေါင်းညိတ်ပြလိုက်သော်လည်း စကားအရှည်ကြီး မပြောခဲ့ပေ။
“အရင်ဆုံး အခြေအနေကို လေ့လာကြည့်ရအောင်။”
“နားလည်ပါပြီ။”
တောက်ကြားသခင်သည်လည်း ခေါင်းမော့လိုက်၏။ အရှေ့ပိုင်းနဂါးနန်းတော်၏ အစဉ်အလာအရ နတ်သမီး၏ စကားမှာ အခြေအနေ ဆိုးရွားလျှင်ပစ်ပယ်မည်ဟု ဆိုလိုခြင်း မဟုတ်ဘဲ၊ သူမတို့ မျိုးနွယ်စုဝင်ရောက်စွက်ဖက်ပြီဆိုလျှင် အစွမ်းကုန် ကူညီတတ်ကြသည်ကို သူသိရှိနားလည်သည်။
လူတိုင်း၏ မျက်မှောက်တွင်ပင်။
ခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေးသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး သံလှံကြီးဆီသို့ လျှောက်သွားကာ ၎င်းကို အသာအယာ ထိတွေ့လိုက်သည်။
လှံပေါ်တွင် ကျန်ရှိနေသော အရှိန်အဝါကို သူမ မှတ်သားလိုက်၏။ သွေးစွန်းနေသော ဝတ်ရုံခြောက်ထည်ကိုကြည့်ရင်း သူမ၏ မျက်လုံးများတွင် မကျေနပ်မှုအရိပ်အယောင်များ ပေါ်လာခဲ့သည်။
သူမသည် လက်ကို ဝေ့ယမ်းလိုက်ပြီး ဝတ်ရုံများကို အောက်သို့ချလိုက်ကာ သူမ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ တောင်ကြားသခင်၏ လက်ထဲသို့ ပို့ဆောင်ပေးလိုက်သည်။
“အရင်ဆုံး ဒီတာအို မိတ်ဆွေတွေကို သင်္ဂြိုဟ်ပေးလိုက်ပါ။”
“...”
ဝတ်ရုံများကို ကိုင်ထားရင်း တောင်ကြားသခင်သည် အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ် နတ်သမီး။”
ဤသည်မှာ အင်အားငယ်လေးများ၏ အဖြစ်ဆိုးပင် ဖြစ်သည်။ ရန်သူက မည်သူမှန်းပင် မသိရဘဲ မိမိတို့၏ အကြီးအကဲများကိုပင် အေးချမ်းစွာ အနားယူခွင့်ပေးရန် သူတို့တွင်အခွင့်အရေး မရှိခဲ့ပေ။
“ကျွန်မ ဒီမှာရက်အနည်းငယ် ကြာအောင် နေမယ်။ ရှင်တို့ အရင်ဆုံးအခြေအနေတွေကို လာရှင်းပြပါ။ အဲဒီနတ်ဆိုးတွေလာရင် ကျွန်မကိုသာ လှမ်းခေါ်လိုက်၊ ကျွန်မ ဖြေရှင်းပေးမယ်။”
နတ်သမီး ကျစ်လန်သည် ထိုမျှသာပြောကြားပြီး တောက်ကြားအတွင်းပိုင်းသို့ လှည့်ထွက်သွားခဲ့၏။ သူမ၏ ရိုးရှင်းသော စကားလုံးများက လူတိုင်းကို ကြီးမားသောလုံခြုံမှု ခံစားချက်ကို ပေးစွမ်းလိုက်သည်။
ရုတ်တရက် နတ်သမီး ကျစ်လန်သည် နောက်သို့ လှည့်ကြည့်လိုက်၏။ တောင်ကြားသခင်နှင့် အကြီးအကဲများသည်လည်း အဝေးသို့ လှမ်းကြည့်လိုက်ကြစဉ်၊ လျိုဟိုင်တစ်ယောက်သာ သူ မေ့လျော့နေသော ဖုံးကွယ်ခြင်းမန္တန်ကိုသတိရကာ မျက်နှာပျက်သွားသည်။
ချက်ချင်းပင်၊ မည်းမှောင်သောလေပြင်းများ ကောင်းကင်ယံမှ တိုးဝှေ့တိုက်ခတ်လာ၏။ ၎င်း၏ ပစ်မှတ်မှာ ရှင်းလင်းလှသည်။
ချိုင့်ဝှမ်းမှ ထွက်ခွာသူမှန်သမျှ သေရမည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ယံတွင် ကြည်လင်ပြတ်သားသော အသံတစ်ခု ပဲ့တင်ထပ်သွား၏။
“အရှေ့ပိုင်းနဂါးနန်းတော်၊ ကျစ်လန်။”
မည်းမှောင်သောလေပြင်းများ လျိုဟိုင်ကို ဝါးမြိုတော့မည့်ဆဲဆဲတွင်၊ ခရမ်းရောင်ပုံရိပ်တစ်ခုသည် ထိုတပည့်၏ ရှေ့တွင် ခိုင်ခံ့စွာ ရပ်တန့်လိုက်ပြီး သူမ၏ရှေ့မှ ကြောက်မက်ဖွယ် လေပြင်းကို စိုက်ကြည့်နေသည်။
သူမသည် မိမိ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ရန် ရည်ရွယ်ချက် မရှိပေ။
သို့သော်လည်း ဤနတ်ဆိုး၏ အင်အားမှာ သူမ ထင်မှတ်ထားသည်ထက် ပိုမို အစွမ်းထက်နေ၏။
၎င်းသည် တာအိုပေါင်းစည်းခြင်းအဆင့်သို့ မရောက်ရှိသေးသော်လည်း ဆံခြည်တစ်မျှင်သာ လိုတော့သည့် အနေအထားတွင် ရှိနေသည်။
“ဂါး”
မည်းမှောင်သောလေပြင်းမှာ လေထဲတွင် ရုတ်တရက်ရပ်တန့်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဝက်ဝံမျက်နှာတစ်ခု ပေါ်ထွက်လာသည်။ ၎င်းသည် ရှေ့မှအမျိုးသမီးကို စိုက်ကြည့်ကာ ပါးစပ်ကို အနည်းငယ်ဟလျက်ချွန်ထက်သော အစွယ်များကို ထုတ်ပြနေ၏။
နတ်ဆိုး၏ မျက်နှာကို ပထမဆုံးအကြိမ် မြင်လိုက်ရပြီး ထိတ်လန့်ဖွယ်အရှိန်အဝါကို ခံစားလိုက်ရသောအခါ အနီရောင်မေပယ်တောင်ကြားမှ ကျင့်ကြံသူများ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများပြည့်နှက်သွားခဲ့သည်။
ဝက်ဝံနတ်ဆိုးသည် မြေပြင်ပေါ်တွင် တုန်ရီနေသော လျိုဟိုင်ကို တစ်ချက်ကြည့်ပြီးနောက် နတ်သမီး ကျစ်လန်ကို အေးစက်စွာစိုက်ကြည့်ကာ မည်းမှောင်သောလေပြင်းများအတွင်းသို့ ပြန်လည် ဆုတ်ခွာသွားခဲ့၏။
လူတိုင်း သက်ပြင်းချလိုက်နိုင်သည့် အချိန်မှာပင်၊ မြေပြင်တွင် စိုက်ထူထားသော သံလှံကြီးမှာ အပေါ်သို့ပျံတက်သွားပြီး နတ်ဆိုး၏ လက်ထဲသို့ ရောက်ရှိသွားသည်။ ထို့နောက် ကြောက်မက်ဖွယ် အင်အားဖြင့် ဝဖိုင့်ဖိုင့်အကြီးအကဲထံသို့ တိုက်ရိုက် ပစ်လွှတ်လိုက်၏။
ရိုးရိုးလှံဟုထင်ရသော ထိုလက်နက်သည် ပစ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်ကို ထိုးဖောက်နိုင်စွမ်းရှိသောမိုးကြိုးမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ သွေးရောင်လွှမ်းသော နတ်ဆိုးစွမ်းအင်များက အနီရောင်မေပယ် တောင်ကြားတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။
မြို့သုံးမြို့အဆင့်ရှိသော တောင်ကြားသခင်ပင်လျှင် ထိုလှံကို တုံ့ပြန်ရန် အခွင့်အရေးမရခဲ့ပေ။ အဆင့်ချင်း ကွာခြားမှုမှာ အလွန်ပင် ကြီးမားလွန်းလှသည်။
နဂါးဟိန်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
ရှည်လျားပြီးကြီးမားလှသော ဆီးနှင်းကဲ့သို့ ဖြူဖွေးသည့် နဂါးခန္ဓာကိုယ်ကြီးသည် အပေါ်သို့လိမ်တက်သွားကာ၊ ချွန်ထက်သော ခြေသည်းများဖြင့် လှံကို ဖမ်းချုပ်လိုက်၏။ ခရမ်းရောင်မုတ်ဆိတ် နဂါးဖြူ၏ လည်ဆံမွေးများ တလူလူလွင့်နေပြီး၊ သူမ၏ မျက်လုံးများတွင် အေးစက်လှသော ကြောက်မက်ဖွယ်အရှိန်အဝါများ တောက်ပနေလေသည်။
***