ထိုက်ဖျင်းပင်လယ်ဒေသ၊ ရွှေယန်ကျွန်း။
ဤကျွန်းမှာ ရွှေယန်ဓားဂိုဏ်း၏ ဌာနချုပ် တည်ရှိရာနေရာ ဖြစ်သည်။ ထိုက်ဖျင်းပင်လယ်ဒေသတွင် အကြီးဆုံးကျွန်း မဟုတ်သော်လည်း စိတ်ဝိညာဉ်စွမ်းအား အကြွယ်ဝဆုံး ကျွန်းတစ်ကျွန်း ဖြစ်ပေသည်။ ရွှေယန်ကျွန်း၏ အမြင့်ဆုံးနေရာတွင် နေထွက်လာသည်ကို ရင်ဆိုင်လျက် ပုံရိပ်နှစ်ခု ရပ်နေကြ၏။ ရှေ့ဆုံးတွင် ရပ်နေသူမှာ ထွားကျိုင်းသန်မာသော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူ ဝတ်ဆင်ထားသော သွေးနီရောင် ဝတ်ရုံပွကြီးမှာ သူ၏ ခန္ဓာကိုယ်နှင့် တင်းကျပ်နေပြီး စစ်ဝတ်စုံတစ်ခုကဲ့သို့ ဖြစ်နေကာ ထွားကျိုင်းလှသော ရင်အုပ်နှင့် ဝမ်းဗိုက်ကြွက်သားများကို အထင်းသား ပေါ်လွင်စေသည်။ သူ့ကို ကြည့်ရသည်မှာ နုနယ်ကျော့ရှင်းသော စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ဦးနှင့် လုံးဝ မတူဘဲ သွေးနှင့် အနှစ်သာရကို အဓိက သန့်စင်လေ့ကျင့်ထားသော ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦးနှင့် ပို၍ တူနေသည်။ သူကတော့ အခြားသူမဟုတ်၊ ရွှေယန်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် ရှုံထျန်းရှင်းပင် ဖြစ်သည်။ သူ၏ အနောက်တွင်မူ အေးစက်သော မျက်နှာထားနှင့် ကျင့်ကြံသူ လူငယ်တစ်ဦး ရပ်နေသည်။
"နေလဂိုဏ်းဆီက သတင်းရောက်လာပြီ… မြစိမ်းရောင် အထွတ်အထိပ်ပညာရှင်ရဲ့ ဂူဗိမာန် ပွင့်တော့မယ်တဲ့… ယန်... မင်း သွားရဲလား"
ရှုံထျန်းရှင်း အားရပါးရ ရယ်မောလိုက်သည်။
ယဲ့ယန်မှ အလေးအနက် ပြန်ဖြေ၏။
"ဘာလို့ မသွားရဲရမှာလဲ"
"ဒီတစ်ခေါက်မှာ ငါတို့က အနီးနား ပင်လယ်ပြင်က ဂိုဏ်းတွေနဲ့တင် မကဘဲ အတွင်းပင်လယ်ပြင်က ထိပ်သီးအင်အားစု ငါးခုနဲ့ပါ ယှဉ်ပြိုင်ရမှာ… အဲဒီထဲမှာ ယှဉ်နိုင်သူမရှိတဲ့ ပါရမီရှင်တွေလည်း ပါလိမ့်မယ်… မင်း မကြောက်ဘူးလား"
ရှုံထျန်းရှင်းသည် လူသားစားဝက်ဝံကြီးတစ်ကောင်ကဲ့သို့ သူ၏ ထွားကျိုင်းလှသော ကိုယ်လုံးကြီးဖြင့် ယဲ့ယန်ကို အသက်ရှူရခက်စေလောက်အောင် ဖိအားပေးလိုက်သည်။
ယဲ့ယန် တည်ငြိမ်စွာဖြင့်ပင် ပြန်ပြောလိုက်၏။
"ကျင့်ကြံသူတွေအနေနဲ့ ရှေ့ကိုပဲ ဆက်သွားရမှာပါ… အတွင်းပင်လယ်ပြင်က ပါရမီရှင်အချို့ ပေါ်လာရုံနဲ့ ဘာလို့ ရပ်တန့်နေရမှာလဲ"
"ဟားဟားဟား… ကောင်းတယ်… ကောင်းကင်ကို အန်တုပြီး မြေပြင်ကို တိုက်ခိုက်ချင်တဲ့ မင်းရဲ့ စိတ်ဓာတ်ကို ငါ သဘောကျတယ်"
"မင်းက နိဗ္ဗာန်အဆင့် တစ်ပိုင်းမှာပဲ ရှိသေးတယ် ဆိုပေမဲ့ ပေါက်မြောက်ဖို့အတွက် အခွင့်အရေး တစ်ခုပဲ လိုတော့တာပါ"
"မင်း မြစိမ်းရောင် ဂူဗိမာန်ထဲမှာတင် နိဗ္ဗာန်အဆင့်ကို ရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်”
ရှုံထျန်းရှင်း၏ အသံမှာ ကျယ်လောင်စွာ ဟိန်းထွက်နေတော့သည်။
"ဆရာ ပြောစရာတောင် မလိုပါဘူး… အဲဒါက ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ပါပဲ"
ယဲ့ယန်မှ ယုံကြည်ချက်ရှိသော အပြုံးဖြင့် ဆိုသည်။ ရှုံထျန်းရှင်း ပို၍ပင် သဘောကျသွား၏။
သူ ယဲ့ယန်ကို ကြည့်လေလေ ပို၍ ကျေနပ်လေလေ ဖြစ်နေသည်။ ဤကျင့်ကြံသူ လူငယ်လေးမှာ ရွှေယန်ဓားဂိုဏ်းသို့ ဝင်ရောက်သည်မှာ မကြာသေးသော်လည်း ပါရမီ ထူးချွန်လှသလို စိတ်ဓာတ်မှာလည်း ခိုင်မာလှသည်။ ၎င်းက ရှုံထျန်းရှင်းအား သူ၏ လူငယ်ဘဝကို ပြန်လည် သတိရစေ၏။ ထို့ကြောင့်ပင် သူ ထုံးတမ်းစဉ်လာများကို ချိုးဖောက်ကာ တပည့်အဖြစ် လက်ခံခဲ့ခြင်း ဖြစ်သည်။
ရှုံထျန်းရှင်း ထွက်သွားပြီးနောက် ယဲ့ယန်တစ်ယောက် အရှေ့ဘက် လော့ရှင်းပင်လယ်ပြင် ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ၏ ရင်ထဲတွင် ရည်မှန်းချက်များ ပြည့်နှက်နေပြီး အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။
"ရွှေယန်ဓားဂိုဏ်းကို ဝင်ပြီး မကြာခင်မှာပဲ ဒီလို ကြီးကျယ်တဲ့ အခွင့်အရေးမျိုး ရလိမ့်မယ်လို့ မထင်ထားမိဘူး"
"မြစိမ်းရောင် အထွတ်အထိပ်ပညာရှင်ရဲ့ ဂူဗိမာန်... အဲဒါ အထွတ်အထိပ်အဆင့် ပညာရှင်တစ်ဦးရဲ့ ဂူဗိမာန်ပဲ”
ယဲ့ယန်မှာ မျှော်လင့်ချက်များဖြင့် အသက်ကို ပြင်းပြင်းရှူလိုက်သည်။
သူ၏ စိတ်ထဲတွင် ရှောင်ဖန်မှ အရင်ဆုံး စကားစလာသည်။
"ဝိညာဉ်လေးခုစလုံး ပေါင်းစည်းသွားပြီဆိုတော့ ငါတို့ရဲ့ ကံကြမ္မာက ယှဉ်နိုင်သူ မရှိတော့ဘူး… အနည်းဆုံး နတ်ဘုရားလက်နက် တစ်ခု ဒါမှမဟုတ် နှစ်ခုတော့ သေချာပေါက် ရမှာပါ"
လင်းတုန်းထျန်းကလည်း ဆက်ပြောသည်။
"မှန်တယ်… နတ်ဘုရားလက်နက် တစ်ခုတည်း ရရင်တောင် အကြီးအကျယ် အမြတ်ထွက်တာပဲ"
"ဒါ့အပြင် ငါသိသလောက်ဆိုရင် မြစိမ်းရောင် အထွတ်အထိပ်ပညာရှင်က တစ်ချိန်က သိုင်းဘိုးဘေးဆီကနေ စစ်မှန်သော သိုင်းလောက ဖျက်ဆီးရေးတံဆိပ်တော် ဆိုတဲ့ နတ်ဘုရားလက်နက်ကို ရခဲ့ဖူးတယ်"
"အဲဒီလက်နက်က တိုက်စစ်ပိုင်းမှာတော့ ပြိုင်ဘက်ကင်းပဲ… အဲဒါကိုသာ ငါတို့ ရခဲ့ရင် ငါတို့ရဲ့ အစွမ်းက ကောင်းကင်ကို ထိုးတက်သွားမှာ”
ယဲ့ယနမ အတော်လေး စိတ်လှုပ်ရှားသွားရသည်။
"သိုင်းဘိုးဘေး ထားရစ်ခဲ့တဲ့ နတ်ဘုရားလက်နက် ဟုတ်လား”
သူတို့ အတူတူရှိနေစဉ်အတွင်း လင်းတုန်းထျန်း၌ အရပ်ရှစ်မျက်နှာ သိုင်းဘိုးဘေးကျမ်းရှိကြောင်း သူ သိထားပြီးသား ဖြစ်သည်။
လင်းတုန်းထျန်းမှာ သိုင်းဘိုးဘေး၏ ဆက်ခံသူတစ်ဦး ဖြစ်လေ၏။ ထို့ကြောင့် လင်းတုန်းထျန်းအနေဖြင့် ထိုတံဆိပ်တော် ရှိမည့်နေရာကို အတိအကျ ရှာဖွေနိုင်ရန် အလားအလာ အလွန်များပေသည်။
"အခု ဝိညာဉ်လေးခုစလုံးက တစ်သားတည်း ဖြစ်သွားပြီဆိုတော့ ငါ မင်းကို အဲဒီတံဆိပ်တော် ရှာတွေ့အောင် ကူညီပေးမယ်… ငါ့ကို ယုံလိုက်"
လင်းတုန်းထျန်းမှ အလေးအနက် ပြောလိုက်သည်။ ယဲ့ယန်လည်း တည်ငြိမ်စွာ ခေါင်းညိတ်ပြသည်။
"ကျေးဇူးပါပဲ"
ရှောင်ဖန်း ရုတ်တရက် ရယ်မောလိုက်၏။
"ငါတို့ နတ်ဘုရားလက်နက်ကို ရတဲ့အချိန်ကျရင် ရှန်မိုကတော့ ဟိုကမ္ဘာငယ်လေးထဲမှာ ပိတ်မိပြီး ဟင်းလင်းပြင်စွမ်းအားကို နားလည်အောင် မနည်း ကြိုးစားနေရတုန်း ဖြစ်မှာပဲ"
လင်းတုန်းထျန်းကလည်း အားပါးတရ ရယ်မောလိုက်ပြီး
"အတိအကျပဲ… သူ ရထားတဲ့ အချိန်နဲ့ဆိုရင် ဟင်းလင်းပြင်စွမ်းအားရဲ့ အရိပ်အယောင် တစ်ခု နှစ်ခုလောက်ပဲ ရဦးမှာ… ဟင်းလင်းပြင်ကို ဖြတ်ကျော်ဖို့ဆိုတာ အဝေးကြီး လိုသေးတယ်"
ယဲ့ယန် သက်ပြင်းချလိုက်မိပြီး
"တကယ်ပါပဲ... ကံကြမ္မာဆိုတာ ထူးဆန်းတာပဲ… လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရှန်မိုရဲ့ အစွမ်းက ငါ့ထက် အများကြီး သာခဲ့ပေမဲ့ မကြာခင်မှာပဲ ငါ သူ့ကို ဖုန်မှုန့်တွေကြားမှာ ထားရစ်ခဲ့တော့မှာပါ"
သူ၏ မျက်နှာတွင် ကြီးမားသော ရည်မှန်းချက်များနှင့် ခိုင်မာသော ယုံကြည်ချက်များ ဝင်းလက်နေတော့သည်။
အတွင်းပင်လယ်ပြင်။
စန်းဟွာကျွန်း။
ဤကျွန်းမှာ ရွှေယင်ဂူလက်အောက်ရှိ ကျွန်းပေါင်း သိန်းချီထဲမှ တစ်ခု ဖြစ်သည်။ အရင်ကတော့ ဤအမည် မဟုတ်ပေ။ ယင်းစန်းဟွာမှ ၁၈ ဦးမြောက် ဂူအရှင်သခင်အဖြစ် တာဝန်ယူပြီးနောက်တွင် စန်းဟွာကျွန်းဟု အမည်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ ဤအချိန်တွင် ယင်းစန်းဟွာတစ်ယောက် သူ၏ ကျင့်ကြံခန်းအတွင်း၌ တိတ်တဆိတ် ကျင့်ကြံနေသည်။ သို့သော်လည်း သူ၏ စိတ်ထဲတွင် မအေးချမ်းမှုတစ်ခုက အမြဲ ရှိနေသည်။ လော့ရှင်းပင်လယ်ပြင်မှ ပြန်လာကတည်းက သူ ဤကဲ့သို့ ခံစားနေရခြင်း ဖြစ်၏။ အတော်ကြာပြီးနောက်တွင်မှ ယင်းစန်းဟွာ မျက်လုံးများကို ဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
"အဲဒီကျင့်ကြံသူ ရှိထျန်းဟောက်က တကယ်ပဲ ဘယ်သူလဲ... အဲဒီနာမည်နဲ့ပတ်သက်ပြီး ဘာသတင်းအချက်အလက်မှ ရှာလို့ မရဘူး"
ဒေါက် ဒေါက် ဒေါက်…
အပြင်ဘက်မှ ခပ်ဖွဖွ တံခါးခေါက်သံ ထွက်ပေါ်လာသည်။ အစေခံမလေးတစ်ဦးက ရိုသေစွာ လျှောက်တင်၏။
"ဂူအရှင်သခင်... ဂူအရှင်သခင်ကြီးရောက်လာလို့ တွေ့ခွင့်တောင်းနေပါတယ်"
ယင်းစန်းဟွာ မျက်ခုံးပင့်သွားပြီး ချက်ချင်းပင် ထရပ်လိုက်သည်။
"ငါ အခုချက်ချင်း လာခဲ့မယ်လို့ ဆရာမကို သွားပြောလိုက်"
"မလိုပါဘူး... ငါ ဒီကို ရောက်နေပြီ"
အိုမင်းရင့်ရော်သောအသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ယင်းစန်းဟွာသည် ကျင့်ကြံခန်း၏ လေးလံလှသော ကျောက်တံခါးကြီးကို အမြန်ပင် ဖွင့်လိုက်၏။ အပြင်ဘက်တွင် ဆံပင်ဖြူဖြူ၊ ခါးကုန်းကုန်းနှင့် အဘွားအိုတစ်ဦး ရပ်နေသည်။ အဘွားအို၏ အမိန့်အရ အစေခံမလေးမှာ နောက်သို့ ဆုတ်ခွာသွားတော့သည်။ ယင်းစန်းဟွာ ချက်ချင်းပင် ပြုံးလိုက်ပြီး အဘွားအိုအား သူ့ရှေ့ရှိ ထိုင်ခုံပေါ်သို့ တွဲကူကာ ထိုင်စေလိုက်သည်။ "ဆရာမ... ဘာလို့ ကိုယ်တိုင်တောင် လာရတာလဲ… ကျွန်မ ဆရာမဆီ လာကန်တော့မလို့ပဲ ရှိသေးတာ"
အဘွားအို နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
"မင်း ပြန်ရောက်တာ ဘယ်လောက်တောင် ကြာပြီလဲ… ငါ့ဆီ လာဖို့ကို စိတ်ကူးတောင် မယဉ်ထားဘူး မဟုတ်လား”
"မင်းရဲ့ စိတ်ထဲမှာ ဘာတွေ တွေးနေလဲဆိုတာ ငါ မသိဘူးလို့ ထင်နေတာလား"
ယင်းစန်းဟွာ မတတ်သာသလို ပြုံးလိုက်မိသည်။ အဘွားအိုမှာ သက်ပြင်းကို အသာအယာ ချလိုက်၏။
"မင်းက ဇွဲရှိတဲ့သူဆိုတာ ငါ သိပါတယ်… ဒုတိယဂူအရှင်သခင်ဝေ့က မင်းအပေါ် ဖိအားမပေးအောင် ငါ့ကို ကြားဝင် မလုပ်စေချင်ဘူး မဟုတ်လား"
"ဒါပေမဲ့ မင်းက ငါ့ရဲ့ တိုက်ရိုက်တပည့်လေ… သူက မင်းကို အဲဒီလို ကျိန်ဆိုခိုင်းတာဟာ မင်းကတစ်ဆင့် ငါ့ကို ရန်စလိုက်တာပဲ"
"ငါသာ ကြားဝင်မပေးရင် တခြား ဘယ်သူက ကူညီမှာလဲ”
ယင်းစန်းဟွာသည် ချိုသာစွာဖြင့် နာခံတတ်သော အပြုံးလေးကို ပြုံးလိုက်သည်။ ပုံမှန်ဆိုလျှင် အေးစက်ပြီး ခန့်ညားလှသော အလှပဂေးလေးမှာ ယခုအခါတွင်မူ ကျောင်းရှိ ဆရာ့ရှေ့မှ လိမ္မာသော ကျောင်းသူလေးတစ်ဦးနှင့် လုံးဝ တူနေတော့သည်။ အဘွားအိုသည် ယင်းစန်းဟွာ၏ ဆံပင်ရှည်များကို အသာအယာ သပ်ပေးရင်း သက်ပြင်းချလိုက်၏။
"စန်းဟွာ... ငါ့ကို အကုန်ပြောပြစမ်း… လော့ရှင်းပင်လယ်ပြင်ကို သွားတုန်းက တကယ်ပဲ ဘာတွေ ဖြစ်ခဲ့တာလဲ"
"ဘာတစ်ခုမှ ချန်မထားနဲ့"
ယင်းစန်းဟွာ ခေါင်းငြိမ့်ပြပြီး ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြန်ပြောပြလိုက်သည်။ ၎င်းအထဲတွင် ရှိထျန်းဟောက်နှင့် အပေးအယူ လုပ်ခဲ့သည်များကိုလည်း ထည့်ပြောလိုက်၏။
အဘွားအိုမှာ မျက်ခုံးပင့်သွားပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြန်သည်။
"ဂိုဏ်းရဲ့ ပစ္စည်းတွေကို သုံးပြီး အပေးအယူ လုပ်တယ်၊ ပြီးတော့ ဂိုဏ်းက ကျင့်ကြံသူကိုတောင် သတ်ပစ်ခဲ့တယ်ပေါ့"
"ယင်းစန်းဟွာ... မင်းက ရွှေယင်ဂူကို မင်းစိတ်ကြိုက် လုပ်လို့ရတဲ့ နေရာလို့ ထင်နေတာလား"
ယင်းစန်းဟွာ အားငယ်သလို ပြောလိုက်သည်။
"ဆရာမကပဲ ကျွန်မရဲ့ တကယ့် မိသားစုပါ… ရွှေယင်ဂူထဲက တခြားလူတွေက ကျွန်မအတွက်တော့ သူစိမ်းတွေနဲ့ ဘာမှမခြားပါဘူး"
"ဆရာမသာ ကျွန်မကို ၁၈ ဦးမြောက် ဂူအရှင်သခင်အဖြစ် တာဝန်ယူခိုင်းလို့သာ ကျွန်မ ဒီကို လာခဲ့တာပါ"
အဘွားအို၏ ခက်ထန်သော အမူအရာမှာ ပျောက်ကွယ်သွားပြီး သူ့ ခေါင်းကို ချစ်ခင်စွာ ပုတ်ပေးလိုက်သည်။
ထို့နောက် ဆက်ပြော၏။
"အဲဒီဝေ့ကတော့ တကယ်ကို လွန်လွန်းလှတယ်… ဒုတိယဂူအရှင်သခင် ဖြစ်နေပြီးတော့ မင်းရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ မင်းအနားမှာ လူနှစ်ယောက် ထည့်ပေးထားတယ်… ပြီးတော့ အဲဒီလူတွေက မင်းအပေါ်မှာ သစ္စာမရှိဘဲ တစ်မျိုး၊ ကွယ်ရာမှာ တစ်မျိုး လုပ်နေကြသေးတာ" "ဒီလိုလူမျိုးတွေကတော့ သေသင့်တာ ကြာလှပြီ"
"မင်း အပေးအယူ လုပ်ခဲ့တဲ့ လူနဲ့ ပတ်သက်ပြီးတော့..."
အဘွားအို စဉ်းစားနေမိသည်။
"ရှိထျန်းဟောက်... အဲဒီနာမည်ကို ငါ တစ်ခါမှ မကြားဖူးဘူး"
ယင်းစန်းဟွာမှ တိုးတိုးလေး ပြောလိုက်သည်။
"ကျွန်မ လူလွှတ်ပြီး စုံစမ်းခိုင်းထားသေးတယ်… ဘယ်သူမှ အဲဒီနာမည်ကို မကြားဖူးကြဘူး"
"ဆရာ... ကျွန်မ ထင်တာကတော့ သူက အပြင်မှာ လှည့်လည်သွားလာနေတဲ့ အထွတ်အထိပ်အဆင့် ပညာရှင်တစ်ယောက်ရဲ့ တပည့် ဖြစ်ရမယ်"
"သူ့ရဲ့ အင်းကွက်ပညာက အတော်လေး မြင့်မားတယ်။ သူက ဝမ်ရှန့်သန့်စင်နယ်မြေက တစ်ယောက်ယောက်ရဲ့ တပည့် ဖြစ်ဖို့ အလားအလာ အများကြီး ရှိပါတယ်"
အဘွားအိုမှ ခေါင်းငြိမ့် ထောက်ခံလိုက်သည်။
"အဲဒါ ဖြစ်နိုင်ပါတယ်"
သူတို့နှစ်ယောက် အတော်ကြာ စကားပြောဖြစ်ကြဍ။ ထို့နောက်မှ ယင်းစန်းဟွာ မေးလိုက်သည်။
"ဆရာမ... ဆရာမ အခုလာတာ ဒီကိစ္စ တစ်ခုတည်းအတွက် မဟုတ်ဘူးလို့ ကျွန်မ ထင်ပါတယ်"
အဘွားအို ခပ်ပါးပါး ပြုံးလိုက်သည်။
"သေချာတာပေါ့"
"မင်း လုပ်ဆောင်ရမယ့် တခြား အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်"
"အဲဒါ ဘာလဲဟင်”
အဘွားအိုမှ လေးနက်စွာဖြင့်
"မြစိမ်းရောင် ဂူဗိမာန် ပွင့်သွားပြီ… လော့ရှင်းပင်လယ်ပြင်က နေလဂိုဏ်းမှာလေ"
***