ရှိထျန်းဟောက်သည် ရုတ်တရက် သူ၏ ဝိညာဉ်ပုံရိပ်ကို ထုတ်ဖော်လိုက်သည်။ ထိုအခါ ခန့်ညားထည်ဝါသော နတ်ဘုရားနဂါးတစ်ကောင် ရုတ်ချည်းပေါ်ပေါက်လာတော့၏။ ၎င်းသည် တိမ်တိုက်များကို ဝါးမြိုကာ မြူနှင်းများကို မှုတ်ထုတ်နေပြီး လေနှင့် တိမ်တို့ကို အဖော်ပြုလျက် ရှိသည်။
ဤသည်မှာ ကောင်းကင်အဆင့် အမြင့်ဆုံး ဝိညာဉ်ပုံရိပ်ဖြစ်သည့် စစ်နဂါးပင် ဖြစ်သည်။ စစ်နဂါးဆိုသည်မှာ မြစိမ်းနဂါး၊ ပယင်းနဂါးနှင့် မီးလျှံနဂါးတို့ကဲ့သို့ပင် ကြီးမြတ်သော နဂါးမျိုးနွယ်စုကြီး လေးခုထဲတွင် ပါဝင်သည်။ ဤနဂါးမျိုးနွယ်စုများသည် အစကတည်းက နဂါးစစ်စစ်များအဖြစ် မွေးဖွားလာကြသူများ ဖြစ်သည်။ သူတို့သည် နဂါးဘိုးဘေး၏ အမြင့်မြတ်ဆုံးသော အနွယ်အဖွားများ ဖြစ်ကြသည်။ စစ်နဂါး ဝိညာဉ်ပုံရိပ်ကို ထုတ်ဖော်ပြီးနောက် ရှိထျန်းဟောက် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ချက်ချင်းလှုံ့ဆော်ကာ လှုပ်ရှားမှုသိုင်းကွက်တစ်ခုကို အသုံးပြုလိုက်သည်။ သူ၏ ပုံရိပ်မှာ ချက်ချင်းပင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အရှိန်အကုန်မြှင့်ကာ ထွက်ပြေးရန် ကြိုးစားတော့၏။ ပုံသဏ္ဌာန်ကို ကြည့်ရုံမျှနှင့်ပင် ဤလှုပ်ရှားမှုသိုင်းကွက်မှာ အဆင့်မြင့်လှကြောင်း သိသာနေသည်။ ဘာပဲပြောပြော ရှိထျန်းဟောက်သည် ဤသိုင်းကွက်ဖြင့်ပင် ကြက်သွေးရောင် နေမင်းကျမ်းကို လုယူခဲ့ပြီး ယင်းစန်းဟွာ၏ လိုက်လံဖမ်းဆီးမှုမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ရှန်မိုကမူ ခပ်ပါးပါး ပြုံးရုံသာ ပြုံးလိုက်သည်။ သူ့ကို အရှိန်နှင့် ယှဉ်ပြိုင်ရန် ကြိုးစားခြင်းမှာ မိမိကိုယ်မိမိ အရှက်ခွဲနေခြင်းနှင့် မခြားပေ။
ရှန်မို၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါသွားပြီး ဖြတ်ခနဲလက်သော မြင်းဖြူ ဝိညာဉ်ပုံရိပ် ပေါ်လာသည်။ မကြာမီ မြင်းဖြူတစ်ကောင် ဟီသံနှင့်အတူ လေပြင်းများ ဝေ့ယမ်းလာတော့သည်။ လောကကြီးရှိ အရာအားလုံးမှာ နှေးကွေးသွားသကဲ့သို့ပင်။
ရှန်မိုသည် ကောင်းကင်နင်း ဟင်းလင်းပြင်ခြေလှမ်းကို အသုံးပြုလိုက်သည်။ တစ်ခဏချင်းမှာပင် သူရှိနေသည့် နေရာမှ ပေတစ်ထောင်ကျော်အကွာသို့ ရောက်ရှိသွားတော့၏။
ရှန်မို ရုတ်တရက် လက်ကို မြှောက်လိုက်သည်။ ထိုအခါ နဂါးလက်မောင်းတစ်ခု၏ ပုံရိပ်ယောင် ပေါ်ထွက်လာပြီး ရှိထျန်းဟောက်၏ ကျောပြင်ဆီသို့ ပစ်လွှတ်လိုက်သည်။ 'ပလက်တီနမ်နဂါးလက်သီး'!
ဤဖြစ်စဉ်တစ်ခုလုံးမှာ ဖော်ပြရလျှင် နှေးကွေးနေသော်လည်း အမှန်တကယ်တွင်မူ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ ရှိထျန်းဟောက် တုံ့ပြန်မိပြီး ပြင်းထန်သော အန္တရာယ်ကို အာရုံခံမိချိန်တွင် ပလက်တီနမ်နဂါးလက်သီးမှာ သူ၏ အနားသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဖုန်း!
ရှိထျန်းဟောက်မှာ ခုခံရန်အတွက် နဂါးပုံသဏ္ဌာန် ဒိုင်းငယ်လေးတစ်ခုကိုသာ ထုတ်ပစ်လိုက်နိုင်ချိန် ရလိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ အရိုက်ခံလိုက်ရတော့၏။ သူသ ပေပေါင်း ထောင်ချီမက လွင့်စင်သွားပြီး ပင်လယ်ထဲသို့ အရှိန်ဖြင့် ကျသွားသည်။ နဂါးပုံသဏ္ဌာန် ဒိုင်းငယ်မှာလည်း ဒဏ်ကို မခံနိုင်တော့ဘဲ အက်ကွဲသံများ ထွက်ပေါ်လာ၏။ ၎င်း၏ တောက်ပမှုမှာလည်း ချက်ချင်း မှေးမှိန်သွားတော့သည်။ နောက်ထပ် တိုက်ခိုက်မှုများကို ထပ်မံ ခုခံနိုင်စွမ်း မရှိတော့သည်မှာ ထင်ရှားလှသည်။
ရှန်မို ထိုပင်လယ်ပြင်၏ အထက်သို့ ချက်ချင်း ရောက်ရှိလာ၏။ ထိုစဉ် ရေထဲမှ ပုံရိပ်သုံးခု ရုတ်တရက် ထွက်ပေါ်လာပြီး မတူညီသော လမ်းကြောင်း သုံးခုသို့ ထွက်ပြေးသွားကြသည်။ သုံးယောက်စလုံးမှာ ရှိထျန်းဟောက်နှင့် လုံးဝ တူနေသည်။ သို့သော် တစ်ယောက်သာလျှင် အစစ်အမှန် ခန္ဓာကိုယ် ဖြစ်လေ၏
အခြားနှစ်ယောက်မှာ လိုက်လံဖမ်းဆီးသူကို မျက်စိလည်စေရန် ရှိထျန်းဟောက် အသုံးပြုလိုက်သော ပုံရိပ်ယောင်များသာ ဖြစ်သည်။
ရှန်မိုကမူ မည်သည့်အမူအရာမျှ မပြပေ။ ပလက်တီနမ်နဂါးလက်သီးကို ထပ်မံ အသုံးပြုလိုက်ပြန်သည်။ ယခုတစ်ကြိမ်တွင် လက်သီးချက် ခြောက်ချက် တိတိ ဖြစ်၏။ ထွက်ပြေးရာ လမ်းကြောင်းအားလုံးမှာ လုံးဝ ပိတ်ဆို့ခံလိုက်ရပြီ ဖြစ်သည်။
ဘုန်း!
ပုံရိပ်ယောင် နှစ်ခုမှာ တိုက်ရိုက် ချေမှုန်းခံလိုက်ရပြီး စိတ်ဝိညာဉ်စွမ်းအင် မြူနှင်းများအဖြစ် ပေါက်ကွဲသွားသည်။ တတိယမြောက် ပုံရိပ်မှာမူ ညည်းညူသံနှင့်အတူ လေထဲတွင် သွေးများ ပန်းထွက်သွားပြီး ဆေးပင်တစ်ရာကျွန်းဆီသို့ လွင့်စင်ကျသွားတော့သည်။
ရှန်မိုသည် ကောင်းကင်နင်း ဟင်းလင်းပြင်ခြေလှမ်းကို ထပ်မံ အသုံးပြုကာ သူ၏ ဝိညာဉ်အာရုံဖြင့် ရှိထျန်းဟောက်၏ ခန္ဓာကိုယ်ကို အလွယ်တကူပင် ပိတ်ဆို့ထားလိုက်သည်။ ရှိထျန်းဟောက်မှာ ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်သွားပြီး လေထဲတွင်သာ ဝဲနေရတော့၏။ သူသည် ရင်ဘတ်ကို ဖိထားပြီး သွေးများမှာလည်း စီးကျနေဆဲ ဖြစ်သည်။ ယခုအခါတွင် သူသည် အလွန်ပင် သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိနေလေပြီ။
ရှိထျန်းဟောက်မှာ အံကို တင်းတင်းကြိတ်ထားလိုက်၏။ ယင်းစန်းဟွာ၏ လိုက်လံဖမ်းဆီးခြင်းကို ခံရစဉ်ကပင် သူသည် ဤမျှအထိ ဆိုးဝါးသော အခြေအနေမျိုး မကြုံခဲ့ဖူးပေ။ ယခုမူ အမည်မသိ ကျင့်ကြံသူတစ်ဦး၏ လက်ချက်ဖြင့် ဤကဲ့သို့သော အသည်းအသန် အခြေအနေသို့ ရောက်ရှိသွားရသည်။ သူ၏ ဝှက်ဖဲအားလုံးကို သုံးခဲ့သော်လည်း လွတ်မြောက်ရန် ကျရှုံးခဲ့ရသည်။ ထို့ကြောင့် သူ့ကို တုန်လှုပ်မှုနှင့် ဒေါသတို့ကို တစ်ပြိုင်တည်း ခံစားရစေ၏။ သူ၏ ခွန်အားနှင့် ဝှက်ဖဲများမှာ ရယ်စရာတစ်ခုမျှသာ ဖြစ်နေသလား။
ရှန်မို အေးစက်စွာ ရယ်မောလိုက်သည်။
သူ ကောင်းကောင်း သိပါသည်။ ရှိထျန်းဟောက်ကို ကြားဖြတ်ဖမ်းရန်မှာ လွယ်ကူသော်လည်း သတ်ရန်မှာ အလွန်ပင် ခက်ခဲလိမ့်မည်။ သူ့တွင် မသိမသာသော စိုးရိမ်စိတ်တစ်ခု ရှိနေ၏။ အကယ်၍ သူသည် ရှိထျန်းဟောက်ကို အမှန်တကယ် သတ်ရန် ကြိုးစားလိုက်ပါက မျှော်လင့်မထားသော မတော်တဆမှုများစွာ ဖြစ်ပေါ်လာပေလိမ့်မည်။ ဖြစ်နိုင်သည်မှာ အထွတ်အထိပ်အဆင့် ပညာရှင်တစ်ဦး အနားမှ ဖြတ်သွားခြင်းမျိုး သို့မဟုတ် ရုတ်တရက် ဆူနာမီ သို့မဟုတ် ငလျင်တစ်ခုခု ဖြစ်ပေါ်လာနိုင်သည်။ တစ်ခုမဟုတ်တစ်ခုက ရှိထျန်းဟောက်ကို လွတ်မြောက်စေရန် အမြဲတမ်း ကြားဝင် နှောင့်ယှက်ပေလိမ့်မည်။
"ညီလေး... ငါက လူသတ်တာတို့၊ မီးရှို့တာတို့ဆိုရင် ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး… ငါ အနှစ်သက်ဆုံးကတော့ တခြားသူတွေနဲ့ ကံကောင်းခြင်း အဆက်အသွယ်လေးတွေ လုပ်ရတာပဲ"
"မင်း ပစ္စည်းကို ထုတ်ပေးလိုက်ရင် ငါတို့ကြားမှာ ပြီးသွားပြီ"
ရှန်မို ပြုံးဖြဲဖြဲနှင့် ပြောလိုက်ရာ ခရီးသွားများကို လုယက်တတ်သော လေလွင့်ကျင့်ကြံသူတစ်ဦးနှင့် လုံးဝ တူနေသည်။ ရှိထျန်းဟောက်၏ အကြည့်မှာ ခက်ထန်သွား၏။ သူ၏ ရင်ထဲတွင် သွေးစိမ်းရှင်ရှင် ထွက်နေသကဲ့သို့ ခံစားနေရသည်။
'ကြက်သွေးရောင် နေမင်းကျမ်း’
အဲဒီပစ္စည်းထဲမှာ ရွှေစာမျက်နှာတွေ ရှိနေသေးတာလေ။ သူ့ရဲ့ နဂါးမျိုးနွယ် သွေးပါမှုနဲ့ဆိုရင် အဲဒီထဲမှာ နဂါးမျိုးနွယ် သိုင်းပညာတွေ ပါဝင်နေဖို့ အလားအလာ အများကြီးရှိတယ်။ ဒါပေမဲ့ သူ အဲဒါတွေကို ထုတ်ယူဖို့ အချိန်မရသေးဘူး။ တကယ်လို့ အခုလိုပဲ ပေးလိုက်ရမယ်ဆိုရင် ဒီလူအတွက် အသားလွတ် အမြတ်ထွက်စေတာ မဟုတ်ပါလား။
သို့သော် သူ မပေးလျှင်လည်း လွတ်မြောက်နိုင်မည့် လမ်း မရှိသလိုပင်။ သူ့ရှေ့က ရက်စက်ပြီး မရင်းနှီးသော ကျင့်ကြံသူမှာ အစွမ်းထက်လွန်းလှသည်။ သူ မည်သို့မျှ ယှဉ်နိုင်မည့်သူ မဟုတ်ပေ။
အတော်ကြာအောင် စိတ်နာနာနှင့် စဉ်းစားပြီးနောက် ရှိထျန်းဟောက် အံကြိတ်ကာ ဆုံးဖြတ်လိုက်ရတော့သည်။
"ငါ ပစ္စည်းကို ပေးမယ်… ငါ့အသက်ကိုတော့ ချမ်းသာပေးပါ"
တောင်စိမ်းကြီး ရှိနေသရွေ့ ထင်းအတွက် ပူစရာမလိုဟု သူ ကောင်းကောင်း နားလည်ထားသည်။ ကြက်သွေးရောင် နေမင်းကျမ်းက အမှန်တကယ် အဖိုးတန်သည်မှာ မှန်သော်လည်း သူ အသက်ရှင်နေသရွေ့တော့ နောင်တွင် ကြက်သွေးရောင် နေမင်းကျမ်း ကဲ့သို့သော နတ်ဘုရားလက်နက်များကို ထပ်မံ ရရှိနိုင်မည်သာ ဖြစ်သည်။ ထိုအချိန်ကျမှ ဤလေလွင့်ကျင့်ကြံသူကို ကလဲ့စားချေရန် မနှောင်းပေ။ ထိုသူသည် သာမန်လေလွင့်ကျင့်ကြံသူ မဟုတ်ကြောင်း သူ ခန့်မှန်းမိပြီးသား ဖြစ်၏။ သာမန်လူတစ်ယောက်က ဤမျှအထိ ကြောက်စရာကောင်းသော အစွမ်းမျိုး ရှိနိုင်မည် မဟုတ်ပေ။ သူ အခြားသူတစ်ဦးအဖြစ် ဟန်ဆောင်နေခြင်း ဖြစ်ရမည်။
သို့သော် အရေးမကြီးပေ။ သူ ထိုလူ၏ ဝိညာဉ်ပုံရိပ်ကို မှတ်မိထားပြီးသားပင်။ ကျင့်ကြံခြင်းလောက၌ ဝိညာဉ်ပုံရိပ်ချင်း ထပ်တူညီသူဆိုတာ အလွန်ရှားပါးလှသည်။ ဒါကို သုံးပြီး သူ ထိုလူ၏ မူလလက္ခဏာကို သေချာပေါက် ရှာဖွေနိုင်လိမ့်မည်။
ရှန်မို ပြုံးလျက်
"သေချာတာပေါ့… ငါက အမြဲတမ်း ကတိတည်တဲ့လူပါ"
ရှိထျန်းဟောက်ကို သတ်ရန် အခွင့်အရေးရှိလျှင်ပင် သူ သတ်မည်မဟုတ်ပေ။ အကယ်၍ အခြားသူတစ်ဦးက ရှိထျန်းဟောက်ကို သတ်ရန် ကြိုးစားလာလျှင်ပင် သူ ကူညီပြီး ကယ်ထုတ်ပေးပေလိမ့်မည်။ ဤမျှအထိ အသုံးတည့်သော သိုးထီးကြီးတစ်ကောင်ကို သူ ဘယ်လိုလုပ် အလွယ်တကူ အသေခံခိုင်းပါ့မည်နည်း။
ရှိထျန်းဟောက်သည် သူ၏ သိုလှောင်အိတ်အတွင်းသို့ ရှာဖွေလိုက်ပြီး ကြက်သွေးရောင် လိပ်စာမူတစ်ခုကို ထုတ်လိုက်၏။ သူက ထိုအရာကို အဝေးမှနေ၍ ရှန်မိုထံသို့ ပစ်ပေးလိုက်သည်။
"ဒါက ကြက်သွေးရောင် နေမင်းကျမ်းပဲ… ငါ အခု သွားလို့ရပြီလား"
ရှိထျန်းဟောက်မှာ အသက်ကို ပြင်းပြင်းရှူလိုက်ရင်း သူ၏ မျက်နှာတွင် တည်ငြိမ်သော အမူအရာရှိနေစေရန် အစွမ်းကုန် ကြိုးစားနေရသည်။
ရှန်မို တစ်ချက်ကြည့်လိုက်ရင်း ပြုံးလိုက်သည်။
"ငါက နဂါးစစ်စစ် သိုင်းပညာတွေကိုလည်း အတော်လေး စိတ်ဝင်စားတယ်… မင်းဆီမှာ တခြား ဘာရှိသေးလဲ"
ရှိထျန်းဟောက် အံကြိတ်လိုက်မိသည်။
"ငါ့ကို အစွန်းမရောက်အောင် မလုပ်နဲ့… အရမ်း တွန်းအားပေးရင် မင်းကိုပါ ငါနဲ့အတူ သေတွင်းထဲ ဆွဲခေါ်သွားမှာနော်”
ရှန်မို ဂရုမစိုက်ဘဲ ရယ်မောလိုက်ပြီး
"မင်းရဲ့ အသက်က ငါ့လက်ထဲမှာ ရှိတာလေ… ငါက သေစေချင်ရင် မင်း သေရမှာပဲ… ငါက အသက်ရှင်စေချင်ရင်တော့ မင်း ရှင်ရလိမ့်မယ်" "အဲဒါကို မင်း မသိဘူးလား"
ရှိထျန်းဟောက် အသက်ကို ထပ်မံ၍ ပြင်းပြင်းရှူလိုက်ရင်း မိမိကိုယ်မိမိ တည်ငြိမ်အောင် ထိန်းလိုက်သည်။
"ငါ့ဆီမှာ နဂါးစစ်စစ် ပညာရပ်တစ်ခု ရှိတာတော့ အမှန်ပဲ… ဒါပေမဲ့ မင်းကတော့ သင်ယူနိုင်မှာ မဟုတ်ဘူး"
သူ အေးစက်စွာ ပြောလိုက်သည်။
ရှန်မို ပြုံးပြရင်း
"သင်ယူလို့ မရရင်တောင် ပြန်ရောင်းစားလို့ ရတာပဲ မဟုတ်လား… မီးလျှံနဂါးအဆောင်ကတော့ အတော်လေး ကောင်းတဲ့ ဈေးပေးမှာပါ"
မီးလျှံနဂါးအဆောင်သည် တောင်ဘက်ကျွန်းစုတစ်လျှောက် ပြန့်ကျဲနေသော နဂါးမျိုးနွယ်စု၏ ကျင့်စဉ်များ၊ သိုင်းပညာများ၊ နတ်ဘုရားလက်နက်များနှင့် ပစ္စည်းများကို အမြဲတမ်း စုဆောင်းနေသော နေရာဖြစ်သည်။ ကျင့်ကြံသူ အများအပြားမှာလည်း ထိုကဲ့သို့သော ရတနာများကို မမျှော်လင့်ဘဲ တွေ့ရှိခဲ့ကြပြီး နဂါးမျိုးနွယ်စုကို ဆက်သခြင်းအားဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် နာမည်ကျော်ကြားလာခဲ့ကြသည်။ နဂါးမျိုးနွယ်စုမှာ ချမ်းသာကြွယ်ဝလှသဖြင့် ဤကဲ့သို့သော ကိစ္စရပ်များတွင် လက်ဖျားပင် မတွန့်ကြပေ။
ရှိထျန်းဟောက်သည် သူ၏ ရင်ထဲတွင် သွေးများ ထပ်မံထွက်နေသကဲ့သို့ ခံစားလိုက်ရပြန်သည်။ သူ မတတ်သာဘဲ ကြီးမားသော ခရုခွံကြီးတစ်ခုကို ထုတ်ယူကာ ပစ်ပေးလိုက်ရတော့၏။ ထိုအပေါ်တွင် ထွင်းထုထားသော နာမည်မှာ ဘုရင်နဂါးလက်သီး ဖြစ်သည်။ သို့သော် မကြာသေးမီကပင် ထွက်ပြေးနေရသဖြင့် သူ လေ့ကျင့်ရန် အချိန်မရသေးပေ။
ရှန်မိုသည် လူတစ်ရပ်မက ကြီးမားသော ခရုခွံကြီးကို ပြုံးလျက် လက်ခံလိုက်သည်။
"သွားတော့လေ... နောက်တစ်ခါကျမှ ငါ မင်းကို ထပ်လာရှာဦးမယ်"
ထိုစကားကို ကြားလိုက်ရသည့်အခါ ရှိထျန်းဟောက် လှည့်ထွက်သွားရင်း ပင်လယ်ထဲသို့ ဟန်ချက်ပျက်ကာ ကျလုနီးပါး ဖြစ်သွားတော့သည်။
"နောက်တစ်ခါ ထပ်လာရှာမယ်" ဟူသည်မှာ ဘာကို ဆိုလိုတာလဲ။
ဘာလဲ... သူ့ကို တစ်သက်လုံး အသားစားပြီး အရိုးထုတ်တော့မှာလား။
ဒါကတော့ လွန်လွန်းလှပြီ။
ရှိထျန်းဟောက်သည် ရင်ထဲတွင် နာကျည်းမှုများနှင့်အတူ မင်ယွဲ့ကျွန်းဆီသို့ ပိုမိုမြန်ဆန်စွာ ပျံသန်းသွားတော့သည်။
"ငါ နည်းမျိုးစုံသုံးပြီး နိဗ္ဗာန်အဆင့်ကို အမြန်ဆုံး ရောက်အောင် လုပ်မယ်"
"ငါ ကျိန်ရဲတယ်… ဒီနေ့ ခံစားခဲ့ရတဲ့ အရှက်ရမှုမျိုး ငါ့ဘဝမှာ ဒုတိယအကြိမ် မဖြစ်စေရဘူး” ရှိထျန်းဟောက်၏ ရင်ထဲတွင် ဒေါသများ တဟုန်းဟုန်းတောက်နေတော့သည်။
ရှန်မိုကမူ ကြက်သွေးရောင် နေမင်းကျမ်းကို ရရှိသွားပြီးနောက် ချက်ချင်းပင် လှည့်ထွက်သွားပြီး ချင်းရွှမ်ကျွန်းသို့ ပြန်လာခဲ့သည်။ သို့သော် သူ ရောက်ရှိသွားသည့်အခါတွင်မူ အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ပုံရိပ်နှစ်ခုကို တွေ့လိုက်ရလေ၏။
***